ရန်ပိုင် Wednesday, 03 November 2010 17:17
.မန္တလေးတိုင်း မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် တသီးပုဂ္ဂလ ၀င်ရောက် ယှဉ်ပြိုင်မည့် ဦးရဲထွန်းနိုင် ရွေးကောက်ပွဲ စည်းရုံးရေးဆင်းရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ(ကြံ့ဖွံ့ပါတီ)က နှောင့်ယှက်သည့်အတွက် သက် ဆိုင်ရာသို့ တိုင်ကြားထားကြောင်း သိရသည်။
အောက်တိုဘာလ၁၃ရက်နေ့ကကြံ့ဖွံ့ပါတီကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲအပြီးတွင်ပါတီဝင်များကို တွေ့ရစဉ်။(ဓာတ်ပုံ-AP)
ပြီးခဲ့သည့် စနေနေ့က မလှိုင်မြို့နယ် ကန်ရွာတွင် ဦးရဲထွန်းနိုင်နှင့် အဖွဲ့ဝင်များက ၎င်း၏ ဓာတ်ပုံနှင့် အမည်ပါ ကိုယ်စားလှယ် လောင်း ဆိုင်းဘုတ်ကို စိုက်ထူနေစဉ် ယင်းရွာရှိ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး ဦးသန်းအောင်က ချက်ချင်း ဖြုတ်ပစ်ရန် ခြိမ်းခြောက် ပြောဆိုသည့်အတွက် မြို့နယ် ရဲစခန်းနှင့် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားခဲ့ကြောင်းဟု ဦးရဲထွန်းနိုင် က ဧရာဝတီသို့ ပြော သည်။
“ဆိုင်းဘုတ်ကို ချက်ချင်းဖြုတ်ရင် ဖြုတ် မဖြုတ်ရင် ဒုက္ခရောက်သွားမယ်လို့ လာကြိမ်းတယ်၊ ဒါပေမယ့် ကျနော်တို့ ဖြုတ်မပေးဘူး” ဟု ၎င်းက ဆိုသည်။
၎င်းအနေဖြင့် ကျေးရွာများတွင် စည်းရုံးရေးအခြေအနေမှာ ကောင်းမွန်ကြောင်း၊ နယ်မြေခံလူထု အကျိုးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်မှသာလျှင် တရားဝင်ပြောဆိုနိုင်မည်ဟု ယူဆသည့်အတွက် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ် ကြောင်း၊ အဓိကပြိုင်ဘက်မှာ ကြံ့ဖွံ့ပါတီဖြစ်ကြောင်း ဦးရဲထွန်းနိုင်က ပြောသည်။
လာရောက်ခြိမ်းခြောက်ပြောဆိုသည့် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး ဦးသန်းအောင်သည် ယခင်က ကျေးရွာ ရယက ဥက္ကဋ္ဌဟောင်း တဦးဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။
မလှိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူတဦးကမူ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးရဲထွန်းနိုင်မှလာရောက်တိုင်ကြားသည်မှာဟုတ်မှန်ကြောင်း၊သို့သော်လည်းထိုအဖြစ်အပျက်မှန်မမှန်ကိုမူ စုံစမ်းရဦးမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။
ယမန်နေ့ကလည်း မလှိုင်မြို့မှ ၂မိုင်ခန့်ဝေးသည့် မြို့ကုန်းကျေးရွာသို့ စည်းရုံးရေးဆင်းနေစဉ် ရွာခံ ကြံ့ဖွံ့ပါတီဝင် နှစ်ဦး၏ နှောင့် ယှက်ခြင်းကို ထပ်မံကြုံတွေ့ရသည့်အတွက် ကျေးရွာအာဏာပိုင်ကို တိုင်ကြားခဲ့သည်ဟု ဦးရဲထွန်းနိုင်က ပြောသည်။
မလှိုင်မြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ တိုင်းဒေသကြီး လွှတ်တော် အမှတ် ၁ ကိုယ်စားလှယ်လောင်း ဦးရွှေနန်း၊ တိုင်းဒေသကြီး လွှတ် တော် အမှတ်၂ ကိုယ်စားလှယ်လောင်း ဦးစိုးမော်ရီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအေးမောက်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ မဲဆွယ်ရာမှ ပြန်လာသည့် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ စောအောင်နှင့် အဖွဲ့ကို ညဥ့်နက်သည်အထိ လူစုဝေးသည်ဟုဆိုကာ ကြံ့ဖွံ့နှင့် အာဏာပိုင်များက ဖမ်းဆီးရန် ကြိုးပမ်း ခဲ့ကြောင်း၊ ရုံးခန်းဖွင့်လှစ်စဉ်ကလည်း လူအင်အား များပြားပြီး လမ်းပိတ်သွားသည့်အတွက် ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ သတိပေးသည်ကို ခံရကြောင်းလည်း စုံစမ်း သိရှိရသည်။
Geen opmerkingen:
Een reactie posten