ခိုင်လင်း / ၁၃ အောက်တိုဘာ ၂၀၁၀
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်)မှ ကိုယ်စားလှယ်လောင်း ကချင်တိုင်းရင်းသား (၂) ဦးသည် မြစ်ကြီးနားနှင့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာများအတွက် ကချင်ပြည်နယ်တွင် တာဝန်ယူခဲ့ကြသည့် စစ်ဗိုလ်ထွက်များနှင့် ယှဉ်ပြိုင်ရန်ရှိသည်။
မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးနှင့် ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ကချင်ပြည်နယ်တာဝန်ခံလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဇော်နှင့် အဓိကယှဉ်ပြိုင်ရန်ရှိပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ဦးလနန်ဘောက်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီ ပါတီမှ စိုင်းအောင်ကျော်ဦးတို့လည်း ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း အန်ဒီအက်ဖ်မှ ကိုယ်စားလှယ်လောင်း ဦးမာခါးက ပြောသည်။
၎င်းက “ကြံ့ခိုင်ရေး၊ တစည၊ ကျားဖြူပါတီနဲ့ ကျနော်တို့ အန်ဒီအက်ဖ် အားလုံး (၄)ဦး ရှိပါတယ်။ ကျနော်တို့ပါတီက ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် အမှန်တကယ် ဦးတည်သွားနေတဲ့အတွက်ရယ်၊ လူထုအနေနဲ့ ရွေးချယ်စရာ ပါတီ သိပ်မရှိတဲ့အတွက်ရယ်ကြောင့် ကျနော်တို့ကို လူထုက ထောက်ခံမယ်လို့ မျှော်လင့်ပါတယ်။ အခု ကျနော်တို့ ရှိလာလို့ လူထုတွေ ဝမ်းသာကြပါတယ်။ လူထုကို ပြောပြနိုင်ရင် ပြောပြနိုင်သလို လူထုတွေက ထောက်ခံမှာပါ” ဟု ပြောသည်။
ပါတီစည်းရုံးရေးအတွက် လူထုဟောပြောပွဲလုပ်ရန် ရက်သတ္တတပတ် ကြိုတင်ခွင့်တောင်းရခြင်းကြောင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်ခဲများရှိနေသကဲ့သို့ ပါတီကို ကူညီပံ့ပိုးမှုလုပ်ခြင်းဖြင့် နအဖအစိုးရ၏ ငြိုငြင်လာနိုင်မှုအပေါ် အချို့သောသူများက စိုးရိမ်နေကြသည်ဟု ဦးမာခါးက ပြောသည်။
ဦးမာခါးသည် အသက်(၂၇)နှစ်သာရှိသေးပြီး ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှ (၁ဝ)တန်း အောင်မြင်ကာ မြစ်ကြီးနားတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့ပြီး ယခုအခါ ရှေ့နေလုပ်ကိုင်နေသည်။
ဖားကန့်မြို့နယ်၏ ပြည်သူ့လွတ်တော်အမတ်နေရာတွင် ယခင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး လုပ်သွားခဲ့သူ ဒု-ဗိုလ်ချုပ်ကြီးဟောင်း အုန်းမြင့်နှင့် အန်ဒီအက်ဖ်မှ ဒေါ်ဘောက်ဂျာတို့ ယှဉ်ပြိုင်ရန်ရှိသည်။
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဇာတိဖြစ်သူ ဒေါ်ဘောက်ဂျာက ယခင်က နိုင်ငံရေးလှုပ်ရှားမှုထဲ တခါမှ ပါဝင်ခြင်းမရှိခဲ့ဘဲ ဒေသအတွင်းရှိ လူထု၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသဖြင့် အဘက်ဘက်က နိမ့်ကျနေမှုများကို တွေ့မြင်ပြီး ယခုကဲ့သို့ နိုင်ငံရေးပါတီထဲ ဝင်ရောက်ကာ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက “တောင်သူတွေ၊ အခြေခံလူတန်းစာတွေဟာ အဘက်ဘက်က နိမ့်ကျနေတယ်။ သူတို့ဘဝကို မြှင့်တင်နိုင်ဖို့ လွှတ်တော်ထဲမှာ ပြောဆိုခွင့်ရအောင် အခုလို ရွေးကောက်ပွဲဝင်တာပါ။ နိုင်ငံရေးကို သိနားလည်လို့ မဟုတ်ပါဘူး။ ကျမက တောင်သူပါ” ဟု ပြောသည်။
ဒေါ်ဘောက်ဂျာသည် ယုဇနကုမ္ပဏီက ဖားကန့်မြို့နယ်အတွင်း ဒေသခံတို့၏လယ်ယာမြေများ သိမ်းသည့်ကိစ္စနှင့် ပတ်သက်၍ တရားရုံးတွင် တရားစွဲဆိုရေးအတွက် ဦးဆောင်နေသူလည်း ဖြစ်သကဲ့သို့ သူမ၏ လယ်ယာမြေများလည်း အသိမ်းခံထားရသူဖြစ်သည်။
အမျိုးသားဒီမိုကရေစီအင်အားစု၏ ပါတီရုံးကို မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်တွင် ယခုလ (၉)ရက်နေ့က ဖွင့်လှစ်ခဲ့ရာ ပါတီဗဟိုမှ ဒေါက်တာလှစိုးညွန့် လာရောက် ဖွင့်လှစ်ပေးခဲ့သည်။
Geen opmerkingen:
Een reactie posten