ခင်ဦးသာ Saturday, 06 November 2010 17:18
.တရားမျှတပြီး ရွေးကောက်ပွဲတွင် မသမာသော လုပ်ရပ်များ မရှိပါက တိုင်းရင်းသား ဒေသများ၌ ဒေသခံ တိုင်းရင်းသား ပါတီများသာ အနိုင်ရမည်ဟု အဆိုပါ ပါတီ ခေါင်းဆောင်များက ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)နှင့်သက်ဆိုင်ရာ ဒေသအာဏာပိုင်များက မသမာသော လုပ်ရပ်များ မလုပ်ဘဲ သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ဝင်များကလည်း တရားမျှတမှုစွာ စီရင်မည် ဆိုပါက တိုင်းရင်သား ပါတီများ အနိုင်ရမည်ဟု ယုံကြည်ကြောင်း မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP) ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။
“လက်ရှိမှာတော့ဒေသခံတွေရဲ့ထောက်ခံမှုကိုရာနှုန်းပြည့်နီးပါးရနေပါတယ်။ ကြံ့ဖွံ့ပါတီက မတရားမလုပ်ဘဲ သမာသမတ် ကျမယ်ဆိုရင် ကျနော်တို့ပါတီ အနိုင်ရမှာသေချာပါတယ်” ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။
ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)သည်လည်း ရှမ်းပြည်နယ်အပါအ၀င် ရှမ်းတိုင်းရင်းသားများ နေထိုင်ရာဒေသ အားလုံးနီးပါး၌ ၈၀ ရာခိုင်နှုန်းကျော် ထောက်ခံမှု ရရှိနေကြောင်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် ကျားဖြူပါတီ၏ ကိုယ်စားလှယ် တဦးဖြစ်သူ ဦးစောသန်းအောင် က ဧရာဝတီ ကိုပြောသည်။
ကျားဖြူပါတီသည် တိုင်းရင်းသားပါတီများအနက် အမတ်ဦးရေ အများဆုံးဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီတခု လည်းဖြစ်သည်။
အဆိုပါ ပါတီသည် ပင်လုံဒေသတွင်လည်း ထောက်ခံမှု အပြည့်ရရှိကြောင်း ထိုဒေသမှ အရွေးခံမည့် ကျားဖြူ ကိုယ်စားလှယ် တဦးက ပြောသည်။
“ကျနော်တို့ကို ထောက်ခံမှုရနေပေမယ့် ကြံ့ဖွံ့ပါတီက ငွေအား၊ လူအား၊ အာဏာအား တွေကို အများကြီး သုံးနေတာရယ်၊ ကြိုတင်မဲတွေ အတင်း ကောက်နေတာတွေ ရှိတော့ မနက်ဖြန် ရလဒ်ကို စောင့်ရဦးမှာပါ” ဟု လည်း ရှင်းပြသည်။
တောင်ကြီး မြို့တွင် ရွေးကောက်ပွဲ၌ မဲရုံစောင့်မည့် ရှမ်းတိုင်းရင်သား တဦးကလည်း ကျားဖြူပါတီကိုသာ မဲပေးမည်ဟု ဆိုသည်။ သို့သော် ၎င်း၏ အပြောအရ တောင်ကြီး မြို့ခံ အများစု၏ မဲလက်မှတ်များကို ကြံ့ဖွံ့ပါတီက ကြိုတင်မဲ အဖြစ် ယူထားပြီး ဖြစ်၍ တောင်ကြီး မြို့ခံ အများစုမှာ မဲပေးပြီးသား ဖြစ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင်လည်း ရခိုင် တိုင်းရင်းသားများကို ကိုယ်စားပြုထားသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)သည် ဒေသခံပြည်သူများ၏ ထောက်ခံမှု အပြည့်အ၀ ရရှိနေ၍ အနိုင်ရရန် သေချာကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
“ဒေသခံတွေက ထောက်ခံနေပေမယ့် ကြံ့ဖွံ့ပါတီက ကြိုတင်မဲတွေ၊ အာဏာပါဝါတွေကို အလွဲသုံးစား လုပ်နေပါတယ်။ တရားတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့ပါတီ နိုင်မှာပါ။ တကယ်လို့ မတရားတဲ့နည်းလမ်းတွေနဲ့သာ ကြံ့ဖွံ့ပါတီက အနိုင်ယူခဲ့မယ် ဆိုရင်တော့ ရွေးကောက်ပွဲ ရလဒ်ကို သပိတ်မှောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်၏ ဂီရိဆိုင်ကလုန်းဒဏ် ပြင်းထန်စွာခံခဲ့ရသော ဒေသများမှ ပြည်သူများမှာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိသော်လည်း ကြံ့ဖွံ့ပါတီသည် ဒုက္ခသည်များထံမှ ကြိုတင်မဲများ ကောက်ခံခြင်းကို အတင်းအကျပ် လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
လေဘေးဒဏ်ခံခဲ့ရသော ပေါက်တော မြို့ခံတဦးက “ဒီနေ့မနက်မှာ ကြံ့ဖွံ့ပါတီက ကြိုတင်မဲတွေကို သပိတ် ပိုက်ပြီးတော့ ဆွမ်းခံ လှည့်သလို လိုက်ကောက်နေပါတယ်။ မဲပေးရင် ဆန်ပေးမယ် ဆိုပြီး ပြောပါတယ်” ဟု ဆိုသည်။
ရခိုင်တိုင်းရင်းသားများ၏ ပါတီများ ၀င်ပြိုင်ခြင်း မရှိသော တောင်ကုတ်မြို့နယ်မှ ဒေသခံတဦးကမူ ကြံ့ဖွံ့ပါတီနှင့် တစည ပါတီတို့သာ ရှိနေခြင်းကြောင့် မဲမပေးတော့ဟု ဆိုသည်။
ကရင်ပြည်နယ်တွင်လည်း တရားသော ရွေးကောက်ပွဲ ဖြစ်ခဲ့ပါက ၎င်းတို့ ကရင် တိုင်းရင်းသား ပါတီသာ အနိုင်ရမည်ဟု ကရင်ပါတီ တခုဖြစ်သည့် ဖလုံ -စဝေါ် ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဧရာဝတီကို ပြောသည်။
“အကယ်၍ စစ်တပ်ကသာ ဖိအားတွေ မပေးဘူးဆိုရင် ကရင်ပြည်နယ်အတွင်းမှာ တရေးနိုးမှာတောင် ထပြိုင်ရဲသေးတယ်” ဟု ၎င်းက ဆိုသည်။
ကရင်ပြည်နယ်၏ နေရာဒေသ အများစုကို စစ်တပ်က ထိန်းချုပ်ထားပြီး တိုင်းရင်းသားများမှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရကြကြောင်း၊ ဒေသခံအများစုမှာ ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီကိုသာ မဲပေးရန် ဖိအားပေး ခံနေရကြောင်း သိရသည်။
ကရင်ပါတီများအနေဖြင့် ပြည်ပ မီဒီယာများနှင့် စကားပြောဆိုပါက ပြောဆိုသည့် စကားများကို စစ်ထောက်လှမ်းရေးကို သတင်း ပို့ပေးရကြောင်း ဦးခင်မောင်မြင့်က ပြောသည်။
အလားတူ ချင်းပြည်နယ်တွင်လည်း ချင်းတိုးတက်ရေးပါတီသည် ချင်းတိုင်းရင်းသားများ၏ ထောက်ခံမှုကို ရရှိထား၍ ၎င်းတို့ပါတီသာ အနိုင်ရမည်ဟု ယုံကြည်ကြောင်း ချင်းတိုးတက်ရေး ပါတီ၏ ဥက္ကဋ္ဌ ဦးလုံစီ က ပြောသည်။
ကချင်ပြည်နယ်တွင်မူ ကချင်တိုင်းရင်းသားများ ကိုယ်စားပြု တည်ထောင်ထားသည့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP)မှာ ရွေးကောက်ပွဲ၌ မှတ်ပုံတင်ခွင့်ပင် မရခဲ့ဘဲ ကြံ့ဖွံ့ကိုယ်စားပြုထားသည့် ကချင်ပါတီ တခုသာ ရှိသကဲ့သို့ ကယားပြည်နယ်တွင်လည်း ကယား တိုင်းရင်းသားပါတီ မရှိကြောင်း သိရသည်။
မွန်ပြည်နယ်မှ လွဲ၍ တခြားပြည်နယ်အားလုံးတွင် တိုင်းရင်းသား သီးသန့်ပါတီနှင့် ဒေသခံ တိုင်းရင်းသားတချို့ ပါဝင်သော ကြံ့ဖွံ့ပါတီနှင့် နီးစပ်သည့် ပါတီများရှိသော်လည်း ဒေသခံများမှာ “ကြံ့” ဆိုသည့် အသံ ပါရှိသည်နှင့် လုံးဝအားပေး ထောက်ခံမှု မရှိကြကြောင်း ဒေသခံ တိုင်းရင်းသားများက ပြောသည်။
တိုင်းရင်းသားများနေထိုင်ရာ ပြည်နယ်အားလုံးတွင် တိုင်းရင်းသားပါတီ စစ်စစ်ကိုသာ ထောက်ခံမဲ ပေးမည်ဟု ကြွေးကြော် နေခြင်းကြောင့် ၎င်းဒေသများ၌ အနိုင်မရမည်ကို စိုးရိမ်မှု ကြီးနေသော ကြံ့ဖွံ့ပါတီသည် ၎င်းတို့အနိုင်ရရေး အတွက် အာဏာအင်အား၊ လူအင်အား၊ ငွေအင်အား စသည့် နည်းလမ်းစုံကို အသုံးပြု နေကြောင်း တိုင်းရင်းသား ပါတီ ခေါင်းဆောင်များက ပြောသည်။
Geen opmerkingen:
Een reactie posten