အခုအခါ ဖက်ဆစ် စစ်ဝါဒီတွေဖြစ်တဲ့ နအဖစစ်အုပ်စုဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားနေတာကို ပြည်တွင်းပြည်ပမှာ သိနေကြပါပြီ။ ဒါကြောင့် အောက်ခြေတပ်မတော်သားတွေအပါအဝင် မြန်မာပြည်သူတွေအနေနဲ့ နျူကလီးယားနည်းပညာကို တစုံတရာ သိနားလည်လာဖို့ လိုအပ်နေပါတယ်။ အခုဆောင်းပါးက အဲဒီကွက်လပ်ကို ဖြည့်ဖို့ ရည်ရွယ်ပါတယ်။
၁။ သတ္တုတူးဖော်ခြင်း
အရပ်ဘက်နျူကလီးယားဖြစ်စေ၊ စစ်ဘက်နျူကလီးယားဖြစ်စေ အခြေခံကုန်ကြမ်းက ယူရေနီယမ် ဖြစ်ပါတယ်။ ဒီ ယူရေနီယမ် သတ္တုကို မြေကြီးထဲက တူးယူရပါတယ်။ ကမ္ဘာမှာ ယူရေနီယမ် အဓိကထွက်တဲ့ နိုင်ငံတွေက သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ကာဇက်စတန်၊ နမီးဘီးယား၊ နိုင်ဂျာ၊ ရုရှား၊ ဥဇဘက်ကစ္စတန်တို့ဖြစ်ပြီး မြန်မာပြည်မှာတော့ ပင်းပက်၊ သပိတ်ကျဉ်း၊ ပုံတောင်ပုံညာ၊ ဖားကန့်၊ တနိုင်း၊ မိုးမိတ်တို့မှာ ထွက်ပါတယ်။
ယူရေနီယမ် အနုမြူတချို့ကို ဆက်တိုက်ခွဲစိတ်တဲ့အခါ စွမ်းအင် ထွက်လာပါတယ်။ ဒီဖြစ်စဉ်ကို နျူကလီးယား ခွဲစိတ်မှု nuclear fission လို့ ခေါ်ပါတယ်။ နျူကလီးယားဓာတ်အားပေးစက်ရုံ (ဓာတ်ပေါင်းဖို) မှာ ခွဲစိတ်မှုက ဖြည်းဖြည်းလေးဖြစ်ပျက်နေပြီး နျူကလီးယားလက်နက်မှာတော့ တဟုန်ထိုးမြန်မြန်ဆန်ဆန် ဖြစ်ပျက်ပါတယ်။ နှစ်မျိုးစလုံးမှာတော့ ဒီခွဲစိတ်မှုကို သေသေချာချာဂရုတစိုက် ထိန်းချုပ်ဖို့လိုပါတယ်။
နျူကလီးယားခွဲစိတ်မှုအတွက်ယူရေနီယမ်(၂၃၅)လို့ခေါ်တဲ့ ယူရေနီယမ်အိုင်ဆိုတုပ်ကိုသုံးရင် အကောင်းဆုံးဖြစ်ပါတယ်။(အိုင်ဆိုတုပ် ဆိုတာ ပရိုတွန် အရေအတွက်တူပြီး နျူထရွန် အရေအတွက်မတူတဲ့ မျိုးတူဒြပ်စင် ဖြစ်ပါတယ်။သဘာဝအတိုင်းတွေ့ရတဲ့ယူရေနီယမ်ကယူရေနီယမ်(၂၃၈)ဖြစ်ပါတယ်။) ယူရေနီယမ်(၂၃၅)အစားပလူတိုနီယမ်(၂၃၉)ကို သုံးရင်လည်း ထိရောက်မှုကောင်းပါတယ်။ ယူရေနီယမ် ၂၃၅ (ယူ-၂၃၅)ဟာဆက်တိုက်ဆင့်ကဲဆင့်ကဲခွဲစိတ်မှုဖြစ်တတ်ပြီးစွမ်းအင်အဖြစ်အပူဓာတ်ကို ထုတ်လွှတ်ပါတယ်။
