မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 21 mei 2010

သတင်းထောက်တဦး၏ကဗျာဖြစ်သွားသောမှတ်စုများ

ငြိမ်းဝေ Friday, May 21, 2010
.အိပ်ရာထစောတဲ့ ဥသြငှက်ဟာ
နေရောင်တံစက်မြိတ်မှာ
ပိတ်ထားတဲ့ လောကတံခါးကို
သီချင်းနဲ့ တွန်းဖွင့်လိုက်တယ်.....။
နေရောင်ခြည်များကအလျင်အမြန်ရုပ်သိမ်းနေကြပြီ။ကျနော်တို့လူသိုက်ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကြရသည်။မယ်ညောခီးတောင်ခြေမှနံနက်၉နာရီထမင်းစားပြီးကတည်းက ခရီးနှင်လာခဲ့ပြီးညနေ၅နာရီတွင်ဖလံတောင်ရွာနားရောက်ကာမှခရီးတကြောင်းထပ်ပြီး ဆက်နေကြရပြန်သည်။
ကျနော်တို့ လူသိုက် တောအုပ် တခုအတွင်း ဝင်လိုက်တော့ နေမင်းက သူ့ရဲ့ လက်တံ တဘက်ကို တောအုပ်ပေါ်က ရုပ်လိုက်၏။ ကျနော်တို့ တောအုပ်ထဲက ထွက်တော့ နေမင်းရဲ့လက်တံ တဘက်က ကျနော်တို့ ကြောဘက်တွင် မမီမကမ်း လိုက်လံ တွယ်ဖက်နေ၏။ ကျနော်တို့ လူသိုက် တောင်ကုန်း တခုပေါ် တက်တော့ နေမင်းက ကျနော်တို့ကို မျက်လုံးမှေးပြီး ကြည့်၏။ ကျနော်တို့က တောင်ကုန်းပေါ်က ဆင်းချလာ နေသောအခါ နေမင်းက တောင်ကုန်း ထိပ်တွင် မေးတင်ရင်း ကျန်နေရစ်၏။
ကျနော်တို့ အဖို့ နေမ၀င်ခင် တည်းခိုရာ နေရာရောက်ဖို့ ခြေလှမ်းများကို ပိုပြီး သွက်လိုက်ကြ၏။ ဗိုလ်သိန်းစိုးက ရှေ့မှ ဦးဆောင်ကာ စမ်းချောင်း တခုကို ဖြတ်သည်။ စမ်းချောင်း ကလေးမှာ စိမ့်အေးနေ၏။ လျှိုကလေး တခုလို ဖြစ်နေသဖြင့် စမ်းချောင်းရေမှာ ပိုပြီး စိမ့်အေးနေ သလားဟု ကျနော် ထင်သည်။ တနေ့လုံး ခရီးပြင်း နှင်လာခဲ့ရပြီးမှ စမ်းချောင်း ကလေးကို ဖြတ်တော့ ခန္ဓာကိုယ်မှာ ရုတ်တရက် ချက်ချင်း လန်းဆန်း သွားရ၏။ သည်စမ်းချောင်းကလေးမှာ ဒုံသမိချောင်းအတွင်း စီးဝင်မည့် စမ်းချောင်းကလေးဖြစ်မည်ဟု ကျနော်တွေးသည်။ စမ်းချောင်း ကလေးဘေးတွင် လှဲအိပ်လိုက်ချင်သည့်စိတ် ဖြစ်ပေါ်လာနေမိ၏။
“ကျနော်တို့တည်းမယ့်နေရာရောက်တော့မှာပါ↔
ခြေလှမ်းများနှေးကာ ခေါင်းငိုက်စိုက်လျှောက်လာနေသည့် ကျနော့်အခြေအနေကို ရိပ်စားမိဟန်တူပါသည်။ ဗိုလ်သိန်းစိုးက နှစ်သိမ့်သည့် စကားပြောလာခဲ့၏။ တလမ်းလုံး စကားတခွန်းမှမပြောဘဲ တိတ်ဆိတ်စွာ လျှောက်လာနေသည့်ဗိုလ်သိန်းစိုးကိုကြည့်ပြီးကျနော်ကဘာ့ကြောင့်သည်လို တိတ်ဆိတ်နေပါလိမ့်ဟုတွေးသည်။တခုခုတော့တခုခုပဲဟုတွေးမိသည်။ဗိုလ်သိန်းစိုး၏ အခြေအနေကိုကြည့်ကာသူ့ရဲဘော်လေး“ဟွေ့ စာသည်ပင်တလမ်းလုံးတိတ်ဆိတ်နေခဲ့၏။ ဖလံတောင်ရွာသား “ကိုမောင်မြကမူသူ့ ရွာကိုလှမ်းမြင်ရပြီးကာမှ ရွာထဲသို့မဝင်ဘဲ တခြား တနေရာတွင် တညအိပ်ဖို့ ဖြစ်လာသည့်အတွက် စိတ်ကျေနပ်နိုင်မည် မဟုတ်ချေ။ သို့သော် သူသည်လည်း မည်သို့မျှ မပြောဘဲ ကျနော်တို့နှင့်အတူ ငြိမ်သက်စွာ လိုက်လာခဲ့၏။
လွန်ခဲ့သည့် တနာရီခန့်ကမူ ကျနော်တို့လူသိုက် ဖလံတောင်ရွာအနီး လယ်ကွက်များခြားထားသည့် တောအုပ်တခုဘေးတွင် ရပ်နေခဲ့ကြသည်။ တောအုပ်အစပ်တွင်ရပ်ရင်း ရွာရိပ်ရွာခြေကို အကဲခတ်နေခဲ့ကြ၏။ ရွာထဲက တစုံတယောက်တော့ ထွက်လာကောင်းရဲ့ဟု စောင့်ကြည့်ကြ၏။ သို့သော် အတန်ကြာသည်အထိ ရွာထဲက မည်သူမျှ ထွက်လာသည်ကို မတွေ့ ကြရ။ ယုတ်စွအဆုံး ရွာပြင်ဘက်တွင် နွားကျောင်းသား တယောက်တလေမျှပင် မတွေ့ ရ။ ဗိုလ်သိန်းစိုးက လမ်းလျှောက်စကားပြောစက်ဖြင့် ရွာထဲကို ဆက်သွယ်၏။ စကားပြောစက်နှင့် စကားပြော နေသည့် ဗိုလ်သိန်းစိုး၏မျက်နှာက အနည်းငယ်တင်းမာနေ၏။
“ကျနော်တို့ ရွာထဲဝင်လို့ မဖြစ်သေးဘူး၊ ရွာထဲမှာ ရန်သူ တပ်ခွဲတခွဲရောက်နေတယ်၊ အဲဒါ တနေရာမှာ သွားပြီး တညအိပ်မယ်၊ မနက်ကြမှ ရွာထဲဝင်မယ်။ မောင်သိန်းလည်း ရွာထဲမဝင်နဲ့ဦး၊ မင်းကို ဘယ်သွားနေလဲဆိုပြီး အိမ်ကို လာလာမေးတာ ခဏခဏပဲတဲ့၊ မနက်ကြမှ ငါတို့နဲ့အတူရွာထဲဝင်ကြတာ ကောင်းမယ်↔
သို့နှင့်ပင်ကျနော်တို့လူသိုက်ညအိပ်မည့်နေရာကိုနေမဝင်ခင်ခရီးဆက်ကြရပြန်သည်။စမ်းချောင်းကလေးကို ကူးအပြီး ကုန်းမော့တခု အတက်တွင် လူတရပ်သာသာကိုင်းတောကြီးတခုကို ဖြတ်ကြ၏။ ကိုင်းတောကြီးထဲ တိုးဝင်နေစဉ်နေရောင်ခြည်များကပျောက်ကွယ်လုနီးပါးဖြစ်လာ၏။ကျနော်ကနေစုန်းစုန်းမမြုပ်ခင် တည်းခိုမည့်နေရာကို အချိန်မီရောက်မှရောက်ပါ့မလားဟု တွေးမိသည်။
“ကိုင်းရောက်ပြီ၊ဒါကျနော်တို့ညအိပ်မယ့်နေရာပဲ၊တဲမှာတော့ဦးကသေးဖိုးရှိမယ်မထင်ဘူး၊ ကျနော်တို့ချည်းပဲရှိမယ်၊ ရောက်ရောက်ချင်း ထမင်းချက်စားကြမှဖြစ်မယ်↔
ကျနော်က ဗိုလ်သိန်းစိုး၏ရှေ့ကိုကျော်ကာ ကြည့်သည်။ ကိုင်းတောအစပ်တွင် ပေါင်မုန့်တလုံးကို ဓားနှင့်လှီးချထားသလို တိတိပပ ရှိနေသည့် ကျောက်တောင်ကြီးတခုကို ဘွားခနဲ ကျနော်တွေ့ ရသည်။ ကျနော်တို့အပေါ်ဆီးမိုးနေသည့်ဖြူပြပြကျောက်တောင်ကြီးအောက်တွင်သစ်ပင် ခပ်အုပ်အုပ်ကိုတွေ့ရသည်။ ရှေ့ကိုတိုးသွားတော့ အမှောင်ထုထဲ တိုးဝင်ပုန်းအောင်းနေသည့် တဲကလေးတလုံးကို တွေ့ရတော့၏။ တဲရှင် ဦးကသေးဖိုးကမူ ကျောက်ဖျာရွာဘက်သွားနေသည်ဟု သိရ၏။
မနေ့က ခရီးပမ်းသည့်တိုင် ကျနော်က အိပ်ရာထစောသည်။ အထူးသဖြင့် နှစ်ပေါင်းများစွာ နံနက်ခင်းများကို အာရုံခံစားတတ်သည့် အကျင့်ကြောင့် အိပ်ရာမှ ခပ်စောစောပင် ကျနော်နိုးခဲ့သည်။ ကျနော့်ထက် အိပ်ရာထစောသူကလည်း ရှိနေပြန်သည်။ ကျောက်တောင်ကြီး၏ ဘယ်နေရာဆီလောက်ကမှန်း မသိ။ လွမ်းမောဖွယ် ဥသြသံကို ကျနော်ကြားရသည်။ အိပ်တန်းဆင်း ငှက်သံများကိုပင် မကြားရချင်သေး။ ကျနော့်ထက် အိပ်ရာထစောရှာသည့် ဥသြငှက်မြည်သံကို အိပ်ရာထဲကမထခင် ကျနော် နားထောင်သည်။ ဥသြမြည်သံက နောက်ထပ် တကြိမ်မျှသာ ကြားလိုက်ရပြီးနောက် ထပ်ပြီး မကြားရတော့။ နောက်ထပ်ကြားရနိုးနှင့် နားစိုက်ထောင်နေစဉ် တခြားငှက်သံများကို ကြားလာရ၏။ ထိုစဉ်မှာပင် နေရောင်ခြည်များက ခြေသံလုံလုံနှင့်ပင် တဲကလေးပေါ် ရောက်လာကြတော့၏။
ညကဗိုလ်သိန်းစိုး၏ပြောပြချက်အရမာနယ်ပလောမှကျနော်တို့နှင့်အတူလိုက်ပါလာသည့် ကိုမောင်မြ၏အကြောင်းက ခေါင်းထဲကို ရောက်လာပြန်သည်။ သူ့ အကြောင်းကို ကြားရသဖြင့် ညကလည်း ကျနော့်မှာ တော်တော်နှင့်ပင် အိပ်မပျော်နိုင်ခဲ့။ အဖြစ်အပျက်ကိုမူ သည်ကနေ့ မနက်ကျမှ ကိုမောင်မြကို ပြောပြတော့မည်ဟုဗိုလ်သိန်းစိုးကဆိုသည်။ကျနော့်ကိုဝိုင်းကူပြီးဖေးမပြောဆိုပေးဖို့အကူအညီ တောင်းခဲ့၏။အကျိုးအကြောင်းဘာမျှမသိရှာသေးသူကိုမောင်မြခမျာကလေးတယောက်လို အိပ်ပျော်သွားခဲ့၏။ သည်ကနေ့ မနက်
တွင်တော့ သူ့ကို ကျနော်တို့ အဖြစ်မှန်ကို ပြောပြရတော့မည်။ ဘယ်ကဘယ်လိုစပြီး ပြောပြရမည်ကိုမူ ကျနော် မစဉ်စားတတ်။ သူတို့ချင်းချင်း
ဗိုလ်သိန်းစိုးကိုယ်တိုင်ပင် ပြောပြပေလိမ့်မည်ဟုသာ တွေးမိသည်။
“ကိုငြိမ်းဝေရေခင်ဗျားတော့စိတ်မကောင်းစရာသတင်းတပုဒ်နဲ့ပဲသတင်းဈေးဦးဖောက်တော့မယ်နဲ့ တူတယ်၊ ကျနော်တို့နဲ့အတူ လိုက်လာတဲ့ ဟိုမောင်မြဆိုတဲ့လူ၊ သူ့မိန်းမ မရေသူလေ ပြီးခဲ့တဲ့ ငါးရက်က ရွာထဲမှာပဲ နအဖ စစ်သားတွေ ဝိုင်းပြီး အကြမ်းဖက်တာ ခံရတယ်ပြောတယ်။ ရွာနားမှာ ခဏနားနေတုန်းက စက်နဲ့ ရွာထဲကို လှမ်းမေးလို့ သိရတာ။ အဲဒါ ကျနော် ရုတ်တရက် ဘယ်လိုပြောရမှန်း မသိလို့ ဒီဘက်အထိ သူ့ကို ခေါ်လာခဲ့ရတာ၊ ပြီးတော့ ရွာထဲမှာ ရန်သူ့ တပ်ခွဲတခွဲကလည်း ရှိနေတယ်ဆိုလို့↔
ညဦးပိုင်းက ဗိုလ်သိန်းစိုးနှင့်ကျနော် စကားပြောနေကြစဉ် ကိုမောင်မြနှင့် ရဲဘော်လေး ဟွေ့စာ ကတော့ ဟောက်သံများပေးကာ အိပ်ပျော် သွားနှင့်ကြ၏။ ညနေပိုင်း တည်းခိုမည့် တဲကလေးဆီ လာခဲ့စဉ်တုန်းက မျက်နှာမကြည်မလင်ဖြစ်လာခဲ့သည့် ဗိုလ်သိန်းစိုးကို ကျနော် သဘောပေါက် သွားရသည်။ ဒီကနေ့ မနက်တော့ ကိုမောင်မြကို အကျိုးအကြောင်းပြောပြရတော့မည်။
အိပ်ရာနိုးလာသည့်ဗိုလ်သိန်းစိုးကကိုမောင်မြကို ကျနော်တို့ ရှေ့မှာပင်လေအေးအေးနှင့်ကရင်လိုပြော၏။ ဗိုလ်သိန်းစိုးက ကရင်လို ပြောနေသည့်အတွက် ဘာတွေဘယ်လို ပြောနေသည်ကိုမူ ကျနော်မသိ။ ပထမတော့ ကိုမောင်မြ၏ မျက်လုံးများမှာ ပြူးကျယ် လာခဲ့သော်လည်း ဘေးတွင်ထိုင်နေသည့် ကျနော်တို့ ကို ရှက်ရွံ့ သည့်မျက်နှာနှင့် တချက်လှန်ကြည့်ပြီးနောက် ခေါင်းကိုသာ စိုက်ထားလိုက်တော့၏။ ကျနော်က ကိုမောင်မြ၏ အခြေအနေကို ထိန်းလို့ ရမှန်းသိသည့်အတွက် တဲကလေးပေါ်မှ ဆင်းချလာခဲ့သည်။
တဲကလေးပေါ်တွင် လူသုံးယောက် ငြိမ်သက်တိတ်ဆိတ်စွာ ကျန်နေရစ်ခဲ့ကြသည်။ ကျေးငှက်သံများကို ဆူညံစွာ မကြားရတော့။ ကျောက်တောင်ကြီးကို မော့ကြည့်တော့ ကျောက်တောင်ကြီးကလည်း သူစိမ်းတရံဆံ ဖြစ်သူ ကျနော့်ကို ငုံ့ကြည့်နေ၏။ သည်ကျောက်တောင်ကြီးပေါ်တွင် မျောက်များ၊ ဒေါင်းများရှိသည်ဟု သိခဲ့ရသဖြင့် ကျနော်က သည်တဲကလေးတွင် တရက်နှစ်ရက်မျှ နေလိုက်ချင်သေးသည်။ သို့သော် ဗိုလ်သိန်းစိုးက မနက်ဖြန်တွင် ကျုံစိန်ရွာကို ခရီးဆက်ရမည်ဟုဆို၏။ ကျနော်၏ တပ်မဟာ (၁) ခရီးစဉ်အတွင်း သည်တဲကလေးကို မကြာခဏပြန်လည် လာရောက်ရဦးမှာပါဟု ဆိုခဲ့၏။ ထို့ကြောင့် ကျနော့်မှာ ကျေနပ်ခဲ့ရသည်။
ကျောက်တောင်ကြီးအောက် တောတန်းကလေးဘေးတွင် လမ်းလျှောက်နေစဉ် ခြေသံများကြားရသဖြင့် ကျနော်က အလန့် တကြား လိုက်ကြည့်သည်။ လူ သုံးလေးယောက် ကိုင်းတောကြီးထဲမှ ဘွားခနဲပေါ်လာ၏။ ရှေ့ဆုံးကအသက် ၄၀ ခန့် အရွယ်အမျိုးသမီးတဦး၊ ပုခုံးတွင် လွယ်အိတ်တလုံးလွယ်လျက်။ သူ့ နောက်က ကလေးကို ခါးထစ်ခွင် ချီထားသည့် အသက် ၂၅ နှစ်ခန့်အရွယ် မိန်းကလေးတဦး။ ထို့နောက် ယောက်ျား ၂ ယောက်က ရှေ့ဆင့်နောက်ဆင့် လျှောက်လာနေကြသည်။ တောစပ်တွင် ရပ်နေသည့် ကျနော့်ကို တချက် လှမ်းကြည့်ပြီးနောက် ရှေ့ဆုံးက အမျိုးသမီးက ပြုံးပြ၏။
“ဗိုလ်သိန်းစိုးရှိတယ် မဟုတ်လား↔
ကျနော့်ရှေ့မှဖြတ်ကာ တဲကလေးဆီ သူတို့ လျှောက်သွားကြ၏။ လသားအရွယ် ကလေးကို ခါးတွင် ခွချီထားသည့်မိန်းကလေးမှာ ကိုမောင်မြ၏ ဇနီးဖြစ်မည်ဟု ကျနော်ခန့်မှန်းမိသည်။ ရှေ့ဆုံးကလူကလွဲပြီး ကျန်သူများကမူ ကျနော့်ကို မော့၍မျှပင်ကြည့်မသွားကြ။ မသာမယာ မျက်နှာကိုယ်စီနှင့်။
စကားဝိုင်းကို အဆုံးသတ်တော့ ကျနော့်မှာ မောပမ်းနွမ်းနယ်စွာကျန်နေခဲ့ရသည်။ ၂ နာရီနီးပါးမျှ ကျနော်တို့ စကားပြောခဲ့ကြသည်။ အထူးသဖြင့် ကျနော်၊ ကိုမောင်မြနှင့် ကိုမောင်မြ၏ဇနီး မရေသူတို့ သုံးယောက်က အများဆုံး စကားပြောခဲ့ကြသည်။ စကားဝိုင်းအပြီး ကိုမောင်မြတို့ လင်မယားကို ဓာတ်ပုံရိုက်တော့ ကျနော့်မှာ စိတ်ထိခိုက် ကြေကွဲမှု မပြေနိုင်သေး။ အမ် ၁၆ သေနတ်ကို ရဲဘော်လေး ဟွေ့စာဆီက လှမ်းယူပြီးမှ ဓာတ်ပုံအရိုက်ခံခဲ့သည့် ကိုမောင်မြကို ကျနော် ဘယ်လိုနှစ်သိမ့်ရမည်ကိုပင် တွေးလို့ မရခဲ့။ ကျနော်တို့ ပြောခဲ့ ဆိုခဲ့သည့် စကားများကို အသံဖမ်းစက် ကလေးဖြင့် အသံဖမ်းယူ ထားခဲ့သော်လည်း သည် တိတ်ခွေကလေးကို ပြန်ဖွင့်ပြီး နားထောင်ဖို့ရာ ကျနော့်မှာ ဝန်လေးနေမိပြန်သည်။
ကျနော်တို့စကားဝိုင်းတွင်ဖလံတောင်ရွာအလှည့်ကျသူကြီးမဒေါ်နော်အေးကဦးစွာပထမ စကားလမ်းခင်းပေးခဲ့၏ (ဤဒေသတွင် နအဖ စစ်တပ်များက နှိပ်စက်လွန်းသဖြင့် မည်သည့် ယောက်ျားမျှ ရွာသူကြီး မလုပ်ရဲကြတော့ဘဲ အမျိုးသမီးများကသာ သူကြီးမများ အဖြစ် ဆောင်ရွက်နေကြရ၏။ ထို့အပြင် တချို့ ရွာများတွင်မူ မည်သူမျှ ရွာသူကြီးအဖြစ် တာရှည် မလုပ်လိုကြသဖြင့် အလှည့်ကျ အမျိုးသမီး ရွာသူကြီးများက ကျေးရွာများကို တာဝန်ယူနေကြရ၏)လွန်ခဲ့သည့် ၁၅ ရက် (၁၉၊ ၂၊ ၁၉၉၃) နေ့က ဖလံတောင်ရွာကို နအဖစစ်တပ်၊ တပ်မ ၉၉ လက်အောက်ခံ ခလရ ၈၄ မှ တပ်ခွဲတခွဲရောက်လာပြီး ညအိပ်၏။ ည ၈ နာရီခန့်တွင် စစ်သားတချို့ ကိုမောင်မြ၏အိမ်သို့ ရောက်လာကာ ကိုမောင်မြကို ခေါ်၏။ ထိုစဉ်က ကိုမောင်မြမှာ မာနယ်ပလော အနီးက မယ်ပေါထ ဒုက္ခသည်စခန်းတွင် ခရီးလွန်နေသဖြင့် အိမ်တွင်ကျန်ရစ်သူ မရေသူက အကျိုးအကြောင်း ရှင်းပြခဲ့၏။ ခရီးလွန်နေသည့်အကြောင်း ပြောပြခဲ့၏။ နအဖ စစ်သားများက လက်မခံကြပါ။ မရေသူကို အိမ်ပေါ်က အတင်းအဓမ္မ ဆင်းစေကာ အိမ်ရှေ့ သစ်ပင်အောက်တွင်ပင် …..။
မရေသူက မြန်မာလို လယ်လယ် ဝယ်ဝယ်မပြောတတ်ပါ။ ထို့ကြောင့် နောက်ပိုင်း အဖြစ်အပျက် အသေးစိတ်ကိုမူ လင်သားဖြစ်သူ ကိုမောင်မြကပဲ ကျနော့်ကို စကားပြန်လုပ်ပြီး ရှင်းပြသွားခဲ့၏။
“အဲဒီညက ကျမ အိမ်မှာ ကလေးတယောက်နဲ့အတူ ကျန်နေခဲ့ပါတယ်။ အဖေက သူတို့ လာခေါ်သွားလို့ လူကြီးအိမ်မှာ သွားနေရတယ်။ လူတွေအကုန်လုံး နီးပါး လူကြီးအိမ်မှာ သွားစုနေရတယ်။ ခဏကြာတော့ စစ်သားတွေ ရောက်လာပြီး ကျမကို အိမ်အောက် ဆင်းခိုင်းပါတယ်။ မဆင်းဘူး နင်တို့ ငါ့အဖေလည်း ခေါ်ထားပြီးပြီဆိုတော့ မဆင်းရင် သေနတ်နဲ့ ပစ်မယ် တက်ဆွဲချမယ်ဆိုလို့ ကျမဆင်းခဲ့ရပါတယ်။ လမ်းပေါ်ရောက်တော့ ကျမကို အမှောင်ထဲမှာ ဖမ်းချုပ်ကိုင်ပြီး တယောက်ပြီး တယောက် ….။ ကျမမေ့လဲနေခဲ့ရာက သတိရတော့ ...↔
ကျနော်က အသံဖမ်းစက်ကလေးကို ပိတ်ထားလိုက်မိသည်။ ကျနော့် စက်ကလေးထဲမှာ မရေသူရဲ့ ရှိုက်သံကို ဘယ်လိုနည်းနဲ့မှ ထည့် မထားရက်နိုင်ပါ။ အသံလွှင့်ဌာန သတင်းထောက် တဦးအဖို့ လူတယောက်၏ ရှိုက်သံမှာ မည်မျှအထိ အရေးပါသည်ကို ကျနော် သိသော်လည်း ကျနော့်အဖို့ ဤမျှလောက်အထိတော့ သတ္တိမရှိနိုင်ခဲ့ပါ။
စကားဝိုင်းကို မှတ်စု အနည်းငယ် ထပ်ပြီးရေးခြင်း အားဖြင့် နိဂုံးချုပ်လိုက်ကြ၏။ သည်ဒေသတွင် ၃ လအတွင်း နအဖ တပ်များ၏ အကြမ်းဖက်မှုကို မိန်းကလေး ၃ ဦး ခံခဲ့ရသည်။ ဝှီးတခေါ (အလယ်ရွာ) သူ နော်ချား၊ ကျော်ကေးခီးရွာသူ မဖြူ။ မရေသူက နောက်ဆုံး ဖြစ်သည်။ ခလရ ၈၄ ကချည်း ဤအမှုများကို ကျူးလွန်ခဲ့ကြ၏။ နော်ချားက နယ်စပ်ကိုထွက်ပြေးခဲ့ရပြီး မဖြူကမူ ကျုံစိန် ကြိုးဝိုင်းကြီးထဲက အပြင်ကို ထွက်မလာရဲတော့။
သူကြီးမ ဒေါ်နော်အေးက ကိုမောင်မြထံ မရေသူကို အပ်သည်။ မရေသူမှာ ရွာတွင် ဆက်လက်နေထိုင်ဖို့ မဖြစ်နိုင်တော့။ ကိုမောင်မြနှင့် အတူ တနေရာရာတွင် ခေတ္တ ရှောင်တိမ်းနေမှ ဖြစ်တော့မည်ဟု ဆိုခဲ့၏။ ကိုမောင်မြက တော်လှန်ရေးထဲဝင်ဖို့ တထိုင်တည်းနှင့်ပင် ဆုံးဖြတ် လိုက် သည်။ စကားဝိုင်းပြီးလို့ မှတ်တမ်းဓာတ်ပုံ ရိုက်ခွင့်ပြုဖို့ ကျနော်က ခွင့်တောင်းတော့ ကိုမောင်မြက ရဲဘော်လေး ဟွေ့ စာ ဆီမှ သေနတ်ကို တောင်းကာ သေနတ်လွယ်လျက် ဓာတ်ပုံ အရိုက်ခံ၏။
သူကြီးမ ဒေါ်နော်အေးနှင့် အတူ ရွာသားများ ဖလံတောင်ရွာကို ပြန်သွားတော့ ကိုမောင်မြတို့ မိသားစုက ကျနော်တို့ နှင့်အတူ နေရစ်ခဲ့ကြ သည်။အသားဖြူဖြူ ရုပ်ရေလှပချောမောသူ မရေသူက အိပ်ပျော်နေသော လသားအရွယ်ကလေးငယ်ကို ကြမ်းပြင်တွင်ချကာ ကိုမောင်မြ၏ မျက်နှာကိုသာ လိုက်ကြည့်နေခဲ့၏။
ယခုအခါ ကျနော်တို့ အဖွဲ့ တွင် မမျှော်လင့်ဘဲ လူ သုံးယောက် တိုးလာခဲ့ပြီ။ ကိုမောင်မြ၊ မရေသူနှင့် သူတို့ ၏ကလေးငယ်လေး။ ဗိုလ်သိန်းစိုးကတော့ စကားဝိုင်း ပြီးကတည်းက တဲပေါ်မှ ဆင်းကာ စကားပြော စက်ကလေးနှင့် အလုပ်ရှုပ်နေရပြန်သည်။ ရှေ့ ဆက်ရမည့် ခရီးစဉ်ကို စီစဉ်နေခြင်းဖြစ်မည်ဟု ကျနော် ခန့်မှန်းမိသည်။
တကယ်တော့လည်း
‘ဟပ်သလိုက်’ ကျေးနယ်တခုလုံးဟာ
ကဗျာတပုဒ်ဖြစ်တယ်...။
‘ဖလံတောင်↓ရွာသူ
‘မရေသူ↓ ရဲ့ ငိုရှိုက်သံဟာ
ကဗျာတပုဒ်ဖြစ်တယ်...။
‘ကမော့ ကစိုင်းတောင်↓ထက်က
အေးစက်တဲ့ ကျောက်တုံးတချို့ဟာ
ကဗျာတပုဒ်ဖြစ်တယ်...။
‘သံလွင်မြစ်↓ကြေ
လှေသမ္ဗန်တွေပေါ်က နေရောင်ခြည်ဟာ
ကဗျာတပုဒ်ဖြစ်တယ်.....။
ဦးကသေးဖိုးရဲ့လျှို့ဝှက် တဲကလေးမှာ ကျောက်တောင်ကြီးအောက် တောစပ်တွင် ငြိမ်သက် တိတ်ဆိတ်စွာ ကျန်နေရစ်ခဲ့သည်။ ကျနော်က တဲကလေးကို နှုတ်မဆက်ပါ။ မကြာခင် ပြန်လာရဦးမည်ဖြစ်သဖြင့် တဲကလေးကို ကျနော်က နှုတ်မဆက်ချင်ပါ။ နောက်တခါ ပြန်ရောက် ရင်တော့ သုံးရက်လောက် နေနိုင်ရန် ဗိုလ်သိန်းစိုးနှင့် ညှိမည်ဟု စဉ်းစားထားခဲ့၏။ ကျနော်တို့လူသိုက် ကိုင်းတောကြီးထဲ ဝင်တော့ တဲ ကလေးကို နောက်ပြန်လှည့်ပြီး ကြည့်ဖြစ်အောင် ကြည့်လိုက်မိသေးသည်။
ဗိုလ်သိန်းစိုး၏ ပြောပြထားချက်အရ ဒီကနေ့ ညနေတွင် ကျုံစိန်ရွာကို ကျနော်တို့ ရောက်မည်ဖြစ်သည်။ ကျုံစိန်ရွာသူကြီးမ ဒေါ်စောမြိုင်မှာ ဗိုလ်သိန်းစိုး၏ ယောက္ခမဖြစ်သည်ဟု ဆို၏။ ဗိုလ်သိန်းစိုးက ယောက္ခမ ဒေါ်စောမြိုင်နှင့် တိုင်ပင်ကာ ကိုမောင်မြတို့ သားအမိ သားအဖ ၃ ဦး ကို ခေတ္တ နေရာချထားမည်ဟု ပြောခဲ့၏။ ဗိုလ်သိန်းစိုးနှင့် ကျနော်က တော်လှန်ရေး ဌာနချုပ် မာနယ်ပလောကို ရုတ်တရက် မပြန်နိုင်သေး။ ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်မဟာ(၁)နယ်မြေဟုခေါ်သော ဘားအံ၊ ဘီးလင်း၊ သထုံ၊ ကျိုက်ထိုနှင့် ဖာပွန်မြို့ နယ်များအတွင်း ကျနော်တို့က လှည့်လည် သွားလာရင်း သတင်းများ ရယူစုစောင်းရန် ရှိနေသေး၏။ ထို့ကြောင့် ကိုမောင်မြတို့ကို လုံခြုံသည့် တနေရာတွင် ခဏထားကာ ကျနော်တို့ ပြန်သည့်အခါကျမှ သူတို့ကို တပါတည်း ခေါ်သွားရန် စဉ်းစားထားခဲ့၏။
ကျနော်တို့လူသိုက် ကျုံစိန်ကြိုးဝိုင်းကြီးနား ရောက်တော့ ဒုံသမိချောင်း အနောက်ဘက်ကမ်းဆီက သေနတ်သံ သုံးလေးချက် ဆက်တိုက် ကြားလိုက်ရ၏။ ဤ သေနတ်သံများမှာ ဒုံသမိချောင်း အနောက်ဘက်ကမ်းတွင် တပ်စွဲထားသည့် တပ်မ ၉၉ လက်အောက်ခံ၊ ခလရ ၄၈ တပ်စခန်းမှ သေနတ်သံများဖြစ်သည်ဟု ဗိုလ်သိန်းစိုးက ပြောလေသည်။ ကျနော်ကတော့ ဒုံသမိချောင်းဆီ မရောက်လာခင် ယွန်းစလင်း ချောင်း အရှေ့ဘက်ကမ်းမှာ ကတည်းက နအဖ စစ်တပ်များ မကြာခဏ ပစ်ဖောက်လေ့ရှိသည့် လက်နက်ကြီး သေနတ်သံများနှင့် ရင်းနီးနေခဲ့ပြီမို့ ယခုတဖန် လက်နက်ငယ်ပစ်သံများကိုကြားတော့ သိတ်ပြီးမတုန်လှုပ်မိတော့ချေ။ ။

Geen opmerkingen: