“မေရယ်…အထင်တော့မလွဲလိုက်နဲ့ဦး …စာလွှာများ မရောက်လာခဲ့ရင် … မောင့်အပေါ်မှာ မငြိုငြင်ပါနဲ့နော် … အစ်ကိုလို ဗိုလ်ကြီးဘ၀ဟာ … ဘီယာကို မော့လို့သာ … ပြည်သူကို ဒီလိုပစ်သတ်လေတာ …”
ထုံးစံအတိုင်းပင်ဟု ဆိုရချေမည်။ လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့သို့ ရွှေဂျိုး ရောက်မဆိုက် ခုနှစ်ရက်သားသမီး နားမချမ်းသာစရာတွေ ထုတ်လွှင့်နှိပ်စက်နေသည့် ကြပ်ပြေးနေပြည်တော်မှ အက်ဖ်အမ်ရေဒီယိုများအလား ပင်တိုင်အဆိုတော် လေအိုး၏ တကိုယ်တော် ၀က်ဆိုးအော်သံကို မကြားချင်ဘဲ နားဆင်ရလေသည်။
ရွှေဂျိုး ။ ။ ဘယ်လိုဖြစ်လို့ လာသမျှ ဖောက်သည်တွေကို နေ့တဓူဝ အသံနဲ့ ဆီးကြို နှိပ်စက်နေရသတုန်း ကိုလေအိုး။ မင်္ဂလာရှိတဲ့ နံနက်ခင်းလေးမှာ တနေ့တလေလေးလည်း လက်ဖက်ရည်သောက်သူတွေကို နားချမ်းသာမှု ပေးသနားဦးမှပေါ့ဗျာ။ နောက်ပြီး အားကျစရာ ရှားလို့၊ ဘီယာမူးပြီး ပြည်သူကို ပစ်သတ်တဲ့ စစ်ဗိုလ်ကိုမှ အားကျနေရသလား ကိုလေအိုးရဲ့။
လေအိုး ။ ။ ဘယ်ကလာ အားကျရမှာလဲ။ သူ့လို မလုပ်ဖို့ သတိပေးချင်လို့ ပါးစပ်အညောင်းခံ၊ အပြောအဆိုခံပြီး ဆိုပြနေတာ။ ကိုရွှေဂျိုးလည်း ကြားပြီးရောပေါ့ “ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ … သေနတ်နဲ့ ပစ်တဲ့ စစ်ဗိုလ်လေ” ဆိုတဲ့ သတင်း။
ရွှေဂျိုး ။ ။ အင်း … နားစွန်နားဖျားတော့ ကြာပြီးပါပြီ။ “တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး” ဆိုတဲ့ ဆောင်ပုဒ်ကို အကောင်အထည်ဖော်နေပါတယ်ဆိုတဲ့ နအဖစစ်ဗိုလ်က ဘယ်လိုဖြစ်လို့ ကလေးနှစ်ယောက်ကို ရက်ရက်စက်စက် ပစ်သတ်ရပြန်တာလဲဗျာ။ သူတို့မလဲ ကိုယ့်ပြည်သူကို သတ်လို့မဆုံးနိုင်အောင်ပါပဲလား။ ဂဃနဏ သိရအောင် လင်းစမ်းပါဦး ကိုလေအိုး။
လေအိုး ။ ။ ပြောကို မပြောချင်တော့ဘူး ကိုရွှေဂျိုးရေ။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို သန်းရွှေကြီးတို့စစ်တပ် သက်စွန့်ဆံဖျား ကာကွယ်နေပုံများကတော့ ဟင်း ဟင်း ကြားလိုက်ရရင် နားနဲ့မဆံ့အောင်ပါပဲဗျာ။ ရွာလုံးကျွတ် မီးရှို့တာတို့၊ မုဒိမ်းကျင့် သတ်ဖြတ်တာတို့၊ မေတ္တာပို့ စီတန်းလမ်းလျှောက်တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူကို မေတ္တာပို့ရကောင်းလားဆိုပြီး ပစ်သတ်တာတို့ တော်တော့်ကို ခဲရာခက်ဆစ် ကာကွယ်နေကြသဗျိုး။ ဒါကြောင့်လည်း ပြည်သူတွေရဲ့ မေတ္တာတွေ တနေ့တခြား တိုးပွားပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဘ၀ကနေ လူတိုင်းချဉ်တဲ့ ချဉ်ဖတ်တပ်မတော်ဘ၀ကို ရောက်နေရသပေါ့။
ရွှေဂျိုး ။ ။ ပဲခူးသတင်း ပြောမယ့်အရေး အပျိုးတွေ များလှချည်လား ကိုလေအိုးရာ။ လိုရင်းတိုရှင်းလေး လုပ်စမ်းပါဗျ။ ကလေးအစ ခွေးအဆုံး အကုန်လုံးသိတဲ့ နအဖစစ်တပ်ရဲ့ ချဉ်ဖတ်ထုတ်ကုန်အကြောင်းကို အသာထားစမ်းပါဦး။
လေအိုး ။ ။ ဟဲ ဟဲ ထားဆိုလည်း ထားရမှာပေါ့ဗျာ။ ဖြစ်ပုံက ဒီလိုတဲ့ ကိုရွှေဂျိုး။ ပြီးခဲ့တဲ့ စနေညမှာ စားသောက်ဆိုင်တဆိုင်ကနေ ဘီယာသောက်ပြီး ပြန်လာတဲ့ စစ်ဗိုလ် စီးလာတဲ့ အငှားဆိုင်ကယ်နဲ့ လူငယ်တွေ စီးလာတဲ့ သုံးဘီးဆိုင်ကယ် ပွတ်မိပြီး ခိုက်ရန်ဖြစ်ပွားရာက စတာတဲ့။ အဲဒီမှာ စစ်ဗိုလ်က သူ့စစ်သားတွေကို သွားပြန်ခေါ်ပြီး အဲဒီလူငယ်နှစ်ဦးကို ပစ်သတ်ခိုင်းတာတဲ့။ ခလရ (၅၉)က ဗိုလ်ကြီးသိဒ္ဓိစိုးတဲ့။ ဟဲ ဟဲ တော်တော်လူစိတ်ရှိတဲ့ စစ်ဗိုလ်ပဲနော့။ သူ အမိန့်ပေးပြီး ပစ်ခိုင်းတဲ့ စစ်သားကလည်း ကလေးစစ်သားအဖြစ် စုဆောင်းခံထားရတဲ့ အသက် (၁၈)နှစ်လောက်ပဲ ရှိသေးတဲ့ တပ်သား မောင်ထွန်းတဲ့။ သူတို့က ပစ်သတ်ရုံတင်မကဘဲ “ဘယ်သူစမ်းချင်သေးလဲ၊ လာခဲ့ကြ သေခြင်းဆိုးနဲ့ အကုန်သေကုန်မယ်”လို့ အော်သွားသေးသတဲ့။ ပြည်သူ့ကျွေးတဲ့ ထမင်းစားပြီး ကျေးဇူးသိတတ်ပုံများ ကြောက်ခမန်းလိလိပဲနော် ကိုရွှေဂျိုး။ အဲဒီ မောင်ထွန်း ပစ်လိုက်လို့ မောင်အောင်သူဟိန်း (၂၃)နှစ်က သေနတ်ဒဏ်ရာ (၆)ချက်၊ မောင်စိုးပိုင်ဇော် (၁၉)နှစ်က သေနတ်ဒဏ်ရာ (၄)ချက်ရပြီးဆုံးသွားတာတဲ့။အဲဒါကိုနအဖသတင်းစာကတော့စစ်ဗိုလ်ဆီက သေနတ်လုလို့ ပစ်ရတာပါဆိုပြီး ဗြောင်လိမ်နေသဗျာ။ ပြီးတော့ အပြစ်မဲ့ သေဆုံးရတဲ့ လူငယ်နှစ်ဦးကိုလည်း လူဆိုးလူမိုက်လေးတွေအဖြစ် သတင်းလွှင့်နေတယ်တဲ့။ ဟဲ ဟဲ လူဆိုးလူမိုက်လေးတွေမို့လားတော့ မသိဘူးဗျ၊ အဲဒီလူငယ်လေးနှစ်ဦးရဲ့ ဈာပနကို လူ (၂,၅၀၀) ကျော် လိုက်ပို့ပြီး ပဲခူးမြို့ရဲ့ အစည်ကားဆုံး ဈာပနဖြစ်သွားသတဲ့ ကိုရွှေဂျိုးရေ။
ရွှေဂျိုး ။ ။ သူတို့ အဲသလို ဗြောင်လိမ်ဗြောင်စား သတင်းလွှင့် လိမ်ညာနေတာ ကောင်းပါတယ်ဗျာ။ အနှစ် (၂၀) လုံးလုံး သူတို့ ဘယ်လိုပဲ သတင်းလွှင့်လွှင့် ဘယ်ပုံပဲ ၀ါဒဖြန့်ဖြန့် ပြည်သူလူထုက သူတို့အဖြူဆို မဲပြီးသား၊ သူတို့အမဲဆို ဖြူပြီးသား မဟုတ်လား။ အဲဒီတော့ ဗိုလ်ကြီးသိဒ္ဓိစိုးရဲ့ အခုလုပ်ရပ်ကြောင့် လာမယ့်ရွေးကောက်ပွဲမှာ မျက်နှာပြောင်တိုက် အနိုင်ယူချင်တဲ့ ကြံ့ဖွံ့ပါတီ ကံဆိုးမိုးမှောင်ကျပြီပေါ့။ သူ့လုပ်ရပ်ကြောင့် ပြည်သူတွေ ချဉ်သထက် ပိုချဉ်သွားတဲ့ နအဖစစ်အုပ်စုရဲ့ ကျောထောက်နောက်ခံပြု ကြံ့ဖွံ့ပါတီ ၀က်ဝက်ကွဲမှာ သေချာနေပြီပေါ့ ဟား ဟား ဟား။
လေအိုး ။ ။ အင်း … စစ်ဗိုလ်တွေ အခုလို တနေ့တခြား ပိုပိုရိုင်းစိုင်းလာတာကတော့ အရင်းစစ်တော့ အမြစ် သန်းရွှေက ဆိုသလိုပဲဗျ။ ဒီလူကြီး ရိုက်သွင်းထားတဲ့ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆိုတဲ့ ပြည်သူကို စစ်ကျွန်လိုသဘောထားတဲ့ စိတ်ဓာတ်တွေကြောင့် စစ်ဗိုလ်တွေ ကြာလေ လူစိတ်ကင်းမဲ့လေ ဖြစ်လာတာဗျ။ ဒါပေမယ့် သူ့စေတနာ သူ့အကျိုးပေးမို့လား မသိဘူး၊ သန်းရွှေကြီးကိုလည်း ကြည့်ပါဦး၊ အာဏာမက်တဲ့ လောဘဇောကြောင့် သေခါနီးအထိ အေးအေးလူလူ အနားမယူနိုင်ရှာသေးဘဲ တုန်တုန်ချိချိနဲ့ အိန္ဒိယသွားပြီး ဘုရားကု ကုလိုက်၊ တရုတ်ကြီးဆီသွားပြီး မဟုတ်တရုတ် အကြံတွေ သွားယူလိုက် ဒုက္ခခံနေရတယ်မဟုတ်လား။ ဒါ ပြည်သူကို စော်ကားတဲ့ ၀ဋ်ကြွေးတွေပဲပေါ့ဗျာ။
ရွှေဂျိုး ။ ။ ဟုတ်တယ်ဗျ။ ကိုလေအိုး ပြောမှ အာဏာရှင် ဗိုလ်နေ၀င်းလည်း အသေဆိုးနဲ့ သေရသလို ဗိုလ်သန်းရွှေလည်း အသေးဆိုးနဲ့ တိုးဖို့ အသက်ရှည်နေတာဖြစ်မယ်လို့ ရွှေဂျိုး တွေးမိသဗျ။ စန္ဒာဝင်းလက်ဖက်ရည်ဆိုင်မှာ ခိုက်ရန်ဖြစ်ပွားရာကနေ အာရ်အိုင်တီကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးအထိ ကြီးထွားခဲ့တယ်မဟုတ်လား။ အခုလည်း မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်ဇော်တို့ ပစ်သတ်ခံရမှုကနေ ပြည်သူတွေရဲ့ ဒေါသအရှိန်အဟုန် မြင့်မာလားပြီး သန်းရွှေတန်ခိုး ပဲခူးမှာ အဆုံးသတ်မသွားနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ ကိုလေအိုး။ အဲဒီကျရင် သန်းရွှေကြီး အသေဆိုးနဲ့ တိုးပြီးပေါ့၊ ဟဲ ဟဲ မဟုတ်ဘူးလား။
လေအိုး ။ ။ လောကမှ မဖြစ်နိုင်ဘူးဆိုတဲ့အရာ မရှိတော့ ကိုရွှေဂျိုးပြောတာကို မှားတယ်လို့ မပြောဝံ့ကြောင်းပါခင်ဗျား။ ဒါပေမယ့် သန်းရွှေကြီးက ကိုရွှေဂျိုးပြောသလို အသေဆိုးနဲ့ မတိုးလည်း ရဟန်းရှင်လူ ကျောင်းသားပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ အပူမီးလောင်မြှိုက်ပြီး မသေခင်ကို ငရဲကျနေမှာ သေချာပါသဗျာ။ သီရိလင်္ကာနဲ့ ဗုဒ္ဓဂယာကို သွားတုန်းက ဘုရားရှေ့မှာ သန်းရွှေကြီး ဇောချွေးပြန်နေတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဗေဒင်မေးစရာ မလိုပါဘူး ကိုရွှေဂျိုးရ။
ရွှေဂျိုး ။ ။ အေးဗျာ သန်းရွှေကြီးတို့လို အကုသိုလ်ကောင်တွေအကြောင်း ပြောရတာ ပါးစပ်သနတယ်ဗျာ။ မတော် သူတို့အပူတွေ ကိုယ့်ကို ကူးစက်မှာလည်း စိုးရသေး။ ကဲ ကဲ အကုသိုလ်ကောင်တွေဆီက အပူတွေ မကူးစက်အောင် ယတြာချေတဲ့အနေနဲ့ ကိုယ့်အပူတွေကို သွားထုတ်လိုက်ဦးမယ်ဗျို့။
လေအိုး ။ ။ အိုကေ အိုကေ လေအိုးလည်း အကုသိုလ်အပူမီးတွေ ယူပြီးမပြန်ရလေအောင် ချစ်ဇနီးပူပူနွေးနွေးဆီ မြန်မြန်ဒိုးတော့မယ်။ လစ်ပီဗျို့။
ပြောပြောဆိုဆို လေအိုးတယောက် “အစ်ကိုလို ဗိုလ်ကြီးဘ၀ဟာ … ဘီယာကို မော့လို့သာ … ပြည်သူကို ဒီလိုပစ်သတ်လေတာ …”ဟု အော်ဟစ်ထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးလည်း သိုမှီးထားသည့် အောက်ရေအပူတွေကို စွန့်ထုတ်ရန် ထိုင်ရာမှ အမြန်ထပြေးလေတော့သည်တကား။ ။
Geen opmerkingen:
Een reactie posten