ယူရေနီယမ်(၂၃၅)အနုမြူ ကွဲထွက်တဲ့အခါ နျူထရွန် (၂)လုံး (၃)လုံး လွှတ်ထုတ်ပါတယ်။ ဘေးမှာ တခြားယူ-၂၃၅ အနုမြူတွေရှိနေရင် အဲဒီနျူထရွန်တွေက ဝင်တိုက်ပြီး အတိုက်ခံရတဲ့ အနုမြူတွေကို ကွဲထွက်စေပါတယ်။ ဒါကြောင့် နျူထရွန်တွေ ပိုများများ ထပ်ထွက်လာပါတယ်။ အခုလိုမျိုး သူ့ဖာသာသူ ကွင်းဆက်ဓာတ်ပြုနိုင်ဖို့ ယူ-၂၃၅ အနုမြူ အလုံအလောက်ရှိနေရင် နျူကလီးယားတုံ့ပြန်မှု ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုဖြစ်ဖို့ အနည်းဆုံးလိုအပ်တဲ့ အနုမြူ အရေအတွက်ကို “အခြေပြောင်းဒြပ်ထု” critical mass လို့ခေါ်ပါတယ်။
ဒါပေမယ့် သဘာဝအတိုင်းတွေ့ရတဲ့အနုမြူဒြပ်စင်မှာ အနုမြူ အလုံး(၁,၀၀၀)မှာ ယူ-၂၃၅ က (၇) လုံးပဲပါပြီး ကျန်တဲ့ အနုမြူ (၉၉၃) လုံးက ယူ-၂၃၈ ဖြစ်နေပါတယ်။
၂။ ဓာတ်ပြောင်းခြင်း
ယူရေနီယမ်သတ္တုရိုင်းကို တူးယူပြီးရင် စက်နဲ့ အမှုန့်ကြိတ်ပစ်ရပါတယ်။ ဒီအမှုန့်တွေကို ဓာတုဗေဒနည်းနဲ့ သန့်စင်ပစ်ပြီး “အဝါရောင်ကိတ်မုန့်”yellowcakeလို့ခေါ်တဲ့ ယူရေနီယမ်အခဲ ပြန်လုပ်ရပါတယ်။ ဒီအဝါရောင်ကိတ်မုန့်မှာ ယူရေနီယမ် (၆၀-၇၀) ရာခိုင်နှုန်းပါဝင်ပြီး ရေဒီယိုသတ္တိကြွအန္တရာယ်ရှိနေပါပြီ။
ဒီနေရာမှာ နျူကလီးယားပညာရှင်တွေရဲ့ အဓိကအလုပ်က ရထားတဲ့ယူရေနီယမ်ထုထဲမှာ ယူ-၂၃၅ အနုမြူ ပမာဏတိုးလာအောင် လုပ်ဖို့ဖြစ်ပါတယ်။ဒါကိုယူရေနီယမ်သန့်စင်မှုenrichmentလို့ခေါ်ပါတယ်။ သန့်စင်ဖို့အတွက် အဝါရောင်ကိတ်မုန့်ကို နိုက်ထရစ်အက်ဆစ်နဲ့ ဖျော်ပြီး ဓာတုဗေဒနည်းနဲ့ ပြုပြင်ရပါတယ်။ ဒီ့နောက်မှာ အပူပေးပြီး ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ် ဓာတ်ငွေ့ဖြစ်လာစေပါတယ်။
ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ဓာတ်ငွေ့ဟာ ထိတဲ့ပစ္စည်းတွေကို လောင်တတ် စားတတ်တဲ့အတွက် အင်မတန် သတိထားကိုင်တွယ်ရပါတယ်။ ဒီဓာတ်ငွေ့ထုတ်လုပ်တဲ့စက်ရုံက ပိုက်လိုင်းတွေ မော်တာစက်တွေကို ခံနိုင်ရည်ရှိတဲ့ အလျူမီနီယမ်-နီကယ်သတ္တုစပ်တွေနဲ့ အထူးတည်ဆောက်ရပါတယ်။ ဒါ့အပြင် ဒီဓာတ်ငွေ့ကို ဆီအမျိုးမျိုး၊ အမဲဆီ၊ အင်ဂျင်ဝိုင် စတာတွေနဲ့ မထိတွေ့အောင်လည်း ထားရပါတယ်။ နို့မဟုတ်ရင် မတော်တဆ ဓာတုတုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။
၃။ သန့်စင်ခြင်း
နျူကလီးယားဓာတ်ပေါင်းဖိုမှာသုံးမယ့်ယူရေနီယမ်ကိုယူ-၂၃၅(၂-၃)ရာခိုင်နှုန်းပါအောင် သန့်စင်ယူရပါတယ်။လက်နက်အတွက်ဆိုရင်တော့ယူ-၂၃၅ (၉၀)ရာခိုင်နှုန်းပါတဲ့အထိ သန့်စင်ပစ်ဖို့လိုပါတယ်။
အများဆုံးသုံးတဲ့ သန့်စင်နည်းကတော့ gascentrifuge ဓာတ်ငွေ့ ဗဟိုခွာအားနည်းဖြစ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ဓာတ်ငွေ့ကို ပြွန်လုံးရှည်ထဲထည့်ပြီး အရှိန်မြင့်လှည့်ပေးတဲ့အခါ ပိုလေးတဲ့ ယူ-၂၃၈ အိုင်ဆိုတုပ်ကဘေးမှာလာစုပါတယ်။ဒီယူ-၂၃၈ကိုပြွန်အောက်ဘက်ကနေထုတ်ယူပြီး အလယ်မှာစုနေတဲ့ယူ-၂၃၅ များတဲ့ဓာတ်ငွေ့ကိုသီးသန့်ထုတ်ယူပါတယ်။ဒီယူ-၂၃၅ ဓာတ်ငွေ့ကို နောက်ထပ်ဗဟိုခွာအားစက်ထဲပို့ပြီး ထပ်'ကျင်'ရပါတယ်။ ဒီလို ထပ်တလဲလဲ ဆက်တိုက်လုပ်ဖို့ ဗဟိုခွာအားစက်တွေထောင်နဲ့ချီပြီးအတန်းလိုက်တပ်ဆင်ထားရပါတယ်။ရေဒီယိုသတ္တိကြွမှု နည်းနည်းရှိတဲ့လက်ကျန်ယူ-၂၃၈တွေကိုတော့အားပျော့ယူရေနီယမ် depleteduraniumလို့ခေါ်ပြီး သံချပ်ကာဖောက် အမြောက်ဆန်တွေ၊ ကျည်ဆန်တွေမှာ ထည့်သွင်းအသုံးပြုပါတယ်။
နောက်ထပ်သန့်စင်နည်းကတော့စိမ့်ထွက်နည်းdiffusionလို့ခေါ်ပါတယ်။အဲဒီနည်းမှာ ယူရေနီယမ်ဟက်ဆာ ဖလိုရိုက်ဒ်ဓာတ်ငွေ့ကို အမှေးပါးတခုကို ဖြတ်သန်းခိုင်းတဲ့အခါ ပိုပေါ့တဲ့ ယူ-၂၃၅ က အမှေးပါးဇကာကို ပိုမြန်မြန်ဖြတ် နိုင်တဲ့အတွက် ခွဲထုတ်ယူလို့ရပါတယ်။ ဗဟိုခွာအားနည်းလိုပဲ ဒီနည်းမှာလည်း အမှေးပါးဖြတ်တာကို ထပ်တလဲလဲ လုပ်ရပါတယ်။
၎။ ဓာတ်ပေါင်းဖို
ရလာတဲ့ယူ-၂၃၅ကိုနျူကလီးယားဓာတ်ပေါင်းဖိုမှာဖြစ်စေ၊နျူကလီးယားလက်နက်မှာဖြစ်စေ သုံးနိုင်ပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုမှာနျူကလီးယားခွဲစိတ်ခြင်းကထွက်လာတဲ့အပူဓာတ်ကိုထိန်းချုပ်ပြီး ရေနွေးငွေ့ထွက်အောင်လုပ်၊ တာဘိုင်တွေကိုလည်စေပြီး လျှပ်စစ်ဓာတ်အားထုတ်ပါတယ်။
သာမန်နျူကလီးယားဓာတ်ပေါင်းဖိုမှာ(၂-၃)ရာခိုင်နှုန်းသန့်စင်ပြီးယူရေနီယမ်ကို လောင်စာအခဲလေးတွေပုံစံနဲ့ သုံးပါတယ်။ ဒီအခဲလေးတွေက ကျပ်လုံးလောက်ရှိပြီး တလက်မရှည်ပါတယ်။ ဒါလေးတွေကို အချောင်းရှည်တွေဖြစ်အောင် စုထပ်ပြီး အပူကာနံရံထူတဲ့ အလုံပိတ်အခန်းထဲ ထည့်ထားပါတယ်။ ဓာတ်ပေါင်းဖို တော်တော်များများမှာ လောင်စာချောင်းအထုပ်တွေကို အေးအောင်လို့ ရေအောက်မှာမြှုပ်ထားပါတယ်။ တချို့ဓာတ်ပေါင်းဖိုတွေမှာတော့ အေးအောင် ကာဘွန်ဒိုင်အောက်ဆိုက် သို့မဟုတ် သတ္တုအရည် သုံးပါတယ်။
ခွဲစိတ်တုံ့ပြန်မှုနဲ့ အပူထွက်နိုင်ဖို့အတွက် ယူရေနီယမ်လောင်စာအနှစ်သားဟာ 'အခြေပြောင်း' အနေအထားမှာ ရှိရပါမယ်။ ဆိုလိုတာက ယူရေနီယမ်ဟာ ကိုယ့်ဖာသာကိုယ် ကွင်းဆက်တုံ့ပြန်မှု ဖြစ်နိုင်မယ့် အလုံအလောက် သန့်စင်မှု ရှိရပါမယ်။
နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ထိန်းချုပ်တံတွေကို ဓာတ်ပေါင်းဖိုအခန်းထဲ မြှုပ် သွင်းထားပါတယ်။ ဒီထိန်းချုပ်တံတွေကို နျူထရွန်တွေစုပ်ယူနိုင်တဲ့ ဓာတ်ပစ္စည်း၊ ဥပမာ ကက်ဒ်မီယမ်နဲ့ လုပ်ထားပါတယ်။ နျူထရွန်တွေကို စုပ်ယူလိုက်လို့ နျူထရွန်အရေအတွက်နည်းသွားရင် ကွင်းဆက်တုံ့ပြန်မှု နည်းသွားတဲ့အတွက် ခွဲစိတ်မှုဖြစ်စဉ် နှေးကွေးသွားပါတယ်။
ဒီကနေ့ ကမ္ဘာပေါ်မှာ နျူကလီးယားဓာတ်အားပေးရုံ(၄၀၀)ကျော်ရှိနေပြီးတကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့(၁၇)ရာခိုင်နှုန်းကိုထုတ်လုပ်ပေးနေပါတယ်။ဒါတင်မက နျူကလီးယားဓာတ်ပေါင်းဖိုသုံးပြီးသွားတဲ့ သင်္ဘောနဲ့ ရေငုပ်သင်္ဘော တွေလည်း ရှိနေပါတယ်။
၅။ ယူရေနီယမ် နျူကလီးယားဗုံး
နျူကလီးယားဗုံးထုတ်လုပ်တဲ့အခါ ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်စေပြီး အပူဓာတ်အများကြီး ဒလကြမ်းထုတ်လွှတ်မယ့် မဟာ့မဟာအခြေပြောင်းဒြပ်ထု ဖြစ်စေဖို့ ရည်ရွယ်ထုတ်လုပ်ရပါတယ်။ အလွယ်ဆုံးပုံစံတခုက 'သေနတ်'ပုံစံလို့ ခေါ်တဲ့ဟာဖြစ်ပါတယ်။ ဒီပုံစံမှာ အခြေပြောင်းရောက်ခါနီး ယူရေနီယမ်ဒြပ်ထု အလုံးငယ်တခုကို ယူရေနီယမ်ဒြပ်ထု အလုံးကြီးတခုဆီ ပြေးဆောင့်ခိုင်းတဲ့အခါ အလုံးနှစ်ခုပေါင်းပြီး မဟာ့မဟာအခြေပြောင်းအဆင့် ရောက်သွားတဲ့အတွက် နျူကလီးယားပေါက်ကွဲမှု ဖြစ်သွားပါတယ်။ ဒီလိုဖြစ်ဖို့အချိန်က တစက္ကန့်တောင်မရှိပါဘူး။
အလွန်အမင်းသန့်စင်ထားတဲ့ (၉၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့)ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ကို ယူရေနီယမ်အောက် ဆိုက်အဖြစ် အရင်ဓာတ်ပြောင်းပြီးနောက် ယူရေနီယမ်သတ္တုတုံးတွေအဖြစ် ပုံသွင်းလိုက်ရင်ယူရေနီယမ်အနုမြူဗုံးအတွက်လိုအပ်တဲ့လောင်စာရပါတယ်။ဒီလုပ်ငန်းကို အတော်လေးလွယ်ကူတဲ့ဓာတုဗေဒနည်း၊အတော်လေးလွယ်ကူတဲ့အင်ဂျင်နီယာနည်းတွေနဲ့ လုပ်နိုင်ပါတယ်။
အင်အားအကောင်းဆုံး အခြေခံနျူကလီးယားခွဲစိတ်လက်နက် သို့မဟုတ် အနုမြူဗုံးဟာ ပေါက်ကွဲအား ကီလိုတန် (၅၀)ရှိပါတယ်။ ဒီပေါက်ကွဲအားကို နျူကလီးယားပေါင်းစည်းမှု nuclearfusionသတ္တိ အသုံးချပြီး တိုးမြှင့်ပေးနိုင်ပါတယ်။ပေါင်းစည်းမှုဆိုတာကဟိုက်ဒြိုဂျင်အနုမြူအိုက်ဆိုတုပ်ရဲ့နျူးကလီးယပ်စ်တွေကို ပေါင်းစည်းပေးပြီးဟီလီယမ်နျူးကလီးယပ်စ်ဖြစ်အောင်လုပ်တာဖြစ်တယ်။ဒီလိုဖြစ်ဖို့ ဟိုက်ဒြိုဂျင်နျူးကလီးယပ်စ်တွေကို အင်မတန် မြင့်မားတဲ့ အပူချိန်နဲ့ဖိအား ပေးရတယ်။ ဒီလို အပူချိန်နဲ့ဖိအား အများကြီးရဖို့ အနုမြူဗုံးကနေ ယူရပါတယ်။
နျူကလီးယားပေါင်းစည်းမှုကနေ ခွဲစိတ်တုံ့ပြန်မှုထဲကို ပိုအားပြင်းတဲ့ နျူထရွန်တွေ သွင်းပေးတဲ့အတွက် ပေါက်ကွဲအား ပိုကြီးသွားစေပါတယ်။ အဲသလို ခွဲစိတ်-ပေါင်းစည်းကိရိယာတွေကို ဟိုက်ဒြိုဂျင်ဗုံး သို့မဟုတ် သာမို နျူကလီးယားလက်နက်လို့ ခေါ်ကြပါတယ်။
၆။ တကျော့ပြန်သန့်စင်ခြင်း
နျူကလီးယားဓာတ်ပေါင်းဖိုကထွက်တဲ့ အညစ်အကြေးတွေကနေ ဓာတုဗေဒနည်းနဲ့ အသုံးဝင်တဲ့လောင်စာ ခွဲထုတ် ရီဆိုင်ကယ်လုပ် ပြန်အသုံးချတာကိုတကျော့ပြန်သန့်စင်မှုreprocessingလို့ခေါ်ပါတယ်။ သုံးပြီးသား လောင်စာချောင်းတွေကို အပြင်ကသတ္တုအခွံခွာပြီးတော့ အပူပေးထားတဲ့ နိုက်ထရစ်အက်ဆစ်ထဲမှာ ဖျော်ပစ်လိုက်ရင်ဓာတ်ပေါင်းဖိုမှာပြန်သုံးနိုင်တဲ့ယူရေနီယမ်က(၉၆)ရာခိုင်နှုန်း၊ အလွန်အမင်းရေဒီယိုဓာတ်ကြွအညစ်အကြေးက (၃) ရာခိုင်နှုန်း၊ ပလူတိုနီယမ်က (၁) ရာခိုင်နှုန်း ရပါတယ်။
နျူကလီးယားဓာတ်ပေါင်းဖိုအားလုံးက ပလူတိုနီယမ်ထွက်ပါတယ်။ ဒါပေမယ့် စစ်ရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ ဓာတ်ပေါင်းဖိုတွေက ပိုပြီး ထိထိရောက်ရောက်ထုတ်လုပ်နိုင်ပါတယ်။
ပလူတိုနီယမ်ထုတ်လုပ်ဖို့အတွက် နျူကလီးယားဓာတ်ပေါင်းဖိုတခုနဲ့ တကျော့ပြန်သန့်စင်စက်ကို သာမန် အဆောက်အဦတခုတည်းမှာပဲလူမသိသူမသိတပ်ဆင်ထားလို့ရပါတယ်။ဒါကြောင့် လျှို့ဝှက်လက်နက်လုပ်ငန်းလုပ်ချင်တဲ့နိုင်ငံတွေအတွက်အခုလိုတကျော့ပြန်သန့်စင်နည်းနဲ့ ပလူတိုနီယမ်ထုတ်ရတာက တွက်ခြေကိုက်ပြီး ဖုံးကွယ်နိုင်မှုလည်းရှိလို့ သဘောကျကြပါတယ်။
၇။ ပလူတိုနီယမ် နျူကလီးယားဗုံး
နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာ ပလူတိုနီယမ်နဲ့ လုပ်တာက ယူရေနီယမ်နဲ့လုပ်တာထက် အားသာချက်တွေ အတော်များများရှိပါတယ်။ သာလွန်ချက်တခုက ပလူတိုနီယမ်က ပမာဏနည်းနည်းနဲ့ ပိုအားပြင်းတဲ့ဗုံး လုပ်လို့ ရတာဖြစ်ပါတယ်။ ကီလိုတန် (၂၀) ပေါက်ကွဲအားရှိတဲ့ဗုံး လုပ်ဖို့ ပလူတိုနီယမ် (၄) ကီလိုပဲလိုပါတယ်။ တနှစ်ကိုပလူတိုနီယမ်(၁၂)ကီလို ထုတ်လုပ်နိုင်ဖို့အတွက် တကျော့ပြန်သန့်စင်ရေးစက်ရုံ ခတ်သေးသေးရှိရင်ရပါတယ်။
ပလူတိုနီယမ်ဗုံးတခုမှာ ပလူတိုနီယမ်အလုံးတလုံးကို ဘယ်ရီလီယမ်အခွံနဲ့ ဖုံးထားပါတယ်။ ဒီအခွံက နျူထရွန်တွေကို ခွဲစိတ်ဖြစ်စဉ်ထဲ ပြန်ရိုက်ခတ်စေဖို့ဖြစ်ပါတယ်။ ဒါကြောင့် အခြေပြောင်းဒြပ်ထု ဖြစ်လာပြီး ကိုယ့်ဖာသာ ဆက်တိုက် ခွဲစိတ်တုံ့ပြန်မှုဖြစ်ဖို့ ပလူတိုနီယမ်ပမာဏ နည်းနည်းပဲလိုတာဖြစ်ပါတယ်။
အကြမ်းဖက်အဖွဲ့တဖွဲ့ ဒါမှမဟုတ် ဆိုးသွမ်းနိုင်ငံတခုဟာ နျူကလီးယားဗုံးလုပ်ဖို့အတွက် ယူရေနီယမ်ကို သန့်စင် ပြီးလုပ်တာထက် ကမ္ဘာအနှံ့က အရပ်ဘက်သုံးနျူကလီးယားဓာတ်ပေါင်းဖိုတွေကနေ ပလူတိုနီယမ် ရယူလုပ်တာက ပိုလွယ်နိုင်ပါတယ်။
ပလူတိုနီယမ်ဗုံး အကြမ်းစားတခုကို အကြမ်းဖက်သမားတွေ လုပ်နိုင်ဖို့ဆိုတာ အရင်တခါ ဂျပန်မှာ အဆိပ်ငွေ့နဲ့ အကြမ်းဖက်သွားတဲ့ ဥုံ ဂိုဏ်း အဆင့်လောက်ကတတ်တဲ့ ကျွမ်းကျင်မှုအရည်အချင်းနဲ့ တည်ဆောက်နိုင်တယ်လို့ ပါရဂူ တွေကဆိုပါတယ်။ အဲသလို နျူကလီးယားဗုံးဟာ ပေါက်ကွဲအား တီအင်တီယမ်းတန်ချိန် (၁၀၀) နဲ့ ညီမျှပါလိမ့်မယ်။
၈။ ဓာတ်ရောင်ခြည်သင့်ရောဂါ
ရေဒီယိုသတ္တိကြွပစ္စည်းတွေဖြစ်တဲ့ ယူရေနီယမ်၊ ပလူတိုနီယမ်တွေကို ကိုင်တွယ်လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ ပညာရှင်တွေနဲ့ တပ်မတော်သားတွေဟာ နျူကလီးယားဓာတ်ရောင်ခြည်သင့်မှု အန္တရာယ်ကျရောက်နေပါတယ်။ဓာတ်ရောင်ခြည်သင့်ရောဂါလက္ခဏာတွေကတော့ ဓာတ်ရောင်ခြည်ပမာဏပေါ်မူတည်ပြီး ပြင်းထန်မှုရှိပါတယ်။ အများဆုံး(၆)နာရီကြာမှ စပေါ်တာရှိသလို များရင်တော့ ချက်ချင်းလက္ခဏာပြပါတယ်။
ဖြစ်တတ်တာတွေက ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အဖျားတက်ခြင်း၊ အရေပြား ရောင်ရမ်းပျက်စီးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အကြောဆွဲခြင်း၊ အားနည်းခြင်း၊ ခြေတုန် လက်တုန်ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ သွေးအားနည်းခြင်း၊ သွေးပေါင်ကျ သွေးလန့်ခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ အင်္ဂါမစုံ ကလေးမွေးခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ရောဂါပိုးအမျိုးမျိုးဝင်ခြင်း၊ သွေးကင်ဆာနဲ့ တခြားကင်ဆာများဖြစ်ခြင်း၊ သေဆုံးခြင်း တို့ဖြစ်တတ်ပါတယ်။
အရင်က ရုရှနိုင်ငံမှာ ချာနိုဘိုင်း နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ကြောင့် လူ (၃၁) ယောက် ပွဲချင်းပြီး သေသွားခဲ့ပါတယ်။ အခုလည်း မြန်မာနိုင်ငံမှာ အရည်အချင်းညံ့ဖျင်းပြီး ဖြစ်ကတတ်ဆန်းနဲ့ လဘော်သရေကျလှတဲ့ နအဖစစ်တပ်ရဲ့ လျှို့ဝှက်နျူကလီးယားစီမံကိန်းကြောင့် အရပ်သားပညာရှင်တွေ၊ အလုပ်သမားတွေနဲ့ တပ်မတော်သားတွေ ဓာတ်ရောင်ခြည်သင့်ရောဂါရပြီး ဆေးရုံတက်ရတဲ့သတင်းတွေ ကြားနေရပါပြီ။
ဓာတ်ရောင်ခြည်သင့်မှုကနေကာကွယ်ဖို့ဆိုရင်အချိန်ကြာထိတွေ့မှုမပြုဖို့၊အနီးကပ်မကိုင်တွယ်ဘဲ ညှပ်ရှည်ရှည်တွေသုံးကိုင်တွယ်ဖို့၊ခဲသုတ်ထားတဲ့ဝတ်ရုံတွေဝတ်ဖို့လိုပါတယ်။ ဓာတ်ရောင်ခြည်သင့်ရောဂါအတွက် ဆေးမရှိပါ။ သက်သာရုံပဲ တတ်နိုင်ပါတယ်။
ရည်ညွှန်း။ BBC မှ The Nuclear Fuel Cycle ဆောင်းပါး
Geen opmerkingen:
Een reactie posten