ပေါက်ပေါက်/ ၁၂ ဖေဖော်ဝါရီ ၂ဝ၁ဝ
ယခုလ (၂၇) ရက်က ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးမင်းအိမ်ကို လုပ်ကြံ သတ်ဖြတ်သူအား သတင်းပေးနိုင်လျှင် တရုတ်ငွေ သိန်း (၂ဝ)၊ မြန်မာငွေအားဖြင့် ကျပ်သိန်း (၃၀၀) ခန့် ဆုတော်ငွေ ထုတ်ပြန်ထားသည်။
ဦးမင်းအိမ်အား လုပ်ကြံသတ်ဖြတ်သွားသူကို ဖမ်းဆီးမိနိုင်ရေးအတွက် သတင်းပေးနိုင်ပါက ဆုတော်ငွေအဖြစ် ပေးသွားမည်ဟု မိုင်းလားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး ယနေ့အချိန်အထိ တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မိုင်းလားဒေသခံ တဦးက ပြောသည်။
၎င်းက “ဖြစ်တဲ့နေ့က အနီးမှာရှိတဲ့ မျက်မြင်တရုတ်ကလည်း နုတ်ပိတ်တဲ့အနေနဲ့ ပစ်သတ်ခံလိုက်ရတယ်။ အဲဒီသူက ဦးမင်းအိမ်နဲ့လည်း မပတ်သက်ဘူးတဲ့။ လုပ်ကြံခံရတဲ့ နေရာအနားက ရွှေဟင်္သာဟိုတည်ဝန်ထမ်းတွေလည်း အားလုံး ထိုင်ပြီး ခေါင်းငုံ့ထိုင်ခိုင်းထားတယ်တဲ့။ လာသတ်တဲ့သူတွေက မျက်နှားဖုံးစွပ်တွေနဲ့တဲ့။ ကားနဲ့လာတာ။ ပထမ ဦးမင်းအိမ်ကို ကားပေါ်ဆွဲတင်တယ်။ မရတော့ အနီးကပ် ပစ်သတ်လိုက်တာပဲ။ ခေါင်းတွေ လုံးဝ ကြေမွသွားတယ်။ ပြီးတော့ သူတို့က ကားနဲ့ မောင်းထွက်သွားတာ။ မိုးကလည်း အုံ့နေတယ်၊ မနက်ခင်းဆိုတော့ ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။ မိုင်းလားရဲတောင်မှ အခင်းဖြစ်ပြီး အတော်ကြာမှ ရောက်လာတာ” ဟု ပြောသည်။
ဇန်နဝါရီ (၃ဝ) ရက်နေ့ အသုဘဈာပနအခမ်းအနားသို့ တြိဂံဒေသတိုင်း စစ်ဦးစီးရုံးအဖွဲ့လည်း တက်ရောက်လာပြီး လူသတ်တရားခံဖော်ထုတ်ရေးအတွက် အကူအညီတောင်းပါက ပေးမည်ဟု ပြောဆိုခဲ့သလို ယခုလုပ်ရပ်သည် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါ် ဝတပ်ဖွဲ့၏ လက်ချက်ဖြစ်မည်ဟု ပြောဆိုခဲ့ကြောင်း မိုင်းလားခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ကျိုင်းတုံက အဖွဲ့တွေ သူ့ဈာပနလာရင်း ဝပဲဖြစ်ရမယ်ဆိုပြီး သွေးထိုးသွားတာလည်း ရှိတယ်။ အမှန်ကတော့ ဦးမင်းအိမ် ဈာပနကိုတောင် ဝကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်။ ပြီးတော့ ဝတပ်ဖွဲ့ ရုပ်သံဌာနကနေပြီးတော့ ဈာပနာအခမ်းအနား ကိုတောင် ထုတ်လွှင့်ပြသခဲ့သေးတာပဲ။ ဝက လုပ်တော့ကော သူ့အတွက် ဘာအကျိုးရှိသွားမှာမို့လဲ။ အမှန်ဆိုရင် ဦးမင်းအိမ်က အဲဒီအဖွဲ့မှာ သြဇာမရှိဘူး။ နိုင်ရေးမှာဆို ဦးစိုင်းလင်း၊ တပ်ကိုကျတော့ သူ့သားက ကိုင်ထားတာ။ ဘာအာဏာမှ ရှိတာမဟုတ်ဘူး” ဟု ပြောသည်။
မိုင်းလားတပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဇွန်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ပြီး နအဖနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားရာမှ ယမန်နှစ်၊ ဧပြီမှစ၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးခြင်း ခံနေရကာ ယခုအချိန်အထိ သဘောမတူနိုင်သေးဘဲ ဖြစ်နေသည်။
Geen opmerkingen:
Een reactie posten