မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 28 februari 2011

တောင်သူလယ်သမားအဖွဲ့တစညဖွဲ့စည်းလို

မျိုးသန့် တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။လယ်သမားများနစ်နာမှုများနှင့်အခွင့်အရေးများတင်ပြတောင်းဆိုနိုင်ရန် တောင်သူလယ်သမားအသင်းအဖွဲ့များဖွဲ့စည်းနိုင်ရေးလွှတ်တော်တွင်းလွှတ်တော်ပြင်ပတွင် ဆောင်ရွက်သွားရန်ရှိကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဦးဟန်ရွှေကဆိုသည်။
၂ဝဝ၈ ဖွဲ့စည်းပုံတွင်လည်း အသင်းအဖွဲ့များ ဖွဲ့စည်းလိုက ဖွဲ့စည်းနိုင်ကြောင်း ဖေါ်ပြထားခြင်းကြောင့် လယ်သမား အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းပြီး နိုင်ငံတိုးတက်မှုအတွက် ဆောင်ရွက်နိုင်ကြောင်း သူကဆိုသည်။
“လယ်သမား၊ အလုပ်သမားသမဂ္ဂလိုပေါ့ဗျာ ဒီလိုဟာမျိုးတွေ ဖွဲ့စည်းပြီးတော့ လယ်သမားတွေရဲ့အသံနဲ့ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းက ပါလာအောင် လွှတ်တော်တွင်း လွှတ်တော်ပ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်”
လက်ရှိမြန်မာနိုင်ငံတွင် ကုန်သည်ကြီးများအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်း၊ ဆန်စပါး ဝယ်ယူရေးအသင်း စသည်ဖြင့် လယ်သမားများနှင့် ဆက်စပ်နေသည့် အသင်းများသာရှိပြီး ကာယကံရှင်ဖြစ်သည့် လယ်သမားများမှာ အသင်းအဖွဲ့ မရှိခြင်းကြောင့် လယ်သမားများ ပြောပိုင်ခွင့် မရှိဟုလည်း ဦးဟန်ရွှေက ဆိုသည်။
ထိုသို့တောင်သူလယ်သမားများဘက်မှ ပြောခွင့်ဆိုခွင့် မရှိခြင်းကြောင့် တရားမျှတမှုမရှိဖြစ်နေပြီး လယ်သမား အဖွဲ့အစည်းများ ရှိလာအောင် လုပ်ဆောင်မည်ဟုလည်း သူကဆိုသည်။
“ကုန်သည်ကြီးများအသင်း၊ဆန်စက်ပိုင်ရှင်များအသင်း၊ဒါတွေကသူတို့ကအဖွဲ့အစည်းအသင်းအဖွဲ့ တခုအနေနဲ့ လုပ်နေတယ်။ အကြောင်းကိစ္စရှိရင် လယ်သမားက လုံးချင်း ရင်ဆိုင်ရတဲ့သဘောရှိတယ်။ သူ့မှာအဖွဲ့အစည်း မရှိတဲ့အတွက် ဘာမှပြောပိုင်ခွင့်မရှိဘူး။ အဲဒီတော့ တဖက်သတ်လို သဘောမျိုး ဖြစ်နေတာပေါ့။ ထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေဘက်က ပြောခွင့် ဆိုခွင့်မရှိတဲ့အတွက် ကျနော်တို့က ဒီဟာကို တရားမျှတတယ်လို့ မယူဆဘူး။ ဒါကြောင့် ကျနော်တို့က လယ်သမား အဖွဲ့အစည်း ဖြစ်လာအောင်လုပ်မယ်၊ အဲဒီလိုမျိုးမြင်ပါတယ်။ အဲဒီလို မဟုတ်ရင်တော့ တဖက်သတ်ပဲဖြစ်နေမှာပဲ”
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၏ ပါတီမူဝါဒတွင်လည်း လယ်လုပ်သူများ လယ်ယာပိုင်ဆိုင်ခွင့်နှင့် သီးနှံများ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချခွင့်ပြုမည်ဟု ဖေါ်ပြထားသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း လယ်လုပ်သူ လယ်ပိုင်ခွင့်အတွက် လွှတ်တော် အစည်းအဝေးများအတွင်း တင်ပြ ဆွေးနွေးသွားမည်ဟု ပါတီခေါင်းဆောင် နိုင်ငွေသိန်းကဆိုသည်။
လွှတ်တော်တွင်း မွန်ပါတီ၏ လယ်လုပ်သူ လယ်ပိုင်ခွင့်တင်ပြမည့်အချက်သည် မိမိတို့ပါတီ၏ မူဝါဒနှင့် ထပ်တူပင်ဖြစ်ကြောင်း ကျားဖြူပါတီ (ခေါ်)ရှမ်းအမျိုးသားများတိုးတက်ရေးပါတီမှ စိုင်းဆောင်စီက ဆိုသည်။
“ကျနော်တို့ပါတီ မူဝါဒကလဲ အဲဒီအတိုင်းပါပဲ၊ လယ်လုပ်သူ လယ်ပိုင်ခွင့်မရှိတဲ့အတွက် ပြည်သူလူထုက စိတ်ဆင်းရဲရတာပါပဲ။ အခုဆိုရင် အားလုံးက လက်မဲ့လိုဖြစ်နေတာ။ သူ့တို့အတွက် အခွင့်အရေး ဘာမှမရှိဘူး။ အခုလိုမျိုး အခွင့်အရေးတွေ ရလာရင်တော့ သူကြိုးစားမှာပေါ့ ။ သူကြိုးစားဖို့ အခွင့်အရေး ရသွားမယ်လေ။ ကိုယ်လုပ်နေတာလေးမှ ပိုင်ဆိုင်ခွင့်မရှိဘူး။ ဘာအခွင့်အရေးမှ မရဘူးဆိုရင်တော့ လူတိုင်းက အားငယ်နေမှာပေါ့”
အမျိုးသားဒီမိုကရေစီ အင်အားစုမှ အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်ကလည်း လယ်လုပ်သူ လယ်ပိုင်ခွင့်သည် ဖြစ်သင့်ဖြစ်ထိုက်သည့် အချက်တချက်ဖြစ်ကြောင်း ဆိုသည်။
“ဒီဟာကတော့ပြည်သူလူထုအတွက်ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ကိုယ်ကတော့ ယူဆတယ်လေ။ လယ်လုပ်သူ လယ်ပိုင်ခွင့်ကတော့ဒါအမြင့်ဆုံးအခွင့်အရေးပဲလေ။အဲဒါရရင်တော့လယ်သမားတွေအနေနဲ့ တော်တော်လေးကို စိတ်ချမ်းသာမှာပေါ့” ဟု မဇ္ဈိမကိုပြောသည်။
သို့သော်လည်း လယ်လုပ်သူ လယ်ပိုင်ခွင့်ပြုလိုက်ခြင်းဖြင့် လယ်ရှင်ကြီးစနစ် မဖြစ်ရေးကိုလည်း ဥပဒေများဖြင့် တားဆီးသင့်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ဦးဟန်ရွှေက သုံးသပ် ပြောဆိုသွားသည်။
“လယ်ရှင်ကြီးစနစ် မဖြစ်ရေးကိုလဲ တဖက်က တားဆီးရမယ့် သဘောရှိတယ်။ တောင်သူ လယ်သမားတွေနဲ့ ဆွေးနွေး တောင်သူလယ်သမားတွေနဲ့ ညှိနှိုင်းပြီးတော့ ဒီဟာတွေကို လွှတ်တော်အမတ်တွေကနေ ဥပဒေပြဋ္ဌာန်းပြီး အကောင်အထည် ဖော်သွားရမယ်လို့ မြင်ပါတယ်” ဟုဆိုသည်။







Geen opmerkingen: