ကိုထွေးThursday,May27,2010
.လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက် သူများကို ထောင်သွင်း အကျဉ်းချခြင်း၊ ဖိနှိပ်ခြင်း ပြုလုပ်သည့် နိုင်ငံများတွင် မြန်မာ နိုင်ငံလည်း ပါဝင်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (AI) က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။
AI ၏ ကြေညာချက်တွင် အဆိုပါ နိုင်ငံများထဲ၌ မြန်မာနိုင်ငံအပြင် အာရှနိုင်ငံများဖြစ်သည့် တရုတ်နှင့် မြောက်ကိုးရီးယားလည်း ပါဝင်သည်ဟု ဆိုထားသည်။
လူ့အခွင့်အရေး ချိုးဖောက်သည့် အစိုးရများကို ရှုတ်ချသည့် AI ၏ ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာသည် ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၁၅၉ နိုင်ငံတွင် အခြေခံ၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
AIမှအထွေထွေအတွင်းရေးမှူးClaudioCordoneက“လူအခွင့်အရေးချိုးဖောက်မှုတွေအတွက် လူသားအားလုံးဟာ ဥပဒေရဲ့ အစောင့်အရှောက်ကို ရသင့်ပါတယ်။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဘူး ဆိုတဲ့ အချက်ကို အစိုးရတွေက ပိုခိုင်မာအောင် လုပ်ဆောင်သင့်ပါတယ်” ဟု ဆိုသည်။
အာရှနိုင်ငံများတွင်တရုတ်နိုင်ငံအနေဖြင့်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို ထောင်သွင်းကျဉ်းချခြင်းများပိုမိုဖိအားပေးဆောင်ရွက်ခဲ့သကဲ့သို့မြန်မာနှင့်မြောက်ကိုးရီးယား နိုင်ငံတို့တွင်လည်းဆိုးရွားသည့်ဖိနှိပ်မှုများကြောင့်အများအပြားထွက်ပြေးခဲ့ရကြောင်း ယင်း အစီရင်ခံစာတွင် ရေးသားထားသည်။
ကုန်သွယ်ကူးသန်းဆက်သွယ်မှုများနှင့်သံတမန်ရေးအရမြန်မာပြည်အပေါ် အကာအကွယ်ပေးနေမှုများကြောင့် မြန်မာနှင့် တရုတ် နိုင်ငံ တို့သည် ရင်းနှီးသော ဆက်ဆံမှုများရှိသည်။
ဧပြီလက မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေသော်လည်း တရုတ်နိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့ သောကြောင့် ရွှေ့ဆိုင်းခဲ့သည့် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်၏ ခရီးစဉ်ကို ဇွန်လ အစောပိုင်းတွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း သံတမန် အသိုင်းအ၀န်းက ဆိုသည်။
ခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ်က မြန်မာပြည်၏ အမျိုးသား ရင်ကြားစေ့ရေးနှင့် တည်ငြိမ်ရေး၊ တရုတ်- မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လူမျိုးများ အရေး၊ မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံ ဆက်ဆံရေး တို့နှင့်ပတ်သက်၍ ဆွေးနွေးနိုင်ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံ အနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ တစုံတရာ ဝေဖန် ပြောဆိုခြင်း မရှိသော်လည်း မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကို ပါဝင်ခွင့်မပြုရန် တားမြစ် ထားသည့် ရွေးကောက်ပွဲ ဥပဒေအား တရုတ်အစိုးရက စိတ်ပျက်နေကြောင်း ယင်း သံတမန် အသိုင်းအ၀န်းက ပြောဆိုသည်။
အဆိုပါ ခရီးစဉ် မတိုင်မီ မေလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီနှင့် မြန်မာနိုင်ငံ ကျောက်ဖြူသို့ ဆက်သွယ်မည့် တရုတ်မြန်မာ စင်္ကြံလမ်း စီမံချက် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွာကို ၂ နိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးများက လက်မှတ် ရေးထိုး ခဲ့ကြကြောင်း အစိုးရပိုင် သတင်းစာများတွင် ရေးသားထားသည်။
တရုတ် ၀န်ကြီးချုပ် ခရီးစဉ်မတိုင်မီ ကချင်ပြည်နယ် ဧရာဝတီ မြစ်ဖျားရှိ မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းကို ရပ်တန့်ပေးရန် အတွက် ကန့်ကွက်သည့် စာကို တရုတ်နိုင်ငံ သမ္မတ ဟူကျင်တောင်ထံသို့ ကချင်လူ့အခွင့် အရေး လှုပ်ရှား သူများက ယနေ့တွင် ထပ်မံပေးပို့ တောင်းဆို လိုက်သည်။
ကချင်ပြည် လူမှုဖွံ့ဖြိုးရေး ကွန်ရက် အဖွဲ့ (KDNG)တာဝန်ခံ မအားနန်က မြစ်ဆုံ အနီးရှိ တန်ဖရဲ ကျေးရွာကို ပြောင်းရွှေ့ရန်စေခိုင်းခြင်းနှင့်ပတ်သက်၍ရွာသူရွာသားများက ငြင်းပယ်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြသော်လည်း အတင်းအကျပ် ပြောင်းရွှေ့ ခိုင်းသဖြင့် ယခုကဲ့သို့ တောင်းဆို ရခြင်းဖြစ်ကြောင်း ပြောသည်။
“လူမှုဆိုးကျိုးတွေအများကြီးဖြစ်ပေါ်နေတဲ့နေရာမှာဒီလိုရင်းနှီး မြှုပ်နှံမှုမျိုး မလုပ်ခိုင်းစေချင်ဘူး၊ အဲဒါကြောင့် ကျမတို့ စာထပ်ပို့တယ်” ဟု မအားနန်က ဆိုသည်။
ရေကာတာ တည်ဆောက်ရာတွင် အဓိက နေရာဖြစ်သည့် တန်ဖရဲ ကျေးရွာအား ၂၀၁၀ ပြည့်နှစ် မေလ မကုန်မီ ရွှေ့ပြောင်းပစ်ရန် စစ်အစိုးရက မြစ်ကြီးနားမြို့ခံ တထောင်ကျော်အား အမိန့်ပေးခဲ့ကြောင်း၊ ပြောင်းရွှေ့ရန် ငြင်းဆန်ပါက ထိုကျေးရွာရှိ အိမ်များ၊ စာသင်ကျောင်းများနှင့် ဘုရားရှိခိုးကျောင်းများကို ချက်ချင်း တစမကျန် ဖျက်ဆီး ရမည်ဟုလည်း အဆိုပါ မြစ်ကြီးနား မြို့ခံများကို အမိန့်ပေးကြောင်း၊ ရွာသူရွာသားများက ၎င်းတို့ အိုးအိမ်များ၊ စိုက်ခင်းများအား စွန့်ခွာရမည်ဆိုသည့် အမိန့်များကို ငြိမ်းချမ်းစွာ အန်တုနေကြောင်း ယင်းစာတွင် ပါရှိသည်။
ယခင်က စာများရေးသား ပေးပို့သော်လည်း ထိရောက်သည့် ပြန်ကြားမှု တစုံတရာ မရခဲ့သောကြောင့် တရုတ်အစိုးရကို ဆက်လက် တွန်းအား ပေးသွားမည်ဖြစ်ကြောင်း မအားနန်က ပြောသည်။
လွန်ခဲ့သည့် ဇန်န၀ါရီနှင့် မတ်လများကလည်း မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး စီမံကိန်း ကန့်ကွက်စာကို ကချင် တိုင်းရင်း သားများ လက်မှတ်ရေး ထိုးကာ တရုတ်နိုင်ငံ ၀န်ကြီးချုပ် ၀မ်ကျားပေါင် အပါအ၀င် ဘန်ကောက်၊ လန်ဒန်၊ နယူးဒေလီ၊ စင်ကာပူ အစရှိသည့် သံရုံးများသို့ ပေးပို့တောင်းဆိုခဲ့ပြီး ယခုအခါ သမ္မတ ဟူကျင်တောင်ထံသို့ ထပ်မံပေးပို့ တောင်းဆိုခြင်း ဖြစ်သည်။
မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း အတွက် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၆၀ ကျော်ပြောင်းရွှေ့ရမည်ဖြစ်ရာ ရေလှောင်တမံ စီမံကိန်း အထက်ပိုင်းရှိ တန်ဖရဲ၊ မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ ပါဝင်သည်။
ရွာသားပေါင်းတသောင်းကျော်ပြောင်းရွှေ့နေထိုင်ရန်သတ်မှတ်ထားသည့်နေရာတွင် နေအိမ်တန်းလျားများကို အေးရှားဝေါလ် ကုမ္ပဏီက ဆောက်လုပ်နေကြောင်းနှင့် မကြာခင် ပြောင်းရွှေ့ရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။
မြစ်ဆုံရေလှောင်တမံ စီမံကိန်း မဖြစ်မြောက်ရေး အတွက် ကချင်နှစ်ချင်း ခရစ်ယာန်များမှာ ၂၄ နာရီဆုတောင်းပွဲ ကျင်းပခြင်း၊ ၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့တွင် နိုင်ငံတကာရောက် ကချင်များက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။
အမှတ် (၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဌာနနှင့် တရုတ် CPI ကော်ပိုရေးရှင်းတို့သည် မြစ်ဆုံအပါအဝင် ရေအားလျှပ်စစ်စီမံကိန်း ၇ ခုကို ကချင်ပြည်နယ် အတွင်း၌ တည်ဆောက်သွားရန် သဘောတူညီထားပြီး ယင်းစီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ၁၃၃၆ဝ မီဂါဝပ်ရရှိရန် မျှော်လင့်ထားကြောင်း ၂၀၀၇ ခုနှစ် မေလ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။
ဤစီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး ဒုတိယ အကြီးဆုံးမှာ ရှမ်းပြည်နယ်ရှိ ၇၁ဝဝ မီဂါဝပ် ထုတ်ပေးနိုင်သည့် တာဆန်းဆည် စီမံကိန်း ဖြစ်သည်။
မြစ်ဆုံရေလှောင်တမံ စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိရသော်လည်း အမေရိကန် ဒေါ်လာ ၃. ၆ ဘီလီယံခန့် ရှိနိုင်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို တရုတ်သို့ ရောင်းချဖွယ်ရှိပြီး တနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ခန့် ရရှိနိုင် ကြောင်း ၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် KNDG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Geen opmerkingen:
Een reactie posten