မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 21 mei 2010

သခင်သိန်းဖေမွေးနေ့တွင်လူရွေးဖိတ်ကြား

မောင်စံ/၂၁မေလ၂၀၁၀
ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ခေါင်းဆောင်သခင်သိန်းဖေ၏(၉၄)နှစ်မြောက်မွေးနေ့ကို မရမ်းကုန်းမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ယနေ့နံနက်ပိုင်း၌ ပြုလုပ်သည်။
မွေးနေ့ပွဲတွင်သခင်သိန်းဖေကမြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့်စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် နောက်ဆုံးထွက်သက်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံန္နိဋ္ဌာန်ပြုပြောကြားသွားသည်။
မွေးနေ့ပွဲ တက်ရောက်လာသူများထဲမှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၊ တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်၊ အန်အယ်လ်ဒီခေါင်းဆောင် ဦးဝင်းတင်နှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ရှေ့နေကြီးတဦးတို့က မြန်မာပြည်လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် သခင်သိန်းဖေ၏ ယနေ့ထက်တိုင် အနစ်နာခံဆောင်ရွက်မှုနှင့် ပေးဆပ်မှုတို့ကို ဂုဏ်ပြုပြောကြားကြသည်။
ယနေ့မွေးနေ့ပွဲ၏ထူးခြားချက်မှာယခင်အခမ်းအနားများတွင်တွေ့နေကျပုဂ္ဂိုလ်အချို့အား မတွေ့မြင်ရခြင်းဖြစ်သည်။
အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားသည့် ဦးသုဝေ၊ ဦးရွှေအုံး၊ ဦးအုံးတင်တို့ကိုလည်းကောင်း၊ အန်အယ်လ်ဒီ စီအီးစီဟောင်းများဖြစ်သော ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့် စသည့်သူများကို မတွေ့ရှိရပေ။
ယင်းကိစ္စနှင့်ပတ်သက်၍ ၀ါရင့်အဖွဲ့မှ တာဝန်ရှိသူတဦးက “ရွေးကောက်ပွဲဝင်မယ့်သူတွေကို တမင်မဖိတ်ဘဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
အခြားဝါရင့်နိုင်ငံရေးသမားကြီးတဦးကလည်း“ဒါပုဂ္ဂိုလ်ရေးအရ မဟုတ်ပါဘူး။ နိုင်ငံရေးရည်ရွယ်ချက်အရပါ။ အထူးသဖြင့်ကျနော်တို့ဝါရင့်နိုင်ငံရေးသမားကြီးတွေအနေနဲ့ အန်အယ်လ်ဒီ၊ စီအာပီပီတို့နဲ့ နိုင်ငံရေးရပ်တည်ချက်တသားတည်း ဖြစ်ကြောင်း ပြသလိုက်တာဖြစ်သလို ကျနော်တို့ကိုယ်တိုင်လည်း ၂၀၀၈ ဖွဲ့စည်းပုံနှင့်တကွ၂၀၁၀ရွေးကောက်ပွဲကို မယုံကြည် လက်မခံတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင်မွေးနေ့ပွဲ တက်ရောက်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သည့် ဦးအေးသာအောင်ကလည်း “ဒီနေ့ပွဲကတော့သိပ်ကိုထူးခြားတယ်ဗျ။နအဖအလိုကျရွေးကောက်ပွဲဝင်မယ့်သူတွေကို မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက်တကယ်တမ်းကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်နေကြတဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက မလိုလားကြောင်း၊ လက်မခံကြောင်း လက်တွေ့ ထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်တယ်ဗျာ” ဟု မှတ်ချက်ပြုပြောကြားသည်။
မွေးနေ့ပွဲသို့ သခင်နိုင်ငံရေးသမားဟောင်းကြီးများ၊ အန်အယ်လ်ဒီ အလုပ်အမှုဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အမျိုးသမီးခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊စာပေနယ်မှ ပုဂ္ဂိုလ်များနှင့်အခြားနိုင်ငံရေးနယ်ပယ်မှလှုပ်ရှားတက်ကြွသူများ၊မိတ်ဆွေများ စုံစုံညီညီတက်ရောက်ကြသည်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတိုက်ပွဲအဆင့်ဆင့်နှင့် နိုင်ငံရေးခေတ်အဆက်ဆက်တွင်ထောင်(၁၁)ကြိမ်အထိကျခံကာစွန့်လွှတ်စွန့်စားပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည့်ဝါရင့်သခင်နိုင်ငံရေးသမားဟောင်းကြီးဖြစ်ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းတွင်စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ဒီမိုကရေစီရရှိရေး ပြည်သူ့လှုပ်ရှားမှုကြီးတွင် ရှေ့တန်းမှ ပါဝင်လှုပ်ရှားခဲ့ကြသည့် သခင်နိုင်ငံရေးသမားဟောင်းကြီးများထဲတွင် တဦးအပါအ၀င်ဖြစ်သည်။
အထူးသဖြင့်သခင်ဟောင်းကြီးများအပါအ၀င်ဝါရင့်နိုင်ငံရေးသမားကြီးများပါဝင်သော“၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ”ဟူသော အဖွဲ့ကို သခင်သိန်းဖေက ဦးဆောင်စုစည်းလျက် ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုများကို အားပေးထောက်ခံကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးတို့အတွက် တောင်းဆိုချက်များ၊ ကြေညာချက်များနှင့် မေတ္တာရပ်ခံချက်များကို အခါအားလျော်စွာထုတ်ပြန်ခဲ့သည်။

Geen opmerkingen: