မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 9 augustus 2010

မြန်မာပြည် အလယ်ပိုင်း မိုးခေါင် နှမ်းခင်းအများစု ပျက်စီး

ဆလိုင်း ဟံသာစန်း
တနင်္လာနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၃ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ မိုးခေါင်သဖြင့် နှမ်းသီးနှံ အဓိက စိုက်ပျိုးရာ မြန်မာပြည် အလယ်ပိုင်းရှိ ၁၃ မြို့ နယ်တွင် နှမ်းခင်းအများစု ပျက်စီးကာ အချို့မှာ မျိုးအတွက်ပင် မရတော့ကြောင်း ဒေသခံတောင်သူများက ပြောဆိုကြသည်။
မန္တလေးနှင့် မကွေးတိုင်းရှိ မြို့ နယ် ၁၃ မြို့ နယ်တွင် လုံလောက်သော မိုးရေချိန် မရရှိသဖြင့် အချို့ဒေသများတွင် ရာခိုင်နှုန်း ၉ဝ ခန့်အထိပင် ပျက်စီးကြောင်း ခန့်မှန်းထားကြသည်။ ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများမှာ မကွေးတိုင်းမှ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ ပခုက္ကူနှင့် နတ်မောက် မြို့ နယ်များ၊ မန္တလေးတိုင်းမှ သာစည်၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနှင့် ကျောက်ပန်းတောင်း မြို့နယ်များ ဖြစ်သည်။
“၂ဝဝ၉ ဇူလိုင်ကနေ မိုးခေါင်တာ ဒီနှစ် မေလမှ စရွာတယ်။ ရွာလိုက်တဲ့မိုးကလည်း အပင်အတွက် မလုံလောက်တော့ မျိုးပါ ပျက်စီး ဆုံးရှုံးရတာပေါ့။ တောင်သူ ၁ဝ ဦးမှာ တဦးလောက်ပဲ မျိုးပြန်ရတယ်” ဟု မန္တလေးတိုင်း မိတ္ထီလာမြို့ နယ် မောက်လောက်ရွာမှ တောင်သူတဦးက မဇ္ဈိမကို ပြောသည်။
မိတ္ထီလာမြို့နယ်တွင် မိုးနှမ်းစိုက်ပျိုးဧက ၁ သောင်းကျော် ရှိသည့်အနက် မောက်လောက်၊ ညောင်ပင်သာ၊ ရွာသစ်၊ ကန်သာအေး၊ ပိတောက်ပင် စသည့် ရွာများ အပါအဝင် ရွာပေါင်း ၂၇ ရွာမှ နှမ်းခင်းများ ပျက်စီးခဲ့သည်။
“နှမ်း ၁ဝ ဧက စိုက်ပေမယ့် ၁ ဧကစာလောက်ပဲ ရတဲ့အခြေအနေ ဖြစ်နေတယ်။ ခါတိုင်း တင်း ၃ဝဝ ရတဲ့လူက တင်း ၃ဝ ပဲ ရတော့တာပေါ့။ ကျန်တာတွေက ပျက်စီးသွားပြီလေ”ဟု ရေနံချောင်းမြို့ နယ် အုတ်လှကျေးရွာမှ တောင်သူတဦးက ပြောသည်။
ရေနံချောင်းမြို့နယ်တွင်လည်း ဧက ၁ သောင်းနီးပါး ရှိသည့်အနက် ရေနက်ချောင်း၊ ကန်နီ၊ ဆည်ကန်၊ ဂွေးကုန်း၊ သောင်းသဲ၊ ဝါးရုံကန် စသည့် ရွာများ အပါအဝင် ရွာပေါင်း ၂ဝ ထက်မနည်းမှ နှမ်းခင်းများ ပျက်စီးခဲ့သည်။
ထို့အပြင် တောင်တွင်းကြီးမြို့ နယ်ရှိ ကျောက်ကြား၊ ရွာသစ်၊ ဂွေးကုန်း၊ တပ်ကုန်း၊ ထန်းတပင် စသည့် ရွာများ အပါအဝင် ကျေးရွာ ၁၅ ရွာထက်မနည်းမှ နှမ်းခင်းများ ပျက်စီးခဲ့သည်။
တောင်တွင်းကြီးမြို့ မှ ဆေးလိပ်ခုံပိုင်ရှင် ကိုဖိုးလမင်းကလည်း “ဒီမှာလည်း နှမ်းတွေ တော်တော်များများ ဆုံးရှုံးကြတယ်။ ၁ဝဝ မှာ ၁ဝ ရာခိုင်နှုန်းတောင် ရမယ်မထင်ဘူး။ တချို့ဆို လုံးလုံးပျက်ကုန်တာ။ မြို့အနောက်ဘက်ခြမ်းက ကိုရန်ရွာမှာဆိုရင် အကုန်လုံး ပျက်သွားတော့ အခု ပြောင်းဖူးလေးတွေ ပြောင်းစိုက်နေကြတယ်” ဟု ပြောသည်။
နှမ်းတွင် ရေသွင်းနှမ်းနှင့် မိုးနှမ်းဟူ၍ ၂ မျိုးရှိပြီး ရေသွင်းနှမ်းကို ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးကာ မေလအတွင်း ရိတ်သိမ်းလေ့ရှိပြီး ဧရာဝတီ မြစ်ကမ်းနံဘေး ဒေသများတွင် ရေသွင်းစိုက်ပျိုးသည်။
မိုးရေအဓိကဖြင့် စိုက်ပျိုးသည့် မိုးနှမ်းကို မေလတတိယပတ်တွင် စတင်စိုက်ပျိုးပြီး သြဂုတ်လ ပထမပတ်တွင် စတင်ရိတ်သိမ်းလေ့ရှိသည်။ ရေသွင်းနှမ်းကို မြစ်နှင့်နီးသည့် ဒေသများတွင် ဧကအနည်းငယ်သာ စိုက်ပျိုးကြခြင်းဖြစ်ပြီး မိုးနှမ်းကို မိုးနည်းသည့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများတွင် စိုက်ပျိုးကြသည်။
အထူးသဖြင့် ရေနံချောင်း၊ မကွေး၊ တောင်းတွင်းကြီး၊ နတ်မောက်၊ မင်းဘူး၊ ပခုက္ကူ၊ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ မလွန်၊ ကျောက်ပန်းတောင်၊ သာစည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်စသည့် မြို့နယ်များတွင် ကျယ်ပြန့်စွာ စိုက်ပျိုးသည်။
နှမ်းတဧကလျှင် ထွန်ယက်ခ၊ မျိုးစေ့၊ မြေသြဇာ၊ ပေါင်းနှုတ်ခတို့အပါအဝင် စိုက်ပျိုးစရိတ် ၁ သိန်းခန့် ကုန်ကျသည့်အတွက် ကြိုတင်ငွေချေးယူကာ စိုက်ပျိုးထားသည့်တောင်သူများမှာ လယ်ယာများ၊ အိမ်များ၊ နွားများ ဆုံးရှုံးဖွယ်ရှိကြောင်း ရေနံချောင်းမြို့ မှ သဘာဝမြေသြဇာ ရောင်းသူ ဦးသန်းအောင်က ပြောသည်။
“တောင်သူအများစုက ပြေလည်လို့ လုပ်ကြတာမဟုတ်ဘူးဗျ။ မပြေလည်တဲ့ အတိုင်းအတာထဲကနေ ချေးငှားပြီးတော့ လုပ်ကြရတာပါပဲ။ အဲတော့ ခုလို သီးနှံပျက်ပြီး ငွေမပေါ်ဘူးဆိုတော့ တချို့ဆို ယာထိုးအပ်ရတာ၊ လယ်ထိုးအပ်ရတာ၊ တချို့ဆို အိမ်ဝိုင်းတွေ ထိုးအပ်ရတာတွေ ဖြစ်လာနိုင်တာပေါ့ဗျာ”ဟု သူက ပြောသည်။
“မြို့အရှေ့ခြမ်းက ရွာသစ်တို့ ချောက်ကြားရွာတွေက မိန်းကလေး တော်တော်များများဆို မလေးရှား လိုက်ကုန်ကြပြီ။ ခါတိုင်းဆို ဒီလိုအချိန် တောင်ယာခွင်ကိုဝင်ပြီး ပေါင်းလိုက်နှုတ်တဲ့ အလုပ်လေးတွေ ရှိတယ်။ ဒီနှစ်သီးနှံတွေက အခက်အခဲဖြစ်တော့ ပေါင်းလည်းမနှုတ်ရဘူး။ စားဝတ်နေရေးက ခက်ခဲတော့ မိဘတွေကိုက လိုလိုလားလား လွှတ်ကြတယ်” ဟု တောင်တွင်းကြီးက ကိုဖိုးလမင်းကလည်း ပြောသည်။
ယခုကဲ့သို့ နှမ်းအထွက်နှုန်း ကျဆင်းသော်လည်း မန္တလေး ဈေးကွက်တွင် နှမ်းဈေးနှုန်း မြင့်တက်ခြင်းမရှိဘဲ ဝယ်လိုအားလည်း ပုံမှန်သာရှိကြောင်း နှမ်းကုန်သည်များက ပြောသည်။
“မိုးခေါင်လို့ နှမ်းအထွက်နှုန်း ကျပေမယ့် နှမ်းဈေးမတက်နိုင်လောက်ဘူး။ တရုတ်လိုင်းထွက်တာနဲ့ ပြည်တွင်း အဖြုန်းပဲရှိတယ်။ ဆီစက်အဝယ်လည်း ပုံမှန်ပဲရှိတယ်။ ဝယ်လိုအား မရှိဘူး”ဟု မန္တလေးမြို့ခံ နှမ်းကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။
မြန်မာပြည်တွင် နှမ်းအညိုကို ဆီကြိတ်ရောင်းချပြီး နှမ်းအဖြူကို တရုတ်ပြည်သို့တင်ပို့ ရောင်းချသည်။
မန္တလေး ဈေးကွက်တွင် ယနေ့ပေါက်ဈေးမှာ နှမ်းအညို တတင်းလျှင် ကျပ် ၆ သောင်း ၉ ထောင်မှ ၇ သောင်း ၁ ထောင် ဈေးနှုန်းရှိပြီး နှမ်းအဖြူမှာ ၈ သောင်း ၃ ထောင်မှ ၈ သောင်း ၅ ထောင်အတွင်း ပေါက်ဈေးရှိသည်။



Geen opmerkingen: