ဧရာဝတီ Thursday, 19 May 2011 18:40 အင်တာဗျူး
.မြန်မာနိုင်ငံမှာနှစ်ပေါင်း၂၀ကျော်အတွင်းပထမဆုံးပေါ်ပေါက်လာတဲ့လွှတ်တော်နဲ့လွှတ်တော် ကိုယ်စားလှယ်တွေဟာပြည်သူတွေရဲ့အကျိုးစီးပွားကိုဘယ်လောက်ရှေးရှုဖော်ဆောင်နိုင်မှာလဲ၊ စနစ်တခုကနေစနစ်တခုကိုပြောင်းလဲခဲ့ပြီးလားဆိုတဲ့မေးခွန်းတွေနဲ့မြန်မာဒီမိုကရေစီဟာ ဘယ်ကိုဦးတည်နေပါသလဲဆိုတဲ့ဆွေးနွေးငြင်းခုံမှုတွေရှိနေပါတယ်။ကျင်းပပြီးစီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေဟာဘယ်လိုအဓိပ္ပာယ်ဆောင်ခဲ့ပါသလဲဆိုတာကိုရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်ရဲ့ သုံးသပ်ချက်တွေကိုဧရာဝတီသတင်းထောက်ထက်အောင်မှဆက်သွယ်မေးမြန်းထားပါတယ်။ဒေါက်တာ အေးမောင်ဟာအမျိုးသားလွှတ်တော်ရဲ့“အစိုးရ၏အာမခံချက်များ၊ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ” ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
ဒေါက်တာအေးမောင်(ဓာတ်ပုံ-မြန်မာတိုင်းမ်)
မေး။ ။ပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေးတွေအပေါ်အားရကျေနပ်မှုရှိပါသလား။လွှတ်တော်တွင်း ဆွေးနွေးမှုတွေအပေါ်ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီခေါင်းဆောင်တဦးအနေနဲ့ရော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ရောဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ။ ။နှစ်ပေါင်း၂၀ကျော်စစ်အစိုးရအုပ်ချုပ်မှုကိုအခြေပြုပြီးလွှတ်တော်ပေါ်လာတယ်။မေးခွန်းတွေ မေးကြတယ်၊ဖြေတဲ့ဝန်ကြီးအတော်များများကလည်းပြီးခဲ့တဲ့ကာလကိုအကောင်းမြင်အပြုသဘောနဲ့ ကာကွယ်ပြီးဖြေသွားကြတယ်။အဆိုတခုကိုတင်တဲ့အခါမှာလည်းကျနော်တို့တင်တဲ့အဆိုကို ပြန်ပြီးချေပတဲ့သူတွေက ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)ပါတီဝင်(၀န်ကြီးတွေ)ပဲ ဖြစ်တဲ့အခါကျတော့အများကိုအကျိုးပြုတဲ့ကိစ္စတွေ၊ဒေသတခုကိုတကယ်တမ်းထိထိရောက်ရောက် အကူအညီပေးသင့်တဲ့၊ပြည်ထောင်စုအစိုးရဆောင်ရွက်နိုင်တဲ့ကိစ္စတွေဆိုပေမယ့်လို့ပြီးခဲ့တဲ့ကာလကို ကာကွယ်တဲ့အနေနဲ့ပြန်ပြောကြတာရှိတယ်။ဆိုလိုတာကဖွဲ့စည်းပုံအခြေခံဥပဒေမရှိတဲ့ကာလကကဏ္ဍတွေ အကုန်လုံးကို အဲဒီတုန်းက ၀န်ကြီးတွေအားလုံးက ကာကွယ်ဖြေဆိုသွားကြပါတယ်။
ဒါပေမယ့်ဒီမိုကရေစီအလေ့အကျင့်လေးတော့လွှတ်တော်တွင်းမှာဖြစ်လာတာပေါ့။လွှတ်တော်က မေးမြန်းတာတွေကိုဝန်ကြီးတွေကိုယ်တိုင်လာဖြေရတယ်ဆိုတဲ့ဟာကအခုစနစ်သစ်နဲ့သွားမယ့်ခရီးမှာ ၀န်ကြီးတွေရဲ့အခန်းကဏ္ဍကိုမီးမောင်းထိုးပြသလိုဖြစ်သွားတာပေါ့။အဲဒီတော့လာမယ့်၆လသို့မဟုတ် ၁ နှစ်အတွင်းပြန်ပေါ်လာမယ့်ပါလီမန်အထဲမှာပြည်ထောင်စုဝန်ကြီးတွေဟာပြည်သူ့ကိုယ်စားလှယ် အတော်များများ ပြုစုပြင်ဆင်လာတဲ့ ဒေသနဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းတာ ခံရမှာပါ။
ဒီလိုလွှတ်တော်တွင်းမေးမြန်းဖြေကြားမှုတွေဟာနမူနာကောင်းလေးတွေ အစဉ်အလာကောင်းလေးတွေတော့ဖြစ်သွားမယ်။ဝန်ကြီးတွေကိုယ်တိုင်လွှတ်တော်ဥက္ကဋ္ဌကြီးကို တိုင်တည်ပြီးမှလွှတ်တော်ရဲ့ထုံးတမ်းစဉ်လာနဲ့အညီပြောဆိုကြရတယ်။တချို့ဆိုလည်း အမျိုးသားလွှတ်တော်မှာဖြစ်သွားတာက၀န်ကြီးတွေပြန်ဖြေတဲ့အခါမှာမဆီလျော်တဲ့ သုံးနှုံးပြောဆိုမှုတွေရှိတော့ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်ကမသုံးနှုံးဖို့တားမြစ်မှုတွေ ရှိခဲ့ပါတယ်။ ဆိုလိုတာက ၀န်းကြီးတွေဟာ ရွေးကောက် တင်မြောက်ထားတဲ့ထဲက ဖြစ်ရင် ဖြစ်မယ်၊ ဒါမှမဟုတ် ခန့်အပ်ခံရတဲ့သူတွေ ဖြစ်ချင်ရင်ဖြစ်မယ်၊ဒါပေမယ့်လွှတ်တော်ကိုလာရောက်ဖြေဆိုတဲ့အခါမှာ ပြည်သူ့ကိုယ်စားလှယ်တွေကို လေးလေးစားစားနဲ့ ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်လည်ဖြေကြားရမယ့်သဘောပါ။
မေး။ ။အရင်တုန်းကလွှတ်တော်လည်းမရှိ၊အစိုးရလုပ်နေတာကိုလည်းပြည်သူတွေမကြားသိရဘူး။ အခုလွှတ်တော် ပေါ်လာတဲ့အခါ လွှတ်တော်တွင်း ဆွေးနွေးမှုတွေကို ပြည်သူတွေ အတိုင်းအတာတခုအထိ သိခွင့်ရလာတယ်။ဝန်ကြီးတွေကိုမေးမြန်းခွင့်ဆိုတာလွန်ခဲ့တဲ့နှစ်၂၀အတွင်း မရခဲ့တဲ့အခွင့်အရေးဖြစ်တယ်လို့ တချို့ကလည်းအကောင်းမြင်သလိုတချို့ကလည်းဝန်ကြီးတွေဟာသူတို့ဆောင်ရွက်ခဲ့တာတွေကို ကိန်းဂဏန်းတွေ၊အချက်အလက်တွေအများအပြားကိုးကားပြီးကာကွယ်သွားကြတာကို ကြည့်ပြီး မေးခွန်းတွေ၊အဆိုတွေတင်တာပဲရှိတယ်။နောက်ဆုံးတော့တစုံတရာအပြောင်းအလဲမရှိပါဘူးလို့ သုံးသပ်တဲ့သူတွေလည်းရှိပါတယ်။လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ဒီအမြင်၂မျိုးအပေါ် ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။
ဖြေ။ ။အမြင်ကတော့နှစ်ဖက်ရှိမှာပါပဲ။ကျနော်ခုနပြောခဲ့သလိုအခြေခံကောင်းတခုကိုစပြီးပုံသွင်နိုင်ခဲ့ပြီလို့ ယူဆရမှာပေါ့။ပြီးခဲ့တဲ့တည်ဆောက်ပြုပြင်တဲ့လုပ်ငန်းတွေကိုတချို့ကပြန်မေးတော့မီဒီယာကိုတော့ အသုံးချမှာပါပဲ၊ဒါပါပဲ။ဒါပေမယ့်အဲဒါတွေရဲ့အကျိုးကိုခံစားနေရတဲ့ပြည်သူတွေကတော့အမှန်ကို သုံးသပ်မှာပေါ့။ပြည်သူကိုယ်တိုင်ဝေဖန်နိုင်တဲ့အခြေအနေတခုရောက်တဲ့အခါမှာလွှတ်တော်ရဲ့ မြင်ကွင်းကောင်းတာ၊ မကောင်းတာကို လူထုကိုယ်တိုင် ဝေဖန်လာမှာပါပဲ။ အဲ့ဒါက အမြတ်ပဲ။
ပထမအကြိမ်လွှတ်တော်မှာကျနော်တို့ကမေးကြတယ်၊၀န်ကြီးတွေကဖြေကြတယ်ဆိုတာမှတ်တမ်း ကျန်ခဲ့မှာပဲလေ။ဒုတိယအကြိမ်လွှတ်တော်မစမီကြားကာလမှာ(လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့) ပြည်သူတွေကိုဘယ်လိုမေးမြန်းစုံးစမ်းရမယ်၊လွှတ်တော်မှာဘာတွေမေးဖို့သင့်ပြီဆိုတာကို ပြန်ပြီးလေ့လာရမယ်။အခုသွားနေတဲ့လမ်းကြောင်းဟာလက်ရှိ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့လမ်းကြောင်းမှဟုတ်ရဲ့လား၊ဘယ်လိုပြုပြင်ဖို့လိုနေလဲ၊အစိုးရအဖွဲ့ကလာဘ်ပေးလာဘ်ယူ လုပ်နေသလား၊အောက်ခြေမှာဘယ်လိုအခြေအနေရှိသလဲ၊တကယ်တမ်းသူတို့ကြွေးကြော်တဲ့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ လူတဦးချင်းရဲ့ အခြေခံလူ့အခွင့်အရေးတွေအကုန်လုံးကို တကယ်တမ်းရကြရဲ့လား။လူထုဟာသူတို့ရဲ့ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း စတာတွေနဲ့ပတ်သက်တဲ့ PropertyRightတွေရကြရဲ့လား။အဲဒါလေးတွေကအစလာမယ့်ပါလီမန်မှာ မေးနိုင်တဲ့မေးခွန်းတွေ ဖြစ်လာမှာပေါ့လေ။
ပြည်ထောင်စုအစိုးရကိုချည်းပဲမပြောလိုပါဘူး၊လွှတ်တော်ကိုယ်တိုင်ကလည်းတက်လာတဲ့ ကိုယ်စားလှယ်တွေကိုတကယ်တမ်းလူထုကိုကိုယ်စားပြုသလား၊ဖောက်ပြန်နေတာရှိသလား၊ အဲဒါတွေအကုန်လုံးကိုမီဒီယာသမားတွေကလည်းလွှတ်တော်ကိုယ်စားလှယ်တဦးချင်းကိုထောက်ပြဝေဖန်တာတွေလုပ်ကြပါလိမ့်မယ်။သမ္မတဦးသိန်းစိန်ကလည်းမီဒီယာဟာစတုတ္တမဏ္ဍိုင်အဖြစ်ပြောဆိုသွားတာ ရှိပါတယ်။အစိုးရကို၊လွှတ်တော်ကို၊တရားစီရင်ရေးဘက်ကိုမီဒီယာသမားတွေကကောင်းတာရော ဆိုးတာရောကို ကြားနေပြီး ထောက်ပြဝေဖန်လာနိုင်ရင် ကောင်းတဲ့ဘက်ကို သွားမှာပါပဲ။ ဒါတွေကို လက်ခံရမှာပါပဲ။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဒီအခြေခံဥပဒေမှာ ပေးထားတဲ့ အခွင့်အရေးတွေကိုတော့ တဖြည်းဖြည်းနဲ့ ကျနော်တို့ တောင်းရမှာပဲလေ၊ ပြုပြင်သွားနိုင်အောင် ကြိုးစားရမှာပါပဲ။
မေး။ ။လွှတ်တော်တွင်းမေးခွန်းမေးတာပဲဖြစ်စေ၊အဆိုတင်တာပဲဖြစ်စေလွှတ်တော် ကိုယ်စားလှယ်တွေဘက်ကကိန်းဂဏန်းအချက်အလက်အထောက်အထားနဲ့တကွအတိအကျ တင်ပြဆွေးနွေးမှုအားနည်းတာတွေ့ရတယ်။နိုင်ငံရေးပါတီတွေဘက်ကသုတေသနပြုမှု၊ လေ့လာမှုအပိုင်းတွေမှာအားနည်းနေတော့ပါတီတွေအနေနဲ့ကနောင်လာမယ့်လွှတ်တော်အစည်းအဝေးတွေမှာ ပိုပြီး ထိထိရောက်ရောက် မေးမြန်းနိုင်အောင် ဘယ်လိုများ စီစဉ်ထားပါသလဲ။
ဖြေ။ ။ဒီကိစ္စကအရေးကြီးပါတယ်။ပါတီတွေကစနစ်ကျဖို့လိုပါတယ်။ပြည်သူအကြားမှာလေ့လာတဲ့အခါမှာ ကျနော်တို့ပါတီတွေမှာR&D(Research&Development)ဌာနလောက်တော့ရှိဖို့လိုပါတယ်။ ပါတီတွေပိုင်းကလည်းအချက်အလက်တွေမှန်အောင်လုပ်တဲ့နေရာမှာအောက်ခြေအဖွဲ့အစည်းတွေရဲ့ အကူအညီလိုအပ်သလိုNGOတွေဖက်ကလည်းကူညီပံ့ပိုးပေးလို့ရပါတယ်။နောက်ပိုင်းမှာပါတီမှာ သုတေသနလုပ်ငန်းတွေ ထူထောင်လုပ်ဆောင်သွားဖို့ ရှိပါတယ်။
မေး။ ။အစိုးရကအကောင်အထည်ဖော်နေတဲ့စီမံကိန်းတွေရဲ့ကိန်းဂဏန်းအချက်အလက်တွေသူတို့ဆီမှာ အသေးစိတ်ရှိပါတယ်။အမျိုးသားလွှတ်တော်ရဲ့“အစိုးရ၏အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ”ဥက္ကဋ္ဌတဦးအနေနဲ့အစိုးရစီမံကိန်းတွေရဲ့သတင်းအချက်အလက်တွေကို စစ်ဆေးကြည့်ရှု့ခွင့်ရှိပါသလား။ ကော်မတီရဲ့လုပ်ပိုင်ခွင့် ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ကျနော်တို့ကော်မတီရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုပေးထားပါတယ်။တာဝန်ဆိုတဲ့နေရာမှာ လွှတ်တော်ကော်မတီတခုကအစိုးရရဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့မေးမြန်းစရာရှိတဲ့အခါသက်ဆိုင်ရာဝန်ကြီးက လာရောက် ဖြေကြားရပါတယ်။ အဲဒီလိုလုပ်ဆောင်တဲ့နေရာမှာဝန်ကြီးတွေက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာပြောကြားထားတဲ့ကတိက၀တ်တွေလောက်ကိုပဲစစ်ဆေးရတာပါ။ လွှတ်တော်ပြင်ပမှာအစိုးရအဖွဲ့လုပ်နေတဲ့လုပ်ငန်းစီမံကိန်းတွေရှိမှာပဲလေ။အဲဒါတွေကိုကျနော်တို့က စိစစ်ရတာမဟုတ်ပါဘူး။ လွှတ်တော်ရဲ့မေးခွန်းတွေကို ဖြေကြားတဲ့အခါမှာ ပြုခဲ့တဲ့ ကတိက၀တ်တွေကိုသာ စိစစ်ခွင့်ရှိပြီးအဲဒီကတိက၀တ်ပြုတဲ့နေရာအထိသွားပြီးအချိန်ကာလသတ်မှတ်ထားတဲ့အတိုင်း စိစစ်လို့ရတာပါ။အဲဒီလိုစိစစ်ပြီးရင်လည်းတွေ့ရှိချက်တွေကိုကျနော်တို့ကလွှတ်တော်ကို ပြန်လည်အစီရင်ခံရပါတယ်။အစီရင်ခံစာကိုလွှတ်တော်ကအများသဘောတူဆုံးဖြတ်ပြီးတဲ့အခါမှာ လွှတ်တော်ဥက္ကဋ္ဌက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုအစိုးရကို သမ္မတကြီးဆီကတဆင့် သွားမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာလွှတ်တော်မှာကတိက၀တ်ပြုထားတာတွေကိုပဲ စိစစ်ရတာပါ။ လွှတ်တော်ရဲ့(လုပ်ပိုင်ခွင့်)ဘောင်နဲ့ပတ်သက်ပြီးအခြားနိုင်ငံတွေကလွှတ်တော်တွေ၊အာဆီယံက လွှတ်တော်တွေကိုလေ့လာပြီးလွှတ်တော်ပြင်ပကအစိုးရရဲ့လုပ်ငန်းတွေကိုပါ ကြည့်နိုင်အောင် လွှတ်တော်ဘောင်ကို ဘယ်လိုမြှင့်နိုင်မလဲဆိုတာ နောင်မှာလုပ်ရမယ့် လုပ်ငန်းတွေပါ။
မေး။ ။လွှတ်တော်ဟာတကယ်အနှစ်သာရရှိတဲ့လွှတ်တော်လို့ထင်ပါသလား။အစိုးရသစ်ကလည်းအရင် စစ်အစိုးရလက်ထက်က၀န်ကြီးတွေနဲ့ပဲဖွဲ့စည်းထားတော့ဘာမှမပြောင်းလဲပါဘူးဆိုတဲ့သံသယတွေ၊ သုံးသပ်ချက်တွေကိုဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။အရင်အစိုးရနဲ့အခုအစိုးရကပုံသဏ္ဍာန်အားဖြင့်မတူနိုင်တော့ဘူး။လူတွေကအတူတူဖြစ်နေပေမယ့် မူတွေကမတူတော့ပါဘူး။သမ္မတကြီးလည်းမိန့်ခွန်းသုံးကြိမ်သုံးခါပြောသွားတယ်လေ။ သူတို့ကတိပြုထားတဲ့အတိုင်းလုပ်မလုပ်ကိုစောင့်ကြည့်ရမှာပေါ့။ အမှန်တိုင်းလုပ်မလုပ်စောင့်ကြည့်ရမှာ ခင်ဗျားတို့၊ကျနော်တို့အားလုံးမှာတာဝန်ရှိပါတယ်။အစိုးရအဖွဲ့ကမူပြောင်းတယ်၊ လူမပြောင်းဘူးဆိုပေမယ့်လို့ လူက အနှစ်သာရပိုင်း ပြောင်းလဲလာမယ်ဆိုရင်တော့ လူပါပြောင်းလာတယ်လို့ဆိုရမှာပေါ့။ လူတယောက်ချင်းကတကယ်တမ်းဒီမိုကရေစီဘက်သွားချင်တဲ့ဆန္ဒ၊ခံစားချက်၊ခံယူချက်ရှိမယ်ဆိုရင် ကာလတခုမှာ အရွေ့ရှိဖို့လိုပါတယ်။
မေး။ ။လွှတ်တော်မပေါ်မီကဒီလွှတ်တော်ဟာစစ်ဘက်နဲ့အရပ်ဘက်ပေါင်းစပ်ထားဖြစ်တဲ့အတွက် လွှတ်တော်ထဲမှာစစ်ဘက်နဲ့အရပ်ဘက်ကိုယ်စားလှယ်တွေအကြားတစုံတရာ ထိတွေ့ဆက်ဆံမှုတွေကတဆင့်အပြန်အလှန်နားလည်မှုတွေ ရနိုင်တယ်ဆိုတဲ့တွက်ဆမှုတွေ ရှိခဲ့ပါတယ်။ အခု လွှတ်တော်ပေါ်ပေါက်လာတဲ့အခါမှာစစ်ဖက်ကိုယ်စားလှယ်၂၅ရာခိုင်နှုန်းနဲ့အရပ်သား ကိုယ်စားလှယ်တွေအကြား ဆက်ဆံရေးဟာ ဘယ်လိုရှိခဲ့ပါသလဲ။
ဖြေ။ ။၂၅ ရာခိုင်နှုန်းကိုကျနော်တို့ကအစကလူကြီးတွေလာမယ်လို့ထင်တာဗျ။ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးအဆင့်ကို အများကြီးပါလာလိမ့်မယ် ထင်ခဲ့တယ်။ တကယ်တမ်းကြတော့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေပဲ ဖြစ်နေတယ်။လူငယ်တွေချည်းပဲ။တော်တော်အံ့သြဖို့ကောင်းတယ်။မျိုးဆက်သစ်တွေကိုပထမဆုံး လွှတ်တော်ထဲစသွင်းတာကသူတို့မှာရည်ရွယ်ချက်ရှိမှာပဲလေ၊ထားလိုက်ပါတော့။လွှတ်တော်တွင်းမှာတော့ သူတို့ကနားထောင်ရုံသက်သက်လေ။ဒါပေမယ့်ရင်နှီးမှုတော့ရပါတယ်။အထူးသဖြင့်တချို့က ဒေသခံတွေဖြစ်နေတယ်။လူမျိုးချင်းတူတာတွေပါတယ်။နောက်ပညာရေးဘွဲ့တူတဲ့လူတွေ ရှိကြတယ်။ အဲဒီလို နီးစပ်ရာလေးတွေနဲ့ ရင်းနှီးမှုရခဲ့ပါတယ်။ လွှတ်တော်ပြင်ပ ရောက်တဲ့အခါကြတော့လည်း သူတို့ကိုယ်တိုင်က ပြောပါတယ်။ပြီးခဲ့တဲ့လွှတ်တော်ထဲမှာသူတို့အနေနဲ့ ဘာမှမပြောနိုင်ခဲ့ဘူး။ နောင် လွှတ်တော်ကျရင် ပြောဆိုခွင့်ရမယ်ထင်တဲ့အကြောင်းပေါ့လေ။ဒီလိုဆိုရင်တပ်မတော်ဘက်ကလည်း လွှတ်တော်မှာ မေးစရာမြန်းစရာတွေ ပေါ်လာမှာပါ။
ယူနီဖောင်းဝတ်နဲ့ အရပ်ဝတ်ဆိုတဲ့ အသွင်သဏ္ဍာန်အားဖြင့် ကွဲနေပေမယ့်လို့ စိတ်ဓာတ်အားဖြင့် နီးစပ်နေဖို့ လိုပါတယ်။ သူတို့ဘက်ကလည်း ပြည်သူတွေကြားမှာ သူတို့ အမေ အဖေ သားချင်းတွေရှိကြတာကိုး။ လူထုနဲ့က သူတို့မိသားစုတွေ ဆွေးမျိုးသားချင်းတွေ စတာတွေနဲ့ ဆက်နွယ်မှုကရှိတော့ သူတို့မှာလည်း ခံစားချက်တော့ ရှိပါတယ်။အထူးသဖြင့်လက်နက်ကိုင်အဖွဲ့အစည်းဆိုတော့ကျနော်တို့ အရပ်ဘက်က သူတွေထက်တောင်မှသူတို့မိသားစုတွေရဲ့စားဝတ်နေရေးဆိုရင်လစာတခုတည်းအပေါ်မှာ မှီနေကြရတာကိုး။ရာထူးကြီးတဲ့သူနဲ့ရာထူးငယ်တဲ့သူတွေရဲ့ခံစားချက်လေးတွေသူတို့မှာအများကြီး ရှိပါတယ်။သူတို့ကတင်းကျပ်တဲ့စည်းကမ်းတွေအောက်မှာနေရတဲ့လူ့အဖွဲ့အစည်း။ကျနော်တို့က လွတ်လပ်တဲ့လူ့အဖွဲ့အစည်းက လာကြတာဆိုတော့ ကျနော်တို့က ပြောတာဆိုတာကအစ လွတ်လပ်တယ်၊ ကျနော်တို့ ပြောတာဆိုတာတွေကို ကြည့်ပြီး သူတို့မျက်နှာတွေမှာ အားကျနေတာတွေကို မြင်နေရတယ်။ သူတို့မှာ ပါးစပ်ပိတ်ထားရတဲ့ အခါကျတော့ မ၀ံ့မရဲမျက်နှာတွေကိုလည်း တွေ့ရပါတယ်။ ဒါလေးတွေက နောက်ပိုင်းမှာ တဘက်နဲ့တဘက်ကို နားလည်မှုတည်ဆောက်လာနိုင်မယ့် နီးစပ်မှုလေးတွေပေါ့ဗျာ။
Geen opmerkingen:
Een reactie posten