နရီလင်းလက် Wednesday, 16 February 2011 12:25
.၂၀၁၁အတွင်းစစ်အစိုးရသည်အစိုးရသစ်ပေါ်ပေါက်ရေးသာမက၎င်းတို့၏မြို့တော်နေပြည်တော် စည်ကားရေးကိုပါ ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်နေသည်။
နေပြည်တော် စည်ကားရေး ကဏ္ဍတခု အဖြစ် ပြည်ထောင်စုနေ့က နေပြည်တော် ဆာဖာရီဥယျာဉ်ကို ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာများတွင်လည်း ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ ထည့်သွင်း ဖော်ပြခဲ့သည်။
နေပြည်တော်ဆာဖာရီဥယျာဉ်အတွင်းမြင်ကွင်းတခု(ဓာတ်ပုံ-AP)
“နေပြည်တော်က အရေးကြီးတဲ့ နေရာတခု ဖြစ်သလို နိုင်ငံခြားသားတွေလာရင် လိုချင်တာ၊ ကြည့်ချင်တာ မှန်သမျှ နေပြည်တော်မှာ အစုံအလင်ရှိပြီး ပြီးပြည့်စုံတဲ့နေရာတခုလို မြင်အောင် ဖန်တီးထားတာပေါ့။ အဲဒီထဲကတခုကအခုဖွင့်လိုက်တဲ့ဆာဖာရီလည်းပါတယ်။နိုင်ငံခြားသားတွေအမြင်မှာ မြန်မာပြည်ဆိုရင်နေပြည်တော်ကိုပဲမျက်စိထဲတန်းမြင်ပြီးရန်ကုန်ဆိုတာပျောက်ကွယ်သွားအောင် လုပ်တဲ့သဘောပဲ။နောက်တချက်က ပြတိုက်တွေ ကြည့်ချင်ရင် နေပြည်တော်ကို ရောက်အောင် သွားရတော့မယ်။ ဒီရည်ရွယ် ချက်လည်းပါတယ်”ဟု နေပြည်တော် သစ်တော ၀န်ကြီးဌာနမှ အရာရှိတဦးက ဧရာဝတီကို ပြောသည်။
ဆာဖာရီ ဥယျာဉ်အတွင်း ပြသမည့် ရှားပါးတိရစ္ဆာန်များကို ၀ယ်ယူခဲ့ရသည့် ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ ၃ သန်း (ကျပ် သန်း ၂၇၀၀) ခန့် ရှိသည်ဟု သူက ဆိုသည်။
“တောင်အာဖရိကက ကျားဖြူနဲ့ ခြင်္သေ့ဖြူတွေ ကျတော့ တိုက်ရိုက် စင်းလုံးငှား လေယာဉ်နဲ့ သယ်ရတာ။ သြစတြေးလျက အကောင်တွေ သယ်တုန်းကလည်း ဒီလိုပဲ။ ခက်ခက်ခဲခဲနဲ့ကို သယ်ရသလို အကုန်အကျလည်း တော်တော်များတယ်” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ နေပြည်တော် ဆာဖာရီဥယျာဉ် ဖွင့်ပွဲကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီဝင် ယခင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ဖွင့်လှစ် ပေးခဲ့သည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ အနေဖြင့် နိုင်ငံတော်၏ မြို့တော်ဖြစ်သော နေပြည်တော်ကို ၂၀၀၆ ခုနှစ်မှ စတင်ပြီး သန့်ရှင်းသာယာလှပသည့် အဆင့်မီ မြို့တော်တခု၏ ဂုဏ်အင်္ဂါနှင့်အညီ အရှိန်အဟုန်ဖြင့် တည်ဆောက် ခဲ့ရာတွင် ဥပ္ပာတသန္တိစေတီတော်ကြီးနှင့် နိုင်ငံတော် အဆင့်မီ တည်ဆောက်ထားသည့် ကျောက်မျက်ရတနာပြတိုက်၊ အမျိုး သား အထိမ်းအမှတ် ဥယျာဉ်၊ ရေပန်း ဥယျာဉ်၊ တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်း(နေပြည်တော်)တို့ ကို တည်ဆောက်ခဲ့သည်ဟု အခမ်းအနားတွင် ဦးတင်အေးက ထည့်သွင်းပြောကြားသည်။
ထို့အပြင် ကမ္ဘာ့အဆင့်မီ အားကစားကွင်း၊ အမျိုးသား စာကြည့်တိုက်၊ စစ်သမိုင်း ပြတိုက်၊ ယဉ်ကျေးမှု ပြတိုက်၊ ကျောက် မျက် ပြခန်းတို့ကိုလည်း ထပ်မံ ဖွင့်လှစ်သွားမည် ဟု သူက ဆိုသည်။
ထို့အပြင် အဆိုပါ အခမ်းအနား ဖွင့်လှစ်ရာတွင် ဂုဏ်ပြုသီချင်းသီဆို ပေးနိုင်ရန် အနုပညာရှင်များအား ဖိအားပေး စေခိုင်းခဲ့သကဲ့သို့၊ ဖွင့်ပွဲနေ့ အခမ်းအနား အစီအစဉ်တွင် စည်ကားစေရန် ဌာနဆိုင်ရာ ၀န်ထမ်းများကိုလည်း မတက်မနေရ တက်ရောက်ရန် အာဏာပိုင်များက မှာကြားခဲ့သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန စာရင်းစစ်ချုပ် ရုံးမှ အရာရှိတဦးက ဆိုသည်။
၂၉၁.၅၂ ဧက ကျယ်ဝန်းသည့် ဆာဖာရီ ဥယျာဉ် ကို ၀န်ကြီး ဦေးအာင်သောင်း၏သား ဦးနေအောင်၏ MIT ကုမ္ပဏီက အဓိ က တာဝန်ယူ တည်ဆောက်ခွင့် ရခဲ့သည်။
ဦးအောင်သောင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူရင်းတဦးဖြစ်သည်ဟု လူအများပြောဆိုနေပြီး ဦးအောင်သောင်း၏ သားငယ် ဗိုလ်မှူး ပြည်အောင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီး ဒေါ်နန္ဒာအေး၏ ခင်ပွန်းဖြစ်သည်။
“အစိုးရကတော့ ဖွင့်ပြီး ၁၅ နှစ် နေရင် ဥယျာဉ် ဆောက်ပေးတဲ့ ကုမ္ပဏီကို လွှဲပေးပြီး လုပ်စားခိုင်းဖို့ အစီအစဉ် ရှိတယ်” ဟု ဆာဖာရီ ဥယျာဉ် အုပ်ချုပ်ရေးဌာနမှ ၀န်ထမ်းတဦးက ဧရာဝတီကို ပြောသည်။
နေပြည်တော် အသိုင်းအ၀န်းတွင် ဆာဖာရီ ဥယျာဉ်ကို စိတ်ဝင်စားမှု မရှိသော်လည်း အာဏာပိုင်များ အလေးပေးလုပ်ဆောင် နေသောကြောင့် စည်ကားမှုများရှိစေရန် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ပြုလုပ်သွားရန် ရှိသည်ဟု သူက ဆိုသည်။
ဆာဖာရီဥယျာဉ်အ၀င်မုခ်ဦးကိုခန့်ညားထည်ဝါစွာတွေ့ရစဉ်(ဓာတ်ပုံ-ကြေးမုံ)
လက်ရှိ အချိန်အထိ နေပြည်တော် ပတ်ဝန်းကျင် အနီးရှိ လယ်ဝေး၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဖွယ်၊ ပျဉ်းမနား၊ မိထ္ထီလာနှင့် မန္တလေး မြို့များမှ လာရောက်ကြည်ရှုသူ ပိုမိုများပြားသည်ဟု သိရသည်။
“အထူး အဆန်းလို ဖြစ်နေတော့ လာကြည့်တဲ့သူများတယ်။ ရန်ကုန်က လူတွေ အတွက်တော့ အလှမ်းဝေး သွားတာပေါ့” ဟု နေပြည်တော် အခြေစိုက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဌာနမှ ၀န်ထမ်းတဦးက ဆိုသည်။
DaySafariအမျိုးအစားဖြစ်သည့်ဆာဖာရီဥယျာဉ်(နေပြည်တော်) ၀င်ကြေးကို လူကြီး ကျပ် ၁၀၀၀၊ ကလေး ကျပ်၅၀၀နှင့်နိုင်ငံခြားသားတဦးလျှင်၁၀ဒေါ်လာသတ်မှတ်ထားပြီးဥယျာဉ် အတွင်းလှည့်လှည်သည့်ကားခမှာ တဦးလျှင် ၂၀၀၀ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။
ဥယျာဉ်အတွင်း လှည့်ပတ် ကြည့်ရှုနိုင်ရန် စက်မှု ဇုန်ထုတ် ဘာဂီယာဉ်ငယ် ၄ စီး၊ ဆာဖာရီ ဂျစ် ၆ စီးနှင့် မီနီဘတ်စ် ၆ စီး ရှိသည်။
ဆာဖာရီ ဥယျာဉ် အတွင်းရှိ တိရစ္ဆာန်များအား အစာကျွေးရန် ယာဉ် ၁ စီး၊ လုံခြုံရေး ယာဉ် ၁ စီး ထားရှိပြီး ၀န်ထမ်းအင်အား ၇၉ ဦးခန့်ထားကြောင်း သိရသည်။
တည်ဆောက်ထားပြီး ဖြစ်သည့် တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်)၊ နက္ခတ်တာရာ ပြခန်း (နေပြည်တော်)၊ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်တို့ကို ဆက်လက်၍ သွားလာရ လွယ်ကူစေရန် တဆက်တည်း တည်ဆောက်ပေးထားသည်။
Geen opmerkingen:
Een reactie posten