မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 8 augustus 2011

ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတိုက်အခံများကျင်းပ

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ သြဂုတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၅ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ဒီမိုကရေစီတောင်းဆိုသောနိုင်ငံအဝှမ်းလူထုအုံကြွမှုကြီး၏၂၃နှစ်မြောက်နှစ်ပတ်လည် နေ့တွင်အစိုးရဘက်မှတိတ်ဆိတ်နေချိန်အတိုက်အခံများကဘာသာရေးနှင့်ဆက်နွယ်ကာအမှတ်တရ အခမ်းအနားများ ပြည်တွင်း ပြည်ပတွင် သောကြာနေ့က ပြုလုပ်ကြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ရန်ကုန်နိုင်ငံရေးအင်အားစုများက ကြည့်မြင်တိုင်မြို့နယ်သာဓုပရိယတ္တိစာသင်တိုက်တွင်ဝါဆိုသင်္ကန်းကပ်လှူပွဲကိုမနက်ပိုင်းတွင် ပြုလုပ်ကြသည်။
၈၈မျိုးဆက်ကျောင်းသူတဦးဖြစ်သူပွဲပြန်ကြားရေးတာဝန်ခံမခင်မိုးအေးအပြောအရနိုင်ငံရေးအင်အားစု အစုံအလင်တက်ရောက်သည့်ပွဲဖြစ်ပြီး ဂီတ၊ ပန်းချီ၊ စာပေ အသိုင်း အဝိုင်းနှင့်၊ လူမှုရေးအဖွဲ့ အစည်းများ
စုစုပေါင်း ပရိတ်သတ် ၃,ဝဝဝ ကျော်မည်ဟု ဆိုသည်။
ကျောင်းထိုင်ဆရာတော်ကြီးဗဟိုသံဃာ့ဝန်ဆောင်ဘန္ဒန္တဦးဥဂ္ဂံသအပါအဝင်ကျောင်းရှိသံဃာ၁၁၈ပါးသာမ က၂ဝဝ၇ခုစက်တင်ဘာလရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင်ထောင်ကျခဲ့ဖူးသောပင့်သံဃာ၁ဝပါးတို့ကို ဝါဆို သင်္ကန်းကပ်လှူပြီး ဆွမ်းကပ်ခဲ့ကြသည်။
သက်တော်၈၁နှစ်၊ဝါတော်၆ဝရှိနတ်မောက်ဇာတိဆရာတော်ဘန္ဒန္တဦးဥဂ္ဂံသက“အစားဆန်း၊အနေဆန်း၊ အဝတ်ဆန်းတွေကိုမတပ်မက်ကြပါနဲ့အတွေးဆန်းကြပါ၊အတွေးရဲကြပါ၊အတွေးပေါက်ကြပါ။ဒါဆိုရင် ပေးတိုင်းမယူကြတဲ့စိတ်၊ကျွေးတိုင်းမစားကြတဲ့စိတ်၊ခြောက်တိုင်းမကြောက်ကြတဲ့စိတ်၊မြှောက်တိုင်း မမြောက်ကြတဲ့စိတ်တွေပေါ်ပေါက်လာပြီးအဲဒီစိတ်ထားတွေကတဆင့်ပြန်လည်စည်းလုံးရေး၊ ငြိမ်းချမ်းရေးကို လုပ်နိုင်ကိုင်နိုင်ကြပါလိမ့်မယ်” ဟု ထည့်သွင်း ဟောကြားသွားခဲ့သည်။

ရှစ်လေးလုံး၂၃နှစ်ပြည့်အခမ်းအနားသို့တက်ရောက်လာသည့်ဒေါ်အောင်ဆန်းစုကြည်ဧည့်သည်တော် မှတ်တမ်းတွင်အမှတ်တရစကားရေးသားနေစဉ်။ဓာတ်ပုံ-မဇ္ဈိမ
အခမ်းအနားဧည့်သည်တော်မှတ်တမ်းတွင်ဒေါ်အောင်ဆန်းစုကြည်က“မေ့မရနိုင်တဲ့ အကြောင်းရင်းကို စဉ်းစားကြစေချင်ပါတယ်”ဟုအမှတ်တရစကားအဖြစ်ရေးသားသွားခဲ့သည်။ကွယ်လွန်သူအာဏာရှင် ဦးနေဝင်းဦးဆာင်သောအငြိမ်းစားစစ်ဘက်အရာရှိကြီးများထူထောင်သောမြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကတပါတီအစိုးရအဖြစ်၂၆နှစ်ကြာအုပ်ချုပ်ပြီးသည့်အခါပါတီစုံဒီမိုကရေစီတောင်းဆို သော လူထုအုံကြွမှု နိုင်ငံအဝှမ်း
သြဂုတ်၈ရက်၊၁၉၈၈ခုနှစ်တွင်စတင်ခဲ့သည်။တက္ကသိုလ်ကျောင်းသားများကစတင်ခဲ့သောအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၁ ရက် အတွင်း သမ္မတ ၃ ဆက်ကို ပြုတ်ကျသွားစေခဲ့သည်။
လူ၃ထောင်အနည်းဆုံးသေဆုံးသောပစ်ခတ်ဖြိုခွင်းမှုများစစ်တပ်ကပြုလုပ်ခဲ့ပြီးနောက်စစ်တပ်မှတိုက်ရိုက် အုပ်ချုပ်မှုပြန်လည်ဖြစ်ထွန်းလာခဲ့သည်။၁၉၈၈ခုနှစ်အာဏာသိမ်းစစ်အစိုးရကိုအမွေဆက်ခံသော အရပ်သား အစိုးရအဖြစ် လက်ရှိ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန် အစိုးရက ရှစ်လေးလုံး နှစ်ပတ်လည်
နေ့နှင့်ပတ်သက်၍တစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသလိုအကြီးဆုံးသောအတိုက်အခံဖြစ်ပြီး ပယ်ဖျက်ခံထားရသည့် အန်အယ်ဒီ ပါတီက ဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ်ရန် ရွေးချယ်ခဲ့သည်။
“ဒီပွဲအခမ်းအနားမှာကျနော်တို့ရဲ့အကိုများဖြစ်ကြတဲ့ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုမင်းဇေယျာတို့ ကိုဂျင်မီတို့မလာရောက်နိုင်တဲ့အချက်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတယ်ဆိုတဲ့အချက်တွေက စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းလဲရေးကို အစိုးရက ဖော်ဆောင်ပါ့မလားဆိုတဲ့ သံသယကို ဖြစ်ပွားစေပါတယ်” ဟုအခမ်းအနားစီစဉ်သူတဦးဖြစ်သော ကိုမျိုးရန်နောင်သိမ်းက ပြောသည်။
အလားတူမန္တလေးရှိလူငယ်အဖွဲ့အစည်းစုံစုပေါင်း၍မန္တလေးမြို့ရဲမွန်တောင်ရပ်ကန်တက်ကုန်း မစိုးရိမ်ကျောင်းတိုက် တွင်လည်း အထိမ်းအမှတ်ပွဲ ကျင်းပခဲ့သည်။
ကျောင်းထိုင်ဆရာတော်ကြီးဘဒ္ဒန္တတေဇောဘာသထံသင်္ကန်း၈စုံကပ်လှူခြင်း၊သံဃာ၈ပါးကိုဆွမ်းကပ်ခြင်း၊ မိဘမဲ့ကလေး၈ဦးအတွက်တနှစ်စာစာသင်စရိတ်၉၆,ဝဝဝလှူဒါန်းပြီးကျောင်းတိုက်အတွင်းရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းသား၈ဝဝကျော်ကိုကြာဆံဟင်းတိုက်ကျွေးသည်ဟု အမည်မဖော်လိုသော ပွဲဖြစ်မြောက်ရေး ပါဝင်သူတဦးက ပြောသည်။
“ရှစ်လေးလုံးကိုကျနော်တို့မမေ့ဘူး။ဒါတွေနဲ့ပတ်သက်ပြီးကျနော်တို့မှာလုပ်ရမယ့်ဝတ္တရားတွေရှိတယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးပေါ့လေ”ဟုသူကပြောသည်။လူ၁ဝဝကျော်တက်ရောက်သည့်အခမ်းအနားတွင် ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က အဖွင့်အမှာစကားပြောခဲ့သည်။

ရှစ်လေးလုံးလူထုအုံကြွမှုကြီး၏၂၃နှစ်မြောက်နှစ်ပတ်လည်နေ့တွင်ပိုစတာများကိုင်ဆောင်ထားပြီး ကြွေးကြော်သံများဟစ်ကြွေးနေကြသည့်ဆန္ဒပြသူများအားထိုင်းနိုင်ငံဘန်ကောက်မြို့ရှိမြန်မာသံရုံးရှေ့တွင် သြဂုတ်လ ၇ ရက် ၂ဝ၁၁ ခုနှစ်တွင် တွေ့ရစဉ်။ AFP PHOTO / Pornchai KITTIWONGSAKUL
မပြီးဆုံးသေးသောလူထုအုံကြွမှုမှသည်လက်နက်ကိုင်တော်လှန်ရန်အိမ်နီးချင်းနိုင်ငံများသို့ထွက်ပြေးကာ ဖွဲ့စည်း ထားသည့်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)ကလည်း အစိုးရကိုပုန်ကန်နေသောကချင်လွတ်မြောက်ရေးအဖွဲ့ထိန်းချုပ်ထားသည့်နယ်မြေအတွင်းအထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့ကြသည်။
မြန်မာတရုတ်နယ်စပ်မြို့တခုဖြစ်သည့်လိုင်ဇာတွင်ပထမဆုံးအကြိမ်ရှစ်လေးလုံးအမှတ်ရပွဲ ပြုလုပ်နိုင်ခြင်း ဖြစ်ပြီးKIOအဖွဲ့ဝင်များ၊ကချင်ရပ်မိရပ်ဖများနှင့်အမျိုးသမီးသမဂ္ဂများအပါအဝင် လူ ၂ဝဝ ကျော် တက်ရောက်
ကြသည်။
မကဒတ(မြောက်ပိုင်း)အလုပ်အဖွဲ့တာဝန်ခံကိုလှစိုင်းက“ဒီနေ့ဒီအချိန်ခါမှာပြည်သူလူထု ဒုက္ခကြုံနေရတယ်၊ ကျနော်တို့မဟာမိတ်တွေစစ်တိုက်နေတယ်။ကျနော်တို့လည်းဆက်ပြီးမှတိုက်ပွဲဝင်ဖို့အဆင်သင့် ဖြစ်တယ်ဆိုတဲ့ အနေအထားနဲ့ ဒီနေ့ ရှစ်လေးလုံး အခမ်းအနားကိုဒီမှာကျင်းပရခြင်း ဖြစ်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။
ကိုယ်ပိုင်ပြဋ္ဌန်းခွင့်အတွက်နေပြည်တော်နှင့်လက်နက်ကိုင်တိုက်ပွဲဆင်နေရသောKIOကို မဟာမိတ်ဟု ရည်ညွန်း ပြောဆိုသွားခြင်းဖြစ်သည်။မကဒတ(မြောက်ပိုင်း)အနေဖြင့် ၁၇ နှစ်အကြာတွင် ကချင်မြေအတွင်း လှုပ်ရှားမှုများ ပြန်လည် ဖြစ်ထွန်းနေချိန်လည်း ဖြစ်သည်။
ပြည်ပတွင်လည်းရှစ်လေးလုံးအမှတ်တရအဖြစ်သောကြာနေ့တွင်အနည်းဆုံးအိန္ဒိယနှင့် အစ္စရေးနိုင်ငံများတွင်မြန်မာအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံတွင်တော့မြန်မာဒုက္ခသည်၈၀ခန့်ကဂျန်တားမန်တားပန်းခြံရှေ့တွင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အစ္စရေးနိုင်ငံရောက်မြန်မာအင်အား၃၀ခန့်ကလည်း၈၈ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်TelAvivတဲလ်အဗီးမြို့ မြန်မာ သံရုံးရှေ့တွင်"wewon’t forget","Wewon'tgiveup"အစရှိသည့်ဆိုင်းဘုတ်များကိုကိုင်ဆောင်ကာ၂နာရီခန့်ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
“ဒီမိုကရေစီ အင်အားစုတွေဟာ နအဖ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုနေတာ ၂၃ နှစ် ရှိနေပြီ ဘာမှ မထူးလာသေးပါဘူး၊ ဒီလိုမျိုး တောင်းဆိုနေမယ့်အတူတူ အာရပ်နိုင်ငံတွေလိုမျိုး လူထုတိုက်ပွဲကနေ နအဖ အစိုးရကို ဖယ်ရှားကြဖို့ မတ်ဆေ့ ပေးချင်တယ်” ဟု ဆန္ဒပြပွဲဦးဆောင်သည့် Burma Action for Israel အဖွဲ့ ခေါင်းဆောင် ကိုပိုင်သူဝင်းက မဇ္ဈိမကို ပြောသည်။



Geen opmerkingen: