မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 25 mei 2010

သွေးဆူတတ်သောကလေးများ

စိုးနေလင်း၊  အင်္ဂါနေ့၊မေလ၂၅ရက်၂၀၁၀ခုနှစ်၁၃နာရီ၅၀မိနစ် .


ရန်လိုတတ်တာဟာ ဘယ်လူ့အဖွဲ့အစည်းမှာမဆို ပြဿနာ ရှိပါတယ်။ ဆိုလိုတာက ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် အဲဒီ သူနဲ့ အနီးဆုံးသူတွေ၊ မိသားစုနဲ့ နောက်ဆုံး သူနေထိုင်နေတဲ့ လူ့အဖွဲ့အစည်းအထိ ရိုက်ခတ်ပြဿနာ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ အခု ကျနော်တင်ပြမှာကတော့ သွေးဆူရန်လိုတတ်တဲ့ ကလေးတွေနဲ့ ပတ်သက်ပါတယ်။ ကလေးတွေရဲ့ ရန်လိုတတ်တဲ့ အပြုအမူတွေဟာ တိုးများလာတာကို တွေ့ရပြီး လူကြီးတွေကတော့ အဲဒါဟာ ပြဿနာတခု ဟုတ်မဟုတ်ဆိုတာကို ပြောဖို့ မကြာခဏ အခက်အခဲ ရှိလာတတ်ပါတယ်။ အဲဒါတွေအားလုံးဟာ ခင်ဗျားတို့ရဲ့ အခြေအနေနဲ့ အမြင်ပေါ်မှာ မူတည်နေပါတယ်။
တချို့ဖြစ်ရပ်တွေမှာတော့ ရန်လိုတတ်တဲ့ အပြုအမူဟာ ကလေးတယောက်ကို ဘေးအန္တရာယ်ကနေ အကာအကွယ်ပေးနိုင်တာမျိုးလည်း ရှိပါတယ်။
ရန်လိုတဲ့အပြုအမူကိုအိမ်ထောင်သုံးပစ္စည်းတွေဒါမှမဟုတ်တခြားပစ္စည်းတွေ ပျက်စီးအောင် အင်အားသုံးတာ၊တခြားလူတွေကိုရုပ်ပိုင်းအရတိုက်ခိုက်ရန်ပြုတာ၊ဒါမှမဟုတ်တခြားသူတွေကို ရုန့်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေနဲ့မဖွယ်မရာပြောဆိုတာ၊သရော်မော်ကားလုပ်တာ၊ စော်ကားတာတွေပါတဲ့ လုပ်ဆောင်မှုတွေနဲ့ အဓိပ္ပာယ် သတ်မှတ်ဖော်ဆောင်လို့ ရပါတယ်။
ယေဘုယျအားဖြင့်တော့ ရန်လိုပြောဆိုတတ်တဲ့ အပြုအမူဟာ အကြိမ်ရေ များလာတဲ့အခါ တင်းမာမှု တိုးများလာတဲ့အခါဒါမှမဟုတ် ကလေးရဲ့ နေ့စဉ်ဘဝကို ထိခိုက်လာတာမျိုးနဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ဆရာဆရာမတွေနဲ့ ဆက်ဆံရေးကို ထိခိုက်လာတဲ့အခါ ပြဿနာတခု ဖြစ်လာတတ်ပါတယ်။
တကယ်လို့ရန်လိုတတ်တဲ့အပြုအမူတွေကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းကို ဆွေးနွေးပြောဆိုမှု မှန်မှန်ကန်ကန် ကိုင်တွယ်ကုသမှု မလုပ်တဲ့အတွက်အဲဒီကလေးဟာ သူတို့ရဲ့ ရန်လိုတတ်တဲ့ အပြုအမူကို မရပ်ဆိုင်းနိုင်ဖြစ်လာပြီး အရွယ်ရောက်တဲ့အထိပါသွားတတ်ပါတယ်။ နိဂုံးရလဒ်ကတော့ဘဝတိုးတက်မှုနဲ့ မိသားစုဘဝနှစ်ခုလုံးပေါ်မှာမကောင်းတဲ့သက်ရောက်မှုဖြစ်လာစေမယ့်ဘဝတခုကိုပြဿနာတွေက အန္တရာယ်ပြု ဒုက္ခပေးလာမှုပဲ ဖြစ်ပါတယ်။
မိဘတွေကပြဿနာတွေကိုရန်လိုမှုနဲ့ တုံ့ပြန်ကြတဲ့အခါမှာတော့သူတို့ဟာအဲဒီရန်လိုမှုအပြုအမူကို သူတို့ရဲ့ကလေးတွေဆီကိုကူးပြောင်းပေးလိုက်သလိုပါပဲ။တကယ်လို့အဲဒီစက်ဝိုင်းဟာ ကျိုးပြတ်မသွားဘူးဆိုရင်တော့ အနာဂတ်မျိုးဆက်တွေအထိ အဲဒီအပြုအမူကပြဿနာတွေကိုဆက်ပြီး ဖန်တည်းပေးသွားနိုင်တယ်လို့ ဆိုရပါမယ်။
ကလေးတွေရဲ့ရန်လိုတတ်တဲ့အပြုအမူရဲ့နောက်ကအကြောင်းရင်းကတော့အချက်၃ချက်ပေါ်မှာ မူတည်နေပါတယ်။
* စိတ်ပိုင်းဆိုင်ရာ အချက်အလက်များ
ဦးနှောက်ဖွဲ့စည်းပုံနဲ့ ဦးနှောက်ထဲမှာ နာဗ့်ဆဲလ်တွေကို အချက်ပြမှုတွေ သယ်ဆောင်ပေးတဲ့ အလုပ်ကို လုပ်ကြတဲ့ ဓာတုအေးဂျင့်တွေရဲ့ အဆင့်တွေပါ။ အဲဒါတွေဟာ ကလေးတွေရဲ့ စိတ်လှုပ်ရှားမှုတွေကို တိုက်ရိုက်သက်ရောက်စေပြီး ကလေးတွေကို စိတ်ဆိုးအောင်၊ ပျော်ရွှင်အောင် ဒါမှမဟုတ် ဝမ်းနည်းကြေကွဲအောင် လုပ်ဆောင်ပေးပါတယ်။

* စိတ်လှုပ်ရှားမှုဆိုင်ရာ အချက်အလက်များ
အဲဒါတွေကတော့ကလေးရဲ့ကိုယ်ရည်ကိုယ်သွေးအမျိုးအစားနဲ့ဆက်စပ်ပါတယ်။အဲဒါကကလေး တယောက်ဟာပျော့ပျော့ပျောင်းပျောင်းရှိကောင်းရှိမယ်၊ဒါမှမဟုတ်ပျက်စီးကောင်းပျက်စီးနေမယ်လို့ ဆိုနိုင်တဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာ တည်ငြိမ်မှုကို ပြဋ္ဌာန်းပေးပါတယ်။

* ပတ်ဝန်းဆိုင်ရာ အချက်အလက်များ
အဲဒါတွေကတော့မိသားစုထဲမှာရန်လိုတတ်တဲ့ဒါမှမဟုတ်ရိုင်းပြတဲ့အပြုအမူ၊တီဗီဗီဒီယိုဂိမ်းတွေနဲ့ ရုပ်ရှင်တွေမှာ တွေ့ရတတ်တဲ့ ရန်လိုတဲ့ အပြုအမူတွေရဲ့ နမူနာတွေကို ရည်ညွှန်းပါတယ်။
ကလေးတွေရဲ့ ရန်လိုတဲ့ အပြုအမူဟာ အများအားဖြင့် စိတ်ရောဂါကု ဆရာဝန်တယောက်ရဲ့ အကူအညီကို လိုအပ်တဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာ ပြဿနာတွေကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စိတ်အပြောင်းအလဲ မြန်စေတတ်တဲ့ စိုးရိမ်သောက ဒါမှမဟုတ် စိတ်ဓာတ်ကျမှု၊ ရန်လိုမှုနဲ့ အာရုံဝင်စားမှု တိုတောင်းခြင်းတွေကို ခံစားနေရတဲ့ ကလေးတွေပါ။ အဲဒီလို ကလေးမျိုးတွေဟာ သူတို့တွေရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ အခက်အခဲရှိနေတတ်ကြပြီး ပိုပြီး ရန်လိုလာတတ်ကြတာကို တွေ့ရပါတယ်။
ရန်လိုတတ်တဲ့အပြုအမူရှိတဲ့ကလေးတွေကိုနည်းလမ်းနှစ်ခုနဲ့အကူအညီပေးနိုင်ပါတယ်။အဲဒါတွေကတော့ ရန်လိုမှုဖြစ်ပေါ်မလာခင်ကာကွယ်ခြင်းနဲ့ရန်လိုမှုဖြစ်ပေါ်လာတဲ့အခါရောဂါလက္ခဏာတွေကို ပြုစုကုသပေးခြင်းဖြစ်ပါတယ်။
ရန်လိုတတ်တဲ့အပြုအမူပေါ်ပေါက်မလာခင်မှာ ကာကွယ်ခြင်းအတွက် ကောင်းမွန်တဲ့ မိဘသွန်သင်ညွှန်ပြမှု လိုအပ်ပါတယ်။သူတို့တွေရဲ့စိတ်လှုပ်ရှားမှုတွေကိုအင်အားမသုံးဘဲ ပြဿနာတွေ ဖြေရှင်းဖို့ ဖန်တည်းမှုရှိတဲ့ နည်းလမ်းတွေအသုံးပြုပြီးကြင်ကြင်နာနာ၊ပျော့ပျော့ပျောင်းပျောင်းပြောဆိုတာဟာသူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးထားတာတွေ အားလုံးဟာ ကလေးတွေအတွက် အပြုသဘောဆောင်တဲ့ နမူနာတွေ ဖြစ်ပါတယ်။
တကယ်လို့မိဘတွေအနေနဲ့အဲဒီလိုလုပ်မပေးနိုင်ဘူးဆိုရင်ကလေးတွေဟာအပြုအမူကောင်းကိုသင်ယူတဲ့ နေရာမှာ အခက်အခဲ ရှိပါလိမ့်မယ်။မိဘတွေအနေနဲ့နမူနာတခုကိုချမှတ်ပေးဖို့လိုအပ်ရုံသာမကပါဘူး၊ သူတို့တွေရဲ့ စိတ်မချမ်းမသာဖြစ်နေတဲ့ခံစားမှုတွေကိုဘယ်လိုကောင်းကောင်းမွန်မွန် ဖော်ပြရမယ်ဆိုတာကို သင်ပေးကြရပါလိမ့်မယ်။ကလေးတယောက်ဟာတခြားသူတွေရဲ့ခံစားမှုတွေကိုစဉ်းစားပေးဖို့ကိုလည်း တတ်သိနားလည်ထားရပါလိမ့်မယ်။၁ကနေ၁ဝအထိရေတွက်ပြီးဒေါသတရားကိုပြေအေးစေတာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာာ၊ ကောင်းမွန်တဲ့ အပြုအမူအတွက်ကလေးတယောက်ကို ဘယ်လိုခွင့်လွှတ် ဒါမှမဟုတ် ချီးမွန်းပြောဆိုရမယ်ဆိုတာတွေကို သင်ယူတာမျိုးတွေဟာ သူတို့ကို သင်ကြားပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
မိဘတွေအနနဲ့ကလေးတွေကြည့်ရှူလို့ရတဲ့မီဒီယာအမျိုးအစားတွေကိုလည်းစောင့်ကြည့်ကြီးကြပ်ဖို့ သင့်ပါတယ်။ အလွန်အကျွံကြီးရန်လိုတဲ့အပြုအမူလှုပ်ရှားမှုတွေပါဝင်တဲ့ဗီဒီယိုဂိမ်းတွေ၊ တီဗီဇာတ်လမ်းတွေနဲ့ ရုပ်ရှင်တွေကို ရှောင်ရှားသင့်ပါတယ်။
တခြားကာကွယ်ရေး လုပ်ဆောင်မှုတခုကတော့မိသားစုဝင်တိုင်းတယောက်နဲ့တယောက်ရင်းရင်းနှီးနှီး၊ နီးနီးကပ်ကပ်ဖြစ်စေနိုင်တဲ့၊နွေးထွေးကောင်းမွန်တဲ့မိသားစုဝန်းကျင်အခြေအနေလေးတခုကို ဖန်တီးပြုလုပ်ပေးတာပဲဖြစ်ပါတယ်။အဲဒီလိုဝန်းကျင်အခြေအနေမျိုးမှာဆိုရင်ကလေးတွေဟာသူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကိုထိန်းချုပ်တတ်ပြီးကျေနပ်ပျော်ရွှင်မှုရှိတဲ့လူတယောက်အဖြစ်ကြီးပြင်းလာနိုင်မှာ ဖြစ်ပါတယ်။
ရန်လိုတတ်တဲ့ ကလေးတွေကို အကူအညီပေးနိုင်ဖို့ ..
*ကလေးကိုထိတွေ့ဆက်ဆံပြီးခင်ဗျားတို့ဟာသူတို့ရဲ့ခံစားမှုကိုလက်ခံကြောင်းပြောပြပါ။ဒါပေမဲ့ရန်လိုတဲ့ အပြုအမူကိုတော့လက်မခံပါနဲ့။သူတို့ကိုသူတို့ရဲ့ခံစားမှုတွေကိုပိုပြီးကောင်းမွန်သင့်လျော်တဲ့ နည်းလမ်းတခုနဲ့ ဖော်ပြဖို့ အကြံပေးပါ။ ဥပမာ …
“မေမေကမင်းစိတ်ဆိုးတာကိုနားလည်ပါတယ်၊ဒါပေမဲ့ဒီလိုမျိုးအိမ်ကပစ္စည်းတွေကိုဖျက်ဆီးလို့တော့ မဖြစ်ဘူးလေ၊တကယ်လို့မင်းသိပ်စိတ်ဆိုးနေတယ်ဆိုရင်အဲဒီဒေါသကိုခေါင်းအုံးတွေကို ပစ်ပေါက်လို့ပဲဖြစ်ဖြစ် အရုပ်တွေကို ထိုးကြိတ်လို့ပဲဖြစ်ဖြစ် ဖွင့်ထုတ်ပစ်လို့ ရတာပဲလေ” လို့ ပြောတာမျိုး။
*တကယ်လို့ကလေးတယောက်ဟာအိမ်ကပစ္စည်းတွေကိုဖျက်ဆီးပစ်ပြီးရန်လိုတတ်တဲ့အပြုအမူကို အလွန်အကျွံပသလာပြီဆိုရင်တော့လူကြီးတွေအနေနဲ့ချက်ချင်းကြားဝင်ဆောင်ရွက်ဖို့လိုအပ်ပါလိမ့်မယ်။ ကလေးကိုဆုပ်ကိုင်လို့ပဲဖြစ်ဖြစ်၊ပွေ့ဖက်လို့ပဲဖြစ်ဖြစ်နောက်ထပ်အဲဒီလိုအဖြစ်မျိုးထပ်မဖြစ်အောင် ကာကွယ်ပေးရပါမယ်။
*လူကြီးတွေအနေနဲ့ကလေးတွေပြောတာကိုနားထောင်ပြီးဖြစ်ရပ်အပေါ်သူတို့ရဲ့ဘက်ကနေ ဘယ်လိုမြင်တယ်ဆိုတာကိုရှင်းပြဖို့အခွင့်အရေးပေးရပါမယ်။ကလေးဟာအမြဲတမ်းမှားယွင်းနေတယ်လို့ မယူဆပါနဲ့။တခါတလေမှာကလေးတယောက်ကလိုချင်နေတာအားလုံးဟာလူကြီးတယောက်က သူတို့ကို နားထောင်ပေးဖို့ပါပဲ။
ကလေးတယောက်ရန်လိုဒေါသပေါက်ကွဲရာကနေပြေအေးသွားပြီဆိုတာနဲ့လူကြီးတယောက်ကသူတို့အနေနဲ့ အဲဒီလိုမျိုး မပြုမူသင့်တဲ့အကြောင်း ရှင်းပြသင့်ပါတယ်။ ရှင်းပြတာကို ဖြစ်နိုင်သမျှ တိုတောင်းပြီး တိတိကျကျ ဖြစ်စေသင့်ပါတယ်။
*အပြစ်ရှာတဲ့ဒါမှမဟုတ်သူတို့ဟာမကောင်းဘူး၊ဆိုးတယ်၊ကလိန်ကညစ်ကျတယ်၊ရန်လိုတယ်၊ဒါမှမဟုတ် လူပေလူတေကလေးလိုလုပ်တတ်တယ်၊ဒါမျိုးအငုံ့စိတ်ကိုဖြစ်ပေါ်စေတဲ့စကားလုံးမျိုးတွေကိုရှောင်ပါ။ ခင်ဗျားတို့အနေနဲ့သူတို့ကိုဆူမှဖြစ်မယ်ဆိုရင်လည်း ဆူလိုက်ပါ။ပြီးတာနဲ့”အဖိုးကိုဒုတ်တွေနဲ့ ပစ်တာကိုတော့ မေမေ မကြိုက်ဘူး” ဆိုတာမျိုး သူတို့ရဲ့ လုပ်ရပ်ကို ဦးတည်ပြောပါ။
*ကလေးတွေကိုသူတို့ရဲ့လုပ်ရပ်တွေပေါ်မှာသူတို့ကိုယ်တိုင်တာဝန်ယူပါစေ။ဥပမာအားဖြင့်ဒေါသဖြစ်လို့ ဝုန်းဒိုင်းကြဲခဲ့တုန်းကသူတို့ရှုပ်ပွပေညစ်အောင်လုပ်ခဲ့တာတွေကိုသူတို့ဘာသာပြန်ပြီး ရှင်းလင်းသန့်စင်သင့်ပြီး၊တကယ်လို့သူတို့ရိုင်းပြသွားတယ်ဆိုရင်ခွင့်လွှတ်ဖို့လူကြီးတွေကို တောင်းပန်သင့်ပါတယ်။သူတို့ရဲ့မုန့်ဖိုးကိုသိမ်းယူတာမျိုး၊သူတို့ရဲ့တီဗီဂိမ်း ဗီဒီယိုဂိမ်းတွေကိုယူသွားတာမျိုး အရေးယူတာလောက်နဲ့ မလုံလောက်ပါဘူး။
ကလေးတယောက်ရဲ့ အပြုအမူကို ပြုပြင်တည့်မတ်ပေးတဲ့ အလုပ်ဟာ မလွယ်ပါဘူး။ အဲဒါဟာ ပိုင်းဖြတ်ချက်၊ အားထုတ်ဆောင်ရွက်မှုနဲ့ ရှေ့နောက်ညီညွတ်မှုတွေ အများကြီး လိုအပ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အောင်မြင်သွားမယ်ဆိုရင်တော့ အားထုတ်ကြိုးစားကျိုး နပ်ပါတယ်။ တကယ်လို့ လူကြီးတွေအဖြစ် ကျနော်တို့ဟာ တည်ငြိမ်အေးဆေးတဲ့ စိတ်သဘောထား ရှိမယ်ဆိုရင် ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ အများကြီး အကျိုးကျေးဇူး ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ အခက်အခဲပေါင်းစုံနဲ့ စိန်ခေါ်မှုတွေ များပြားလှတဲ့ အချိန်ကာလမှာ ကျနော်တို့ဟာ ငြိမ်းချမ်းမှုနဲ့ ညီညွတ်မှုတွေကို မလွဲမသွေ လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။
တကယ့်တကယ်ကတော့ ကမ္ဘာတဝှန်းလုံးမှာရှိတဲ့ လူ့အဖွဲ့အစည်းတိုင်းက လူတွေမှာ လူကြီးတွေပဲဖြစ်ဖြစ်၊ ကလေးတွေပဲဖြစ်ဖြစ် သွေးဆူရန်လိုမှုတွေ များလာတာဟာ မကောင်းပါဘူး။ မိသားစုရန်ပွဲ၊ ပြည်တွင်းစစ်တွေကနေ နိုင်ငံတကာစစ်ပွဲ (ကမ္ဘာစစ်) တွေအထိ တောက်လောင်ဖြစ်ပွားလာနိုင်ကြောင်း သတိထားသင့်ကြပါတယ်။ ။



Geen opmerkingen: