မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 22 februari 2011

တိုင်းရင်းသားအဖွဲ့များနှင့် ပိုမိုပူးပေါင်းရန် ABSDF ဆုံးဖြတ်

လင်းသန့် TUESDAY, 22 FEBRUARY 2011 19:08
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပိုမိုကျယ် ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သွားရန် ဆုံးဖြတ် လိုက်ကြောင်း သိရသည်။
မကြာသေးမီက စစ်ရေး မဟာမိတ်အဖြစ် ဖွဲ့စည်းခဲ့သည့် နယ်စပ်ဒေသရှိ တိုင်းရင်းသားအဖွဲ့၁၅ ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြု လုပ်သွားမည်ဟု ထိုင်း-မြန်မာနယ်စပ် တနေရာရှိ ဗဟိုဌာနချုပ်တွင် ကျင်းပသော ABSDF ၏ ၉ ကြိမ်မြောက် ညီလာခံက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်း တိုင်းရင်းသား စစ်ရေး မဟာမိတ်အဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၆ ရက် အထိ လွတ် မြောက်နယ်မြေ တနေရာ၌ ကျင်းပသည့် ညီလာခံက ဖွဲ့စည်းခဲ့သည်။
ABSDFဗဟိုဦးဆောင်ကော်မီတီဝင်ဆလိုင်းယောအောင်က“ကျောင်းသားတပ်မတော်အနေနဲ့ စစ်ရေးမဟာမိတ်များအဖြစ် မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့လည်း ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ပြီး ပိုမိုကျယ်ပြန့်တဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့် လုပ်သွားဖို့ လဲရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ABSDF အနေနှင့် လက်ရှိ စစ်ရေးမဟာမိတ် အဖွဲ့များမှာ ကရင်မျိုးသား အစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) စသည်တို့ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ အနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ အင်အားစုအားလုံးနဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက် မှုတွေက ပိုအားကောင်းလာတယ်လို့ ပြောလို့ရတယ်၊ ဒါကို ပိုအရှိန်မြှင့်ဆောင်ရွက်သွားကြမယ်”ဟု ဆလိုင်းယောအောင် က ဆက်လက် ပြောကြားသည်။ အသေးစိပ်ကိုမူ ပြောဆိုရန် ငြင်းဆိုသည်။
ABSDF ကို မကြာသေးမီက အမေရိကန်နိုင်ငံက ယခင် အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားရာမှ ဖျက်သိမ်းကြောင်း ကြေညာ ချက်နှင့် ပတ်သက်ပြီး ညီလာခံ၌ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း ဆလိုင်းယောအောင် က ပြောသည်။
“ကျနော်တို့ကဒီမိုကရေစီနဲ့လူ့အခွင့်အရေးတို့အတွက်ခုခံကာကွယ်နေရတဲ့ လက်နက်ကိုင်အဖွဲ့လည်းဖြစ်တယ်။ သက်ဆိုင်ရာ အမေရိကန် တာဝန်ရှိသူတွေကို ဒါတွေနဲ့ ပတ်သက်ပြီး ချဉ်းကပ်ဆောင်ရွက်နေတာတွေလည်း ရှိတယ်။ လက်ရှိ အချိန်မှာ ထိုင်း အစိုးရရဲ့ ဖိအားပေးမှုတွေ က ကျနော်တို့အပေါ် တိုက်ရိုက်တော့ မရှိသေးဘူး၊ ဒါပေမယ့် ရှေ့မှာပိုလာစရာ ရှိတာတွေကိုလည်း ညီလာခံမှာ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်”ဟု ၄င်က ဆက်လက်ပြောကြားသည်။
ABSDF ညီလာခံ ကျင်းပနေသည့် တချိန်တည်းတွင် ထိုင်း-မြန်မာ နယ်စပ် တာ့ခ် ခရိုင်ဝန်က တာ့ခ် ခရိုင်အတွင်း ခိုလှုံနေသည့် မြန်မာ အတိုက်အခံများနှင့် တိုင်းရင်းသား လူမျိုးစု အတိုက်အခံများအနေနှင့် မြန်မာ စစ်အစိုးရ စစ်တပ်ကို သွားရောက် တိုက်ခိုက်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှု ပြုလုပ်ခြင်းများကို ထိုင်း အစိုးရက တင်းကျပ်စွာ ကိုင်တွယ်သွားမည်ဟု ပြောဆိုထားသည်။
ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံမှ ပေါ်ပေါက်ခဲ့သည့် ABSDFကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင် ခဲ့ပြီး နယ်စပ်ဒေသများတွင် အခြေစိုက်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ပြည်တွင်းငြိမ်းချမ်း ရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး တို့အတွက် ရပ်တည်လှုပ်ရှားခဲ့သည်။
ABSDF စတင်တည်ထောင်စဉ်က အဖွဲ့ဝင် သောင်းဂဏန်း ရှိခဲ့သော်လည်း၂၂ နှစ် ကျော်ကြာပြီး ယခုအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ဝင် များစွာလျော့နည်း သွားကြောင်း နီးစပ်သူများ က ဆိုသည်။
ယမန်နေ့က ပြီးဆုံးသွားပြီး ၅ ရက်ကြာကျင်းပသည့် ABSDF ညီလာခံ၌ လက်ရှိရင်ဆိုင်နေရသော နိုင်ငံရေး၊ စစ်ရေး အခြေအနေများ အပါအ၀င် ရပ်တည်ရေးအခက်အခဲများနှင့် ပါတ်သက် ၍ အကြိတ်အနယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရကြောင်း၊ ဗဟိုကော်မီတီဝင် များကို ပြန်လည်ရွေးချယ်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ကိုသံခဲ ကို ဆက်လက်တာဝန်ပေးခဲ့ကြောင်း၊ ၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအစိုးရ ဆန့်ကျင်ရေး၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်(NLD)ကို ပြည်တွင်းပြည်ပရှိအင်အားစုများက အပြည့်အ၀ ၀န်းရံရေး အပါအ၀င် ဆက်လက်လုပ်ဆောင်မည့် နိုငံ ရေး၊ စစ်ရေး လုပ်ငန်းစဉ်များကို သဘောတူဆုံးဖြတ်ကြ ကြောင်း သိရသည်။


 

Geen opmerkingen: