နရီလင်းလက် Saturday, 06 November 2010 11:44
.ရန်ကုန်တိုင်းအတွင်း တပ်နယ်အသီးသီးရှိ တပ်မတော်သားများ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ကို ထောက်ခံသည့် ကြိုတင်မဲများ ထည့်ပြီးသွားကြောင်း သိရသည်။
“ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၅၀ ကျော်က တပ်မတော်သားတွေနဲ့ သူတို့ မိသားစုတွေပါ အကုန်လုံး ကြိုတင်မဲ ပေးပြီးသွားပြီ။ ကိုယ့်တပ်နယ်က မဲရုံမှာပဲ စစ်တပ်က လုပ်ထားတဲ့ ပါတီကို စစ်တပ်ကလူတွေ မဲပေးတာမျိုးပေါ့။ တခြားဘာပါတီမှ ရွေးဖို့တွေလည်း မပါဘူး”ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းမှူးတဦးက ပြောသည်။
ရန်ကုန်မြို့ဆူးလေဘုရားအနီးကြံ့ဖွံ့ပါတီမဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်တခုကိုယမန်နေ့ကတွေ့ရစဉ် (ဓာတ်ပုံ -GettyImages)
ယခုကောက်ယူသော ကြိုတင်မဲ များသည် တနင်္ဂနွေနေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် စစ်အစိုးရကျောထောက် နောက်ခံပြုထားသည့် ကြံ့ဖွံ့ပါတီ အတွက် ထောက်ခံမဲများဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုကောက်ယူသော ကြိုတင်မဲ များသည် တနင်္ဂနွေနေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် စစ်အစိုးရကျောထောက် နောက်ခံပြုထားသည့် ကြံ့ဖွံ့ပါတီ အတွက် ထောက်ခံမဲများဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများနှင့် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းများတွင် အောက်တိုဘာ လဆန်း မှ စတင်၍ ကြိုတင်မဲ ကောက်ယူသွားသည်ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိတဦးက ပြောသည်။
ယနေ့ မင်္ဂလာဒုံ တပ်နယ်၊ ရွှေပြည်သာ တပ်နယ်၊ သန်လျင် တပ်နယ် အသီးသီးတွင်လည်း သက်ဆိုင်ရာ တပ်နယ်ရုံးများတွင် ကြိုတင်မဲ ပေးပြီးသွားသည်ဟု သိရသည်။
မဲရုံသို့ မဲသွားပေးရန် မလိုဘဲ နာမည်စာရင်းသာ ကောက်ယူသွားသော နည်းလမ်းဖြင့် ကြံ့ဖွံ့ပါတီကို ထောက်ခံသည့် ကြိုတင်မဲ ကောက်ယူနေမှုများလည်းရှိကြောင်း တပ်မတော် မှတ်တမ်းရုံး အတွင်းနေထိုင်သူ ဗိုလ်မှူးတဦးက ပြောသည်။
“ကြိုတင်မဲ လျှောက်ထားခွင့် ဆိုပြီး ရိုက်ထားတဲ့ လျှောက်လွှာစာရွက်မှာ အမည်၊ လိပ်စာ၊ ကြိုတင်မဲ ပေးရတဲ့ အကြောင်းရင်း ဆိုပြီး လုပ်ပေးထားတယ်။ အဲဒီမှာဖြည့်ရတာပေါ့။ အမှန်တော့ ဒီစာရွက်က ၇ ရက်နေ့မှာ မဲရုံစောင့်တာဝန်ကျတဲ့ လူတွေ ၊ ခရီး သွားတဲ့လူတွေပဲ ဖြည့်ရမှာ။ အခု အိမ်ထောင်သည်လိုင်းတွေ အကုန်လုံးကို ဝေပြီး ဖြည့်ဖို့ တာဝန်ခံတယောက်ကို အထက်က တာဝန်ပေးထားတာ။ မိသားစု ၁ စုမှာ ၅ ယောက်ရှိ ၅ ရွက်ပေးသွားတယ်။ အခု အကုန်ဖြည့်ပြီး ပြန်ပေးလိုက်ရပြီ။ ဗိုလ်မှူးအထိ အကုန် ဖြည့်ရတယ် ကြားတယ်။ ဒီထက် ရာထူးကြီးတဲ့ အရာရှိတွေကျတော့ သတ်သတ်မဲယူတာ”ဟု ၎င်းက ဆိုသည်။
လက်ရှိ တပ်မတော် မှတ်တမ်းရုံးတွင် မိသားစုများ အပါအ၀င် လူဦးရေ ၁၅၀၀ ခန့်ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲ လုံခြုံရေးတာဝန်ယူထားသည့် တပ်မ(၆၆) နှင့် တပ်မ(၇၇) ရှိ တပ်မတော်သားများလည်း သက်ဆိုင်ရာ တပ်နယ် ရုံးတွင် ကြိုတင်မဲ ထည့်ပြီးသွားကြောင်း တပ်မ ၇၇ မှ ဒု တပ်ကြပ် တဦးက ပြောသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရုံးတွင် မဲရုံ ၂ ရုံ ၊ အမှတ်(၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးရုံးတွင် မဲရုံ (၂) ၊ တပ်မ (၇၇)အင်းတကော်တွင် မဲရုံ(၂) ရုံ နှင့် သက်ဆိုင်ရာ တပ်နယ် အသီးသီးတွင် မဲရုံများထားရှိသည်ဟု အရာရှိတဦးက ပြောဆို သော်လည်း တချို့သော တပ်ရင်းများတွင်မူ မဲရုံများသို့ သွားရောက်ရန်မလိုဘဲ စာရွက်ပေါ်တွင် ဖြည့်ပြီး ကြိုတင်မဲ ကောက်ယူ သွားခြင်းများလည်း ရှိသည်ဟု သိရသည်။
စစ်အစိုးရ ရွေးဆွဲ အတည်ပြုထားသည့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်ကိုယ်စားလှယ်များသည် လွှတ်တော်တွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်း ယူထားသည့်အပြင် စစ်တပ်တွင်းကြိုတင်မဲ ကောက်ခံမှုမှ ရရှိလာမည့် အရေအတွက်သည် သေချာပေါက် အနိုင်ရရှိရေးအတွက် စီစဉ်နေမှုတခုလည်းဖြစ်သည်ဟု စစ်တပ်တွင်း ပြောဆိုနေကြသည်။
စစ်အစိုးရက ရွေးကောက်ပွဲ အောင်နိုင်ရန် စစ်တပ် အသိုင်းအ၀န်းအတွင်း ကြိုတင်မဲ ကောက်ခံသည့် နည်းလမ်းများအပြင် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများကို ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် တာဝန်မှ အနားပေးခြင်းများကိုလည်း ပြုလုပ် ထားသည်။
Geen opmerkingen:
Een reactie posten