မြင့်မြင့်
တနင်္လာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၂ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ အဲပုဂံလေကြောင်းက ယခုနှစ်ကုန်တွင် အေ ၃၂ဝ အဲဘတ်စ်လေယာဉ်တစီး ထပ်ဝယ်မည့်ပုံရှိသည်ဟု အဲပုဂံ၏မိခင်ကုမ္ပဏီ ထူးထရေဒင်းနှင့် နီးစပ်သူများထံက သိရသည်။
အချမ်းသာဆုံး မြန်မာစီးပွားရေးသမားတဦးဖြစ်သူ ဦးတေဇပိုင် အဲပုဂံလေကြောင်းတွင် အေတီအာ ၇၂ လေယာဉ် သုံးစီး၊ ဖော်ကာ ၁ဝဝ လေယာဉ် နှစ်စီး၊ ပျံသန်းခြင်းမပြုနိုင်ဘဲ မြေပြင်တွင် နားထားရသော အဲဘတ်စ် အေ ၃၁ဝ နှစ်စင်းတို့ ရှိသည်။
နောက်ထပ် အဲဘတ်စ် အေ ၃၂ဝ တစီး ထပ်ဝယ်ရန် အသင့်ဖြစ်သော်လည်း စဉ်းစားဆဲ ဟု သတင်းရင်းမြစ်များက ဆိုသည်။
ဦးတေဇက အဲပုဂံလေကြောင်းအတွက် လေယာဉ်သစ်ဝယ်ယူရန် ရွေးကောက်ပွဲရလဒ် အခြေအနေကို စောင့်ကြည့်လေယာဉ်သစ် မဝယ်မီ ငွေဖော်ရန်အတွက် ရပ်ထားရသော အေ ၃၁ဝ နှစ်စီးနှင့် ဖော်ကာ ၁ဝဝ နှစ်စီးကိုလည်း ရောင်းချင်သည်ဟု သိရသည်။ အခြား မြန်မာစီးပွားရေးသမားများကဲ့သို့ပင် ရွေးကောက်ပွဲ ရလဒ် အခြေအနေကို စောင့်ကြည့်ချင်သည်ဟု လည်း ဆိုသည်။
ခြောက်နှစ်ဆက်တိုက် အဲပုဂံ အရှုံးပေါ်နေသော်လည်း အခြား လုပ်ငန်းများမှ ဝင်ငွေရမည် မှန်းထားသည်ဟု ကုမ္ပဏီ အတွင်းသိ တဦးက ပြောသည်။
သို့သော်MAIလေကြောင်း၏ မြေပြင်ဝန်ဆောင်မှု လုပ်ငန်း ၃ဝ ရာနှုန်းကို အခြားသူများနှင့် ယှဉ်ပြိုင်ရန်မလိုဘဲ ရထားသဖြင့် လေကြောင်း အရှုံးပေါ်နေသည်ကို ဦးတေဇ မမှုဟု ဆိုသည်။
အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရသော်လည်း လေယာဉ် အပိုစ္စည်းများကို ဈေးပိုပေးကာ အခြားကုမ္ပဏီတခု နာမည်သုံးပြီး စင်္ကာပူမှ ပုံမှန်ဝယ်ယူနေသည်။
အဲပုဂံ၏ အခြားအဲဘတ်စ် အေ ၃၁ဝ နှစ်စီးမှာမူ ယခင်နှစ် အနည်းငယ်ကတည်းက မင်္ဂလာဒုံလေဆိပ်တွင် ရပ်ထားရသည်။
လေကြောင်း ပျံသန်းရေး ဝန်ထမ်းတဦး အဆိုအရ တရုတ်နိုင်ငံမှ ကုန်တင်လေယာဉ် အဲဘတ်စ်များကို ဝယ်ယူခဲ့ပြီး ခရီးသည်တင်အဖြစ် ပြန်ပြောင်းခဲ့ခြင်းကြောင့် အာမခံကုမ္ပဏီများ လက်ရှောင်နေသဖြင့် တခါမှ မပျံနိုင်ခဲ့ဟု သိရသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လမ်းညွှန်ချက်ဖြင့် ထိုလေယာဉ်များ ဝယ်ခဲ့မိသောကြောင့် ဆုံးရှုံးမှုအတွက် အခွင့်အလမ်းများ ပြန်ရခဲ့သည်ဟု သူက ဆိုသည်။
` ဒီလေယာဉ်တွေက ပျံလို့မရဘဲ ရန်ကုန်လေဆိပ်မှာ ဒီတိုင်းရပ်ထားရတော့ ဦးတေဇက ငိုပြီး လျော်ကြေး ပြန်တောင်းတယ်။ ဒါနဲ့ သူ့အရှုံးတွေ ကာမိအောင် တခြားအမြတ်ရမယ့် စီးပွားရေးလုပ်ငန်းတွေ ပေးလိုက်ရတယ်´ ဟု သူက ပြောသည်။
သို့သော် ထူးထရေဒင်းနှင့် နီးစပ်သည့် စီးပွားရေးသမား တဦးကမူ ဤရင်းနှီးမြှုပ်နှံမှုမှာ ဦးသန်းရွှေ ပိုင်သာဖြစ်ပြီး ထိုအချိန်က ဦးတေဇ၏ နိုင်ငံခြားငွေ ဘဏ်စာရင်းတွင် လေယာဉ်တစီးဘိုး ပြည့်အောင်ပင် မရှိဟု ဆိုသည်။ ထို့အပြင် လေယာဉ်ဝယ်ရာတွင် အမှန်တကယ် ကျသင့်ငွေထက် စာရင်း ပိုပြခဲ့သည်ဟုလည်း ဆိုသည်။
ဦးတေဇက လေကြောင်း ရင်းနှီးမြှုပ်နှံမှုတွင် ပြိုင်ဘက်မရှိ တဦးတည်း လုပ်လိုခဲ့သည်။ မြန်မာအဲဝေး အင်တာနေရှင်နယ် (MAI) ကို ရနိုင်ရန် ကြိုးစားခဲ့ပြီး နောက်ပိုင်းမှ လေကြောင်းလိုင်းတခု သီးသန့်လုပ်ရန် သူ့ကို အကြံပေးခဲ့ကြသည်ဟု သိရသည်။ နိုင်ငံပိုင်အမ်အေအိုင် လေကြောင်းမှာ ဦးတေဇ ကတိမတည်၍ စိတ်ပျက်ခဲ့ရသည်။ နောက်ပိုင်း သူပိုင် အဲဘတ်စ် အေ ၃၂ဝ တစင်းကို အမ်အေအိုင်သို့ အမြတ်အစွန်းအတွက် ငှားခဲ့သည်ဟု လေယာဉ်အမှုထမ်း တဦးက ပြောသည်။
တရုတ်ပြည်မကြီးရှိ ပြည်တွင်းလေကြောင်း တခုဖြစ်သော ဟူနန်လေကြောင်းမှ သက်တမ်း ၁ဝ နှစ်ကြာ ဘိုးအင်း ၇၃၇ လေယာဉ်များကို ဝယ်ယူရန် ဦးတေဇ ကြိုးစားခဲ့သေးသည်။ သို့သော် ဟူနန်လေကြောင်းက အမေရိကန်၏ ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် သူတို့ပိုင် ဘိုးအင်းလေယာဉ်များကို အဲပုဂံနှင့် အမ်အေအိုင်ကို မရောင်းဖြစ်ခဲ့ပေ။
EC-130 ရဟတ်ယာဉ်တစင်းကို (AirOperatorCertificate–AOC) မပါဘဲ အခြားနည်းလမ်းများသုံးကာ မကြာမီက စင်္ကာပူမှ ဦးတေဇ ဝယ်ခဲ့ပြီး သူပိုင် အပန်းဖြေဟိုတယ်များအတွက် သုံးနေသည်။
Geen opmerkingen:
Een reactie posten