မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 8 november 2010

ရခိုင်တွင် နေရာအများစု၌ RNDP အနိုင်ရရန် သေချာ

ခင်ဦးသာ Monday, 08 November 2010 17:43
.ရခိုင်ပြည်နယ် အတွင်း နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)သည် လွှတ်တော်သုံးရပ် စလုံးအတွက် မဲဆန္ဒနယ် အားလုံးနီးပါးတွင် အနိုင်ရရန် သေချာကြောင်း သိရသည်။
“ကျနော်တို့ ပါတီက လွှတ်တော်သုံးရပ်စလုံးမှာ အသာစီးရနေပါတယ်။ နိုင်နေတဲ့ အနေအထားရဲ့ မဲ ရလဒ်က အတော်လေး အားသာနေပါတယ်။ အတိအကျကတော့ ကော်မရှင်က ကြေညာတဲ့နေ့ကို စောင့်ရမှာပေါ့” ဟု RNDP ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီကို ပြောသည်။
ပြည်နယ်တခုလုံး၌ ၄၃ နေရာ ၀င်ပြိုင်ခဲ့ရာတွင် လက်ရှိစာရင်းအရ ၃၉ နေရာ အတိအကျ အနိုင်ရထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မဲဆန္ဒနယ် အများဆုံးနှင့် မဲပေးသူအများဆုံးနေရာ ဖြစ်သော စစ်တွေမြို့တွင် RNDPပါတီသည် ၎င်း၏ ပြိုင်ဘက်ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အား လွှတ်တော် သုံးရပ်စလုံး၌ အပြတ်အသတ် အနိုင်ရခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် တခုလုံးမှ ယနေ့နေ့လယ်အထိ ရရှိထားသော စာရင်းအရဆိုလျှင်RNDPက မြိ့နယ်အများစု၌ ကြံ့ဖွံ့ပါတီအား ၈၅ ရာခိုနှုန်းဖြင့် အနိုင်ရထားပြီး တချို့မြို့နယ်တွင် လွှတ်တော်တချို့ရှုံးနိမ့်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဍားကျွန်း၊ မာန်အောင်၊ မြောက်ဦး စသည့် မြို့နယ်များ၌ လွှတ်တော်သုံးရပ် စလုံး၏ ကိုယ်စားလှယ်များက ကြံ့ဖွံ့ပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင် ရထားပြီ ဟု ၎င်းက ဆိုသည်။
မြို့နယ်တချို့တွင်မူ တိတိကျကျ မသိရကြောင်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။
“အခုလို မတရားမှုတွေ ကြားကနေ အနိုင်ရတာဟာ ကျနော်တို့ ကြောင့် မဟုတ်ပါဘူး။ ရခိုင် တိုင်းရင်းသား တွေကို ကိုယ်စားပြု ထားတဲ့ ပါတီကို ထောက်ခံ ပေးခဲ့ကြတဲ့ ပြည်သူတွေ ကြောင့်ပါ။ ဒီအတွက် ကျနော်တို့ ပြည်သူတွေအတွက် အလုပ်တွေ အများကြီး လုပ်ပေးသွားမှာပါ” ဟုလည်း သူက ဆိုသည်။
“ကျနော်တို့ မြေပုံမြို့နယ်ဟာ လေဘေးဒဏ်ကို အဆိုးဆုံး ခံခဲ့ရတယ်။ တမြို့နယ်လုံး နီးပါးမှာလည်း ကြံ့ဖွံ့က ကြိုတင်မဲတွေ ယူထားပါတယ်။ ဒါပေမယ့် မဲလာပေးတဲ့သူ အားလုံးဟာ ခြိမ်းခြောက်မှုတွေ ကြားက ကျနော်တို့ပါတီကို မဲပေးခဲ့ ကြပါတယ်” ဟု မြေပုံ မြို့နယ်မှ RNDP ကိုယ်စားလှယ် တဦးက ပြောသည်။
ကြံ့ဖွံ့ပါတီသည် မြေပုံမြို့နယ်ရှိ လေဘေးဒုက္ခသည်များအား ၎င်းပါတီကို မဲပေးမှ ဆန်ပေးမည်ဟု ဆိုကာ ကြိုတင်မဲများ အတင်းအကျပ် ကောက်ခံခြင်းကို နိုဝင်ဘာလ ၅၊ ၆ ရက် တို့တွင် ပြုလုပ်ခဲ့သည်။
လေဘေးဒဏ် ခံခဲ့ရသော ကျွန်းသာယာ ဒေသခံတဦးက “ကြံ့ဖွံ့ပါတီက နေရာတကာ နိုင့်ထက်စီးနင်း လုပ်လေ့ရှိပါတယ်။ ဒုက္ခသည်တွေ ကိုလည်း အားပေးရမယ့်အစား ကြိမ်းလား မောင်းလား လုပ်လေ့ရှိတော့ ဘယ်သူကမှ သူတို့ကို ထောက်ခံ ချင်တဲ့ စိတ်ထားမရှိကြဘူး။ NGOနဲ့ လူမှုရေးအဖွဲ့ စေတနာ ရှင်တွေက လှူထားတဲ့ ပစ္စည်းတွေကို မပေးဘဲ အခုထိ သိမ်းထား ဆဲပါ” ဟု ဒုက္ခသည် တဦးက ရှင်းပြသည်။
ဒေသခံအများစုမှာ ယနေ့အထိ နေထိုင်စရာ၊ စားသောက်စရာ အပြည့်အ၀ မရသေးကြောင်းလည်း သူက ပြောသည်။
“ရွေးကောက်ပွဲမှာ သူတို့မနိုင်တဲ့အတွက်အခြေအနေကပိုဆိုးလာနိုင်သေးတယ်”ဟု လည်း ၎င်းက ဆိုသည်။
ကြံ့ဖွံ့ပါတီသည် ၎င်းတို့ပါတီ အနိုင်ရရေးအတွက် နည်းလမ်းပေါင်းစုံ အသုံး ပြုခဲ့သော်လည်း မဲဆန္ဒနယ် အများစုတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရပြီး ပြည်သူများကလည်း တိုင်းရင်းသားပါတီ မရှိပါက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ကိုသာ မဲပေးမည်ဟု ကျောက်ဖြူ ဒေသခံ တဦးက ပြောသည်။
“ကျမက ရခိုင်မိဘတွေက မွေးထားလို့ ရခိုင်ပါတီပဲ မဲပေးတယ်။ ရခိုင်ပါတီ သီးသန့် မရှိရင် ကြံ့ဖွံ့ပါတီ မဟုတ်တာ ပေးမယ်”ဟု ကျောက်ဖြူ ဒေသခံ အမျိုးသမီး တဦးက ပြောသည်။
တိုင်းရင်းသားပါတီနှင့် ဒီမိုကရက်တစ် အင်အားစုပါတီများ ၀င်ရောက်ယှဉ်ခြင်း မရှိသော တောင်ကုတ်မြို့နယ်တွင် ကြံ့ဖွံ့ပါတီနှင့် တစည ၂ ပါတီသာ ပြိုင်ကြရာ ကြံ့ဖွံ့ပါတီ ရှုံးနိမ့်ကြောင်း တောင်ကုတ် ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ် တခုလုံးတွင် ပြည်သူ့လွှတ်တော်၁၇နေရာ၊အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်၃၄နေရာရှိသည့်အနက်RNDPမှပြည်သူ့လွှတ်တော်၌၁၂ နေရာ၊ အမျိုးသားလွှတ်တော်၌၈နေရာ၊ပြည်နယ်လွှတ်တော်၌၂၃နေရာစုစုပေါင်း၄၃နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ပါတီရဲ့ ရှေ့ဆက်လုပ်သွားမယ့် အဓိက အချက်က ဥပဒေပြုရေးပါ။ ကျနော်တို့က အုပ်ချုပ်ရေး တာဝန်ကို မယူပါဘူး။ ခြစားနေတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ ရပ်တန့်သွားဖို့၊ ပြည်သူတွေ ဥပဒေအတိုင်း လွတ်လပ်စွာ နေထိုင်ခွင့်၊ တန်းတူအခွင့်အရေး ရခွင့်တွေ လုပ်သွားမှာပါ။ နောက်တခုက လျှပ်စစ်အပြည့်အ၀ ရရေးပါ” ဟု ဒေါက်တာအေးမောင်က ပြောသည်။

Geen opmerkingen: