မြတ်ခိုင်ဦး / ၀၁ ဇွန် ၂၀၁၀
ထိုင်းနိုင်ငံတွင်ဆန္ဒပြပွဲများကြောင့်နစ်နာခဲ့သူများအားထိုင်းအစိုးရကအကူအညီပေးရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့်မတ်လမှမေလအတွင်းထိုင်းနိုင်ငံဘန်ကောက်မြို့တော်တွင်ဖြစ်ပွားခဲ့သော ရာထူးမှအဖယ်ရှားခံခဲ့ရသည့်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်တရာကိုထောက်ခံသည့် အင်္ကျီအနီဝတ်ဆန္ဒပြသမားများကြောင့်ဝင်ငွေနှင့်စီးပွားရေးထိခိုက်နစ်နာခဲ့ရသော အသေးစားလုပ်ငန်းရှင်များနှင့်အလုပ်သမားများအားထိုင်းအစိုးရကလျော်ကြေးပေးရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်လျှောက်ထားခွင့် ရရှိခဲ့ကြောင်း ခေတ်ပြိုင်မှ စုံစမ်းသိရှိရသည်။
လျော်ကြေးတောင်းလျှောက်လွှာသွားရောက်တင်ခဲ့သူကိုဘိုဘိုဇော်က“ကျနော့်ကိုသူဌေးကပြောတယ်။ သူများတွေ (၂)လစာလျော်ကြေးဖောင်သွားတင်နေကြတယ်။မနေ့ကနောက်ဆုံးဆိုတာနဲ့လိုအပ်တဲ့ ပတ်စပို့ကော်ပီ၊ သူဌေးဆိုင်လိပ်စာ၊ မှတ်ပုံတင်ကော်ပီတွေနဲ့ မနေ့က သွားတင်လိုက်တယ်။ လခကတော့ တလ (၁၂,၅၀၀)ဆိုတော့ နှစ်လစာ (၂၅,၀၀၀) တင်ထားတယ်။ သူတို့ပြောတာက (၂)ရက် (၃) ရက်နေရင် တီဗွီကနေ ဘယ်သူလျော်ကြေးရတယ်ဆိုတာ ကြေညာပေးမယ်တဲ့။ အလုပ်ရှင်တွေကတော့ (၄) ရက်နေ့လား၊ (၅) ရက်နေ့လားမသိဘူး နောက်ဆုံးတင်ရမယ်တဲ့” ဟု ပြောသည်။
အဆိုပါအစီအစဉ်သည် ဧပြီ (၂၇) ရက်၌ ကျင်းပသော ဝန်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်အရ အင်္ကျီနီဝတ်များ၏ ဆန္ဒပြပွဲများကြောင့် ရာချပရာဆောင်လမ်းဆုံနှင့် အနီးပတ်ဝန်းကျင်တွင် ရောင်းဝယ်ဖောက်ကားနေကြသည့် ထိခိုက်နစ်နာခဲ့သူ အလုပ်ရှင်နှင့် အလုပ်သမားများကို အကူအညီပေးခြင်းဖြစ်သည်။
ထိုအစီအစဉ်အရ ထိုင်းနိုင်ငံရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ဘတ်ငွေ (၅) ဘီလီယံကို အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင် (၂,၀၀၀) ခန့်အား ဘတ်ငွေ (၃) သန်းအထိ ငွေချေးပေးသွားမည်ဖြစ်သည်။
ငွေချေး အတိုးနှုန်းထားမှာလည်း အလွန်သက်သာမည်ဖြစ်ပြီး တနှစ်အတွင်း ငွေပြန်ဆပ်ရန် မလိုဘဲ ချေးငွေကာလမှာ သက်တမ်း (၅) နှစ်ရှိမည်ဖြစ်သည်။ အခွန်ကင်းလွတ်ခွင့်ကို ၂၀၁၀ စက်တင်ဘာလအထိ (၆) လတိတိ ခွင့်ပြုမည်ဖြစ်သည်။
အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသူများအတွက် အစိုးရအိမ်ရာဆိုင်ရာဘဏ်မှ ကိုယ်ပိုင်အိမ်ရာ ပိုင်ဆိုင်မှုအတွက် ကူညီမည်ဖြစ်ကာ ဆန္ဒပြပွဲကြောင့် အကြွေးတင်နေသည့် တသီးပုဂ္ဂလများအား အချက် (၃) ချက်အပေါ် မူတည်၍ ကူညီသွားမည်ဟု ဆိုသည်။
အဆိုပါအချက်များမှာ လစဉ်အတိုးကို အရစ်ကျပေးသွင်းစေပြီး (၁၀၀) ဘတ်ထက်မနည်း ပေးသွင်းရမည်။ ပထမနှစ်နှင့်ဒုတိယနှစ်များတွင်အတိုးနှုန်းထားသည်(၂)ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး တတိယနှစ်မှ ကန်ထရိုက်သက်တမ်း ကုန်ဆုံးသည်အထိ (၁) ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။
ရေရှည်အကြွေးပေးစနစ်ကို တည်ဆောက်သွားမည် ဖြစ်သည့်အတွက် ဈေးနှုန်းသက်သာစွာ အရစ်ကျ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး လိုအပ်သည့် စာရွက်စာတမ်းများကို ဇွန် (၃၀)ရက် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။
လိုအပ်သော အသေးစိတ် သတင်းအချက်အလက်များကို သိလိုပါက ဖောက်သည်ဆက်ဆံရေးဌာန၊ အစိုးရအိမ်ရာဆိုင်ရာဘဏ်၊ ဖုန်းနံပါတ် (၀၂-၆၄၅၉၀၀၀) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
အလုပ်သမားများသည် လူမှုဖူလုံရေးရန်ပုံငွေ လုပ်သား (၃.၅)ရာခိုင်နှုန်းနှင့် အလုပ်ရှင် (၅)ရာခိုင်နှုန်း ထည့်ဝင်ထားပါက ဘတ်ငွေ (၁၅,၀၀၀)ရရှိမည်ဖြစ်ပြီး ထည့်ဝင်ထားခြင်းမရှိသော သာမန်အလုပ်သမားများသည် ဘတ်ငွေ (၇,၅၀၀) ကို (၂) လစာ ရရှိခံစားရမည်ဖြစ်သည်။
အချို့သော လုပ်ငန်းများ (အထူးသဖြင့် အနှိပ်ခန်း အလုပ်သမများ)တွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ၏ ခံစားခွင့်အတွက်လည်း အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်းအချို့က ဆောင်ရွက်မှုများ ရှိနေကြသည်။
Geen opmerkingen:
Een reactie posten