မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 10 september 2010

မဲဆွယ်ရန် ကျပ် သိန်းပေါင်းများစွာ သုံးမည်ဟု ဇေကမ္ဘာ ဦးခင်ရွှေ ပြောကြား

မျိုးဝင်းဇော် / ၁၀ စက်တင်ဘာ ၂၀၁၀
ကြံ့ဖွံ့ပါတီနှင့် တစညပါတီတို့မှလွဲပြီး ကျန်ပါတီ အားလုံးနီးပါး ငွေကြေးအခက်အခဲ ကြုံနေရချိန်တွင် ကြံ့ဖွံ့အမတ်လောင်း ဇေကမ္ဘာဦးခင်ရွှေက မဲဆွယ်ရန် ကျပ်ငွေ သိန်း (၁) သောင်းခန့် သုံးစွဲမည်ဟု ပြောဆိုလိုက်သည်။
အမျိုးသားလွှတ်တော်အတွက် ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ အမှတ် (၉) (တွံတေး၊ ကော့မှူး၊ ကွန်းခြံကုန်း) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီ အမတ်လောင်း ဇေကမ္ဘာဦးခင်ရွှေက စက်တင်ဘာ (၆) ရက်နေ့တွင် စည်းရုံးရေး ဆင်းမည်ဖြစ်ကြောင်း၊ ကျပ်ငွေ သိန်းပေါင်း သောင်းနှင့်ချီ အကုန်ကျခံမည်ဖြစ်ကြောင်း ပြည်တွင်းထုတ် မော်နီတာဂျာနယ်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်က အမတ်လောင်းတဦးလျှင် မဲဆွယ်ကုန်ကျစရိတ် အများဆုံး ကျပ်သိန်း (၁ဝဝ) အထိသာ သုံးနိုင်မည်ဟု နည်းဥပဒေ ထုတ်ပြန်ထားသည်။
ယင်းသို့ ဦးခင်ရွှေက ပြောကြားခဲ့မှုအပေါ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ခေါင်းဆောင်တဦးက “ကျနော်တို့ပါတီ နဂိုက အမတ်လောင်း (၁ဝဝ) လောက်တင်ဖို့ စဉ်းစားထားပေမယ့် ငွေရေးကြေးရေး အခက်အခဲကြောင့် တဝက်တောင် မတင်နိုင်ခဲ့ဘူး။ ကိုယ်စားလှယ်လောင်း တယောက်အတွက် မှတ်ပုံတင်ကြေး ကျပ် (၅)သိန်းရဖို့ အဲဒီ မဲဆန္ဒနယ်က ပြည်သူတွေထံကနေ တယောက်ကို ကျပ်ငွေ (၅ဝဝ) စီလောက် အလှူခံမလား စဉ်းစားထားတာလည်း အချိန်မရှိတော့ မလုပ်လိုက်နိုင်ဘူး။ ဒါကြောင့် မဲဆွယ်ပွဲကာလမှာလည်း ငွေ သိပ်သုံးနိုင်မှာ မဟုတ်ဘူး။ ပါတီတချို့ ခုလို ငွေ အများကြီးသုံးမယ်ဆိုတာ ကြားနေရတယ်၊ ဒါကတော့ မျှတမှု မရှိပါဘူး” ဟု ပြောသည်။
လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းပြီးသည့်နောက် အဆိုပါ ကိုယ်စားလှယ်လောင်း စာရင်းများတွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်လာကြပြီး ၎င်းတို့အားလုံး ကြံ့ဖွံ့ပါတီ အမတ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဇေကမ္ဘာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့်၊ ရွှေလမင်းနဂါး ကုမ္ပဏီပိုင်ရှင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ စွယ်စုံမီဒီယာပိုင်ရှင် ဒေါက်တာတင်ထွန်းဦး တို့အားလုံး ကြံ့ဖွံ့ပါတီ အမတ်လောင်းများအဖြစ် ဝင်ပြိုင်ကြမည်ဖြစ်ပြီး ငွေကြေးအမြောက်အများသုံးကာ မဲဆွယ်ဖွယ်ရှိကြောင်း ပြည်တွင်းဂျာနယ်တခုမှ နိုင်ငံရေးသတင်းအယ်ဒီတာတဦးက ပြောကြားသည်။
၎င်းက “စစ်အစိုးရက သတ်မှတ်တဲ့ ကိုယ်စားလှယ်လောင်း ကျပ် (၅)သိန်းနဲ့ မဲဆွယ်စရိတ်တွေက အခုကာလနဲ့ကြည့်မယ်ဆိုရင် များတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ကြံ့ဖွံ့နဲ့ တစညတို့ကလွဲပြီး ကျန် နိုင်ငံရေးပါတီတွေက ပါတီ ရန်ပုံငွေ ရှာမရကြဘူး။ ဘာလို့လဲဆိုတော့ အလယ်လတ်တန်းစားနဲ့ ထိပ်တန်း စီးပွားရေးသမားတွေသာမက သာမန်ပြည်သူတွေကလည်း ကျန်တဲ့ နိုင်ငံရေးပါတီတွေကို ငွေမလှူရဲအောင် နအဖက ခြိမ်းခြောက် အကျပ်ကိုင်ထားလို့ပဲ” ဟု ပြောသည်။
အမတ်လောင်းများ၏ အသုံးစရိတ်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ကျနော်တို့ကတော့ ကိုယ်စားလှယ်တဦး အသုံးစရိတ်ကို (၁ဝ) သိန်းလောက်နဲ့ လောက်အောင် သုံးသွားဖို့ လျာထားပါတယ်။ ကျေးလက်တွေ သွားတဲ့အခါ လမ်းစရိတ် သက်သာအောင် ကိုယ့်လှေကို ကိုယ်လှော်သွားတာမျိုး၊ လမ်းလျှောက်လို့ ရတဲ့နေရာ လျှောက်ခြင်းမျိုး၊ ဆိုင်ကယ် စက်ဘီးစီးပြီး ကြုံသလို သွားတာမျိုး လုပ်ရပါမယ်”ဟု မြန်မာတိုင်းမ် ဂျာနယ်၏ မေးမြန်းချက်ကို ဖြေကြားထားသည်။

Geen opmerkingen: