မြတ်ခိုင်ဦး / ၀၆ အောက်တိုဘာ ၂၀၁၀
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော ပုဒ်မ ၁၂၄ (က)ပါ စကားရပ်ဖြစ်သည့် (ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်ပြီးနောက်)ဆိုသောစာသားတွင် ဥပဒေဆိုသော စကားလုံးအား ပယ်ဖျက်ပြီးမှသာ (ပထမအကြိမ် ပြည်သူ့လွှတ်တော်) ကျင်းပနိုင်မည် ဖြစ်သဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်သင့်ကြောင်း ပဲခူးမြို့အခြေစိုက် လမ်းပြကြယ်အဖွဲ့က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ယနေ့အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ကြောင်း သိရှိရသည်။
အဆိုပါစာအား ယနေ့နံနက်တွင် စာတိုက်မှတဆင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၊ နေပြည်တော်ဟု လိပ်မူ၍ ပေးပို့လိုက်ခြင်းဖြစ်သည်ဟု လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “ပုဒ်မ ၁၂၄ (က)ပါ ဖွဲ့စည်းပုံအာဏာ တည်ပြီးနောက်ဆိုသော စကားရပ်ပါနေသဖြင့် ရွေးချယ်တင်မြှောက်ပွဲ ပြီးသော်လည်း ပထမဆုံးခေါ်ယူ ကျင်းပရမည့် ပြည်သူ့လွှတ်တော်ကို ခေါ်မရဖြစ်နေပါတယ်။ ပုဒ်မ(၄၄၁)အရ ပြည်ထောင်စုလွှတ်တော် ကျင်းပသည့်နေ့မှ အာဏာတည်မည်ဖြစ်သဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ကျင်းပချိန်တွင် ပြည်ထောင်စုလွှတ်တော် မကျင်းပရသေးဘူးဆိုတာ သိစေချင်တယ်” ဟု ပြောဆိုသည်။
သို့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေကို မပြင်ဘဲ နေလို့မရကြောင်း သိစေလိုသည်။ မှားယွင်းနေသည့် ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲပြုလုပ်ရန် မသင့်ကြောင်းလည်း ပြောပြချင်သည်ဟု ဦးအေးမြင့်က ဆက်လက်ပြောဆိုသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈ ခုနှစ်)တွင်ပါရှိသည့် ဥပဒေပုဒ်မ၁၂၄(က)တွင်“ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်” ဟု ဖော်ပြပါရှိသည်။
ယင်းဖော်ပြပါ ဖွဲ့စည်းပုံမူကြမ်းမှ အကြောင်းအချက်နှင့်ပတ်သက်၍ ပြည်ပအခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီ ဥပဒေသုံးသပ်ရေးဌာနမှ ဦးမျိုးက “ကျနော်တို့အဖွဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးပါပြီ။ ဒီဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ မကပါဘူး၊ ဖျက်သိမ်းဖို့ပါ။ အခုဟာမှာက ပြည်သူ့လွှတ်တော်ကို ရွေးကောက်ပွဲအပြီး ရက်ပေါင်း (၉၀)အတွင်း ခေါ်ယူရမည်၊ ပြည်သူ့လွှတ်တော် စတင်ခေါ်ယူသည့်ရက်မှ ရက်ပေါင်း (၁၅)ရက်အတွင်း ပြည်ထောင်စုလွှတ်တော်ကို ခေါ်ယူရမည် ဆိုပြီး ပုဒ်မ (၇၈)မှာ ပြဋ္ဌာန်းထားတယ်၊ ဒါကိုက ပြောင်းပြန် ဖြစ်နေပါတယ်။ ပြည်ထောင်စုလွှတ်တော် စတင်ခေါ်ယူမှသာ ဖွဲ့စည်းပုံစတင် အသက်ဝင်မှာဖြစ်တယ်လို့လည်း ပုဒ်မ (၄၄၁)မှာ တိတိလင်းလင်းဖော်ပြထားပါတယ်” ဟု ထောက်ပြပြောဆိုသည်။
သို့အတွက် ဤပြဋ္ဌာန်းချက်များသည် ပြည်သူလူထုကို ဥပဒေများဖြင့် လှည့်စားခြင်းသာဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူ့လွှတ်တော်ကို နအဖအစိုးရက ခေါ်ယူမည်ဖြစ်ခြင်း၊ ပြည်ထောင်စုလွှတ်တော်ကို နာယက ကသာ ခေါ်ယူခွင့်ပြုခြင်းတို့ဖြင့် လှည့်စားထားကြောင်းကိုလည်း မြန်မာနှင့်ကမ္ဘာ့ပြည်သူများ သိစေချင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဖွဲ့စည်းပုံအတည်ဖြစ်သည် ဆိုသောစကားရပ်နှင့် ဖွဲ့စည်းပုံအာဏာတည်သည် ဆိုသောစကားရပ်သည် အဓိပ္ပာယ်မတူဘဲ ဖွဲ့စည်းပုံအာဏာတည်ခြင်းအား မည်သည့်ဥပဒေနှင့်မျှ မထိန်းချုပ်နိုင်ကြောင်း၊ အာဏာတည်ခြင်းကို ဖွဲ့စည်းပုံဥပဒေထဲမှာသာလျှင် ပြဋ္ဌာန်းရခြင်းဖြစ်ပြီး အခြားဥပဒေများကိုသာ အုပ်ချုပ်နေသော အစိုးရက ပယ်ဖျက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံဥပဒေကို ပြည်သူလူထုကသာ ဆန္ဒခံယူပွဲပြုလုပ်၍ ပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း ပြုနိုင်ကြောင်း၊ နအဖအစိုးရသည် လူထုတင်မြှောက်ထားသော တရားဝင်အစိုးရမဟုတ်သဖြင့် ပို၍ပင်ဆိုးကြောင်း ရှေ့နေကြီး ဦးအေးမြင့်က ပြောကြားသည်။
မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့် အထူးပြုနေသူ နိုင်ငံရေးသိပံ္ပမဟာဘွဲ့ရ ကိုကျော်လင်းဦးကလည်း “အမှန်တကယ်ဆို ဆန္ဒခံယူပွဲ ကျင်းပပြီးကတည်းက ဖွဲ့စည်းပုံက အာဏာတည်ရမှာ၊ ပြီးတော့မှ လက်ရှိအစိုးရက အိမ်စောင့်အစိုးရ အဖြစ်ပဲ ထိန်းထားရမှာ။ ဒါပေမယ့် သူတို့က ဒီလို မလုပ်နိုင်တော့ ဘယ်အချိန်မှာ ဖွဲ့စည်းပုံက စတင် အာဏာသက်ဝင်မလဲဆိုတာ မရှင်းဘူးဖြစ်နေတယ်”ဟု ဝေဖန်ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပြီးသည်နှင့် ဖွဲ့စည်းပုံအသစ်သည် ချက်ချင်း အာဏာသက်ဝင်ကာ ရွေးကောက်ပွဲ၌ အနိုင်ရရှိသည့်အဖွဲ့ကို အစိုးရက ချက်ချင်း အာဏာလွှဲအပ်လိုက်ကာ လွှတ်တော်ကျင်းပသည့် အချိန်ကို မစောင့်တော့ကြောင်း၊ မြန်မာနိုင်ငံ၌မူ ယင်းကိစ္စမှာ မရှင်းလင်းကြောင်း ၎င်းက ပြောကြားသည်။
Geen opmerkingen:
Een reactie posten