မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 6 oktober 2010

အားမပေးထိုက်တဲ့ ရွေးကောက်ပွဲ

ဝင်းတင် / ၀၅ အောက်တိုဘာ ၂၀၁၀
ကုလသမဂ္ဂအခွင့်အရေးဆိုင်ရာမဟာမင်းကြီးနာဗီပီလေးက မြန်မာနိုင်ငံမှာ မကြာမီကျင်းပပြုလုပ်တော့မယ့် ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတမှုရှိမရှိ ကမ္ဘာကြီးက “အစွမ်းကုန်သတိထားစောင့်ကြည့်” ဖို့လိုတယ်ဆိုပြီး မကြာသေးမီက ပြောကြားသွားခဲ့ပါတယ်။
ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အဖြေမဟုတ်ပါဘဲလျက် မြန်မာနိုင်ငံအတွက် အရေးကြီးသယောင် လေ့လာစောင့်ကြည့်ဖို့ လိုအပ်သယောင် အဲဒီရွေးကောက်ပွဲအပေါ် အာရုံစိုက်ပြောကြားတာမျိုးကို ကျနော်တို့ ဘ၀င်မကျလှပါဘူး။
နိုဝင်ဘာ(၇)ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့ အဲဒီရွေးကောက်ပွဲဟာ ကျနော်တို့တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် ထာဝရတည်တံ့ခိုင်မြဲရေးအတွက် ဖန်တီးရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ မြန်မာနိုင်ငံမှာ စစ်တပ်အုပ်စိုးရေးကို တရားဝင်ဖြစ်အောင် ရည်ရွယ်ကျင်းပပြုလုပ်တာသာဖြစ်တယ်။
ရွေးကောက်ပွဲကျင်းပပြီးရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ အသက်ဝင်လာမှာဖြစ်တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထိမ်းချုပ်ကွပ်ကဲမှုအောက်မှာရှိတဲ့ လက်ရှိစစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ မည်ကာမတ္တအရပ်သားအစိုးရဆိုတာကို ဖွဲ့စည်းကြပါလိမ့်မယ်။ အဲဒီနောက်မှာတော့ မြန်မာပြည်သူလူထုကြီးတရပ်လုံး စစ်တပ်ရဲ့ ထားရာနေ စေရာသွားဘ၀ကို တရားဝင်သက်ဆင်း ကျရောက်သွားတော့မှာ ဖြစ်ပါတယ်။
ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားမဟာမိတ်ပါတီတွေက စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံငြင်းပယ်ခဲ့ပြီး ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အကြီးအကျယ်ကန့်သတ်ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲဥပဒေတွေက ဒီရွေးကောက်ပွဲပြုလုပ်ရတဲ့ စစ်အစိုးရရဲ့ ရည်ရွယ်ချက်သဘောထားအမှန်ဟာ ကျနော်တို့တိုင်းပြည်မှာ စစ်တပ်အုပ်စိုးမှုတရားဝင်ဖြစ်အောင် အတည်ပြုပေးရေးပဲဆိုတာကို ကျနော်တို့အားလုံး ရှင်းရှင်းလင်းလင်းသိအောင် ဖော်ထုတ်ပြသထားပြီးပါပြီ။
ကျနော်တို့ရဲ့ ဒီမိုကရေစီရေးလိုလားတောင့်တမှုကို စွန့်လွှတ်ဖို့ ကျနော်တို့ ငြင်းဆန်သလို ရွေးကောက်ပွဲကတဆင့် စစ်အစိုးရကို တရားဝင်ဖြစ်အောင် လုပ်ပေးဖို့ကိုလည်း ကျနော်တို့ငြင်းဆန်ပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်အနေအထားကို ထောက်ခံအားပေးနေတဲ့ မြန်မာပြည်သူ သန်းပေါင်းများစွာနဲ့အတူ ကျနော်တို့တတွေ မျှော်လင့်ထားတာက နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ စစ်အစိုးရရဲ့ ရည်ရွယ်ချက်တွေကို ကျနော်တို့လိုပဲ ရှင်းရှင်းလင်းလင်းသိမြင်ပြီး စစ်အစိုးရရဲ့ ဒီမိုကရေစီနည်းလမ်းမကျဘဲ တဖက်သတ်နိုင့်ထက်စီးနင်း ဆောင်ရွက်မှုတွေကို ရပ်တန့်သွားစေဖို့ ဖိအားပေးဆောင်ရွက်သွားနိုင်လိမ့်မယ် ဆိုတာပါပဲ။
မကြာသေးခင်ကအထိ ကုလသမဂ္ဂအဖွဲ့ကြီးက အတိုက်အခံဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံရေးဖြစ်စဉ်တရပ် ဖြစ်ပေါ်လာအောင် တာဝန်ယူဆောင်ရွက်ပေးဖို့ စစ်အစိုးရကို တိုက်တွန်းတောင်းဆိုခဲ့ကြပါသေးတယ်။ ဒါပေမယ့် အခု သူတို့ရဲ့ ကြေညာချက်နဲ့ မိန့်ခွန်းတွေမှာ အရေးကြီးတဲ့ စကားရပ်ဖြစ်တဲ့ “သက်ဆိုင်ရာပါတီအဖွဲ့အစည်းအားလုံးပါဝင်ရေး”ဆိုတဲ့ စကားရပ်ကို ချန်လှပ်ပစ်ခဲ့တာကတော့ အံ့သြစရာပါပဲ။
မစ္စပီလေးက ကမ္ဘာကြီးကို မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် “အစွမ်းကုန် သတိထားစောင့်ကြည့်”ဖို့ တိုက်တွန်းခဲ့ပေမယ့် တကယ်တမ်းမှာတော့ ရွေးကောက်ပွဲနေ့အထိ အကဲဖြတ်စောင့်ကြည့်စရာမလိုပါဘူး။ ရွေးကောက်ပွဲကော်မရှင်ကို စစ်အစိုးရ စိတ်ကြိုက် ခန့်အပ်ခဲ့တာဖြစ်ပြီး သူတို့အားလုံးကလည်း ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတော်တော်များများ ၀င်ပြိုင်လို့မရအောင် ဆုံးဖြတ်ချက်တွေ တဖက်သတ်ချမှတ်ပေးနေတဲ့ စစ်အစိုးရရဲ့ သစ္စာရှိလူယုံတွေပဲဖြစ်တယ်။ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေတွေဟာလည်း နိုင်ငံရေးပါတီတွေအပေါ်မှာ အကြီးအကျယ်ကန့်သတ်ချုပ်ချယ်မှုတွေ ပြုလုပ်ထားတာဖြစ်တယ်။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် ဒါမှမဟုတ် ပါတီအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားဆောင်ရွက်ခွင့်မရအောင် ပိတ်ပင်တားမြစ်ထားပါတယ်။
စစ်အစိုးရဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးအဖွဲ့ဝင်တွေဟာ မြန်မြန်ဆန်ဆန် အရပ်ဝတ်လဲ၊ သူတို့ရဲ့ လူထုအဖွဲ့အစည်းကြီးကို နိုင်ငံရေးပါတီအဖြစ်ပြောင်းလဲလိုက်ပြီး နိုင်ငံတော်ပိုင်ပစ္စည်းတွေ၊ သယံဇာတတွေ၊ ငွေကြေးဥစ္စာတွေနဲ့ ခြိမ်းခြောက်မှုတွေကို အသုံးပြုပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်နေကြတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ ၀န်ကြီးချုပ်ရဲ့ ပါတီနဲ့၊ စစ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ အခြားသစ္စာခံနောက်လိုက်ပါတီတွေ အလိုကျစေဖို့ သူတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို အရှက်မရှိ ကျူးလွန်ဖောက်ဖျက်နေကြတယ်။
ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အဲဒီရွေးကောက်ပွဲကြီး လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိဆိုတာကို ရွေးကောက်ပွဲကျင်းပတဲ့နေ့အထိ စောင့်ကြည့်ဖို့ အမှန်တကယ်လိုအပ်ပါသေးရဲ့လား။
ကံမကောင်းအကြောင်းမလှစွာဘဲ ဥရောပနိုင်ငံတချို့ဟာ စစ်အစိုးရရဲ့ရွေးကောက်ပွဲကို စောင့်ကြည့်ရုံသာမက သူတို့ကို အားပေးအားမြှောက်ပြုနေကြတယ်။ အဲဒီနိုင်ငံတွေက ရွေးကောက်ပွဲသာလျှင် တခုတည်းသော ရွေးချယ်စရာလမ်းအဖြစ် သူတို့ယုံကြည်တဲ့အကြောင်း ကျနော်တို့ကို ဆွေးနွေးပြောဆိုခဲ့ကြပြီး ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ရွေးကောက်ပွဲဝင်သင့်ကြောင်း အကြံပြုခဲ့ကြတယ်။
စစ်တပ်အုပ်စိုးမှုကို ဒီနည်းနဲ့တရားဝင်ဖြစ်အောင် ကျနော်တို့မလုပ်နိုင်တဲ့အကြောင်း ကျနော်တို့ရဲ့ ရပ်တည်ချက်သဘောထားကို အခိုင်အမာရှင်းလင်းပြောပြခဲ့လို့ အခြားသူတွေဘက် ဦးလှည့်သွားပြီး အခု အဲဒီသူတွေကို သူတို့ပြောတဲ့အတိုင်း စစ်အစိုးရဲ့ ရွေးကောက်ပွဲကစားပွဲမှာ ပါဝင်ဖြစ်အောင် အားပေးကူညီမှုတွေလုပ်နေတယ်။ စစ်အစိုးရကို လိုလားထောက်ခံတဲ့ ပညာရှင်တချို့နဲ့ အခွင့်အရေးသမားတချို့ကို စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို အမွှန်းတင်ဖို့အတွက် ဥရောပကို ခရီးထွက်နိုင်အောင် ကူညီတာမျိုး၊ သူတို့လိုလားတဲ့ ပါတီတွေကို ကူညီထောက်ပံ့ပေးတာမျိုး စသည်ဖြင့်ပေါ့။
ဒီမိုကရေစီပါတီအချို့အနေနဲ့ ဥရောပရဲ့ အားပေးကူညီမှုတွေရထားသည့်တိုင်အောင် သူတို့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ ပိုမိုပြင်းထန်လာနေတာ နေ့စဉ်နဲ့အမျှ တွေ့မြင်ကြားသိနေရတာမို့ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်မယ့် အခွင့်အလမ်းလည်း အတော့်ကိုမှေးမှိန်လာနေပါပြီ။ စစ်အစိုးရအနေနဲ့ လိမ်လည်မှုတွေ ခြိမ်းခြောက်မှုတွေသုံးပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာ အားလုံးနီးပါးကို သိမ်းပိုက်ရယူဖို့ ဆုံးဖြတ်ထားပြီးပါပြီ။
စစ်တပ်အတွက် သီးသန့်ဖယ်ထားပေးတဲ့ လွှတ်တော်နေရာ (၂၅)ရာခိုင်နှုန်းနဲ့အတူ လွှတ်တော်နေရာ အားလုံးနီးပါးကို စစ်တပ်နဲ့ သူ့အပေါင်းအပါတွေကသာ ချုပ်ကိုင်ခြယ်လှယ်သွားမယ်ဆိုတာ ထင်ရှားသထက်ထင်ရှားလာနေပါပြီ။ ကိုယ်စားလှယ်အချို့ ကံကောင်းထောက်မစွာ ရွေးကောက်ခံရမယ် ဆိုရင်တောင်မှ အပြောင်းအလဲဖြစ်ပေါ်အောင်လုပ်နိုင်မယ့် ဘာလုပ်ပိုင်ခွင့်အာဏာမှ သူတို့မှာရှိမှာမဟုတ်ဘူး။ ဒီလွှတ်တော်မှာ အစိုးရဖွဲ့နိုင်တဲ့ အခွင့်အာဏာမရှိပါဘူး။ စစ်ဘက်ရေးရာကိစ္စနဲ့ ပတ်သက်လို့လည်း ဥပဒေပြုခွင့်မရှိပါဘူး။ သမ္မတက ခန့်အပ်သူတွေနဲ့ ဘတ်ဂျက်လျာထားမှုတွေအပေါ် ငြင်းဆိုကန့်ကွက်ခွင့်မရှိပါဘူး။
ကောင်းပြီ။ ရွေးကောက်ပွဲက အဖြေမဟုတ်ဘူးဆိုရင် အဖြေကဘာလဲလို့ တစုံတယောက်က မေးခွန်းထုတ်နိုင်ပါတယ်။ အဖြေက ကျနော်တို့ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေးပါပဲ။ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကြား အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကသာလျှင် မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
စစ်တပ်ကတော့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒလုံးဝမရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ စစ်အစိုးအပေါ်မှာ ပြင်းထန်ထိရောက်တဲ့ ဖိအားတွေကို အလေးထားဆောင်ရွက်သွားမယ်ဆိုရင် အဲဒီပြင်ပဖိအားနဲ့ ပြည်တွင်းက ငြိမ်းချမ်းစွာခုခံတွန်းလှန်မှုတွေ ပေါင်းစပ်ပြီး စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်အရောက် တွန်းပို့နိုင်ပါလိမ့်မယ်။
ဥရောပက ကျနော်တို့မိတ်ဆွေများအနေနဲ့ ဘာတခုမှ ပေါ်ထွက်မလာနိုင်တဲ့ ရွေးကောက်ပွဲအပေါ် မျှော်လင့်အိပ်မက်မက်နေတာကို စွန့်လွှတ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ အစပြုနိုင်ဖို့အတွက် စစ်အစိုးရအပေါ် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ကြပါတော့လို့ ကျနော်ဆန္ဒပြုချင်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂစုံစမ်းရေး ကော်မရှင်ဖွဲ့စည်းပေါ်ပေါက်လာရေးကို အားထုတ်ဆောင်ရွက်ရင်း အဲဒီအရေးယူဆောင်ရွက်မှုတွေကို စတင်သင့်ပါပြီ။ ။
မှတ်ချက်။ ။၂၀၁၀ စက်တင်ဘာ(၃၀)ရက်ထုတ်နယူးယောက်တိုင်းသတင်းစာပါ သတင်းစာဆရာကြီးဦးဝင်းတ  င်၏“AnElectionNotWorthyofSupport”ဆောင်းပါးအားဖိုးဇော် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
စာရေးသူ ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီစတင်ထူထောင်ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်ခဲ့ပြီး လက်ရှိ NLDဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ်သည်။ သူသည် ၁၉၈၉ မှ ၂၀၀၈ ခုနှစ်အထိ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။

Geen opmerkingen: