မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 13 september 2010

ဖားကန့်မြေအမှု အကျိုးဆောင် ကချင်အမျိုးသမီး NDF မှဝင်ပြိုင်

ခိုင်စု
တနင်္လာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၄ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ လယ်ယာခြံမြေ အသိမ်းခံများအရေး ကူညီနေသည့် ဒေါ်လဗျောင်ဘောက်ဂျာက အမျိုးသား ဒီမိုကရေစီ အင်အားစု NDFပါတီ ကိုယ်စားပြုကာ ပြည်သူ့လွှတ်တော်အတွက် ဖားကန့်မှ ဝင်ပြိုင်မည်ဖြစ်သည်။
“ကျမတို့ တောင်သူလယ်သမားတွေ ဘဝ နိမ့်ကျသထက် နိမ့်ကျနေတာတောင် လုပ်ပေးမယ့်သူ မရှိဘူးလေ။ အဲဒါကြောင့် ကျမက သူတို့အတွက် တဒေါင့်တနေရာက လုပ်ပေးရအောင်ဆိုတဲ့ စိတ်ကူးနဲ့ ဝင်ဖြစ်သွားတာပါ” ဟု ဒေါ်လဗျောင် ဘောက်ဂျာ (Labyaung Bawk Jar) က မဇ္ဈိမကို ပြောသည်။
သူ၏ ပြိုင်ဘက်မှာ ကြံ့ဖွံ့ပါတီမှ ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးမောင်မောင်အေးတို့ ဖြစ်သည်။
’’ဖားကန့်က ဒေါ်ဘောက်ဂျာကို လက်ခံတဲ့ အကြောင်းက ဒေသခံလည်း ဖြစ်တယ်။ ပါတီ ဗဟိုအဖွဲ့ တည်ထောင်သူ တဦး ဖြစ်တဲ့အပြင် မန္တလေးတိုင်း အဖွဲ့ဝင်လည်းဖြစ်တဲ့ ရှေ့နေ ဦးမြင့်သွင် ကချင်ပြည်နယ်ဘက် တက်သွားပြီး ဆက်သွယ်တဲ့အခါ သူ့ကို ရလာတာ။ သူတို့ကလည်း စိတ်ဝင်စားတော့ လက်ခံလိုက်တာပါ’’ ဟု NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
စစ်အစိုးရနှင့် နီးစပ်သည့် ဦးဌေးမြင့်၏ ယုဇနကုမ္ပဏီက ဖားကန့်ဒေသ ဟူးကောင်း တောင်ကြားမှ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာသည့် ဥယျာဉ်ခြံနှင့် လယ်ယာမြေဧက ၄ သိန်းခန့်ကို ပီလောပီနံနှင့် ကြံစိုက်ပျိုးရန် ၂ဝဝ၆ က စသိမ်းခဲ့ရာ ကချင်လယ်သမား ၁၇ ဦးက နစ်နာမှုအတွက် လျော်ကြေးရလိုကြောင်း တရားရုံးချုပ်တွင် တရားစွဲဆိုရာ၌ ဒေသခံများဘက်မှ ဒေါ်ဘောက်ဂျာ လိုက်ပါကူညီနေသည်။
ရွေးကောက်ပွဲနိုင်လျှင် မူလတန်း အခမဲ့ ပညာသင်စနစ် ထူထောင်ရေး၊ အရည်အချင်းပြည့် ဆရာများ ခန့်ထားရေး၊ စိုက်ပျိုးရေးတွင် ခေတ်မီစိုက်ပျိုးနည်း သင်တန်းများ၊ စက်ကိရိယာများ အသုံးပြုရေး လွှတ်တော်တွင် တောင်းဆိုသွားမည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
“ရန်ကုန်နဲ့ မန္တလေးက လူတွေလောက်ပဲ အဆင်ပြေပြေ နေနိုင်တာလေ။ ကျမတို့ဒေသတွေက တကယ့်ကို ခေါင်းပါးတယ်၊ ချောင်ထိုးထားခံရတယ်၊ သူတို့ဘဝ တန်းတူအခွင့်အရေးရအောင် ကြိုးစားပေးချင်တာ” ဟု သူက ပြောသည်။
“ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး လုပ်တယ်။ ကျမတို့ ဒေသရော၊ တိုင်းပြည်ရော ဖွံ့ဖြိုးလာတာ မတွေ့ရဘူး။ နောက်ဆုံးတော့ သယံဇာတကုန်၊ သဘာဝပတ်ဝန်းကျင်ပျက်စီးတာပဲ အဖတ်တင်တယ်”ဟုလည်း ဆိုသည်။
ဥယျာဉ်ခြံမြေ အသိမ်းခံရသည့် အောင်ရာကျေးရွာမှ ဒေသခံ အမျိုးသမီးတဦးက’’ တောင်သူတွေနဲ့ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးကို လုပ်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ ယုံကြည်အောင်လည်း သူက ခွန်အားပေးတယ်။ အခု နီးစပ်ရာ လူတွေကို ပြောတဲ့အခါမှာ အားရဝမ်းသာ ထောက်ခံကြတယ်။ လက်ရှိအစိုးရကို မလိုလားဘူးလေ။ အဲဒါကြောင့် ကြံ့ခိုင်ရေးကို မကြိုက်ဘူး’’ ဟု မဇ္ဈိမကို ပြောသည်။
သမိုင်းဘာသာဖြင့် ဘွဲ့ရသည့် ၄၅ နှစ်အရွယ် ဒေါ်ဘောက်ဂျာ ခေါ် လွမ်းညွယ် (LumNyoi)သည် မိုးညှင်းခရိုင် အင်းတော်ကြီး ဇာတိဖြစ်သည်။ လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က ဖားကန့်သို့ ပြောင်းလာကာ ရွှေတူးလုပ်ငန်း လုပ်ခဲ့ပြီး ယခုအခါ ဝါရာဇွတ်ကျေးရွာအုပ်စု အောင်ရာရွာ၌ ကိုယ်ပိုင်ဆေးဆိုင် ဖွင့်ထားသည်။

Geen opmerkingen: