ထိုင်းနိုင်ငံအတွင်းရှိခရိုင်(၇၆)ခုမှဒေသအသီးသီးတွင်အာဏာပိုင်ရဲများက ရွှေ့ပြောင်းအလုပ်သမားများအား အမြဲလိုလို တနည်းမဟုတ်တနည်း ခြိမ်းခြောက်ငွေညှစ်နေသည့်အတွက် ၎င်းတို့မှာ ထိုင်းရဲများအတွက် လမ်းလျှောက်နေသောငွေထုတ်စက်(WalkingATM)သဖွယ်ဖြစ်နေသည်ဟု အလုပ်သမားများက ပြောဆိုသည်။
အခြားဒေသများနှင့်စာလျှင် မဟာချိုင်နှင့်မဲဆောက် ဒေသများရှိ ရဲများသည် နည်းလမ်းပေါင်းစုံသုံး၍ ရွှေ့ပြောင်းအလုပ်သမားများထံမှခြိမ်းခြောက်ငွေညှစ်တောင်းခံမှုများပြုလုပ်နေကြောင်း၊သို့သော် အဆိုပါရဲများအားမည်သည့်အစိုးရအဖွဲ့အစည်းကမှအရေးယူခြင်းမရှိကြောင်း ငွေညှစ်ခံရသောအလုပ်သမားများက ပြောသည်။
မဟာချိုင်တွင် အလုပ်လုပ်ကိုင်စားသောက်နေကြသော ရွှေ့ပြောင်းအလုပ်သမားများ၏ အိမ်ခန်းများသို့ ဒေသခံရဲများသည် ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ဈေးဝယ်စာရင်းများ၊အခြားဂဏန်းနံပါတ်များ ရေးမှတ်ထားလေ့ရှိသူများအားတရားမဝင်ထီ(ချဲ)ထိုးသည်ဟုအတင်းအဓမ္မစွပ်စွဲခြိမ်းခြောက် ငွေတောင်းခံမှုများ ပြုလုပ်နေကြသည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရဲများ၏ မတရားငွေတောင်းခံမှုကို ရင်ဆိုင်ခဲ့ရသော ကိုထွေးက “သူတို့ နေ့ခင်းဘက် အခန်းထဲကို ဝင်လာတယ်၊ အခန်းကိုမွှေလို့ ဘာမှမတွေ့တော့ စာအုပ်မှာရေးထားတဲ့ အသင်းနံပါတ်ဂဏန်း(၅)လုံးကို ချဲလုပ်ပစ်လိုက်ရော။ ပြီးတော့ မြန်မာပြည်က ဂျာနယ်တွေကို ဒါဘောလုံးဒိုင် ကိုင်တယ်၊လောင်းကစားလုပ်တယ်ဆိုပြီးပြောတယ်။ကျနော်ဘတ်(၁၀,၀၀၀)ပေးလိုက်ရတယ်”ဟု ပြောသည်။
မဟာချိုင်ဒေသတွင်နေထိုင်၍မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်နေသော ဦးမောင်မောင်က “အထူးသဖြင့်KLဘက်နဲ့ထိုင်းယူနီယံဘက်ဒေသတွေမှာဖြစ်နေတာ။နေ့ခင်းပိုင်းတွေမှာ ဝင်မွှေတာ၊ ဘတ်စစ်၊ အခန်းကိုမွှေပြီးရင်အဲဒီလိုအခန်းမှာဂဏန်းနံပါတ်တွေ့ရင်ဆွဲသွားရော၊နောက်ပိုက်ဆံဘယ်လောက်နဲ့ရွေး အဲဒီလိုလုပ်တာ” ဟု ဆိုသည်။
ထိုကဲ့သို့ ထိုင်းရဲများက မတရားငွေညှစ်တောင်းခံမှုများသည် မဟာချိုင်ဒေသတွင် တလလျှင် (၂) ကြိမ်ခန့် ပုံမှန်ဖြစ်ပွားလေ့ ရှိနေသည်။
အလားတူ မဲဆောက်ဒေသတွင်လည်း မိမိတို့၏သာရေးနာရေးအတွက် ခရီးရှည်သွားလာရသော ယာယီပတ်စပို့စ် လက်ဝယ်ကိုင်ဆောင်ထားရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအားလည်း နည်းမျိုးစုံခြိမ်းခြောက် ငွေတောင်းခံမှုများ လုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ(၂၈)ရက်နေ့ ညနေ(၆)နာရီခန့်တွင် မဲဆောက်မှဘန်ကောက်သို့ ထွက်ခွာမည့်ကားကို စောင့်ဆိုင်းနေသော ဘန်ကောက်မြို့ ချည်စက်ရုံတခုတွင် အလုပ်လုပ်ကိုင်နေသော အသက် (၄၀) အရွယ် စုံတွဲတတွဲနှင့်တူမတဦးထံမှလည်းကောင်း၊အသက်(၃၀)အရွယ်အမျိုးသား(၃)ဦး အမျိုးသမီး (၂) ဦးတို့ထံမှလည်းကောင်းဒေသခံရဲ(၂)ဦးကဘတ်ငွေ(၁,၀၀၀)စီတောင်းယူခဲ့ကြောင်း မျက်မြင်တဦးက ပြောသည်။
မျက်မြင်ဖြစ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုကျော်ကျော်က “ကျနော်လည်း ကားစောင့်ရင်း ဆေးလိပ်သောက်နေတာ ကျနော့်တော့ လာမမေးဘူး။ ဟိုလူတွေက စိုးရိမ်တတ်တဲ့ သူတွေဆိုတော့ အမျိုးမျိုးရစ်ပြီး တယောက်ငွေ (၁,၀၀၀) စီ တောင်းသွားတယ်” ဟု ဆိုသည်။
ယခုအခါတွင် ယာယီပတ်စပို့စ် ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း လွပ်လပ်စွာသွားလာခွင့်ရှိပြီး မတရားငွေညှစ် တောင်းခံရမှုများရှိပါက ဓာတ်ပုံမှတ်တမ်းတင်၍ရခဲ့လျှင် သော်လည်းကောင်း၊အဆိုပါရဲများ၏ဦးထုတ်နံပါတ်နှင့်နေရာအချိန်တို့ကိုမှတ်သားကာအလုပ်သမားအရေး၊ လူ့အခွင့်ရေးလုပ်ဆောင်နေသောအဖွဲ့များမှတဆင့်အရေးယူဆောင်ရွက်၍ရကြောင်း အလုပ်သမားအဖွဲ့များက အကြံပြုထားသည်။
အဆိုပါငွေတောင်းခံခြင်း၊ ငွေညှစ်ခြင်းများနှင့်ပတ်သက်၍ အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများက ထိုင်းအစိုးရအား အစဉ်တစိုက်တင်ပြ လှုံ့ဆော်မှုများရှိသော်လည်း ထိရောက်သော အပြောင်းအလဲများ မတွေ့ရှိရသေးကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောသည်။
Geen opmerkingen:
Een reactie posten