သဲသဲ စနေနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၄၇ မိနစ် .
(ဒေါ်ဘောက်ဂျာနှင့် အင်တာဗျူး)
နယူးဒေလီ(မဇ္ဈိမ)။ ။အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီဝင်ဒေါ်ဘောက်ဂျာသည်ဒေသတွင်း လယ်ယာခြံမြေအသိမ်းခံများအရေးကူညီနေသူလည်း ဖြစ်သည်။မိုးညှင်းခရိုင်အင်းတော်ကြီးဇာတိဖြစ်ပြီး၊ လွန်ခဲ့သည့်၁ဝနှစ်ခန့်ကဖားကန့်သို့ပြောင်းလာကာဝါရာဇွပ်ကျေးရွာအုပ်စုအောင်ရာရွာ၌ ကိုယ်ပိုင်ဆေးဆိုင် ဖွင့်ထားသည်။
ကချင်တွင်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့်စစ်ပုန်းရှောင်သူများ၏အခြေအနေနှင့်ပတ်သက်ပြီးဒေါ်ဘောက်ဂျာကို မဇ္ဈိမသတင်းထောက် သဲသဲက ဆက်သွယ်မေးမြန်းထားပါသည်။
ပြောင်းရွှေ့ထွက်လာတဲ့သူတွေကဘယ်နေရာမှာနေကြလဲ။
‘‘ကျမကရန်ကုန်မှာဖြစ်နေတဲ့အခါကျတိုက်ရိုက်တွေ့တာမဟုတ်ဘူး။တဆင့်ပြန်ပြောပြလို့သာကျမကသိနေရတာပါ။ သင်းအုပ်ဆရာတယောက်ကကျမကိုဖုန်းဆက်လာတယ်၊ရွာထဲကကလေးတွေ၊အဘွားကြီးတွေကို ရွှေ့ပေးထားပြီးသူကတော့ရွာမှာပဲနေခဲ့မယ်တဲ့။ဒီကလေးတွေ၊အဘွားကြီးတွေနေဖို့အတွက်ကျမခြံဝင်းထဲမှာ ထားဖို့အကူအညီတောင်းတယ်။ကျမခြံကနည်းနည်းလည်းကျယ်တော့၊အဲဒီနားမှာမူကြိုကျောင်းတွေလည်း ရှိတော့ အဲဒီမှာထားချင်တယ်လို့ ခွင့်တောင်းလာတော့ ရပါတယ်လို့ ပြောလိုက်တာပါ’’
လူဦးရေဘယ်လောက်ရှိလဲရှင့်၊KIAထိန်းချုပ်နယ်ထဲမှာရှိနေသလား။
”ပြောင်းလာမှာကတရွာလုံးနီးပါးဖြစ်သွားနိုင်တာပေါ့။အိမ်ခြေက၃၀၊၄၀လောက်ရှိတယ်ဆိုပေမယ့် လူကြီးရော၊ကလေးရောဆိုရင်ဦးရေ၁၀၀ကျော်၊၂၀၀နီးပါးလောက်ရှိမယ်။ပြောရရင်အဲဒီဒေသကအရင်က ကျမရဲ့မဲဆန္ဒနယ်ပါပဲ။ဒါပေမဲ့အဲဒီဒေသကKIAထိန်းချုပ်တဲ့နယ်မြေထဲရှိနေတော့သူတို့ကစိုးရိမ်ပြီး ပြေးလာကြတာပါ။ တခြားတော့ ကျမလည်း မသိရသေးဘူး’’
တိုက်ပွဲတွေဖြစ်လာလို့ကချင်ဒေသမှာဘယ်လိုသက်ရောက်မှုတွေတွေ့ရလဲ။
‘‘လမ်းပန်းဆက်သွယ်ရေးပြတ်တောက်တာနဲ့ကိုစားဝတ်နေရေးကအစအကုန်လိုအပ်လာပြီ။ ဒီတောရွာတွေမှာဆေးရုံတွေမရှိတော့အရေးပေါ်လိုအပ်လာရင်မြစ်ကြီးနားတို့၊နမ္မတီးဆေးရုံတို့ပို့ရတာကိုး။ အခုကျမတို့ဒေသမှာစစ်ပွဲဖြစ်လာပြီဆိုတော့တကယ်လို့အရေးပေါ်ကျန်းမာရေးလိုအပ်လာရင်ဒီလူနာက အသက်ထွက်သွားရုံပဲရှိတော့မယ်။ဘယ်လိုမှမလုပ်နိုင်တော့ဘူးပေါ့။စားစရာဆိုလည်းမြစ်ကြီးနားပဲ တက်လာတာဆိုတော့ အင်မတန်မှ ခက်ခဲသွားနိုင်တယ်’’
အမတ်လောင်းတဦးအနေနဲ့တိုက်ပွဲတွေရပ်တန့်ရေးအစိုးရကိုတောင်းဆိုသွားဖို့အစီအစဉ် ရှိလားရှင့်။
‘‘ကျမတို့ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေနိုင်တယ်။ သူတို့ချမှတ်ထားတဲ့အခြေခံဥပဒေအရပဲကျမဆက်ပြီးလုပ်သွားမယ်လို့စီစဉ်ထားပါတယ်။သမ္မတဆီကိုလည်း တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးအတွက် ပြည်နယ်ကိစ္စတွေကို တိုက်ရိုက် အသိပေးသွားမယ်’’
ဒေါ်ဘောက်ဂျာတဦးတည်းအနေနဲ့တောင်းဆိုသွားမှာလား။ဒါမှမဟုတ်ပါတီနဲ့ ပူးပေါင်းပြီးတောင်းဆိုမှာလားရှင့်။
‘‘ပါတီကတော့လုပ်မလား၊မလုပ်ဘူးလားကျမမသိပါဘူး။ကျမကတော့စိတ်လောတဲ့အပိုင်းပါတာပေါ့..ဘာပဲဖြစ်ဖြစ်ပြည်သူတွေဒုက္ခရောက်နေတာကိုကျမမခံစားနိုင်ဘူး။ပါတီအနေနဲ့ကျတော့ပါတီတခုနဲ့တခု ဆက်သွယ်နေရမှာ၊လုပ်နေရမှာထက်စာရင်ကျမကလူမှုကူညီရေးအပိုင်းကနေပြီးအဓိကထားစဉ်းစားပြီး လုပ်ဆောင်နေတာပါ’’
လက်ရှိစစ်ပွဲတွေနဲ့ပတ်သက်ပြီးကချင်ပြည်နယ်လွှတ်တော်ရဲ့အခန်းကဏ္ဍကိုရောဘယ်လို ပါဝင်သင့်တယ်လို့ ယူဆလဲရှင့်။
‘‘တကယ်ဆိုရင်အခုချိန်မှာကချင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စဆိုတာသူတို့ဆီမှာအများကြီးတာန်ရှိတယ်လေနော်။ ကိုယ့်ပြည်နယ်မှာမငြိမ်းချမ်းနေတာဟာဝန်ကြီးချုပ်ဆီမှာတာဝန်ရှိတယ်။ဒါပေမဲ့အခုချိန်ထိဘာသံမှ မထွက်ဘူး။ဘာလုပ်နေတယ်ဆိုတာလဲကျမတို့ကမသိရဘူးပေါ့နော်။အဲဒီအခါကျတော့ သူတို့ရဲ့လုပ်ရပ်ဟာ ပြည်သူအတွက်လား၊မိမိအာဏာအတွက်လားဆိုတာပြည်သူတွေတဖြည်းဖြည်းနဲ့ နားလည်လာတာပေါ့လေ။ တကယ် လိုအပ်နေချိန်မှာ မလုပ်ရင် ဘာအကျိုးမှ မရှိဘူးပေါ့နော်’’
စစ်ပွဲနဲ့ပတ်သတ်ပြီးအခုလိုပြောဆိုတာတွေရှိတော့အဲဒါတွေကဆရာမရဲ့ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့်အစီအစဉ်ကိုထိခိုက်နိုင်တယ်လို့မထင်ဘူးလား။
‘‘ရွေးကောက်ပွဲက၀င်ဖို့တော့ဟုတ်ပေမယ့်လောလောဆယ်ဒီ့ထက်လိုအပ်နေတာကတိုင်းရင်းသား ဒေသခံတွေရဲ့အဓိကလိုအပ်နေတဲ့စားဝတ်နေရေး၊လုံခြုံရေးအတွက်ကပိုပြီးအရေးကြီးနေတာပေါ့နော်’’
ရန်ကုန်ဘက်ကချင်ကျောင်းသားတချို့ကိုအာဏာပိုင်တွေကနေရပ်ကိုပြန်ဖို့ပြောလာတဲ့အပေါ် ဘယ်လိုမြင်လဲရှင့်။
‘‘အခုလိုဖြစ်တာကသူတို့ကအဓိကတိုင်းရင်းသားတွေမို့လို့ဒီလိုလုပ်တယ်လို့ပဲကျမကခံယူတယ်။ဘာဖြစ်လို့လဲ ဆိုတော့ပထမတခေါက်ကချင်းတွေမို့လို့တဲ့.။ကျမတို့ကချင်းမဟုတ်ဘူး၊ကချင်ပါလို့။ချင်းပဲဖြစ်ဖြစ်၊ ကချင်ပဲဖြစ်ဖြစ်တိုင်းရင်းသားတွေပဲ။ဗမာပြည်ရဲ့ဘယ်နေရာမဆိုနေထိုင်ခွင့်ရှိပါတယ်လို့ ပြောတဲ့အခါကျတော့…မနေနဲ့တဲ့..တိုင်းရင်းသားကိစ္စတွေဘာတွေလည်းလာမပြောနဲ့လို့ဆိုပြီးပြောတဲ့အခါ ကျမလည်းဘာမှမပြောတတ်တော့ဘူး။အဲဒီတော့ကျမထင်တာကတော့သူတို့ကတိုင်းရင်းသာတွေဆိုရင် သူတို့က တဖက်သတ် အနိုင်ကျင့်တယ်၊ အနှိမ်ခံရတယ်လို့ပဲ ကျမ ခံစားရတယ်’’
‘‘ဒီလိုဖြစ်နေတာတွေကိုအထက်ကလူကြီးတွေမသိလို့ပဲလားဆိုပြီးအခုရန်ကုန်တိုင်းဝန်ကြီးကိုကျမတို့ စာတင်ထားတယ်။သူ့အနေနဲ့မဖြေရှင်းပေးနိုင်ဘူးဆိုရင်နိုင်ငံတော်အဆင့်ဆင့်ကိုအကြောင်းကြားရမှာပါ။
သူတို့ပြောတဲ့တကယ်တိုင်းရင်းသားညီညွတ်ရေးကိုဒါတွေကိုပြောထားတယ်။အခုက တကယ်ကျောင်းတက်မယ့်တိုင်းရင်းသားကလေးတွေကိုဒီလိုလုပ်ခြင်းအားဖြင့်လူမျိုးရေးခွဲခြားသလို ဖြစ်နေတာပေါ့’’
ရန်ကုန်တိုင်းအစိုးရကို စာတင်တယ်ဆိုတော့ ဘယ်သူ့အနေနဲ့ တင်ပြထားတာလဲ။
‘‘အခုဧည့်စာရင်းမပေးတဲ့ကိစ္စနဲ့ပတ်သက်လို့ဆက်ပြီးစာတင်ထားတာပါ။ကလေးတွေဧည့်စာရင်းပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးအထိ ပြောတဲ့အခါကျမပေးဘဲကျမတို့ကိုထပ်ပြီးမောင်းထုတ်တယ်။မနေ့ကဆိုရင်
နောက်ဆုံးထားထွက်ဖို့လက်မှတ်ထိုးခိုင်းတယ်။အဲဒါအတွက်ကိုရန်ကုန်တိုင်းအစိုးရအထိစာတင်တာပါ။ အိမ်ရှင်ရဲ့ နာမည်နဲ့ စာတင်ထားပြီး ဒါကို ကျမက လိုက်ကူညီတာပါ’’
ဒေသခံတွေရဲ့အခက်အခဲတွေဖြေရှင်းပေးရာကနေပြည်နယ်တွင်းစစ်ပွဲကိစ္စတွေအထိတက်တက်ကြွကြွနဲ့ သတင်းစုံစမ်းမှုတွေလုပ်ပေးတဲ့ကူညီချင်စိတ်ဖြစ်လာအောင်ဘယ်လိုအရာတွေကတွန်းပို့နေတယ်လို့ ထင်လဲ။
‘‘အမတို့ကတကယ်ကိုခံစားခဲ့ရတာပါ။ငယ်ငယ်ကတည်းကတိုက်ပွဲကြားထဲမှာနေရင်းဒုက္ခဆင်းရဲတွေခံစားခဲ့ရတယ်။ အရင်တုန်းကဆိုရင်အမကဘာမှနားမလည်ဘူး။စည်းရုံးရေးဆင်းလာတဲ့အခါကျမတို့ဖားကန့် ဒေသဆိုရင် မီးလည်းမရှိဘူး၊လမ်းပန်းဆက်သွယ်ရေးဆိုရင်အင်တမန်မှဆိုးရွားတယ်။အမမှာစည်းရုံးရေးဆင်းဖို့ ၂ ရက်အလိုတုန်းကမှောင်မှောင်မည်းမည်းညသန်းခေါင်မှသွားတဲ့အခါရင်ထဲမှာတကယ်ပဲမချိအောင် ခံစားခဲ့ရတယ်။ပြည်သူတွေကိုကြည့်ရင်ဆင်းရဲမွဲတေပြီးစားရမဲ့သောက်ရမဲ့ဖြစ်တဲ့အခါမှာရင်ထဲမှာ တကယ်ကို ခံစားရတာပါ’’
‘‘အဲဒါကြောင့်ဒီပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်၊သူတို့ရဲ့ဘ၀မြှင့်တင်ရေးတကယ်ကို လိုအပ်တယ်ဆိုတာသိလာတဲ့အခါအမမှာကိုယ့်ကိုယ်ကိုလည်းသတိမထားမိတော့ဘူး။ ရင်ထဲကလာတဲ့ စေတနာဟာ သူ့တို့ကိုဒုက္ခရောက်နေတဲ့ကိုယ့်ကလေးတွေလိုပဲ မျက်စိထဲမှာ မြင်လာတယ်။ ဒီလူသားတွေရဲ့ အရေးထက် ဘယ်အရာမှ တန်ဖိုးမရှိဘူးဆိုတာ သိလာတဲ့အခါ ဘာမှကြောက်တာမျိုးလည်း မရှိတော့ဘူး။ လုပ်ပေးချင်တဲ့ စိတ်က များနေတဲ့အခါ ကြောက်တဲ့စိတ်က လုံးဝကို မရှိတော့တာပါ’’
Geen opmerkingen:
Een reactie posten