မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 12 oktober 2010

ကြံ့ဖွံ့အမတ်လောင်းအချို့ ပြိုင်ဘက်မရှိ

မျိုးဝင်းဇော် / ၁၂ အောက်တိုဘာ ၂၀၁၀
နအဖ ဗိုလ်ချုပ်ဟောင်းများ အပါအဝင် ကြံ့ဖွံ့ အမတ်လောင်းအချို့သည် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတို့တွင် ပြိုင်ဘက်မရှိသည့်အတွက် သေချာပေါက် အမတ်လောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။
၎င်းက “ကျနော်တို့ ရန်ကုန်တိုင်းမှာဆိုရင် တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုကိုးကျွန်း မဲဆန္ဒနယ်မြေ (၁) က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဆိုရင် သူ့နယ်မြေမှာ ယှဉ်ပြိုင်မယ့်သူ မရှိဘူး။ ဒါကြောင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၃၆ (ခ)အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမြန်ဆုံးကြေညာဖို့ ခရိုင်ကော်မရှင် အဖွဲ့ခွဲကနေ ကျနော်တို့ဆီ တင်ပြလာတယ်။ ကျနော်တို့ကလည်း ပြည်ထောင်စုကော်မရှင်ထံ ဆက်လက် တင်ပြထားပြီးပြီ။ ပြည်ထောင်စု ကော်မရှင်က ဘယ်တော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာမလဲဆိုတာတော့ နည်းဥပဒေထဲမှာ မပါဘူး” ဟု ပြောသည်။
တိုင်း (၃)တိုင်းမှ ပြိုင်ဘက်မရှိ ကြံ့ဖွံ့ အမတ်လောင်းများမှာ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဒု-ဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်း၊ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၈)မှ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးကျားမောင်၊ တိုင်းလွှတ်တော်အတွက် ကျွန်းစုမြို့နယ် (၁) နှင့် (၂) မှ ဦးသိန်းလွင်နှင့် ဦးတင်စိုး၊ တနင်္သာရီမြို့နယ် အမှတ် (၁) နှင့် (၂) မှ ဦးအောင်ဆန်းလွင်နှင့် ဦးသက်နိုင်၊ စစ်ကိုင်းတိုင်း လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဦးဆားမူ၊ တိုင်းလွှတ်တော်အတွက် ဘုတလင် အမှတ် (၁) နှင့် (၂) မှ ဦးစိန်ဝင်းလှိုင်နှင့် ဦးသာအေး၊ ဒီပဲယင်း (၁) မှ ဦးသိန်းထွန်းဦး၊ လဟယ် (၁) မှ ဦးရူစံကြူး၊ ရန်ကုန်တိုင်းလွှတ်တော်အတွက် ကိုကိုးကျွန်း (၁) မှ ဦးအောင်နိုင်တို့ ဖြစ်ကြသည်။
အဆိုပါ စာရင်းမှာ တိုင်း (၃) တိုင်းမှ စာရင်းသာဖြစ်ပြီး အခြား ပြည်နယ်နှင့် တိုင်းတို့တွင်လည်း ယခုကဲ့သို့ ပြိုင်ဘက်မရှိ အမတ်လောင်းများ ရှိမရှိ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးကို မေးမြန်းရာ ၎င်းတို့အနေဖြင့် မသိကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသာ သိပြီး ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးထံ ဆက်သွယ်မေးမြန်းရာ ယခုကိစ္စနှင့် ပတ်သက်ပြီး လောလောဆယ် တစုံတရာ ထုတ်ပြန်ကြေညာရန် မရှိကြောင်း၊ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ စုစုပေါင်း (၁,၁၆၃) နေရာ ရှိသည့်အနက် ကြံ့ဖွံ့ပါတီက မဲဆန္ဒနယ်မြေပေါင်း (၁,၁ဝဝ) ကျော်၊ တစည ပါတီက (၉၉၉) နေရာနှင့် ကျန်ပါတီပေါင်း (၃၅) ပါတီတို့က အမတ်နေရာ (၁,ဝဝဝ) နီးပါး အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ယခု ဖော်ပြခဲ့သည့် တိုင်း (၃)တိုင်းအပြင် အခြား ပြည်နယ်နှင့်တိုင်းတို့တွင် ပြိုင်ဘက်မရှိ ကြံ့ဖွံ့အမတ်လောင်းများ ရှိနေပြီး မဲဆန္ဒနယ် အများစုမှာမူ ကြံ့ဖွံ့နှင့် တစည တို့သာ ပြိုင်ရန် စာရင်းတင်သွင်းထားသည့်အတွက် ပြည်သူများ အခြား ရွေးချယ်ခွင့် ရှိနိုင်မည်မဟုတ်ဟု စုံစမ်းသိရသည်။

Geen opmerkingen: