မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 9 augustus 2010

ရှစ်လေးလုံးအရေးတော်ပုံနေ့တွင် ရန်ကုန်၌ လုံခြုံရေးလျှော့ပေါ့

မျိုးချစ်သူ / ၀၉ သြဂုတ် ၂၀၁၀
ရှစ်လေးလုံးအရေးတော်ပုံ(၂၂)နှစ်ပြည့်နေ့တွင်ရန်ကုန်မြို့၌ ယမန်နှစ်ကလောက် လုံခြုံရေး မတင်းကျပ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့တော်ခန်းမရှေ့၊ ကမ္ဘာအေးစေတီလမ်း၊ အင်းစိန်လမ်းမ၊ လှည်းတန်းမီးပွိုင့်၊ တက္ကသိုလ်ရိပ်သာလမ်းမ၊ ရွှေဂုံတိုင်မီးပွိုင့် စသည်တို့တွင် လုံခြုံရေးရဲကားများ အပြည့်ချထားခဲ့သော်လည်း ယခုနှစ်တွင် ယင်းသို့ချထားခြင်းမရှိဘဲ လုံခြုံရေးလျှော့ချထားကြောင်း မျက်မြင်များက ပြောသည်။
ရန်ကုန်တိုင်းအတွင်းလှည်းကူးမြို့နယ်ရှိ ရဲမွန်တပ်မြို့တွင် တပ်သားများက စုငွေပြန်တောင်းသည့်ကိစ္စနှင့်ပတ်သက်၍ တပ်တွင်းဆူပူမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ နေပြည်တော်မှ လုံခြုံရေးအင်အားများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အင်အားတိုးချထားကာ စောင့်ကြည့်နေကြောင်း၊ ထို့ကြောင့် ရန်ကုန်တွင် ယခင်နှစ်ကလောက် လုံခြုံရေး ချနိုင်ခြင်းမရှိကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူက ပြောသည်။
၎င်းက “ရန်ကုန်မှာ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို လုံခြုံရေး ချပေးပေမယ့် အရင်နှစ်ကလိုတော့ များများမချပါဘူး။ အကြောင်းကတော့ ရဲမွန်က လုံခြုံရေးအတွက် အဲဒီမှာ စောင့်ကြည့်နေတာက တကြောင်း၊ ပြီးတော့ ပါတီတွေလည်း ပေါ်လာပြီဆိုတော့ ပါတီလုပ်တဲ့သူတွေအနေနဲ့လည်း ရှစ်လေးလုံးနှစ်ပတ်လည်နေ့ကိုလုပ်ရင် မလွတ်လပ်ဘူးဆိုတာမျိုး မဖြစ်စေရအောင် လုံခြုံရေးကို လိုအပ်တာလောက်ပဲ ချပါတယ်” ဟု ပြောသည်။
ရန်ကုန်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသား ဦးတင့်ဆန်းနှင့်အပေါင်းပါ (၁၇)ဦးတို့က ခေါင်းဆောင်သော ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အမှတ်တရ ၀ါဆိုသင်္ကန်းကပ်ပွဲကို ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီတို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ် ရှင်အာဒိစ္စ၀ံသ ကျောင်းတိုက်တွင် သြဂုတ်လ (၈) ရက် ယမန်နေ့တွင် ပြုလုပ်ခဲ့သည်။
“အခမ်းအနားမှာတော့ ဖိတ်ထားတာ (၄၀၀) လောက် ဖြစ်ပေမယ့် တက်ရောက်တာကတော့ (၂၀၀) ၀န်းကျင်လောက်ပဲ ရှိပါတယ်။ သင်္ကန်း အစုံပေါင်း (၇၄)စုံပါ။ သံဃာအပါးလည်း (၇၄)ပါး ပင့်ပါတယ်။ မကြွရောက်တဲ့ သံဃာတွေကိုတော့ ဒီကျောင်းက ဆရာတော်ကိုပဲ ကိုယ်စားလှူခဲ့ပါတယ်။ မကြွရောက်နိုင်တဲ့ သံဃာကတော့ (၄)ပါးလောက်ပဲ ရှိပါတယ်”ဟု အဆိုပါအခမ်းအနားတွင် ပါဝင်ဦးဆောင်သူတဦးက ပြောသည်။
ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ဟောပြောပွဲကိုပါပြုလုပ်ရန် စီစဉ်ထားသော်လည်း အာဏာပိုင်တို့၏ ခွင့်ပြုချက်မရခဲ့ကြောင်း သိရသည်။
ရှစ်လေးလုံးအရေးတော်ပုံ (၂၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပသည့် ပါတီများအနက် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီတို့ကလည်း ၎င်းတို့ပါတီရုံးချုပ်ရှိရာ ကမာရွတ်မြို့နယ်တွင် သံဃာ (၅) ပါးကို ဆွမ်းကပ်ခဲ့ကြောင်း သိရသည်။

Geen opmerkingen: