မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 8 augustus 2011

ပဲခူးသွားမည့်ဒေါ်စုလုံခြုံရေးအာဏာပိုင်များနှင့်ဆွေးနွေး

မျိုးသန့် တနင်္လာနေ့၊ သြဂုတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၆ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ပဲခူးရှိစာကြည့်တိုက်များဖွင့်ပွဲသို့သွားရောက်မည့်ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း လုံခြုံရေးအတွက်အာဏာပိုင်များနှင့်ဆွေးနွေးညှိနှိုင်းခဲ့သည်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD၏ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်ဦးဉာဏ်ဝင်းကပြောသည်။
အာဏာပိုင်များနှင့်တွေ့ဆုံမေးမြန်းညှိနှိုင်းခဲ့သော်လည်းခရီးစဉ်အတွင်းလုံခြုံရေးကိုမူNLDမှပင်တာဝန်ယူ
ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆိုသည်။
ပုဂံဘုရားဖူးခရီးမှပြန်ရောက်လာသည့်ဒေါ်အောင်ဆန်းစုကြည်အားရန်ကုန်လေဆိပ်ပြည်တွင်းဆိုက်ရောက် ခန်းမသို့လာရောက်နေသည်ကိုတွေ့မြင်ရစဉ်(ဓာတ်ပုံ-မဇ္ဈိမ)
“လုံခြုံရေးအရလိုအပ်တာတွေကိုတော့သူတို့(အာဏာပိုင်)တွေနဲ့တွေ့ဆုံတယ်မေးမြန်းတယ်၊သူတို့ကလည်း ကျနော်တို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးပါတယ်၊လုံခြုံရေးကတော့ကိုယ့်ဘာသာပဲ တာဝန်ယူရမှာပေါ့။ သို့သော် လိုအပ်တဲ့ဟာတွေကို သူတို့နဲ့ ညှိနှိုင်းလို့ ရပါတယ်”
အာဏာပိုင်များနှင့် ဆွေးနွေးမှု၏ အသေးစိတ်ကိုမူ ဦးဉာဏ်ဝင်းက ပြောဆိုရန် ငြင်းဆန်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ယခုလ၁၄ရက်နေ့တွင်သွားရောက်မည့်ခရီးစဉ်ကိုမနက်၆နာရီတွင်ရန်ကုန်မှ စတင်ထွက်ခွာမည်ဖြစ်ကာညနေပိုင်းတွင်ပြန်လာကြမည်ဖြစ်သည်။ခရီးစဉ်အသေးစိတ်နှင့်လုံခြုံရေး စီမံမှုများကိုမူ NLD တာဝန်ရှိသူများက ပြောဆိုရန် ငြင်းဆန်ကြသည်။
သို့သော်ခရီးစဉ်အတွင်းလုံခြုံရေးနှင့်ပတ်သက်၍ ပဲခူးတိုင်းNLD၏ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်လှမှ ဦးစီးကာတိုင်းလူငယ်များမှတာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်းဇူလိုင်လအတွင်းက မဇ္ဈိမကို ဦးမြတ်လှက
ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်တနင်္လာနေ့နံနက်ကရှစ်လေးလုံးအထိမ်းအမှတ်အဖြစ်ရန်ကုန်မြို့ ကြည့်မြင်တိုင် မြို့နယ် သာဓုကျောင်းတိုက်တွင် ဝါဆိုသင်္ကန်း ကပ်လှူပွဲသို့ တက်ရောက်ခဲ့သည်။
“မေ့မရနိုင်တဲ့အကြောင်းရင်းကိုစဉ်းစားကြစေချင်ပါတယ်”ဟုအခမ်းအနား၏ ဧည့်သည်တော် မှတ်တမ်းတွင်
ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရ စကား ရေးသားသွားခဲ့သည်။
အာဏာရှင်ဟောင်းဦးနေဝင်း၏မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုဆန့်ကျင်ဆန္ဒပြပြီးဒီမိုကရေစီ တောင်းဆိုသော လူထုအုံကြွမှုကြီးများ မြန်မာနိုင်ငံ တဝှမ်းတွင် သြဂုတ်လ ၈ ရက်၊ ၁၉၈၈ ခုနှစ်က စတင် ဖြစ်ပွားခဲ့သည်။
သမ္မတသုံးဦးဆက်တိုက်ပြုတ်ကျသွားခဲ့သော်လည်းစစ်တပ်ကအကြမ်းဖက်ပစ်ခတ်ကာ အာဏာသိမ်းသွားခဲ့သည်။ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ထောင်ကျော်သေဆုံးခဲ့သည်။
အောင်ဆန်းဂျာမွန်းဟု အမည်ပေးထားသည့် စာကြည့်တိုက်များသည် ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင်၂၃ လမ်းနှင့်
သနပ်ပင်မြို့မင်းလမ်းတို့တွင်တည်ရှိကာစာကြည့်တိုက်တခုချင်းစီတွင်စာအုပ်ပေါင်း၎,၀၀၀ကျော် ထားရှိသည်။ ဂျာမွန်းဆိုသည်မှာ ဂျိန်းဖေါ ဘာသာစကားဖြစ်ပြီး ရွှေဝတ်မှုန်ဟု အဓိပ္ပါယ်ရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၀ ခုနှစ် နိုဝင်ဘာ၁၃ ရက်နေအိမ်အကျယ်ချုပ်မှလွတ်လာအပြီးရန်ကုန်ပြင်ပခရီးစဉ်များ အဖြစ် သားငယ် ကိုထိန်လင်းနှင့်အတူမိသားစုဘုရားဖူးခရီးစဉ်အဖြစ် မြန်မာ့ ရှေးဟောင်းမြို့တော် ပုဂံသို့ ဇူလိုင်လအတွင်းက သွားရောက်ခဲ့သေးသည်။



Geen opmerkingen: