နရီလင်းလက် Wednesday, 04 May 2011 12:11
.ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသဆိုင်ရာ အာဏာပိုင်များက ငွေကြေးယူ၍ တရားမ၀င် ဘိန်းစိုက်ပျိုးမှုကို လက်ခံခွင့်ပြုပေး နေသည်ဟု သိရသည်။
ဘိန်းစိုက်ပျိုးနိုင်ရန်သက်ဆိုင်ရာဒေသရှိစစ်တပ်နှင့်ရဲအရာရှိများကို စိုက်ပျိုးသည့် ဧကအလိုက် တဧက ကျပ် ၅သောင်း နှုန်း ပေးရသည်ဟု ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးထားသောဘိန်းခင်းတချို့ကိုစစ်အစိုးရ စစ်တပ်က ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - AP)
အင်းလုံ၊လွိုင်လင်၊ပင်လုံ ၊ဆီဆိုင်၊ ဟိုပုံး၊ ကွန်ဟိန်း ၊ ပင်လောင်း၊ လင်းခေး၊ မိုင်းပွန် စသည့် မြို့များ အပါအ၀င် ရှမ်းပြည်နယ် တောင်ပိုင်းဒေသအနှံ့အပြားတွင် ဘိန်းစိုက်ခင်းများရှိသည်ဟု သိရသည်။
“စိုက်ချင်တဲ့ လူက တဧက အနည်းဆုံးကျပ် ၅ သောင်း ကနေ ကျပ် ၈ သောင်းအထိ လိုင်းကြေးဆိုပြီး ပေးရတယ်။ စိုက်တဲ့ နေ ရာ ပေါ်မူတည်ပြီး မြို့နဲ့ နီးတဲ့နေရာမှာဆိုရင် ဈေးကြီးပြီး မြို့စွန်ဘက်ရောက်ရင် ဈေးနည်းနည်း လျော့ပေးရတာမျိုးတော့ ကွာသွားတယ်”ဟု မိုင်းပွန်မြို့မှ စိုက်ပျိုးသူတဦးက ပြောပြသည်။
ထွက်ရှိလာသည့် ဘိန်းမည်းကို ရောင်းချပါက ၁ ပိဿာ ကျပ် ၈ သိန်း နှင့် ၉ သိန်း နီးပါးခန့် ပြန်လည်ရရှိသောကြောင့် ၀င်ငွေ ကောင်းသည့် စိုက်ပျိုးသီးနှံတခုအဖြစ် တခြားသီးနှံများထက် ပိုမိုစိုက်ပျိုးကြသည်ဟု သူက ပြောသည်။
သူက ဆက်၍ “ဘိန်းမည်း အဆင့်မှာတင် ဈေးကောင်းရတော့ တောင်သူတွေကလည်း ပိုက်ဆံပေးပြီး ကြိုက်သလောက် ဧက ယူစိုက်တယ်။ တရားမ၀င် စိုက်ပျိုးသီးနှံဖြစ်တော့ အာဏာပိုင်များကလည်း တဧက ဘယ်လောက်ပေး၊ ပြီးရင် ကိုယ် စိုက်ချင် သလောက်စိုက် ဆိုပြီး ခွင့်ပြုတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံးနိုင်ငံဖြစ်ပြီး စိတ်ကြွဆေး ထုတ်လုပ်မှုမှာ အရှေ့တောင်အာရှ နိုင်ငံများတွင် စတုတ္ထ အများဆုံး နိုင်ငံဖြစ်သည်ဟု ၂၀၁၀ ပြည့်နှစ် ဇွန်လ၌ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး(UNODC) က ထုတ်ပြန်ထားသည်။
ဒေသခံတောင်သူများထက် ငွေကြေးတတ်နိုင်သည့် တရုတ်လူမျိုးများသည် ဧက ရာချီယူ၍ ဘိန်းစိုက်ပျိုးခြင်းကို အကြီးအကျ ယ် လုပ်ကိုင်နေသည်ဟု လွိုင်လင်ဒေသခံတဦးက ပြောပြသည်။
“ဒီဘက်နှစ် နောက်ပိုင်းမှာ တအားစိုက်လာကြတယ်။ ဈေးကောင်းတာလည်း ပါတယ်။ ငွေရင်းပြီး ဧက အများကြီးစိုက်နိုင်တဲ့ တရုတ် သူဌေးတွေကလွဲလို့ ဒေသခံ အများစုက ဆင်းရဲတဲ့ တောင်သူတွေများတယ်။ ဒေသခံတွေကတော့ နိုင်သလောက် ဧက ယူစိုက်။ ရောင်းလို့ရတဲ့ ငွေနဲ့ မိသားစုပြဿနာဖြေရှင်း ဒီအလုပ်ကိုပဲ မိရိုးဖလာအလုပ်လို စွဲလုပ်နေကြတာ”ဟု ၎င်းကဆိုသည်။
ဘိန်းကို တနှစ် နှစ်သီးနှုန်းဖြင့် ဇွန်လမှ သြဂုတ်လအထိ တကြိမ်၊ သြဂုတ်လမှ ဧပြီလ တကြိမ် စိုက်ပျိုးကြသည်။
“မြေက တောင်ယာဆိုတော့ မကန့်သတ်ထားဘူး။ ကြိုက်သလောက် ဧက ယူပြီးစိုက်ပျိုးလို့ပါရတယ်။ ဒီဒေသက လူတွေ ဒါနဲ့ အသက်မွေးနေတာသိတော့ လိုင်းကြေးက တိုးတိုးတောင်းလာတယ်။ နယ်စပ်ကနေ၀င်လာတဲ့ တရုတ်တွေက မြေတွေကို ဈေးကြီး ပေးဝယ်ပြီး အကြီးအကျယ်လုပ်နေတာတွေလည်းရှိတယ်”ဟု မိုင်းပွန်မြို့နေ တောင်ယာစိုက်ပျိုး သူတဦးက ပြောပြသည်။
စိုက်ပျိုးသည့် တောင်သူအပြင် အသီးဆွတ်သည့် အလုပ်သမားများမှာ တရက် ကျပ် ၁ သောင်းအထက်ရရှိပြီး အလျင်လိုလျှင် လို သလောက် အခကြေးငွေ ရရှိသည်ဟု သိရသည်။
မိုင်းပွန်မြို့နေ တောင်ယာစိုက်ပျိုးသူက ဆက်၍ “ပြီးခဲ့တဲ့ မတ်လ က မိုးရွာတော့ ဆောင်းသီးခေါ်တဲ့ ဒုတိယသီးတွေ ပျက်သွားတယ်။ တော်တော်လေး ရှုံးကြ တယ်။ ဧက အလိုက်က လိုင်းကြေးတွေ ပေးထားရတော့ အသီးထွက်လာလို့ ပြန်ရောင်းရမှ ငွေပြန်ပေါ်တာလေ။ ငွေက မပေါ်၊ ပြန်စိုက်ဖို့ လိုင်းကြေးပေးဖို့ကလည်း မရှိ၊ အဲဒီလိုတွေလည်းရှိတယ်”ဟု ပြောသည်။
၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ ဘိန်းစိုက်ဧက ဟက်တာ ၃၂၀၀၀ ခန့်ရှိလာသည့်အတွက် ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်း တိုးလာ ကြောင်း၊ ၂၀၀၆ ဘိန်းစိုက်ရာသီနှင့် နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း UNODC ၏အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထွက်ရှိရာ အဓိက ဒေသမှာ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း ဒေသဖြစ်သည်။
နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုရည်ရွယ်ချက်၅ရပ်ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် “နယ်စပ် ဒေသ စီးပွားရေး လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် မူးယစ်ဆေးဝါး စိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းစေရန်”ဆိုသည့်ရည်ရွယ်ချက်တရပ်လည်းပါရှိကြောင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံကိန်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ ၁၅ နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော် မတီ အတွင်းရေးမှူး သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းညွန့် က ပြောထားသည်ကို မတ် ၂၄ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ရှမ်း(တောင်ပိုင်း) ဒေသရှိ ဘိန်းစိုက်ပျိုးရာ နယ်မြေများတွင် စိုက်ပျိုးသည့်နှုန်း တနှစ်ထက်တနှစ် တိုးလာသည့်အပြင် ၊ မြို့ ပေါ်ဒေသများတွင် ဘိန်းအမည်းများအလွယ်တကူ ရရှိလာပြီး ဘိန်းစားသုံးသူများလည်း များပြားလာသည်ဟု ဒေသခံများက ပြော သည်။
“ဘိန်းခင်းတွေကတော့ ဖျက်ဆီးပြနေတာပဲ၊ ဒါပေမယ့် အသီးတွေကို အစေးခြစ်ပြီးမှ ဖျက်ပြတာ ရှိသလို ၊ အခင်းတွေ ဆိုရင်လ ည်း ပျက်နေတဲ့ အခင်းတွေကို ဖျက်ပြတာ များတယ်”ဟု လင်းခေးမြို့နယ်တွင် သီးနှံများ စိုက်ပျိုးရောင်းချနေသူ စိုက်ခင်းပိုင်ရှင် တဦးက ပြောပြသည်။
ဒေသဆိုင်ရာ အာဏာပိုင်အပြင် ပအို့ပ်အဖွဲ့အစည်းများထိန်းချုပ်ရာ ဟိုပုန်း၊ ဆီဆိုင် ၊ ဖယ်ခုံ ၊ ပင်လောင်း စသည့် နယ်မြေများတွင် အဆိုပါ အဖွဲ့အစည်းများကို လိုင်းကြေးပေးရသည်ဟု သူက ပြောသည်။
ထို့အပြင် ဘိန်းသီးဆွတ်သည့် အလုပ်လုပ်ကိုင်သူများထဲတွင် တက္ကသိုလ် ကျောင်းသားများ ၊ ဒေသခံ စစ်တပ်နှင့် ရဲ မိသားစု ၀င်များလည်း ပါဝင်လုပ်ကိုင်နေသည်ဟု သိရသည်။
“အလုပ်အကိုင်ရှားတာလည်း ပါသလို တက္ကသိုလ်ကျောင်းတွေမှာ စာသင်ချိန် အပြည့်မရှိတော့ ဥပမာ-ပင်လုံ တက္ကသိုလ်က ကျောင်းသားလေးတွေဆို ကျောင်းပြေးပြီး အခင်းထဲ အလုပ်လာဆင်းတာတွေရှိတယ်။ ပိုက်ဆံရလွယ်တော့ ကလေးတွေကလည်း လုပ်ကြတယ်။ နောက် ဘိန်းစားတွေလည်းများတယ်။ ရဲဘော် မိန်းမတို့ သားသမီးတွေလည်း ဒီအလုပ်တွေပဲ ၀င်လုပ်ကြ တယ်”ဟု အထက်ပါ လွိုင်လင်ဒေသခံက ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဒေသခံများသည် ပဲ ၊ ဂျုံ၊ ပြောင်းဖူးစေ့၊ ကြက်ဆူ ၊ နနွင်းတက်၊ ကြက်သွန်ဖြူ၊ ပဲပုတ်၊ မြေပဲ စ သည့် သီးနှံစိုက်ပျိုးသူများရှိသော်လည်း အများစုမှာ ဘိန်းစိုက်ခင်းများကိုလည်း တွဲလျက်စိုက်ပျိုးလုပ်ကိုင်ကြသည်။
တောင်သူအများစုမှာ ၀ ၊ အခါ၊ လားဟူ၊ ပလောင်၊ ပအို့ဝ်၊ ရှမ်း၊ ကရင်၊ ကရင်နီနှင့် ကချင် တိုင်းရင်းသားတို့ ဖြစ်သည်ဟု သိရ သည်။
မြန်မာအစိုးရအာဏာပိုင်များကတရားမ၀င်မူးယစ်ဆေးဝါးတိုက်ဖျက်မှုကို ဦးစားပေးဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက၂၀၁၁ ခုနှစ်အတွက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အစီရင်ခံစာတစောင်ထုတ်ပြန်ပြီးပြောကြား ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခတင်းမာမှုများကလည်း ဝေးလံခေါင်းပါးသည့် ဒေသများတွင် မူးယစ်ဆေးဝါးမှောင် ခိုလုပ်ငန်း ပိုမိုအားကောင်းလာကြောင်း၊ အစိုးရ၀န်ထမ်းအဆင့်ဆင့်ကလည်း အကျင့်ပျက်ခြစားမှုများ ရှိနေကြောင်း၊ စစ်တပ်မှ အကြီးအကဲများက ဥပေဒေအထက်တွင် ရှိနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Geen opmerkingen:
Een reactie posten