မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 8 november 2010

ဂျပန်သတင်းထောက်ကို လ၀က ပုဒ်မဖြင့် တရားစွဲ

ဘစောတင် Monday, 08 November 2010 18:50
.ကရင်ပြည်နယ် မြ၀တီမြို့သို့ ရွေးကောက်ပွဲ သတင်းယူရန် တရားမဝင် ၀င်ရောက်လာသူ ဂျပန် သတင်းထောက်အား မြ၀တီရဲက ဖမ်းဆီးပြီးနောက် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် တရားစွဲထားကြောင်း သတင်း ရရှိသည်။

၂၀၀၇ခုနှစ်အောက်တိုဘာလကတိုကျိုနိုင်ငံတကာလေဆိပ်တွင်တွေ့ရသောမစ္စတာတိုရုယာမဂျိ။(ဓာတ်ပုံ-Reuters)
ယမန်နေ့နံနက်ပိုင်းက ထိုင်းဘက်ခြမ်းမှ မြ၀တီမြို့သို့ ၀င်ရောက်လာသူ APF(AsiaPressFront)ဗီဒီယို သတင်း ဌာန အကြီးအကဲ မစ္စတာ တိုရု ယာမဂျိသည် မြ၀တီမြို့ရွှေမင်းဝံ ဘုန်းကြီးကျောင်းအနီး သတင်း ရိုက်ကူးနေစဉ် အဖမ်းခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။
မစ္စတာ ယာမဂျိကို မြန်မာအာဏာပိုင်များက လူဝင်မှုကြီးကြပ်ရေး(လ၀က) အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃(၁) ဖြင့် တရားစွဲ ထားကြောင်း မြ၀တီမှ ရဲဝန်ထမ်း တဦးက“အဖမ်းခံထားရတဲ့ ဂျပန် သတင်းထောက်ကို နယ်စပ် တရားမ၀င် ဖြတ်ကျော် လာတဲ့အတွက် လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ မြ၀တီစခန်းမှာ အမှုဖွင့်ထားပါ တယ်”ဟု ဧရာဝတီသို့ ပြော သည်။
ထိုပုဒ်မသည် ထောင်ဒဏ် ၂ နှစ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်စလုံး သော်လည်းကောင်း ချမှတ်နိုင်သည်ဟု သိရသည်။
အသက် ၄၉ နှစ် အရွယ်ရှိ မစ္စတာ ယာမဂျိထံမှ နိုင်ငံတကာသုံး ဖုန်းတလုံး၊ ထိုင်းဖုန်းတလုံး၊ ဘောလ်ပင် ဗီဒီယို ကင်မရာ တလုံး၊ APF သတင်းထောက် ကတ်၊ ဂျပန် နိုင်ငံကူး လက်မှတ် တို့ကို သိမ်းယူထားကြောင်း အထက်ပါ ရဲ ၀န်ထမ်းက ဆိုသည်။
မစ္စတာ ယာမဂျိသည် နိုဝင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်း သို့လည်း သွားရောက်ကာ သတင်းမှတ်တမ်းများ ရိုက်ကူးခဲ့သေး ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် မြ၀တီဘက်ခြမ်းသို့ ကူးကာ သတင်းရိုက်ကူးစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု မစ္စတာ ယာမဂျိ က ပြောကြောင်း ရဲဝန်ထမ်းက ပြောဆိုသည်။
ရန်ကုန်မြို့ရှိ ဂျပန်သံရုံးက မစ္စတာ ယာမဂျိကို တွေ့ဆုံခွင့်ရရန် အာဏာပိုင်များထံ တောင်းဆိုထားကြောင်း ကျိုတို သတင်း အေဂျင်စီ ၏ သတင်း တပုဒ်တွင် ဖော်ပြထားသည်။
မစ္စတာ ယာမဂျိကို မြ၀တီ ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့ကြောင်း၊ တရားလိုအဖြစ် မြ၀တီ ခရိုင် လ၀က မှူး က တရားလို ပြုလုပ်ကာ တရားစွဲဆိုထားကြောင်း သိရသည်။
မြဝတီမြို့တွင် ယမန်နေ့မှစ၍ ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် နအဖ တပ်များ စစ်ရေးတင်းမာပြီး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။DKBAကမြဝတီမြို့ရှိအဓိကကျသောစစ်အစိုးရရုံးများကို သိမ်းပိုက်ထားသည်ဟု ဆိုသည်။
ယခု မြဝတီမြို့တွင် တိုက်ပွဲများဖြစ်ပွားနေရာ မစ္စတာ ယာမဂျိကို မည်သည့်နေရာသို့ ရွှေ့ပြောင်း ချုပ်နှောင် ထားသည် ကို မသိရသေးပေ။
မစ္စတာ ယာမဂျိက သူ၏ တွီတာ (Twiter)လူမှု ကွန်ရက် စာမျက်နှာတွင် စစ်အစိုးရ၏ ရွေးကောက်ပွဲတွင် သတင်း ထောက် များကို တားမြစ်ထားခြင်းနှင့် ပတ်သက်၍“ကျနော် တို့ကို မဝင်ရဘူးလို့ တားထားရင်တော့ ရတဲ့ နည်းနဲ့ဝင်၊ သတင်းလိုက်၊ သတင်းပို့ရမှာက ကျနော်တို့ အလုပ်ပါပဲ၊ ကြည့်နေလိုက်ပါ နာဂါအိ”ဟု ရေးသားထားသည်။
၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ရှိ မြန်မာရဟန်း သံဃာများ ဦးဆောင်သော ရွှေဝါရောင် တော်လှန်ရေး တွင် သတင်းယူရင်း ပစ်သတ်ခံရသော ဂျပန် သတင်းထောက် မစ္စတာ ကန်ဂျီးနာဂါအိသည် လည်း APF သတင်းဌာနမှပင် ဖြစ်သည်။
မစ္စတာ ကန်ဂျီးနာဂါအိ ကို ဂုဏ်ပြုသောအားဖြင့် APF သတင်းဌာနမှ ပေးအပ်သော ကန်ဂျီးနာဂါအိဆုကို ပြီးခဲ့သည့်နှစ် တွင် မြန်မာလူငယ် သတင်းထောက် မအိမ့်ခိုင်ဦး ရရှိခဲ့သည်။

Geen opmerkingen: