မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 8 november 2010

မြ၀တီမြို့တွင် တိုက်ပွဲဖြစ်ပွား

သန်းထိုက်ဦး Monday, 08 November 2010 12:14
.နအဖ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှတပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ နံနက် ၉ နာရီခန့်ကစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရ သည်။
ရွေးကောက်ပွဲကျင်းပသည့်ယမန်နေ့ကထိုင်း-မြန်မာနယ်စပ်မြ၀တီမြို့ဘက်သောင်ရင်းမြစ်ကမ်းပါးပေါ်တွင် မြန်မာဘက်ကလုံခြုံရေးယူထားသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ - Reuters)
“မနက် ၉ နာရီမှာ ကျနော်တို့ကို စစ်အစိုးရ တပ်တွေက စပစ်တာပါ၊ အဲဒီတော့ ကျနော်တို့ရဲ့ ရဲဘော်တွေကို ပြန်ပစ်ဖို့ အမိန့် ပေးထားတယ်၊ စစ်အစိုးရ တပ်တွေ တဖြည်းဖြည်းနဲ့ ပိုများလာတယ်၊ ကြည့်ရတာ သူတို့က ကျနော်တို့နဲ့ ညှိနှိုင်းပုံမရဘူး”ဟု ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးက ဧရာဝတီသို့ ပြောသည်။
ယမန်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ်တချို့ကို DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယမန်နေ့ကထက် ပိုမို တင်းမာနေကြောင်း သိရသည်။
မြ၀တီမြို့ခံတဦးက“တံတားထိပ်နဲ့ မြို့လယ်မှာ သေနတ်သံတွေ စကြားနေရတယ်၊ လက်နက်ကြီး အသံတွေတော့ မကြားရ သေးဘူး”ဟု ပြောသည်။
မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ထိုင်းဘက်ထိပ်သို့ လက်နက်ကြီးကျည် တလုံး ကျရောက်သည့်အတွက် ထိုင်း အမျိုး သမီး တဦးဒဏ်ရာ ရရှိကြောင်း မျက်မြင် တဦးကပြောသည်။ ယင်းပစ်ခတ်မှုများကြောင့် အနည်းဆုံး ဒေသခံ ၇ ဦး ဒဏ်ရာ ရ ရှိ ကြောင်းလည်း သိရသည်။
လက်ရှိအခြေအနေအရ မြ၀တီမြို့၏ စစ်ရေးဗျူဟာ အချက်အချာကျသည့် နေရာများတွင် DKBA တပ်ဖွဲ့ဝင်များက နေရာ ယူထားကြောင်း၊ နေ့လယ်ပိုင်းတွင် နအဖ တပ်များက DKBA ကို တိုက်ခိုက်လာနိုင်ကြောင်း သတင်းများအရ သိရသည်။
အလားတူ ဘုရားသုံးဆူမြို့နယ်ရှိ စစ်အစိုးရတပ်ခြေလျင်တပ်ရင်း(ခလရ)၂၈၄ နှင့်DKBAတပ်များ နှစ်ဘက် တင်းမာနေ ကြောင်း ဒေသခံတဦးက ပြောသည်။
“လက်ရှိ DKBA ကတော့ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ သူတို့နေရာမှာ သူတို့ အသင့်နေရယူ ထားတယ်၊ စစ်အစိုးရတပ်တွေ ကလည်း အသင့်နေရာယူထားတယ်”ဟု ၎င်းက ဆိုသည်။ မြ၀တီမြို့အခြေအနေ ဆိုးရွားလာပါက ဘုရားသုံးဆူမြို့ကိုလည်း ၀င်ရောက် တိုက်ခိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBAတပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင်လက်ခံခဲ့ကြသော်လည်းဗိုလ်မှူးကြီးနှုတ်ခမ်းမွေးကမူယင်းအစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။
ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးသည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ် သည်။ ၎င်းတပ်တွင် ခန့်မှန်းခြေ တပ်အင်အား ၁၀၀၀ ခန့် ရှိကြောင်း သိရသည်။
DKBAသည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီး မား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

Geen opmerkingen: