စိုင်းဇွမ်ဆိုင်း Friday, 05 November 2010 13:36
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)၏ စည်းရုံး မဲဆွယ်ရာတွင် ဥပဒေနှင့် မညီသည့် အချက်အလက် များကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်)ကျားဖြူပါတီ(SNDP)က ထုတ်ဖော် ပြောဆိုလိုက်သည်။
မူဆယ်မြို့တွင်ကျားဖြူပါတီအလံနှင့်ဆိုင်းဘုတ်တင်သည့်အခမ်းအနား(ဓာတ်ပုံ–Shanland)
ပြီးခဲ့သည့် အဂါင်္နှင့် ဗုဒ္ဓဟူးနေ့များတွင် စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်၌ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် များမှတဆင့် အဓမ္မ ကြိုတင်မဲကောက်ခံခဲ့မှုကို ကျားဖြူပါတီ က ကသာခရိုင် ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာ တင်မည် ဖြစ်ကြောင်း သိရှိရသည်။
ဗန်းမောက်မြို့နယ် ကျားဖြူပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ညွန့်က“မနေ့ နဲ့ အရင်နေ့တွေမှာ ကော်မရှင်က ရပ်ကွက်တွေ၊ ရွာတွေမှာ မောင်းထုပြီးကြိုတင်မဲပေးဖို့ ဆော်သြတယ်၊ တချို့နေရာမှာဆိုရင် ခြင်္သေ့ကိုမဲထည့် ဖို့ တိုက်တွန်းတယ်၊ တချို့နေရာမှာ ဆိုရင် ကော်မရှင်အဖွဲ့ဝင်တွေ ကိုယ်တိုင် ခြင်္သေ့နေရာမှာအမှန်ခြစ်ပေးတယ်”ဟု ဧရာဝတီသို့ပြောသည်။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက ယင်းသို့ကြိုတင်မဲ ကောက်ခံရခြင်းမှာ ရွေးကောက်ပွဲနေ့တွင် မနိုင်မနင်း ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ကြိုတင်ကောက်ထားရခြင်း ဖြစ်သည်ဟု ပြောဆိုကြောင်း၊ ယင်းပြောဆိုချက်များအပေါ် ဒေသခံ ကျားဖြူပါတီဝင်များက မကျေမနပ်ဖြစ်နေကြောင်းလည်း သိရှိရသည်။
ကျားဖြူပါတီ၏ ပြောခွင့်ရ စိုင်းဇင်ဒီဒီဇုံ က ကြံ့ဖွံ့ပါတီ သည် တပြည်လုံးအတိုင်းအတာဖြင့် ကြိုတင်မဲကောက်ခံနေမှုများ ပြုလုပ်နေကြောင်း၊ သို့သော် ဥပဒေ ကျော်လွန်သည့် စည်းရုံးမှုများ ပြုလုပ်လာလျှင် ကျားဖြူပါတီအနေဖြင့် တိုင်ကြား သွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကပါ ကြံ့ဖွံ့ပါတီကို ဘက်လိုက်ပြီး ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်နေတာမျိုးတွေ ဆိုရင် မြို့နယ် ကော်မရှင်၊ ခရိုင်ကော်မရှင်ဆီကို စာတင်ပြီးမှ သူတို့ရဲ့ လုပ်ရပ်တွေကို ကန့်ကွက် သွားမယ်”ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများတွင် မဲရုံများထားရှိခြင်းကိုလည်း ဒေသခံ ကျားဖြူ ပါတီဝင်များက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကန့်ကွက်စာ တင်ခဲ့သည်ဟု သိရှိရသည်။
ဖားကန့်ဒေသတွင်မဲရုံ၁၇ ရုံထားရှိမည်ဖြစ်ပြီး၎င်းတို့အနက်မဲရုံ၂ခုသည် ဖားကန့်ဒေသခံများအတွက်လည်းကောင်း၊ ကျန်မဲရုံ ၁၅ ရုံသည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဝန်ထမ်းများအတွက် ဖြစ်သည်ဟု လည်းကောင်း ဖားကန့်ဒေသ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးထားကြောင်း သိရှိရသည်။
ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများတွင် ထားရှိမည့် မဲရုံများသည် ဒေသခံများ၏ မဲရုံနှင့် ဝေးသဖြင့် ယခုကဲ့သို့ သတ်မှတ် ရခြင်း ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြသော်လည်း တကယ်တမ်း တွင် ၂ ဖာလုံခန့်သာ ဝေးသည်ဟု ဒေသခံများက ပြောဆိုသည်။ ဖားကန့်ဒေသတွင် မဲပေးနိုင်သူဦးရေ ၂ သောင်းကျော် ရှိသည်ဟုလည်း သိရှိရသည်။
မဲပေးမည့် ကျောက်စိမ်းဝန်ထမ်းများအပေါ်တွင် အာဏာပိုင်များနှင့် ပတ်သက်မှုရှိသည့် ကုမ္ပဏီပိုင်ရှင်များက တစုံတရာ လွှမ်းမိုးနိုင်မှုများ ရှိသည်ဟု ယူဆပြီး ယခုကဲ့သို့ ကန့်ကွက်စာ တင်ရခြင်းဖြစ်သည်ဟု ကျားဖြူပါတီက ပြောဆိုသည်။
ရွေးကောက်ပွဲလေ့လာသူများက မဲရုံဆောက်သည့် ကိစ္စသည် သက်ဆိုင်ရာဒေသ၏ ရွေးကောက်ပွဲ ကော်မရှင် ဆုံးဖြတ် ချက်နှင့် လုပ်ပိုင်ခွင့် ဖြစ်ကြောင်း၊ မဲရုံဆောက်သည့် ကိစ္စနှင့် ပတ်သက်၍ ဥပဒေအရ ကန့်ကွက်ရန် မဖြစ်နိုင်ကြောင်း ပြော ဆိုသည်။
လာမည့်ရွေးကောက်ပွဲတွင် ကျားဖြူပါတီမှ ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒနယ် ၁၅၆ နေရာမှ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။
Geen opmerkingen:
Een reactie posten