မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 9 november 2010

ကြံ့ဖွံ့ပါတီ၏ ကြိုတင်မဲကြောင့် တစည ဝက်ဝက်ကွဲရှုံးဟု ဆို

ရန်ပိုင် Tuesday, 09 November 2010 19:07
.ကြိုတင်မဲများကိုအသုံးချပြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) က တခြား ပါတီများအပေါ် အနိုင်ယူသွားခြင်း ဖြစ်သည်ဟု တိုင်းရင်းသား စည်းလုံညီညွတ်ရေးပါတီ (တစည) က ပြောသည်။
တစညအနေဖြင့် လွှတ်တော်၃ ရပ်တွင်“၀က်ဝက်ကွဲ”ရှုံးနိမ့်သွားကြောင်း၊ထိုသို့ရှုံးနိမ့်ရခြင်းမှာ မည်သည့်အချိန်က ကောက်ခံထားမှန်းမသိသည့် ကြိုတင်မဲများကြောင့်ဖြစ်သည်ဟု ပဲခူးတိုင်း ပြည်မြို့နယ် တစညပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးသာထူးက ပြောသည်။
“မဲလိမ်တယ် မဲခိုးတယ်လို့တော့ မပြောချင်ဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ ဥပဒေရဲ့ ချို့ယွင်းချက် အားနည်းချက်လေးတွေကို အသုံးချသွားတယ်” ဟု ၎င်းက ဆိုသည်။
တစညသည် ပါတီသက်တမ်း နှစ်ပေါင်း ၂၀ ကျော်ရှိသည့်အတွက် စည်းရုံးရေးလုပ်ငန်းများကို ကျေးရွာများအထိဆင်းပြီး သေချာစွာ စီစဉ်ထားကြောင်း၊ ယခုကဲ့သို့ ရှုံးနိမ့်ရခြင်းကိုလည်း အံသြမိကြောင်း ဦးသာထူးက ပြောသည်။
တစညသည်ယခင်မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းထားခြင်းဖြစ်ပြီး ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် တိုက်နယ်များတွင် အားကောင်းကာ ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲ၌ ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် အနိုင်ရရှိခဲ့သော ပါတီဖြစ်သည်။
ပြည်မြို့နယ်တွင် ကြံ့ဖွံ့ပါတီဝင်များဖြစ်သည့် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်၊ ဒေါက်တာ ခင်မောင်လေးက အမျိုးသားလွှတ်တော်၊ ဦးကျော်ကျော်လင်းက တိုင်းဒေသကြီး လွှတ်တော်အမှတ် (၁)နှင့် အမှတ် (၂) အတွက် ဦးမျိုးအောင်တို့က အသီးသီး အနိုင်ရရှိကြောင်းသိရသည်။
အလားတူ တစညမှ သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်သည့် ဦးစန်းလွင်ကလည်း “ကျနော်တို့ပါတီက လူတွေက ရိုးရိုးသားသားနဲ့ ဥပဒေဘောင်အတွင်းက လုပ်တယ်။ သူတို့က ဥပဒေမဲ့လုပ်တော့ အများကြီး သာသွားတာပေါ့” ဟု ဆိုသည်။
မြစ်ကျိုး၊ အိုင်ဂလုံ၊ ကညင်တပင်၊ ဖားရွှေကျော်၊ သစ်ရာကုန်း၊ စည်ပင်၊ မြစ်ကျိုး၊ ကြို့ကုန်းစသည့် ကျေးရွာများတွင် မဲမသမာမှု များကြောင်း၊ ကျေးရွာနှင့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်တွင် ကြံ့ဖွံပါတီဝင်များလည်း ပါဝင်နေသည့်အတွက် တဘက်စောင်းနင်း လုပ်ကိုင်မှုများကို တိုင်ကြားရန် မှတ်တမ်းပြုစုထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
တစညပါတီအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၀င်ရောက်ခဲ့သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် ယခုတကြိမ် ရွေးကောက်ပွဲသည် လုံးဝ တရားမျှတမှုမရှိကြောင်း ဦးစန်းလွင်က ထောက်ပြသည်။
သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကြံ့ဖွံ့ပါတီမှ ဦးမောင်မောင်ကရရှိပြီး လက်ရှိအနေအထားတွင် ပဲခူးတိုင်းတတိုင်းလုံး၌ တစညမှ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်များတွင်သာ အနိုင်ရကြောင်း သိရသည်။
တစညပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းလှိုင်ကလည်း လက်ပံတန်းမြို့နယ်တွင် လွှတ်တော် ၃ ရပ်အတွက် တစညနှင့် ကြံ့ဖွံ့ပါတီ ၂ ပါတီသာ ယှဉ်ပြိုင်ကြကြောင်း၊ ကြံ့ဖွံ့ပါတီအနေဖြင့် ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ သွားမည်ဟု ကြွေးကြော်နေသော်လည်း ရွေးကောက်ပွဲဥပဒေကို ချိုး ဖောက်မှုများ ရှိနေကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ကြိုတင်မဲ နည်းနိုင်သမျှ နည်းရန်ပြောကြားထားသော်လည်း ကြံ့ဖွံ့ပါတီရရှိသည့် ကြိုတင်မဲများသည် လိုအပ်သည်ထက် ပိုမိုများပြားနေကြောင်း ထောက်ပြသည်။
ကြိုတင်မဲကို မီးဖွားသူ၊ နာတာရှည်ရောဂါသည်၊ အိပ်ရာထဲလဲနေသော သက်ကြီးရွယ်အို၊ ကိုယ်ရေပြားရောဂါသည်၊ နယ်ဝေးသို့သွားပြီး တာဝန်ထမ်းရမည့်သူ၊ အချုပ်ကျနေသည့်သူ စသူများသာ ထည့်နိုင်ကြောင်း ရွေးကောက်ပွဲဥပဒေတွင် ပြဋ္ဌာန်းထားသည်။
လက်ပံတန်းမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော် နေရာများ၌ ကြံ့ဖွံ့ပါတီမှ ဒေါ်အေးအေးခိုင်နှင့် ဦးကျော်မင်း၊ ပြည်သူ့လွှတ်တော်တွင် အမှတ် (၂)လျှပ်စစ် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်တွင် မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးဟောင်း ဦးမြင့်ထွန်းတို့က အသီးသီးအနိုင်ရရှိခဲ့သည်ဟု သိရသည်။
ကြိုတင်မဲများ၊ မဲမသာမှုများကို မြို့နယ် တစညပါတီ ကိုယ်စားလှယ်လောင်းများ၏ ကန့်ကွက် ပြောဆိုမှုများနှင့် ပတ်သက်ပြီး တစည ပါတီဌာနချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆန်သွားသည်။

Geen opmerkingen: