ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာနိုင်ငံတွင်ကုသရန်ဆေးမရှိသောကူးစက်အားပြင်းဝက်နားရွက်ပြာရောဂါသည် ယခုအခါတိုင်း၎တိုင်းအတွင်းလျင်မြန်စွာကူးစက်ပျံ့နှံ့နေသဖြင့်ထိန်းချုပ်ရန်ခက်ခဲလာကြောင်း နေပြည်တော် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အကြီးအကဲများ အဆိုအရ သိရသည်။
မန္တလေး၊နေပြည်တော်၊မကွေးနှင့်စစ်ကိုင်းတို့ရှိ ဝက်မွေးမြူရေးခြံများရှိ ဝက်များသာမက မြို့နယ်များအတွင်း အိမ်မွေးဝက်များပါ လျင်မြန်စွာ ကူးစက်နေသဖြင့် ဝက်သေဆုံးသည့် နေရာများ တိုးပွားလာနေကာ ထိန်းချုပ်ရန် ခက်ခဲကြောင်း သိရခြင်း ဖြစ်သည်။
“ဒီနားရွက်ပြာရောဂါက အခု ကူးစက်မှု မြန်နေတယ်။ ဒီကောင်ကတော့ ဖြစ်ပြီဆိုတာနဲ့ သေတော့တာပဲ။ ကျနော်တို့ဆီမှာလည်း ကုသနိုင်တဲ့ ဆေးက မရှိဘူး။ အဲဒါကြောင့် အခု ကျနော်တို့ တနိုင်ငံလုံး မွေး/ကု အဖွဲ့တွေက လိုက်ပြီး သက်ဆိုင်ရာ ဒေသအလိုက် ဇီဝပညာပေး နည်းလမ်းတွေနဲ့ ကာကွယ်ဖို့ လိုက်ပြီး လုပ်ဆောင်နေတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်မောင်က မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံ၌ပထမဦးဆုံး ဖြစ်ပေါ်နေသည့် ဝက်များတွင် မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါကိုယခုနှစ်ဖေဖော်ဝါရီ၁၅ရက်နေ့တွင်စတင်တွေ့ရှိခဲ့သည့်မန္တလေးတိုင်းအတွင်း အောင်မြေသာစံ၊ချမ်းအေးသာစံ၊မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊အမရပူရ၊မတ္တရာ စသည့် မြို့နယ်များရှိကျေးရွာ၊ရပ်ကွက်များရှိဝက်ခြံများနှင့်အိမ်မွေးဝက်များကူးစက်ခံခဲ့ရပြီးတလအတွင်း ဝက်အကောင်ရေ ထောင်နှင့်ချီ သေဆုံးခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ပေါ် ဖြစ်ပွားနေမှုမှတဆင့် ယခုအခါ မုံရွာမြို့နယ်ဘက်အထိ ကူးစက်နေကာ၊ နေပြည်တော်၌လည်း မြို့ပေါ်ရပ်ကွက်များသာမက တပ်ကုန်းမြို့နယ်များရှိ မွေးမြူရေးခြံများနှင့် အိမ်မွေးဝက်များကိုပါ ကူးစက်သေဆုံးနေကြောင်း မွေး/ကု အဆိုအရ သိရသည်။
ယခုနှစ် ဧပြီလပိုင်းမှစ၍ မကွေးတိုင်း မကွေးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်နှင့် မြို့သစ်နှင့် နတ်မောက် မြို့များတွင်လည်း ဆက်တိုက်ကူးစက်ပျံ့နှံ့နေသည်။ ထိုမြို့နယ်များတွင် သေဆုံးသည့် ဝက်များမှာ အိမ်မွေးဝက်များ အများဆုံး ဖြစ်သည်။
“ဟိုနေ့ကမြို့လုင်မှာရောက်တော့သူတို့ဆီမှာဝက်တွေသေတာတဖုတ်ဖုတ်ပဲ။ဘာရောဂါနဲ့ သေတယ်ဆိုတာတော့မပြောတတ်ကြဘူး။သူတို့ရွာကလူတွေကတော့ဝက်နာကျတာလို့ပဲပြောတယ်။ ခက်တယ်ဗျ။ကျန်းမာရေးပညာပေးတွေကလည်းကျုပ်တို့ဘက်မရှိဘူးဗျ”ဟုနတ်မောက်ဒေသခံ ဝက်မွေးသူတဦးက မဇ္ဈိမကို ပြောသည်။
ဝက်နားရွက်ပြာရောဂါသည် မျိုးပွားလမ်းကြောင်းနှင့် အသက်ရှူလမ်းကြောင်းများ၌ ဖြစ်ပွားတတ်ပြီး နှာရည်၊ တံတွေး၊ ကျင်ကြီး၊ ကျင်ငယ်၊ ဆီးနှင့် သုတ်ပိုးတို့မှတဆင့် ကူးစက်နိုင်ပြီး အရွယ်အစားမရွေး ဖြစ်ပွားနိုင်သည်ဟု နေပြည်တ်ာခရိုင် မွေး/ကု ဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာခင်ဇော်က ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ယင်းရောဂါကို ဇီဝနည်းပညာဖြင့်သာ ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြပြီး အောင်မြင်မှု မရှိသေးပေ။
ထို့အတူရာသီဥတု ဖောက်ပြန်လာလျှင် မြန်မာနိုင်ငံအတွင်း၌ ဖြစ်လေ့ဖြစ်ထရှိသည့် ဝက်ပုလိပ်ရောဂါနှင့် ဝက်ဝမ်းကျရောဂါများမဖြစ်စေအောင်ကာကွယ်ဆေးများထိုးပေးရန် ဝက်မွေးမြူရေးခြံများနှင့် အိမ်မွေးဝက်ပိုင်ရှင်များကိုနေပြည်တော်မွေး/ကုဦးစီးဌာနရုံး၌မေလ ၅ ရက်နေ့တွင် နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေက ခေါ်ယူအသိပေးခဲ့သည်ဟု ဆိုသည်။
“ဝက်ဝမ်းကျရောဂါကတော့ အသက်အရွယ်မရွေး ဖြစ်တတ်တယ်။ ဝက်ပုလိပ်ရောဂါကလည်း ကူးစက်မှု ပြင်းထန်တယ်။ အခုလို ရာသီဥတု အကူးအပြောင်းမှာ ဖြစ်တတ်လို့ ကြိုတင်ကာကွယ်ဆေးထိုးဖို့ အဘ (ဦးမြင့်ဆွေ) က ကြိုတင် သတိပေးတာ” ဟု ဒေါက်တာ ခင်ဇော်က ပြောသည်။
ဝက်နားရွက်ပြာ၊ ဝက်ပုလိပ်ရောဂါ၊ ဝက်ဝမ်းကျ ရောဂါ ဖြစ်ပြီးသေဆုံးသည့် ဝက်သားများစားသုံးလျှင် လူကိုထိခိုက်မှု မရှိနိုင်သလို ထိုရောဂါရရှိနေသည့် ဝက်များမှတဆင့် လူသို့ မကူးစက်နိုင်ဟုလည်း မွေး/ကု ညွန်ကြားရေးမှူး ဒေါက်တာ ခင်မောင်မောင်က ဆိုသည်။
၎င်းရောဂါ၏ လက္ခဏာများမှာ ဝက်များ မောပန်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ခန္ဓာကိုယ်ပူခြင်း၊ အစာမစားခြင်း၊ မသေဆုံးခင် နားရွက်များ ပြာလာတတ်ခြင်း ဖြစ်သည်။ နားရွက်ပြကာ သေဆုံးသည့် ဝက်များကို မြေမြှုပ်ပြီး မီးရှို့ရန် လိုအပ်သည်။
“တချို့လူတွေက ဝက်သားဈေးချိုတယ်ဆိုပြီး အခြောက်လုပ်ပြီး သယ်သွားတာ တနယ်နဲ့ တနယ် ကူးပြီး သယ်သွားတာ။ အစိုကိုဝယ်သွားတာ၊ သူများအိမ်က ဟင်း၊ ထမင်းကျန်တွေကိုယူပြီး ဝက်ကိုကျွေးတာ၊ ဝက်ကိုလွှတ်ပြီး ကျောင်းတာ အဲဒါမျိုးတွေကနေပြီး ကူးသလို လေကနေပြီးလည်း ကူးတတ်ပါတယ်”ဟု နေပြည်တော် မွေး/ကု ဌာန ဦးစီးအရာရှိ ဒေါက်တာ အောင်မိုးက မဇ္ဈိမကို ပြောသည်။
ဝက်နားရွက်ပြာရောဂါကိုအမြန်ဆုံးကုသ၍ထိန်းချုပ်နိုင်ရန်မြန်မာနိုင်ငံမွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက နိုင်ငံခြားမှ ပညာရှင်များကို ခေါ်ယူ၍ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပြီး ဆေးထုတ်လုပ်နိုင်ရန် ကြိုးစားနေကြောင်းဒေါက်တာ ခင်မောင်မောင်က ပြောပြသည်။
ဝက်နားရွက်ပြာရောဂါကို ၁၉၈၇ နှစ်က အမေရိကန်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပြီး ဂျာမဏီ၊ စပိန်၊ နယ်သာလန်၊ ပြင်သစ်၊ အင်္ဂလန်နှင့် ကနေဒါနိုင်ငံများတွင် ၁၉၉ဝ နှင့် ၁၉၉၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည်။ ရောဂါဖြစ်သည့် ဝက်များတွင် နားရွက်များ ပြာလာသဖြင့် ဝက်နားရွက်ပြာဟု ခေါ်တွင်လာခဲ့သည်။
ဝက်အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ရောဂါကူးစက်မှုနှုန်း ၅ဝ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအထိ ရှိသည်။
Geen opmerkingen:
Een reactie posten