ရဲရင့် / ၀၄ အောက်တိုဘာ ၂၀၁၀
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက စားသုံးရန်မသင့်ကြောင်း ကြေညာထားသည့် ငရုတ်ဆီအချို့နှင့် ငါးပိထောင်းဘူး အချို့ကို မြ၀တီမှတင်သွင်းပြီး မဲဆောက်တွင်တဆင့်ခံကာ မြန်မာအလုပ်သမားများရှိရာ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ တံဆိပ်များခွာကာ တင်ပို့ရောင်းချလျက်ရှိသည်။
ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မြန်မာစားသောက်ကုန် တင်ပို့သည့် မဲဆောက်ပွဲရုံကြီးတခုမှ အလုပ်သမားတဦးက “ဒီလမကုန်ခင်က မြန်မာနိုင်ငံမှာ အန္တရာယ်ရှိပြီး စားလို့မရတဲ့ ငရုပ်ဆီ (၁၁) မျိုးနဲ့ ငါးပိထောင်းဘူးတွေ ကြေညာတယ်၊ မဲဆောက်က ပွဲရုံတွေမှာက ငရုပ်ဆီတွေ လှောင်ထားတာ ပွဲရုံတခုမှာဆို ပုလင်းတွေထောင်နဲ့ချီရှိတယ်။ အဲဒါတွေကို ပိုင်ရှင်တွေက တံဆိပ်တွေခွာပြီး ဘန်ကောက်ကိုပို့နေကြတယ်” ဟုပြောသည်။
အဆိုပါပွဲရုံမျိုး မဲဆောက်တွင်(၁၀)ရုံအထက်ရှိပြီး ပွဲရုံတရုံလျှင် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မြန်မာစားသောက်ကုန်များ လစဉ် (၁၀) ဘီးကား (၃) စီးစာခန့် ပုံမှန်တင်ပို့လျက်ရှိသည်ဟု သိရသည်။
လုပ်ငန်းခွင်အသီးသီးရှိ မြန်မာအလုပ်သမားများ လွယ်လင့်တကူ စားသုံးကြသည့် ငါးပိထောင်းဘူးများကိုလည်း တဆိပ်များခွာ၍ ရောင်းချနေရသည်ဟု မြန်မာစားသောက်ကုန် ရောင်းသူ မကျင်က ပြောသည်။
၎င်းက “နတ်သုဒ္ဓါ ငါးပိထောင်းဘူးအသေးက အစိုးရ ကြေညာတဲ့ထဲမှာ ပါတယ်။ သူက အရောင်းရဆုံးပဲ။ တနေ့ကို မဲဆောက်မှာတင် ဘူးထောင်နဲ့ချီပြီး ရောင်းရတယ်။ အလုပ်သမားတွေက ချက်ပြုတ်ဖို့ အချိန်မရှိကြဘူး။ အခုတော့ တံဆိပ်ခွာပြီး ရောင်းနေရတယ်၊ မခွာလည်း ရောင်းနေရတာပါပဲ”ဟု ပြောသည်။
မြန်မာအလုပ်သမား(၂)သိန်းကျော်ရှိသည့်မဲဆောက်ဒေသတွင်မြန်မာစားသောက်ကုန် ရောင်းချသည့်ဆိုင်တဆိုင်လျှင် တလအတွင်း ငရုပ်ဆီဖန်ပုလင်း၊ ကော်ပုလင်းအရေအတွက် (၅၀၀ )ခန့် ပုံမှန်ရောင်းရသည်ဟု ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
၎င်းက “ထိုင်းကိုရောက်နေတဲ့ မြန်မာအလုပ်သမားတွေစားတာက ငရုပ်ဆီကိုအခြေခံတဲ့ ၀က်သားတုတ်ထိုးနဲ့ ၀က်ခေါင်းသုပ်ရယ် အခြားအသုတ်တွေဖြစ်တယ်။ ဒါကြောင့် ရောင်းနေရတာပါ၊ အစိုးရကြေညာထားတဲ့ ငရုပ်ဆီတွေထဲက ထိုင်းမှာရောင်းနေတာ (၄) မျိုးပဲရှိတယ်။ ဒါတွေရောင်းနေတာ (၁၀) နှစ်ကျော်ပြီ။ အစိုးရက အခုမှ ကြောညာတာဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး” ဟု ပြောသည်။
မြန်မာကျန်းမာရေးဝန်ကြီးဌာနမှ ယခင်လ (၂၃) ရက်နေ့၌ စားသုံးရန်မသင့်သည့် ငရုပ်ဆီ (၁၁) မျိုးနှင့် ငါးပိထောင်းအချို့ကို ကြေညာခဲ့ပြီး ထုတ်လုပ်ရောင်းချသူများကို အမျိုးသားအ စားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ တရားစွဲဆို အရေးယူခံရမည်ဟု ဖော်ပြထားသည်။
ကြေညာထားသည့် ငရုပ်ဆီများမှာ၊ ရွှေပျံလွှား၊ ကောင်းမှကောင်းရှယ်၊ စိန်ဟင်္သာ၊ စိန်သရဖူ၊ သရဖီပန်း၊ သန်းကြွယ်၊ ရွှေလင်းယုံ၊ မြားနတ်မောင်၊ ယုဇန တံဆိပ်များနှင့် နတ်သုဒ္ဓါ ငါးပိထောင်းဘူးများလည်း ပါဝင်သည်။
Geen opmerkingen:
Een reactie posten