NEJ / ၀၅ အောက်တိုဘာ ၂၀၁၀
ရှမ်းလမ်းဈေးကို အသစ်ဆောက်မှာမဟုတ်ပါဘူးလို့ ကြံ့ဖွံ့က လိုက်လံအကြောင်းကြား နေပါတယ်။
အမှန်မှာက ဒီကိစ္စဟာ ကြံ့ဖွံ့နဲ့ဘာမှမဆိုင်ပါဘူး။ စည်ပင်နဲ့သာဆိုင်တာဖြစ်ပါတယ်။ စည်ပင်က ပြီးခဲ့တဲ့ စက်တင်ဘာ(၁၂)ရက်မှာအစည်းအဝေးလုပ်ပြီး(၁၃)ရက်နေ့မှာဈေးသူဈေးသားတွေကို ဈေးအသစ်ဆောက်မှာမို့ ယာယီပြောင်းရွှေ့ပေးဖို့ အကြောင်းကြားခဲ့ပါတယ်။
ဈေးကို အသစ်ပြန်လည်တည်ဆောက်မှာဖြစ်လို့ ကမာရွတ်မြို့နယ် ဟံသာဝတီအခွန်လွတ်ဈေးမှာ ယာယီပြောင်းရွှေ့ရောင်းချဖို့ စီစဉ်ပေးမယ်လို့ ဆိုပါတယ်။
ကျမတို့ ဈေးသူဈေးသားတွေက ဈေးအသစ်ဆောက်မှာကို လိုလားကြပါတယ်။ ဒါပေမယ့် သူတို့ပြောင်းခိုင်းတဲ့ ယာယီနေရာက ဝေးတဲ့အတွက် ဈေးရောင်းရတာ အဆင်ပြေမှာမဟုတ်လို့ မပြောင်းချင်ကြတာပါ။ ဒါကြောင့် ဈေးသည်တွေကယာယီပြောင်းရွှေ့ဖွင့်လှစ်ဖို့ အခက်အခဲရှိတာကြောင့် စည်ပင်ကို စာပြန်တင်ကြပါတယ်။
ဒါကို ကြံ့ဖွံ့က မဆီမဆိုင် ကြားက၀င်ပြီး ရှမ်းလမ်းဈေးကို အသစ်ပြန်မဆောက်ပါဘူးဆိုပြီး လိုက်အကြောင်းကြားနေတာဖြစ်ပါတယ်။ စည်ပင်ပိုင်ဈေးကို သူတို့ပဲပိုင်သလိုလို လာပြောနေကြတာဖြစ်ပါတယ်။ စည်ပင်ကအကြောင်းမကြားဘဲ သူတို့က အကြောင်းကြားတာဟာ ရွေးကောက်ပွဲမှာ မဲရရှိလိုမှုအတွက် စည်းရုံးရေးလုပ်တယ်ဆိုတာ ဈေးသူဈေးသားတွေအားလုံးက သိနေကြပါတယ်။
ဈေးသူဈေးသားတွေ ငြိုငြင်ရင် ကြံ့ဖွံ့အတွက် မဲဆွယ်ဖို့ခက်မယ်၊ သိတဲ့အတိုင်း အခုအချိန်မှာက ကြံ့ဖွံ့က မဲရဖို့ပဲလုပ်နေတာဆိုတော့ ကျမတို့ယာယီဈေးမပြောင်းချင်တာ၊ မကျေနပ်တာကို သိတဲ့ကြံ့ဖွံ့က မဲမထည့်မှာစိုးတော့ အခုလိုဝင်အကြောင်းကြား ပြောဆိုလိုက်တာပါ။ ကြံ့ဖွံ့အတွက် ဘယ်သူလုပ်နေတယ်ဆိုတာ အားလုံးကသိတယ်။ မြို့တော်ဝန်လေ။ ကြံ့ဖွံ့ပါတီအမတ်လောင်းလုပ်မယ့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းလေ။
ရန်ကုန်စည်ပင်အရာထမ်းတဦးရဲ့ ပြောပြချက်အရတော့ ဈေးဟာ အိုနေပြီဖြစ်တဲ့အတွက် ပြန်ဆောက်မှာ သေချာတယ်လို့ သိရတယ်။ “အခုတော့ ဈေးအသစ်ဆောက်မှာ မဟုတ်သေးဘူးလို့ မြို့တော်ဝန်က လိုက်ပြောခိုင်းထားတယ်ဗျ၊ ကျနော်တို့သိတာတော့ ဆောက်ကိုဆောက်မှာဗျ၊ ဈေးကအရမ်းအိုနေပြီလေ” လို့ အဲဒီအရာထမ်းက ပြောပါတယ်။
ကျမတို့ ဈေးဟာ ဆိုင်ခန်းအကျယ် (၅) ပေပတ်လည်ရှိပြီး ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိတဲ့ဈေးဖြစ်ပြီး ဆောက်လုပ်ထားတာ (၅၂)နှစ်ရှိနေပြီဖြစ်ပါတယ်။ ဒီဈေးကို စည်ပင်က လူနေခန်းတွေပါတဲ့ အဆင့်မြင့်ကွန်ဒိုအဖြစ် တည်ဆောက်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က လမ်းမတော်မြို့နယ် မော်တင်ဈေးကို ပြန်လည်တည်ဆောက်ခဲ့တုန်းက (၆) နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။ အခုလည်း ရှမ်းလမ်း ဈေးသစ် ပြန်လည်တည်ဆောက်မှာကို လိုလားကြပေမယ့် ဘာမှ မသေချာ မရေရာဘဲ ပြောင်းရွှေ့ခိုင်းတာမို့ ဈေးသည်တွေက မပြောင်းချင်တာဖြစ်ပါတယ်။
ဒီလို အခြေအနေပေါ်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့ ကြံ့ဖွံ့ပါတီက သူတို့ပါတီမဲရရေးအတွက် အခွင့်အရေးယူပြီး အခုလောလောဆယ် ဈေးကို အသစ်ပြန်ဆောက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ၀င်ပြောတာကို ကျမတို့ ဈေးသူဈေးသားတွေ အားလုံးသိတယ်။ ကြံ့ဖွံ့ဆိုတာ ဘယ်သူတွေလဲ၊ စစ်ယူနီဖောင်းနဲ့ တောင်ရှည်ပုဆိုး လဲဝတ်ထားတဲ့ စစ်အာဏာရှင်အုပ်စုတွေပဲ ဆိုတာ လူတိုင်းသိကြပါတယ်။ သူတို့ဆက်လက် ကြီးစိုးနိုင်ရေးအတွက် တဘက်လှည့်နဲ့ အချိုသတ်တယ်ဆိုတာ ကျမတို့ ဈေးသူဈေးသားတွေ အားလုံးသိကြပါတယ်။ ဒါကြောင့် စစ်အုပ်စု ကြောထောက်နောက်ခံ ကြံ့ဖွံ့ပါတီကို အားမပေးကြဖို့ ပြောချင်ပါတယ်။
ရှမ်းလမ်းဈေးသည်တဦး
ရန်ကုန်မြို့
Geen opmerkingen:
Een reactie posten