ဗန်းမော်အခြေစိုက်အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်(စကခ)နှင့်ဗန်းမော်မြို့နယ်မယကတို့က ရွှေလုပ်ငန်းရှင်များထံမှရန်ပုံငွေကောက်ခံကာကချင်ပြည်နယ်ဗန်းမော်မြို့အနီးတွင် ရွှေရှာဖွေခွင့်ပြုလိုက်သည်။
ဗန်းမော်မြို့အနီးရှိဧရာဝတီမြစ်အတွင်းတာပိန်မြစ်နှင့်မုံးလွဲချောင်းစီးဝင်ရာနေရာတွင် ရွှေရှာဖွေခွင့်ပေးထားသဖြင့်ရွှေဖောင်ဟုခေါ်သည့်စက်ယန္တရားများတပ်ဆင်ထားသောစက်လှေအစီး(၂ဝ) ခန့် ယခုအခါ ရွှေရှာဖွေလုပ်ကိုင်နေကြောင်း ရွှေလုပ်ငန်းရှင်များနှင့် နီးစပ်သူ ဗန်းမော်ဒေသခံတဦးက ပြောသည်။
၎င်းက“ဗန်းမော်စကခနဲ့မြို့နယ်မယကတို့ကရန်ပုံငွေအတွက်ဆိုပြီးရွှေရှာခွင့်ပေးလိုက်တာ။လွန်ခဲ့တဲ့ (၅) နှစ် ကျော်ကတည်းကအဲဒီနေရာမှာလုပ်ခဲ့ဖူးတယ်၊ရွှေလည်းရကြတယ်။အဲဒီနားကရွာတွေက ဘုန်းကြီးတွေကိုယ်တိုင် အထက်ကို စာတင်တော့ ရပ်ထားခဲ့တာ။ အခု ပြန်လုပ်ခွင့်ပြုနေတယ်။ ရွှေကျင်တဲ့ စက်လှေတစီးက(၁ဝ)သိန်းအလှူငွေထည့်ရတယ်။စစချင်းပေးရတာ။ရွှေရရင်သုံးပုံတပုံပေးရမယ်။ လုပ်ငန်းသိမ်းချိန်မှာ ထွက်လာတဲ့ရွှေကို အချိုးကျ ထည့်ရမှာပေါ့” ဟု ပြောသည်။
လွန်ခဲ့သည့် (၅)နှစ်ကယခုရွှေရှာနေသည့်နေရာတွင်မှုန်စုပ်စက်(ရေအောက်ကြမ်းပြင်မှသဲ၊ခဲများကို စုပ်ယူသည့်စက်) များ အသုံးပြုကာ ရွှေအကြီးအကျယ်ရှာဖွေခဲ့သဖြင့် သဲသောင်များထွန်းကာ ရေစီးကြောင်း ပြောင်းလဲပြီးဧရာဝတီမြစ်လယ်အတွင်းရှိကျွန်းရွာများဖြစ်သည့်ကမ်းနီ၊ကမ်းပါးနီ၊ကုန်းခါးနှင့် ကျွန်းကြီးရွာတို့တွင် ရေကြီးမှုဖြစ်ပေါ်ခဲ့သည်ဟု အဆိုပါ ဗန်းမော်ဒေသခံက ပြောသည်။
၎င်းက“ကျွန်းကြီးရွာဆိုရင်အိမ်ခြေ(၁ဝဝ)ကျော်ရှိတယ်၊ကုန်းခါးလည်း(၁ဝဝ)လောက်ရှိမယ်၊အားလုံး အိမ်ခြေ (၃ဝဝ)ကျော်လောက်ရှိမယ်။မိုးတွင်းအချိန်ဆိုအရင်ကအဲဒီရွာတွေကရေမကြီးဘူး။ရွှေလုပ်တဲ့ခါကျတော့ ရေကြောင်းကရွာတွေဘက်ဦးတိုက်လာတယ်၊ရေကြီးရေလျှံတာတွေဖြစ်ခဲ့တယ်။အဲဒါနဲ့နားခဲ့တာ။ အခုပြန်လုပ်နေတယ်ဆိုတော့ ရေကြီးမှာကို စိုးရိမ်နေကြတယ်” ဟု ဗန်းမော်ဒေသခံက ပြောသည်။
ကချင်ပြည်နယ်အတွင်းနေရာအနှံ့အပြားတွင်ရွှေတွင်းလုပ်ငန်းများကို အာဏာပိုင်များ၏ ခွင့်ပြုချက်ရယူကာ တရားဝင်နည်းလမ်းဖြင့်လည်းကောင်း၊တောတောင်များတွင်ခိုးတူးသည့်တရားမဝင် နည်းလမ်းဖြင့်လည်းကောင်း လုပ်ကိုင်နေကြပြီး အဆိုပါ ရွှေတွင်းလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများလည်း ရှိနေသည်။
Geen opmerkingen:
Een reactie posten