မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 4 oktober 2010

တရားရုံးမှချမှတ်သော ပြစ်ဒဏ် ဒေသခံများ မကျေနပ်

မြတ်ခိုင်ဦး / ၀၄ အောက်တိုဘာ ၂၀၁၀
ပြီးခဲ့သည့် သြဂုတ်လအတွင်း ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သော အရပ်သား (၆)ဦးကိုအမှတ်(၁)ရဲစခန်းမှ ရဲအရာရှိ(၄)ဦးကမတရားရိုက်နှက်ခဲ့မှုနှင့်ပတ်သက်၍တရားရုံးမှအဆိုပါရဲများအားတာဝန်မှရုပ်သိမ်းရုံသာ အမိန့်ချခဲ့မှုကို ပဲခူးဒေသခံများက မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရသည်။
ပဲခူးမြို့ အမှတ် (၁)ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကောင်းစံ၊ ဒု-ရဲအုပ် ကျော်သူရ၊ ဒု-ရဲအုပ် မင်းစိုး၊ အလုပ်သင် ဒု-ရဲအုပ် ပြည့်ဖြိုးမောင်တို့(၄)ဦးအားပဲခူးခရိုင်ရဲတရားရုံးတွင်ချုပ်နှောင်စစ်ဆေးမေးမြန်းပြီးနောက် ရာထူးများမှ ရုပ်သိမ်းကြောင်းသာ ပြီးခဲ့သည့်သီတင်းပတ်၌ ရဲတရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့မှ ရှေ့နေ ဦးအေးမြင့်က အတည်ပြုပြောကြားသည်။
သြဂုတ်လ (၁၁)ရက်နေ့ ည (၁၀)နာရီခန့်တွင် အရက်မူးနေသော အဆိုပါရဲများက အရပ်သားများ ဖြစ်ကြသော ကိုရန်ပိုင်စိုး၊ ကိုကျော်သူရ၊ ကိုအောင်ဝင်းထိုက်တို့အပါအဝင် စုစုပေါင်း အရပ်သား (၆) ဦးအား ပဲခူးမြို့တိုင်း တရားရုံးအရှေ့တွင် ထိုးကြိတ်ရိုက်နှက်ပြီးနောက် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စခန်းသို့ရောက်သောအခါ နံနက် (၃)နာရီတိုင် ထပ်မံရိုက်နှက်ခံရသောကြောင့် အဆိုပါသူများထဲမှ ကိုအောင်ဝင်းထိုက်နှင့် ကိုကျော်သူရတို့နှစ်ဦး ပဲခူးမြို့ဆေးရုံသို့ ပို့ဆောင်ခြင်းခံရကာ ဆေးဝါးကုသမှု ခံယူခဲ့ရသည်။
ထို့အပြင် ဖမ်းဆီးရိုက်နှက်ခံရသူတို့၌ ပါရှိသောငွေ (၁) သိန်းခွဲကိုလည်း ရဲများက သိမ်းဆည်းထားလိုက်ကာ ယူဆောင်သွားသည့် လက်ကိုင်ဖုန်းကိုလည်း ထုခွဲဖျက်ဆီးခဲ့သည့်အတွက် ခံရသူများဘက်မှ တရားစွဲဆို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ (၄)ရက်နေ့ည (၁၂)နာရီခန့်ကလည်း ပဲခူးမြို့နေ လူငယ် (၂)ဦးဖြစ်သော မောင်စိုးပိုင်ဇော်(၁၉)နှစ်နှင့် မောင်အောင်သူဟိန်း (၂၃)နှစ်တို့နှင့် ဒေသခံစစ်တပ် အရာရှိများ ခိုက်ရန်ဖြစ်ပွားရာမှ စတင်၍ လူငယ်များနေထိုင်ရာ ရပ်ကွက်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ခမရ (၁၀၁)မှ ပစ်မိန့်ပေးသူ ဗိုလ်ကြီး သိဒ္ဒိစိုးနှင့် အရာရှိငယ် (၂)ဦး၊ တပ်သား (၇)ဦးတို့ကိုလည်း ဆက်လက်စစ်ဆေးနေကြောင်း ဦးအေးမြင့်က ပြောကြားသည်။ သို့သော် ၎င်းတို့အား မည်သည့်နေရာတွင် ချုပ်နှောင်ထားရှိသည်ကိုမူ အတည်မပြုနိုင်သေးဟု ဆိုသည်။
အခင်းဖြစ်ပွားသည့်ညက အဆိုပါ စစ်တပ်အရာရှိများအား စစ်ချက်ယူရသူမှာ အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ် ကျော်လင်းအောင် ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များကိုလည်း စစ်တပ်သို့အပ်နှံခဲ့ရကြောင်း၊ အဆိုပါကိစ္စအတွက် တာဝန်ယူဖြေရှင်းရန် ရောက်ရှိလာသည့် ဗျူဟာမှူးက “မင်းတို့တပ်မတော်နှင့် မတန်ဘူးဆိုပြီး စစ်ဝတ်စုံချက်ချင်းချွတ်ခိုင်းပြီး အရပ်ဝတ်လဲခိုင်းတယ်” ဟု ကြားသိရကြောင်း ဦးအေးမြင့်က ပဲခူးတရားရုံးမှ ရင်းနှီးသည့် ရဲများ၏ ပြောပြချက်အရ သိရှိရသည်ဟု ဆိုသည်။
၁၉၉၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ရဲတရားရုံးဥပဒေအသစ်သည် ပြစ်မှုကျူးလွန်သော တရားခံရဲများကို ရဲတရားရုံးတွင်သာ စစ်ဆေး၍ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည့်အတွက် အဆိုပါရဲများကို သက်သက်ညှာညှာ ပြစ်ဒဏ်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပဲခူးမြို့ခံများက ယူဆနေကြသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပဲခူးမြို့ခံတဦးက “အခု အရပ်သား (၆)ဦး အရိုက်ခံရတဲ့အမှုမှာ ရိုက်တဲ့ရဲတွေကို ထောင်မချဘဲ ရာထူးမှထုတ်ပယ် အလုပ်ထွက်စေတယ်လေ။ ဒီတော့ အလုပ်ထွက်ချင်သူတွေက အပြင်အရပ်သားကို ခေါ်ရိုက်ပြီး ထွက်ဖို့ သင်ခန်းစာပေး၊ ပညာပေးသလိုဖြစ်သွားတယ်။ ဒီလောက် လူသိရှင်ကြား ဖြစ်တဲ့အမှုတောင် ပြစ်မှုနှင့်ပြစ်ဒဏ် မမျှဖြစ်သွားတယ်” ဟု ထင်မြင်ချက်ပေးသည်။

Geen opmerkingen: