မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 12 oktober 2010

နှစ်ဆန်းတွင် အေအာရ်ဗွီဆေး စတင်ပေးတော့မည်

အောင်ထက် / ၁၂ အောက်တိုဘာ ၂၀၁၀
ပြည်တွင်းရှိ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် အေအာရ်ဗွီ (ARV) ဆေးဝါးများ ထောက်ပံ့ပေးမည့် ဂလိုဘယ်ဖန်းသည် အနှောင့်အယှက် တစုံတရာမရှိပါက လာမည့် ၂၀၁၁ ဇန်န၀ါရီ (၁) ရက်နေ့တွင် ဆေးဝါးများ စတင်ပေးဝေမည်ဖြစ်ကြောင်း MarieStopesInternational၏CountryDirector ဒေါက်တာစစ်နိုင်က ပြောကြားသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာအခြေစိုက် ဂလိုဘယ်ဖန်းသည် ပြည်တွင်း၌ အသေးစိတ်တွက်ချက် ဆွေးနွေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း၊ ရုံးအဖွဲ့များစွာမှလည်း စာရွက်စာတမ်းမှအစ အစိုးရကိစ္စအထိ ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဂလိုဘယ်ဖန်းဟာအလုပ်တွေလက်ရှိလုပ်နေပါတယ်။စာရွက်စာတမ်းကိစ္စရှင်းလင်းစရာအနည်းငယ်ကျန်ဦးမယ်။ လာမယ့် ဇန်န၀ါရီမှာ ငွေစသုံးမယ်။ ဆေးထုတ်ပေးမယ်။ လူတွေကို ပညာပေးဆွေးနွေးမှုတွေ လုပ်မယ်” ဟု ဒေါက်တာစစ်နိုင်က ပြောသည်။
ဂလိုဘယ်လ်ဖန်းသည် ကုလသမဂ္ဂကျောထောက်နောက်ခံပြု ကျန်းမာရေး ရန်ပုံငွေအဖွဲ့ကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် အကူအညီပေးနေသည့် အဖွဲ့ကြီးဖြစ်သည်။
မြန်မာနိုင်ငံအတွင်းတွင် နအဖစစ်အစိုးရက ခရီးသွားလာမှုများ ကန့်သတ်ချုပ်ချယ်သောကြောင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိဟု ဆိုကာ ဂလိုဘယ်ဖန်းအဖွဲ့ကြီးက မြန်မာနိုင်ငံတွင် ရောဂါတိုက်ဖျက်ရေး အကူအညီပေးနေသည့် ရန်ပုံငွေများကို ၂၀၀၅ ခုနှစ် သြဂုတ်လတွင် ရပ်ဆိုင်းခဲ့သည်။
ထို့နောက်ပိုင်းတွင် ဗြိတိန်၊ သြစတြေးလျ အစရှိသော အလှူရှင်နိုင်ငံများပါဝင်သည့် သရီးဒီဖန်း (3 D Fund) အဖွဲ့ကြီးက မြန်မာနိုင်ငံတွင် ရောဂါသုံးမျိုးတိုက်ဖျက်ရေးအတွက် ငွေကြေးအကူအညီများ ပေးအပ်ခဲ့သည်။
၂၀၀၆ မှ ၂၀၁၁ ခုနှစ် (၅) နှစ် ကာလအတွင်း မြန်မာပြည်တွင်းရှိနေသည့် သရီးဒီဖန်းသည် စီမံကိန်းသုံးငွေ ကန်ဒေါ်လာ (၁၂၅) သန်း သုံးစွဲခဲ့သည်ဟု အိုင်အန်ဂျီအိုတခုက ပြောသည်။
လာမည့် ၂၀၁၁ တွင် သရီးဒီဖန်း မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ပြီး ဂလိုဘယ်ဖန်းက ပြည်တွင်းသို့ အေအာရ်ဗွီ ထောက်ပံ့မှု စတင်မည်ဖြစ်ကြောင်း၊ ဤသို့ စတင်ရာတွင် ဌာနတခုတည်းမှ ကြီးစိုးခြင်း၊ အစိုးရ၏ ချုပ်ကိုင်ခြင်းများကို ဂလိုဘယ်ဖန်းက ခွင့်ပြုမည်မဟုတ်ကြောင်း အဆိုပါ အိုင်အန်ဂျီအိုမှ တာဝန်ရှိသူတဦးက ပြောသည်။
ဂလိုဘယ်ဖန်း တာဝန်ယူမည့် (၅) နှစ်တာ ကာလအတွင်း ကုလအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အိတ်ခ်ျအိုင်ဗွီ ကူးစက်ဝေဒနာရှင်များ၏ အကြံဉာဏ်များ ရယူကာ စီမံကိန်းတခု ရေးဆွဲမည်ဖြစ်ပြီး ထိုစီမံကိန်းကို မြန်မာအစိုးရက အတည်ပြုပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ဒေါက်တာစစ်နိုင်က “ဂလိုဘယ်ဖန်းဟာ ဖွံ့ဖြိုးဆဲ ဘယ်နိုင်ငံကမဆို ရောဂါကြီး (၃)မျိုးဖြစ်တဲ့ တီဘီ၊ ငှက်ဖျား၊ အေအိုင်ဒီအက်စ် ရောဂါတွေအတွက် လျှောက်ထားပြီး လှမ်းတောင်းလို့ရတဲ့ ရန်ပုံငွေဖြစ်ပါတယ်။ 3DFundကျမြန်မာပြည်အတွက်ပဲလုပ်ပေးတယ်။ ဂလိုဘယ်ဖန်းနဲ့ အစိုးရပိုင်း ဒီဘက်ကလည်း နည်းနည်းဟ၊ ဟိုဘက်ကလည်း နည်းနည်းဟနဲ့ ပြေလည်ပါတယ်။ ပြေလည်လို့လည်း ဒီအဆင့်ကို ရောက်လာရခြင်းဖြစ်ပါတယ်” ဟု ရှင်းပြသည်။
အစိုးရနှင့် ညှိနှိုင်းမှုအပိုင်းကိုလည်း ၎င်းကပင် “သဘောတူတယ်၊ မတူဘူး အဲလိုမဟုတ်ပါဘူး။ ဥပမာ ဆေးဝါးတွေကို သိုလှောင်ဖို့ ဌာနတို့၊ ဂိုဒေါင်တို့ကအစ ဒီဟာနဲ့ဆံ့ပါ့မလား။ မဆံ့ရင် နောက်တခု ထပ်ဆောက်မလား။ ဟိုဟာ လိုအပ်မယ်ထင်လိုက်၊ တမျိုးတောင်းလိုက် အဲလိုပုံစံမျိုးပါ” ဟု ပြောသည်။
ဂလိုဘယ်ဖန်း၌ ရန်ပုံငွေကိုင်သော အဓိက (၂)ဖွဲ့ရှိကြောင်း၊UNOPSနှင့် Safethe Children တို့ဖြစ်ကြောင်း၊ ဂလိုဘယ်ဖန်းမှလာသမျှ ရန်ပုံငွေလမ်းကြောင်းကို ယင်းနှစ်ဖွဲ့မှ ကိုင်တွယ်ဖြန့်ဖြူးမည်ဖြစ်ကြောင်း၊ ခေါင်းခံသုံးစွဲပေးမည်မှာ ယင်းနှစ်ဖွဲ့ပင်ဖြစ်ကြောင်း ဒေါက်တာစစ်နိုင်က ဆက်လက်ပြောဆိုသည်။
မြန်မာပြည်မှ မကြာမီထွက်ခွာတော့မည့် သရီးဒီဖန်း၏ ဆေးဝါးပံ့ပိုးမှုသည် အားရစရာမရှိဟူသော အန်ဂျီအိုများ၏ ယူဆချက်များအပေါ် ဒေါက်တာစစ်နိုင်က “လုပ်ပုံကိုင်ပုံ သိပ်မကွာနိုင်ဘူး။ ဂလိုဘယ်ဖန်းဟာ အနည်းငယ်ပိုများနိုင်မယ်။ တဖက်ကပြောရင် သရီးဒီဖန်းဟာ သေချာလုပ်ခဲ့တဲ့အတွက် ဂလိုဘယ်ဖန်းပြန်ဝင်လို့ ရသွားတယ်” ဟုဆိုသည်။
အိတ်ခ်ျအိုင်ဗွီအရေးဆောင်ရွက်နေသူ မဖြူဖြူသင်းကမူ “ဂလိုဘယ်ဖန်းဟာ ၂၀၁၆ အထိ ဆွဲပေးသွားမယ့် သဘောရှိတယ်။ လူနာကြည့်မယ်။ CD4 Count စစ်မယ်။ CD4 100 အောက် ဦးစားပေးမယ်။ အေအာရ်ဗွီ ဆေးဟာ ရာသက်ပန်သုံးရမယ့် ဆေးဖြစ်တာမို့ တချိန်ချိန်မှာ ပြည်ပအလှူရှင်တွေ မရှိတော့ရင် HIV (+) တွေအတွက် ဆိုးကျိုး ဖြစ်သလို လူမျိုးအတွက်လည်း ထိခိုက်စရာတွေရှိတယ်” ဟု ပြောဆိုသည်။
၂၀၀၉ ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ပိုး ကူးစက်ခံရသူပေါင်း (၂၃၇,၆၈၄) ဦးရှိပြီး ထိုသူများတွင် (၂) သောင်းကျော်သာ အေအာရ်ဗွီ ဆေးဝါးရရှိပြီး အေအာရ်ဗွီဆေးဝါး လိုအပ်သူပေါင်း (၇) သောင်းကျော်ရှိကြောင်း ကျန်းမာရေးဝန်းကြီးဌာနမှ ထုတ်ပြန်ချက်ကိုကိုးကား၍ ယခုနှစ် စက်တင်ဘာထုတ် ဆဲဗင်းဒေးသတင်းဂျာနယ်တွင် ဖော်ပြသည်။

Geen opmerkingen: