ဆလိုင်းထွန်း
ကြာသပတေးနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၄၂ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။၂ဝ၁ဝ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ ချင်းပါတီများကသာ အနိုင်ရမည်ဖြစ်ကြောင်း မှတ်ပုံတင်ခွင့်ကျပြီး ချင်းပါတီ ၂ ခုမှ ခေါင်းဆောင်များက ယနေ့ ပြောဆိုလိုက်ကြသည်။
အဓိကပြိုင်ဘက် စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDPအနေဖြင့် ချင်းပြည်နယ်တွင် ၎င်းတို့ထက် လွန်ခဲ့သည့် ၂ လခန့်ကတည်းက ကြိုတင် စည်းရုံးရေး ဆင်းခဲ့သော်လည်း ချင်းလူထုက လက်မခံဘဲ ၎င်းတို့ ပါတီများကိုသာ အနိုင်ပေးမည်ဖြစ်ကြောင်း ချင်းတိုးတက်ရေးပါတီ CPP နှင့် ချင်းအမျိုးသားပါတီ CNP ခေါင်းဆောင်များက ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။
“ကြံ့ဖွံ့နောက်မှာ စပေမယ့် အားလုံးက လက်ခံတယ်။ ဒါဟာ ကြံ့ခိုင်ရေးကို လက်မခံ၊ အားမပေးတဲ့ သဘောပါပဲ။ ကျနော်တို့က ချင်းပြည် ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာတိုးတက်ကြောင်းနဲ့ ပါတီအကြောင်းပဲ ပြောတယ်။ ချင်းပြည်အတွက် ကောင်းမယ်ထင်လို့၊ ယုံကြည်လို့ အားပေးထောက်ခံတာ။ ပြည်သူတွေကိုကြည့်ရင် ချင်းပါတီက နိုင်မယ်ဆိုတာ သေချာတယ်”ဟု ဟားခါးမြို့ နယ်မှ ချင်းအမျိုးသားပါတီ CNP ကိုယ်စားပြု အမတ်လောင်း ဦးငွန်မောင်းက မဇ္ဈိမကို ပြောသည်။
ချင်းတိုးတက်ရေးပါတီ CPPဒုဥက္ကဋ္ဌ ဦး ChenHre ကလည်း “စစ်အစိုးရပါတီကို ချင်းပြည်သူက ထောက်ခံဖို့အကြောင်း မရှိဘူး။ စစ်အစိုးရက အာဏာရှင်စနစ်၊ အာဏာပဲ ကျင့်သုံးတယ်။ ချင်းတွေက ဘုရားကျောင်း၊ အဖွဲ့အစည်းပဲဖြစ်ဖြစ် ခေါင်းဆောင်ရွေးရင် ဒီမိုကရေစီစနစ်ပဲ ကျင့်သုံးနေတာ။ ဘာပဲဖွဲ့ဖွဲ့၊ ခေါင်းဆောင်ပဲရွေးရွေး မဲနဲ့ပဲ လုပ်တာ။ မဲနဲ့လုပ်နေတာ နှစ်ပေါင်းကြာပြီ။ အခုမှ စတာမဟုတ်တော့ ဒီမိုကရေစီ မကျင့်သုံးတဲ့ စစ်အစိုးရကို ထောက်ခံမှာ မဖြစ်နိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “ပြည်သူတွေကိုက ချင်းပါတီကို စိတ်ဝင်စားနေကြတယ်။ ကျနော်တို့ ပါတီရယ်လို့ မဟုတ်ဘူး။ တခြား ချင်းပါတီတွေကိုလည်း ပြည်သူတွေ ထောက်ခံအားပေးနေတယ်။ ဒါဟာ ချင်းပြည်နယ်ရဲ့ အနာဂတ်အတွက် ကောင်းလာမယ့် နိမိတ်ပါ” ဟု ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင် လည်းကောင်း၊ CNP ကို ပြီးခဲ့သည့် မေ ၂၇ ရက်နေ့တွင်လည်း၊ ချင်းတိုးတက်ရေးပါတီ CPP ကို ဇွန်လ ၁ ရက်နေ့တွင်လည်း မှတ်ပုံတင်ခွင့် ချပေးခဲ့ခြင်း ဖြစ်သည်။
၃ ပါတီစလုံးသည် ချင်းပြည်နယ်ရှိ ၉ မြို့နယ်ဖြစ်သည့် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝမြို့တို့တွင် ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
ကြံ့ဖွံ့ပါတီ စည်းရုံးရေးဆင်းရာ၌ ချင်းပြည်သူများ လိုအပ်နေသည့် ရေ၊ မီး၊ လမ်း အခက်အခဲများကို ဖြေရှင်းပေးမည်ဟူ၍ မက်လုံးပေးစည်းရုံးနေသည်။
“လိုအပ်နေတဲ့ ရေ၊ မီးနဲ့ လမ်း ပြဿနာတွေနဲ့ စည်းရုံးရေး လုပ်နေတာ ကြားရတယ်။ ဒါပေမဲ့ အားမပေးတာကို သိရ၊ ကြားရတယ်။ ဒါက ဒီမိုကရေစီကို တောင့်တနေတဲ့ ချင်းလူမျိုး ဖြစ်နေလို့ပဲ” ဟု ဦး Lian Ce က ပြောသည်။
ဖလမ်းမြို့ ဒေသခံတဦးဖြစ်သူ ဦးလျံထန်ကျီက “စည်းရုံးရေးလာတုန်းက ချို့ချို့တဲ့တဲ့နဲ့ သွားလာတယ်။ ကိုယ့်အိတ် ကိုယ်ထမ်း၊ ကြမ်းတမ်းတဲ့ တောင်တန်း အနိမ့်အမြင့်ကို ကျော်ဖြတ်ကြတယ်။ အပင်ပန်းခံနေတဲ့ သူတို့ကို ချင်းတွေက အားပေးကို ပေးရမယ်။ ပြည်သူတွေရဲ့ အခက်အခဲ၊ အခွင့်အရေးကို တကယ် သိကြတယ်။ အရှေ့တောင်အာရှမှာ မြန်မာပြည်က အဆင်းရဲဆုံး။ မြန်မာပြည်မှာ ချင်းပြည်က အဆင်းရဲဆုံး၊ အချို့တဲ့ဆုံးပါ။ ချင်းတိုင်းရင်းသားတွေကို ခေတ်မီဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
Geen opmerkingen:
Een reactie posten