မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 12 oktober 2010

စစ်ဗိုလ်ကို ကာကွယ်တဲ့ အခြေခံဥပဒေ

အောင်ကျော်ခင် / ၁၁ အောက်တိုဘာ ၂၀၁၀
စစ်အာဏာရှင် ကြပ်ပြေးဘုရင်စနစ်နဲ့ အနှစ် (၂၀) ကျော် အုပ်ချုပ်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေအရ နိုဝင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပတော့မယ်ဆိုတော့ ဥပဒေမရှိဘဲ ထင်သလိုလုပ်နေတာထက်စာရင်တော့ တော်သေးတာပေါ့လို့ အိမ်နီးချင်းနိုင်ငံတွေက မြင်ကြတယ်။ ဒါပေမယ့် အခြေခံဥပဒေ စာမျက်နှာ (၃) မှာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ ကျင့်သုံးတယ်လို့ ရေးထားတာ ဥပဒေနဲ့မတူဘဲ ၀ါဒဖြန့် စာပေလိုဖြစ်နေတယ်။ ဒီမိုကရေစီ စစ်တယ်၊ မစစ်ဘူးဆိုတာ ဥပဒေက ပြမှာမို့ ကြော်ငြာနေစရာ မလိုပါဘူး။
မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ကျင့်သုံးနိုင်ခြင်း မရှိတဲ့အတွက် ၁၉၇၄ မှာ တပါတီဆိုရှယ်လစ်ဒီမိုကရေစီကို တည်ဆောက်ခဲ့ကြောင်း၊ ဒါပေမယ့် ၁၉၈၈ မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့် ဆိုရှယ်လစ်အခြေခံဥပဒေလည်း ရပ်ဆိုင်းသွားရတယ်လို့ နိဒါန်းမှာ ရေးထားပါတယ်။ ၁၉၄၇ အခြေခံဥပဒေဟာ ခြောက်ပြစ်ကင်းမဟုတ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲပြီး လွတ်လပ်ရေးကို ရယူထားတဲ့ မူလဥပဒေဖြစ်တာမို့ ဒီဥပဒေကို ပြင်ဆင်သုံးစွဲတာကသာ ဒီမိုကရေစီနည်းဖြစ်ပြီး ဗုဒ္ဓဘာသာတရားနဲ့လည်း ကိုက်ညီတယ်။
အရင်က ပြဋ္ဌာန်းခဲ့တဲ့ တရားဥပဒေ ဓလေ့ထုံးစံနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ပြီး ထင်သလို ဥပဒေမပြုဖို့ ဗုဒ္ဓဘာသာကျမ်းတွေမှာ ပါတဲ့ ‘အပရိဟာနိယ’ တရားက ညွှန်ကြားထားတယ်။ ဒီတရားကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့လို့ အနောက်တိုင်းသားတွေ တိုးတက်တာလို့လည်း ဆိုတယ်။ နအဖရဲ့ အခြေခံဥပဒေမူကြမ်းပါ လွှတ်တော် (၄)မျိုးစလုံးမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်က (၇၅)ရာခိုင်နှုန်း စစ်တပ်ကခန့်တဲ့ စစ်မှုထမ်းကိုယ်စားလှယ်က (၂၅) ရာခိုင်နှုန်း ပါဝင်နေတယ်။
နိုင်ငံရေးအာဏာရဲ့ အခြေခံဟာ ပြည်သူ့ဆန္ဒသာဖြစ်ရမယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂၁)ကို နအဖအခြေခံဥပဒေက ဆန့်ကျင်တယ်။ တစ္တေ၊ မှင်စာ၊ ဘီလူး၊ သရဲနဲ့ နာနာဘ၀ကို ယုံကြည်သူကသာ မြန်မာစစ်အစိုးရပြဋ္ဌာန်းတဲ့ ဒီမိုကရေစီကို ယုံကြည်လိမ့်မယ်လို့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပင်ညဲရိုးက ၂၀၀၈ မတ်လက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြောသွားတယ်။ တော်တော်ခက်တဲ့ ပင်ညဲရိုးပါလား။ တစ္တေ၊ သရဲ၊ ဘီလူး၊ မှင်စာနဲ့ ချေးစားစုန်းကို ယုံကြည်သူတွေ မြန်မာပြည်မှာ အများကြီးရှိတာ သူမသိဘူးလေ။
နိုင်ငံတော်အကြီးအကဲမှာရှိရမယ့် အရည်အချင်းကို ဖော်ပြရာမှာ ခင်ပွန်း (သို့မဟုတ်)ဇနီးက နိုင်ငံခြားသားဖြစ်ရင် လုပ်ပိုင်ခွင့်မရှိဘူး။သားသမီး(သို့မဟုတ်)ဇနီး(သို့မဟုတ်)ခင်ပွန်းက နိုင်ငံခြားသားဖြစ်ရင်လည်း လုပ်ပိုင်ခွင့်မရှိဘူးလို့ ဖော်ပြတယ်။ ၁၉၈၉ ရွေးကောက်ပွဲဥပဒေမှာလည်း ဒီပုံစံအတိုင်း ရေးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာလို့ မြင်ကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ပါဝင်ရေးဆွဲတဲ့ ၁၉၄၇ အခြေခံဥပဒေမှာလည်း ဒီလိုပဲပြဋ္ဌာန်းတယ်လို့ နအဖဗိုလ်ချုပ်တွေ ပြောလေ့ရှိတယ်။ ဒါပေမယ့် ၁၉၄၇ အခြေခံဥပဒေပုဒ်မ(၇၄)အပိုဒ် (၁)မှာ နိုင်ငံခြားသားအဖြစ် ခံယူသူဟာ ရွေးကောက်ပွဲဝင်ခွင့်မရှိဘူးလို့သာ ရေးထားတာပါ။ ခင်ပွန်း (သို့မဟုတ်) ဇနီး၊ သား (သို့မဟုတ်) ချွေးမက နိုင်ငံခြားသားဖြစ်နေရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ နအဖစစ်အစိုးရ ရေးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို မပါဝင်နိုင်အောင် တမင်ရည်ရွယ်ပြီး ရေးထားသလို ဖြစ်နေပါတယ်။ ဒေါ်စုဟာ အင်္ဂလန်မှာ အမြဲတမ်းနေခွင့်ရဖူးတဲ့ မြန်မာနိုင်ငံသူသာ ဖြစ်ခဲ့တယ်။
ဒါပေမယ့်(၂)နှစ်အတွင်းအင်္ဂလန်ကိုပြန်မလာရင်အမြဲတမ်းနေထိုင်ခွင့်ပျက်ပြယ်တာမို့ ဒေါ်အောင်ဆန်းစုကြည်မှာ ဒီအခွင့်အရေးဆုံးရှုံးနေတာ ကြာပါပြီ။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုပါဝင်လာမှာကို ဗိုလ်ချုပ်တွေ ကြောက်နေရင် ဒီမိုကရေစီစကား မပြောတာ ကောင်းပါတယ်။ အီတလီနိုင်ငံသူနဲ့ လက်ထပ်ထိမ်းမြားထားတဲ့ ရာဂျစ်ဂန္ဒီ အိန္ဒိယ၀န်ကြီးချုပ် ဖြစ်လာတာကသာ စစ်မှန်တဲ့ဒီမိုကရေစီ သဘောတရားကို ပြသရာရောက်တယ်လို့ မြင်ကြတယ်။
နအဖအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းက ထောက်ခံရမယ်လို့ ဖော်ပြထားတယ်။ ပြည်သူ့ကိုယ်စားလှယ်(၇၅)ရာခိုင်နှုန်းမှာ စစ်ဗိုလ်ဟောင်းနဲ့ အရပ်သား ရောနှောနေတာမို့ အားလုံးရဲ့ ထောက်ခံမှုကို ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် နအဖအခြေခံဥပဒေဟာ ပျဉ်းမနားက ကြပ်ပြေးအာဏာရှင်စနစ်ကို တရားဝင်ကြောင်း ကြေညာသလို ဖြစ်နေတယ်။
နိုင်ငံသားအခွင့်အရေးကို စစ်အစိုးရပြဋ္ဌာန်းတဲ့ တည်ဆဲဥပဒေတွေက ကန့်သတ်ထားတဲ့အတွက် အကြောင်းမထူးတာ တွေ့ရတယ်။ ဒါပေမယ့် စစ်ဗိုလ်ကြီးစိုးတဲ့ နိုင်ငံရေးစနစ်ကို ပြည်သူလူထုက ထောက်ခံတဲ့သဘောမျိုးဖြစ်အောင် လုပ်နိုင်ရင် ရေရှည်မှာ အပြည်ပြည်ဆိုင်ရာကလည်း အသိအမှတ်ပြုလာနိုင်တယ်လို့ နအဖအစိုးရက တွက်ထားပုံရတယ်။ ပြည်သူ့ထောက်ခံမှု ရယူတာဟာ ကမ္ဘာ့ဓလေ့ထုံးစံလို ဖြစ်နေတာမို့ နအဖစစ်အစိုးရကလည်း ပြည်သူ့ထောက်ခံမှု ရရှိကြောင်း အတင်းအဓမ္မ လုပ်ပြနေတာပါ။ ပြည်ပလေ့လာရေးအဖွဲ့တွေကို လာခွင့်မပြုတာဟာ ဒီအချက်ကို ထင်ရှားစေတယ်။
စစ်တပ်ရဲ့ ပြစ်မှုတွေကို နောက်တက်လာမယ့်အစိုးရက အရေးမယူနိုင်အောင် ၂၀၀၈ အခြေခံဥပဒေက ကာကွယ်ထားတယ်။ စစ်အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေကို အရေးယူခွင့်မရှိဘူးလို့ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားတယ်။ အခြေခံဥပဒေအခန်း (၁၄)ပုဒ်မ (၄၄၅)မှာ စစ်အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့သူကို အရေးယူခွင့်မရှိဘူးလို့ ရေးထားတယ်။ ဒါပေမယ့် အရပ်သားကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတဲ့ လူသတ်မှုကြီးတွေကို အခြေခံဥပဒေက မကာကွယ်နိုင်ပါဘူး။ ဗမာက လက်မှတ်ထိုးထားတဲ့အတွက် လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ ရှိပါသေးတယ်။ ၂၀၀၈ အခြေခံဥပေဒဟာ ဒီမိုကရေစီလမ်းကြောင်းကို ပိတ်ဆို့ထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပလိုက်တာဟာ စစ်ဗိုလ်နဲ့ အပေါင်းပါ စီးပွားရေးသမားတစုကို ပိုပြီး ချမ်းသာစေတယ်။ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလာပြီး စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးစုကို နေရာပေးတာမဟုတ်တော့ လက်နက်ကိုင်ထားမှ ကိုယ်ပိုင်အုပ်ချုပ်ရေး ရမလိုဖြစ်နေတယ်။ သဘာဝဓာတ်ငွေ့ ရောင်းလို့ရတဲ့ငွေကို တိုင်းပြည်တည်ဆောင်ရေးမှာ မသုံးဘဲ ကြပ်ပြေးနေပြည်တော် တည်ဆောက်ရေးမှာ သုံးနေတာ သိသာတယ်။ စီးပွားရေးပြဿနာကို ဂရုမစိုက်တဲ့ နအဖဟာ လူမှုရေးပြဿနာကိုလည်း ဂရုစိုက်ရကောင်းမှန်းမသိဘူး။
စီးပွားရေးတိုးတက်ဖို့အတွက် ခေတ်မီအုပ်ချုပ်ရေး အတတ်ပညာရှိဖို့ လိုတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမှာ အတတ်ပညာဟာ အရေးအကြီးဆုံးဖြစ်တယ်။ အတတ်ပညာဟာ အုပ်ချုပ်ရေးကျွမ်းကျင်မှုနဲ့ ရောစပ်နေတာမို့ ရိုးသားဖြောင့်မတ်မှုနဲ့လည်း ဒွန်တွဲနေတယ်။ အုပ်ချုပ်ရေးမှာ အဂတိလိုက်စားတာဟာ ဖောက်ပြန်တဲ့ စနစ်ဟောင်းကို ပြန်သွားနေတာပါ။
လူလူချင်းခေါင်းပုံဖြတ်ပြီး မတရားလုပ်တာကို တိုက်ဖျက်ရမယ်လို့ ၁၉၆၂ အာဏာသိမ်းပွဲမှာ ကြွေးကြော်ပြီး မတ်လ(၂)ရက်နေ့ကိုတောင်သူလယ်သမားနေ့လို့သတ်မှတ်တယ်။ အခုတော့ တောင်သူလယ်သမားတွေကို စစ်တပ်က ခေါင်းပုံဖြတ်ရုံတင်မကတော့ဘဲ အတင်းအဓမ္မ အလကားခိုင်းစားနေတယ်။ ဆိုရှယ်လစ် လူ့ဘောင်သစ်ကို ချီတက်ရာမှာ အတွေးအခေါ်အယူအဆနဲ့ စိတ်နေစိတ်ထား ပြောင်းလဲဖို့လိုကြောင်း ကြွေးကြော်ပြီး တပြည်လုံးမှာ နိုင်ငံရေးသင်တန်းတွေ ပေးတယ်။ ကာယကံ၊ ၀စီကံ၊ မနောကံ စတဲ့ အလုပ် (၃)ပါးစလုံးရှေ့နောက်မှန်ကန်ညီညွတ်မှသာလျှင်တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေ အောင်မြင်မယ်လို့ ယုံကြည်ကြောင်း သင်တန်းပေးခဲ့တယ်။
ဒါပေမယ့် ပြောချင်ရာပြောပြီး လုပ်ချင်တာလုပ်တဲ့အကျင့်ကို စစ်ခေါင်းဆောင်တွေ မဖျောက်နိုင်သေးဘူး။ မြန်မာပြည်မှာ အခုလို အဘက်ဘက်က ချွတ်ခြုံကျရတဲ့ အခြေခံအကြောင်းရင်းကို ရှာဖွေရာမှာ စစ်ခေါင်းဆောင်နဲ့ နောက်လိုက်တွေရဲ့ အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားကို သုံးသပ်သင့်တယ်။ စိတ်ဖောက်သူPsychopathတွေဟာသူတို့ဖြတ်သန်းလာခဲ့တဲ့အတွေ့အကြုံအရ သင်ခန်းစာမယူနိုင်တာကြောင့် အသစ်အဆန်းကို လေ့လာနိုင်စွမ်းမရှိတဲ့အတွက် သူတို့ အရင်က လုပ်ခဲ့တာတွေကိုသာ ထပ်ခါတလဲ လုပ်တတ်တယ်ဆိုတယ်။ ဒါကြောင့်လည်း မဆလခေတ်ကို ပြန်သွားနေတာဖြစ်ပုံရတယ်။






Geen opmerkingen: