မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 10 november 2010

မန္တလေးတိုင်း ကြံ့ဖွံ့ ရွေးကောက်ပွဲ အောင်ပွဲခံ

ရန်ပိုင် Wednesday, 10 November 2010 16:43 သတင်း
.မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ရွေးကောက်ပွဲ အောင်နိုင်မှု အခမ်းအနားကို မန္တလေး အိုရီရန်တယ်လ် ဟောက်စ် စားသောက်ဆိုင်တွင် ပြီးခဲ့သည့် တနင်္လာနေ့ညက ကျင်းပခဲ့ကြောင်း သတင်းရသည်။
နိုဝင်ဘာ၇ရက်နေ့ကမန္တလေးမြို့အောင်မြေသာစံမြို့နယ်အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံ ၌သံတမန်များနှင့်သတင်းထောက်များကြည့်ရှုလေ့လာနေစဉ်(ဓာတ်ပုံ-မြန်မာ့အလင်း)
ကြံ့ဖွံ့ပါတီသည် မန္တလေးမြို့ရှိ မြို့နယ်အများစုတွင် အနိုင်ရရှိခဲ့သည့်အတွက် ၂၇ လမ်းနှင့် ၆၄ လမ်း ထောင့်ရှိ အိုရီရန်တယ်လ် ဟောက်စ် စားသောက်ဆိုင်တွင် ကျင်းပရာ မြို့တော်ဝန် အပါအ၀င် အနိုင်ရခဲ့သည့် ကိုယ်စားလှယ်များ၊ အလယ်ပိုင်းတိုင်း စစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင် နှင့် စစ်အရာရှိကြီးများ တက်ရောက်သည်ဟု ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူ တဦးက ပြောသည်။
“တိုင်းမှူးကတော်တွေရော အားလုံးတက်ကြတယ်၊ အောင်ပွဲခံတယ်ဆိုပြီး ပြည်သူသိအောင် ဗြောင်တော့ မလုပ်ရဲဘူး”ဟု ၎င်းကဆို သည်။
ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲတွင် မန္တလေးမြို့ရှိ မြို့နယ်များ၏ လွှတ်တော်နေရာ အသီးသီးတွင် အနိုင်ရရှိခဲ့ကြောင်းလည်း ၎င်း က ပြောဆိုသည်။
မန္တလေးမြို့ရှိ မြို့နယ် ၅ မြို့နယ်တွင် မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးဖုန်းဇော်ဟန်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်၊ အထက်မြန်မာပြည် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒု- ဥက္ကဋ္ဌ ဦးကိုကြီးတို့ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။
ယခုအခါ ကြံ့ဖွံ့ပါတီသည် နိုင်ငံတ၀န်းတွင် မဲအရေအတွက် စုစုပေါင်း ၈၀ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ယမန်နေ့က တရုတ်အစိုးရ၏ သတင်းဌာနဖြစ်သည့် ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။
ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲတွင် မဲမသာမှုများ၊ ကြိုတင်မဲ ရယူခြင်းများ ပြုလုပ်ခဲ့သည့်အတွက် အနိုင်ရခြင်းဖြစ်ကြောင်း၊ ထို မသမာ မှုများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားမှုများ ပြုလုပ်မည်ဟု ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေး ပါတီများက ပြောဆိုသည်။
မန္တလေးမြို့ခံ သတင်းသမားတဦးကလည်း“ကိုယ့်ပါတီက သန့်သန့်ရှင်းရှင်းနဲ့ နိုင်တယ်ထင်ရင် ပါတီဌာနချုပ်မှာ လူ ၀င့်ဝင့်ကြွား ကြွားနဲ့ အောင်ပွဲခံပေါ့၊ အခု သူတို့ဘာသာ ကြိတ်လုပ်တဲ့ သဘော”ဟု ပြောသည်။
မန္တလေးမြို့အောင်မြေသာစံ မြို့နယ်ရှိ မဲဆန္ဒပေးနိုင်သူ တသိန်းသုံးသောင်းတွင် ကြိုတင်မဲပေးသူ ဦးရေမှာ တထောင်ကျော် သာ ရှိသည့် အတွက် တရားမျှတကြောင်း၊ ကျန်သည့် မဲဆန္ဒနယ်မြေများနှင့် ပတ်သက်၍မူ မသိရှိကြောင်း အောင်မြေသာစံ မြို့နယ် ပြည်သူ့ လွှတ်တော် နေရာအတွက် အနိုင်ရရှိထားသည့် ကြံ့ဖွံ့ပါတီမှ ဦးကိုကိုကြီးက ပြောဆိုသည်။

Geen opmerkingen: