မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 16 juni 2013



       ‘’ မြန်မာပြည်ကအာဇာနည်’’
             
 

           ကိုယ့်အမိမြေအရေးပေမို့  -------
                   ဥပေက္ခာပြုကာမနေသာ
                   အမေဟာ စွန့်လွှတ်မှုများစွာပေးဆပ်ကာ
                  ယဉ်ကျေးသိမ်မွေ့စွာနဲ့ပါဝင်တိုက်ပွဲဆင်ခဲ့တယ် --- ။
                  နိုင်ငံရေးပရိယာယ်ဆိုတာက   -----
                  တယောက်နဲ့တယောက်လှည့်စားတယ်ဆိုပေမယ့်
                  အမေကတော့ သူတယောက်တည်းနဲ့အရာရာကိုမစွမ်းဆောင်နိုင်လို့
                  ပြည်သူတွေပါဝင်ဖို့အမြဲတိုက်တွန်းနေခဲ့တယ် --- ။
                  ကိုယ့်အမိမြေအရေးပေမို့   -----
                  အခွင့်အခါပေးချိန်မှာ
                  တတ်စွမ်းသမျှပါဝင်လေတော့
                 အာဇာနည်မျိုးထွန်းတောက်မှာကို
                 မရှု့စိမ့်တဲ့ မိစ္ဆာစစ်ဘီလူးတွေက
                 အငြိုးအတေးထားကာဖိနှိပ်ကြသပေါ့   --- ။
                 ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်း   -----
                 ခေတ်နဲ့အညီပြောင်းလဲလာချိန်
                 မြန်မာပြည်သူလူထုရဲ့တောင်းဆိုသံတွေကို
                 တားဆီးပိတ်ပင်ကာ မရတော့တဲ့အဆုံး
                 ကျပ်မပြည်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံကိုရေးဆွဲကာ
                မသမာတဲ့ရွေးကောက်ပွဲနဲ့
                 မြန်မာ့နိုင်ငံရေးကိုပြောင်းလဲပေးခဲ့တယ် --- ။
                 ကိုယ့်အမိမြေအရေးပေမို့   -----
                အာဇာနည်သွေးပါတဲ့အမေ
                မတရားတဲ့ဥပဒေတွေအောက်ကပဲ
                ရှဉ့်လည်းလျှောက်သာပျားလည်းစွဲသာနည်းကိုသုံးကာ
               ပြည်သူတွေအတွက်အခွင့်အရေးတွေကို
               အပြည့်အ၀ပေးမယ့် ဒီမိုကရေစီစနစ်ဆီရောက်ဖို့
              တဆင့်ပြီးတဆင့်၊တဖြေးဖြေးနဲ့
              လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင်ချီတက်နေရှာတယ် --- ။
                                                ဇာနည်မောင်
   ( မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၆၈ နှစ်ပြည့်မွေးနေ့ အမှတ်တရ )
     

woensdag 1 augustus 2012

“ ပြည်သူ့အရေးတော်ပုံကြီး ”

  အတိတ်ကဖြစ်ရပ်တွေက
  ဒဏ္ဍာရီတခု၊ပုံပြင်တခုဆိုရင်တော့
        မှတ်သားယုံလောက်ပဲမှတ်ထားပြီး
      လွယ်လွယ်ကူကူနဲ့မေ့ပြစ်လို့ရမှာပေါ့။
             မြန်မာသက္ကရာဇ် ထောင့်သုံးရာငါးဆယ်ပြည့်နှစ်မှာဖြစ်ပွားခဲ့တဲ့
     ရှစ်လေးလုံးဆိုတဲ့ အရေးတော်ပုံဟာ
             နှစ်ဆယ်ခြောက်နှစ်ကျော်ကြာ
          စစ်အုပ်ချုပ်ရေးယန္တယားအောက်က
 တပြည်လုံးရဲ့အထွေထွေအကျပ်အတည်းတွေအတွက်
             ထောင်ချောက်ကြီးထဲကရုန်းထွက်ဖို့
            ပေါက်ကွဲဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့တဲ့
           လွတ်မြောက်ရာလမ်းကိုရောက်စေမယ့်
            အရေးအခင်းမဟုတ်တဲ့
ပည်သူ့အရေးတော်ပုံကြီးတခုသာဖြစ်တယ်။
ပြည်သူလူထုတွေရဲ့သဘောထားဆန္ဒတွေကိုမလေးစား
           အပြောင်းအလဲကိုမလိုလားပဲ
ပဒေသရာဇ်ဆန်ဆန်တိုင်းပြည်ကိုအုပ်ချုပ်ချင်သူက
အညွန့်ချိုးနှိမ်ကာအကြောက်တရားနဲ့ဆက်အုပ်ချုပ်မယ့်စိတ်နဲ့
           “ နောင်ကိုလူစုလူဝေးနဲ့ဆူဆူပူပူလုပ်လို့
       စစ်တပ်ကိုသုံးရမယ်ဆိုရင်တော့ စစ်တပ်ဆိုတာ
            ပစ်ရင်မိုးပေါ်ထောင်ပစ်တာမပါဘူး
ပစ်ရင်တည့်တည့်ပဲပစ်တယ် ” လို့ကြိမ်းဝါးခဲ့သေးတယ်။
            အတိတ်ကဖြစ်ရပ်တွေက
  နှစ်ဆယ်တလီကိုလေးနှစ်စွန်းလာခဲ့လည်း
 ပွဲပြီးမီးသေလူမဆန်စွာလုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက်
ကျုပ်တို့မှာလည်းသက်သေအထောက်အထားအမြောက်အများနဲ့။
                                                               ဇာနည်မောင်

zondag 17 juni 2012

အောင်ပွဲဆီသို့ချီလာပြီ

သူမဟာ … လူထဲကလူပေမို့
သာမန်အမျိုးသမီးတယောက်ပါပဲ
ဒါပေမယ့် … သူမမှာ
စဉ်းစားဆင်ခြင်ဥာဏ်ရင့်သန်ဖို့
စာနာနားလည်ပေါက်ရောက်ဖို့နဲ့
ရဲရင့်ဆုံးဖြတ်ဥာဏ်မှန်ကန်ဖို့အတွက်
လေ့လာမှုတွေများစွာရှိခဲ့တယ်။
အမေဟာတကိုယ်ရည်မိသားစုအတွက်မပူပင်ရသော်ငြားလည်း
တကိုယ်ကောင်းအတ္တမဆန်
ဦးနှောက်နဲ့နှလုံးသားကိုမျှတအောင်ထားခဲ့ကာ
အမိမြေအတိုက်ကြုံလာတဲ့တိုက်ပွဲမှာ
အများတကာရှေ့ကရပ်တည်ရင်း
အခက်အခဲတွေကို
အလျှော့အတင်းလုပ်ကာ
တဖြေးဖြေးနဲ့အောင်မြင်စွာဝါးမျိုခဲ့တယ်။
အမေဟာ … သံသရာအဆက်ဆက်
ဘ၀အဆက်ဆက်ပါမကောင်းနိုင်တဲ့
ရန်ကိုရန်နဲ့လည်းပြန်ကာမတုန့်နှင်း
မေတ္တာတရားနဲ့အမှန်ကိုဆိုကာစေတနာထားပါလို့
ပြည်သူ့နှလုံးကိုသိမ်းကျုံးယူကာ
အမှောင်ကိုထွင်းကာအလင်းပြပါလို့
အောင်ပွဲဆီသို့ချီလာနေပြီ။

                       ဇာနည်မောင်
( မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့်မွေးနေ့အမှတ်တရ )



maandag 9 april 2012

“ အဝေးကသင်္ကြန် ”

စား၊၀တ်၊နေမှုအဲ့ဒီသုံးခုကိုအဓိကပြုပါလို့
ပျော်ရာမှာမနေတော်ရာမှာနေ နေရလည်း
ဒီနေ့ဒီအချိန်ဧပရယ်မှာ တန်ခူးလကိုရောက်ရင်ဖြင့်
ရွှေပြည်တော်နဲ့ဝေးနေကြတဲ့မြန်မာပြည်ဖွားတို့
သင်္ကြန်ပွဲမှာရေပက်ကာဆင်နွဲဖို့
အမိမြေကိုအလွမ်းအလွမ်းတွေသင့် ။
ရေခြားမြေခြားတိုင်းတပါးကအဝေးတမြေမှာ
အမိမြေနဲ့မတူလည်း
ရိုးရာဓလေ့ကိုမျိုးဆက်သစ်တို့အမှတ်ရစေဖို့
နှစ်သစ်ကူးတဲ့အတာသင်္ကြန်ပွဲကို
နီးစပ်ရာမြန်မာပြည်ဖွားတွေစုစည်းပါလို့
နှစ်စဉ်အမြဲအဝေးကသင်္ကြန်ပွဲဆင်နွဲ ။
နွေ၊မိုး၊ဆောင်းမစုံလင်တဲ့ဒီမြေမှာတော့
အတာရေနဲ့နှစ်သစ်ကူးချိန်မှာ
ပွင့်ဖူးတဲ့ပိတောက်ပန်းဆိုတာမရှိဘူး
အခြေအနေမပေးလို့
အမိမြေနဲ့ဝေးနေကြရတဲ့မြန်မာပြည်ဖွားတွေကတော့
နှစ်သစ်ကူးရိုးရာအဝေးကသင်္ကြန်ပွဲကို
ပြည်တော်ကိုလွမ်းတဲ့နေမ၀င်အချစ်တွေနဲ့
အဆင်ပြေသလိုလက်လှမ်းမှီသူတွေစုကာ
နှစ်စဉ်အမြဲဆင်နွဲခဲ့ကြတယ် ။

                    ဇာနည်မောင်

woensdag 22 februari 2012

“ တစုံတရာလွဲချော်မှု ”


မဟုတ်သေးပါဘူး
တစုံတရာကြောင့်
တခုခုလွဲချော်နေလို့ပါ
ပြဿနာတခုရဲ့ကိစ္စအ၀၀ကို
ယောင်္ကျား၊မိန်းမတို့ရဲ့ကြိုးစားမှုစွမ်းပကားတွေနဲ့သာ
ဟော့ ဒီလောကမှာ
အောင်မြင်တဲ့သီးနှံတွေအဖြစ်
ပြုပြင်ပြောင်းလဲနိုင်ခဲ့ကြတယ်။

မဟုတ်သေးပါဘူး
တစုံတရာကြောင့်
တခုခုလွဲချော်နေလို့ပါ
ဘ၀ဆိုတာက တိုက်ပွဲတခုဆိုတာကိုမေ့နေကြပြီး
အဲ့ဒီတိုက်ပွဲကို မတိုက်ကြလို့ ဘဲဖြစ်မှာပါ
ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို
ရေရှည်ထားထီး မထားနိုင်တဲ့
ဖောက်ပြန်တဲ့ အစိုးရတွေလည်း
မကြာသေးတဲ့အချိန်တွေကဘဲ
ပြည်သူ့အင်အားလှုပ်ရှားမှု တိုက်ပွဲတွေကြားမှာ
အသီးသီးကျရှုံးခဲ့ကြလေရဲ့ ။

မဟုတ်သေးပါဘူး
လက်ရှိအချိန်မှာဖြစ်ပေါ်နေတာက
ရေရှည်ဘ၀ရေးအတွက်မတွေးဘဲ
အဓိကနဲ့သာမညကိုမခွဲတတ်တဲ့
တစုံတရာကြောင့်
တခုခုလွဲချော်နေတာပါ။

                          ဇာနည်မောင်



maandag 21 november 2011

NLD အမှတ်တံဆိပ် ပြောင်းလဲ အသုံးပြုမည်

သဲသဲ တနင်္လာနေ့၊ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၄၃ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ၏အမှတ်တံဆိပ်ဖြစ်သောခမောက်ပုံကို ပါတီပြန်လည် မှတ်ပုံတင်ရာ၌ အသုံးပြုတော့မည် မဟုတ်ကြောင်း သိရသည်။
“ဘာကိုပြောင်းမယ်ဆိုတာစိတ်ကူးမရှိသေးဘူး။ဒါပေမယ့်ခမောက်တံဆိပ်လိုဂိုကတော့ကျနော်တို့သုံးမှာ မဟုတ်တော့ဘူး၊ ဝိဝါဒ ဖြစ်စရာတွေရှိနေလို့။”ဟုNLD၏ပြောရေးဆိုခွင့်ရှိသူဦးအုန်းကြိုင်ကမဇ္ဈိမကို ပြောသည်။
ပါတီတံဆိပ် ပြောင်းမည်ဖြစ်သော်လည်း ပါတီအလံအား ပြောင်းလဲရန် မရှိဟုဆိုသည်။
၂၀၁၀ရွေးကောက်ပွဲတွင်မှတ်ပုံတင်ထားသည့်အခြားပါတီတခုကခမောက်တံဆိပ် အသုံးပြုထားသဖြင့် NLD ပါတီ၏ အမှတ်တံဆိပ်ကို အခြားတံဆိပ်ဖြင့် ပြောင်းလဲ မှတ်ပုံတင်ရန် စီစဉ်နေခြင်းဟုလည်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ၏အမှတ်တံဆိပ်ဖြစ်သောခမောက်ပုံကိုပါတီပြန်လည် မှတ်ပုံတင်ရာ၌အသုံးပြုတော့မည်မဟုတ်ကြောင်းသိရ
ပါတီ၏အမှတ်တံဆိပ်ပြောင်းရန်နှင့်ပါတီမှတ်ပုံတင်ရေးလုပ်ငန်းစဉ်များအတွက်လာမည့် သီတင်းပတ်အတွင်းဗဟိုအလုပ်မှုဆောင်များအစည်းအဝေးကျင်းပမည်ဖြစ်သည်။ပါတီ ပြန်လည်မှတ်ပုံတင်ကာလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်နိုဝင်ဘာလ ၁၈ ရက်နေ့တွင် NLD၏ ဗဟိုကော်မတီဝင်များက ဆုံးဖြတ် ခဲ့ကြသည်။
NLDသည်၁၉၉၀ခုနှစ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ၉၃ပါတီအနက်ခမောက်ကို ရွေးကောက်ပွဲ ဝင်သင်္ကေတအဖြစ်အသုံးပြုသည့်တခုတည်းသောပါတီဖြစ်သည်။ထို့ပြင်နှစ်ပေါင်း၂၀ကျော် ဖြတ်သန်းခဲ့သည့် ပါတီသက်တမ်းတလျှောက်တွင်လည်း ခမောက်တံဆိပ်ကို အစဉ်တစိုက် အသုံးပြုခဲ့သည်။
သို့သော် ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင်NLDပါတီ ခေါင်းဆောင်ဟောင်းများ ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)က ခမောက်ပုံအား ပါတီ အမှတ်တံဆိပ် အဖြစ် အသုံးပြုသဖြင့် NLDက ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်ရာ ရှုံးနိမ့်ခဲ့သည်။
ပါတီ၏ အမည်၊ အလံနှင့် အမှတ်တံဆိပ်တို့ကို ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ရာတွင် မှတ်ပုံတင်ပြီးသည့် အခြားပါတီတခု၏ အမည်၊ အလံ၊ အမှတ်တံဆိပ်တို့နှင့် တူညီလျှင် သို့မဟုတ် ဆင်တူရိုးမှား ဖြစ်နေလျှင် ကွဲပြားစေ ရန် ကော်မရှင်က ညွှန်ကြားရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။





အစရဲ့ တကယ့်အစ

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၂၆ မိနစ် .
၂၀၁၁ခုနှစ်၊နိုဝင်ဘာလ၁၈ရက်နေ့သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်မျှသာမဟုတ်၊ ကျန်အတိုက်အခံဒီမိုကရေစီအင်အားစုများအားလုံးနှင့် မြန်မာပြည်သူများအတွက် အမှန်ကတယ် သမိုင်းဝင် ခရီးတခု စတင်တော့ မည့်ရက်ဟု သတ်မှတ်နိုင်ပေသည်။
ပြီးခဲ့သည့်၂၃နှစ်တာကာလတလျှောက်လုံးပြည်သူများကဒီမိုကရေစီပြည့်ဝသည့်မြန်မာနိုင်ငံ ပေါ်ထွန်းလာစေရန်သွေးချွေးနှင့်ရင်း၍တိုက်ပွဲဝင်ခဲ့ကြသည်။နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီက တရားဝင် ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြင့်၊ သမိုင်းတွင်မည့် ခြေလှမ်းတရပ် စလိုက်ပြီး နိုင်ငံ၏ အအောင်မြင်ဆုံး ဒီမိုကရေစီပါတီ တရပ်အဖြစ် မြင်တွေ့နိုင်ရန် ယင်း၏အခန်းကဏ္ဍကို ဆက်လက်လှုပ်ရှား ဦးဆောင်သွားလိမ့်မည်ဟု ယူဆရသည်။
NLDပါတီမှတ်ပုံတင်ကာရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်ချက်ကိုဗဟိုကော်မီတီအဖွဲ့ဝင်၁ဝ၆ဦးကတခဲနက် အတည်ပြုခဲ့ကြသည်။သို့သော်အချို့ပါတီခေါင်းဆောင်အနည်းစုကယခုအပြောင်းအလဲများ အပေါ် အသိအမှတ်ပြုရန်နှင့် ယခင် ဗိုလ်ချုပ်ဟောင်းတဦးဖြစ်သူ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်အပေါ် ယုံကြည်မှုပေးရန် အချိန်စောလွန်းသေးသည်ဟု အမြင်ရှိကြသည်။
ပါတီတရားဝင်ပြန်လည်မှတ်ပုံတင်ရန်ဆုံးဖြတ်ပြီးသည့်နောက်ရန်ကုန်မြို့NLDရုံးချုပ်ရှေ့ရှိ ထောက်ခံသူများအကြားတွင် ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)
သို့သော်လည်းလူတိုင်းလိုလိုကဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ဒီမိုကရေစီ ရှေ့တိုးဖော်ဆောင်နိုင်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍက ဦးဆောင်ဦးရွက်ပြုနိုင်သည်ကို သဘောတူထားကြသည်။
မည်သို့ပင်ဖြစ်စေနှင်းခဲပျော်ချိန်သေချာရောက်ပြီဟုယူဆရတော့မည်။ အဓိကကျသည့် အတိုက်အခံ ပါတီကြီးကပြန်၍မှတ်ပုံတင်မည် ဆိုခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ အရှိန်အဟုန် အားကောင်း မြန်ဆန်လာစေမည်ဖြစ်ပြီး၊ ၈၈- ကျောင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွတ်မြောက်လာဖို့ မျှော်လင့်ရသည်။
နိုင်ငံရေးအကျဉ်းသားများသည်အစိုးရနှင့်အတိုက်အခံအုပ်စုအကြားညှိနှိုင်းရေးတွင် ဈေးခေါ်လျှော့တင်းလုပ်
နေကြသည့် ကိစ္စဟု ဆို၍ရနိုင်သည်။လေ့လာသူများ၏ အဆိုအရ ဒီဇင်ဘာလဆန်းတွင် လာရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟေလာရီ ကလင်တန်မလာမီ နိုင်ငံရေး အကျဉ်းသားများ ထပ်မံ လွတ်မြောက်လာဖွယ် ရှိမည်ဟုလည်း ပြောဆိုနေကြသည်။
ထို့အပြင် မြန်မာနိုင်ငံသည် ပထမဦးဆုံးအကြိမ်အဖြစ် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ဥက္ကဋ္ဌ တာဝန်ကို ယူရတော့မည်ဖြစ်ရာ လာမည့်နှစ်များတွင် ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ဖို့ ရှိနေသည်။ မြန်မာ အစိုးရအနေနှင့် ဒေသအရေး ကိစ္စများကို အတိုက်အခိုက် ကင်းကင်းဖြင့် ဦးဆောင်ရန် အရေးသာခဲ့ပြီဖြစ်၍၊ ဒေသ ဆိုင်ရာ စီးပွားရေးပူးပေါင်းမှုအတွက် ချီတက်နိုင်ရန် တိုးမြှင့်ကြိုးပမ်းရန်သာ ရှိတော့သည်။
အစောပိုင်းကာလများကစစ်အစိုးရ၏၂ဝ၁ဝရွေးကောက်ပွဲဝင်ရေး၊မဝင်ရေးနှင့်ပတ်သက်၍ NLD ပါတီအတွင်းနိုင်ငံရေး ဆွေးနွေးငြင်းခုံမှုများ ရှိခဲ့သလို၊ NLDပါတီတရားဝင်ပြန်လည်မှတ်ပုံတင်သင့်၊ မတင်သင့် ကိစ္စနှင့် ပတ်သက်၍လည်း ပါတီတွင်းရော၊ ပါတီပ၌ပါ ဆွေးနွေးငြင်းခုံမှုများ အပြင်းအထန်ရှိခဲ့ရာ အကွဲအပြဲရလဒ်များလည်း ရှိခဲ့သည်။
ရွေးကောက်ပွဲ ကာလ NLDပါတီ၏ အချို့ခေါင်းဆောင်များ ပါတီမှနှုတ်ထွက်ကာ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)အမည်ဖြင့် ပါတီသစ်တရပ်ထူထောင်ခဲ့ကြသည်။သူတို့က၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကိုယ်စားလှယ်နေရာ၁၆ နေရာ အနိုင်ရခဲ့ကြသည်။ ထိုအချိန်က NLDပါတီအနေဖြင့် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက၊ထောင်ကျခံနေရသူများကို နိုင်ငံရေးပါတီများတွင်ပါဝင်ခွင့် ပိတ်ပင်ထားသည့် ထူးခြားဆန်းကျယ်သည့် ဥပဒေရှိခဲ့သည်။
မည်သို့ပင် ဖြစ်စေ၊ ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံခြင်း၊ သမ္မတ၏ မိသားစုနှင့်အတူ ညစာဖိတ်ခေါ်ဧည့်ခံကျွေးခဲ့ခြင်း စသည့်ဖြစ်ရပ်များအပါအဝင်၊ အပြုသဘော ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေသည်ဟု ဆိုနိုင်သည်။
နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွတ်မြောက်လာသည့်ကိစ္စ၊ သတင်းစာ လွတ်လပ်ခွင့်များ ဖြေလျော့ပေးလာခြင်း၊ အစိုးရက တိုင်းရင်းသား အပစ်ရပ်အုပ်စုများကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်အတင်းအကျပ်တောင်းဆိုနေသည့်မူဝါဒများကိုရပ်ဆိုင်းခဲ့ခြင်း စသည့်တိုးတက်မှုများကိုလည်း တွေ့လာရသည်။
သို့သော်လည်းမြန်မာနိုင်ငံတွင်ကြီးလေးပြီး မဖြေရှင်းနိုင်သေးသော ပြဿနာအရေး များစွာရှိနေသေးသည်။ ကချင် တိုင်းရင်းသား အုပ်စုများအပေါ်စစ်ရေးထိုးစစ်များ ဆက်လက်ဆင်နွှဲနေဆဲ ဖြစ်သလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း အကျယ်အပြန့် ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသား များစွာလည်း မလွတ်မြောက်သေးဘဲ ရှိနေကြသေးသည်။
အမှန်ကတယ် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့ဆိုလျှင် အစိုးရအနေဖြင့် ယင်းပြဿနာများကို စောလျင်စွာ အမြန်ဆုံး ဖြေရှင်းရမည် ဖြစ်သည်။ ယခုအခါ NLDပါတီက ဒီဇင်ဘာလတွင် ကျင်းပမည်ဟု ခန့်မှန်းရသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သူတို့၏ကိုယ်စားလှယ်များကို ထည့်သွင်းယှဉ်ပြိုင်တော့မည် ဖြစ်သည်။
ဖြစ်လာနိုင်သည့် နောက်တဆင့်မှာ အတိုက်အခံနိုင်ငံရေးပါတီများ အနေဖြင့် ထိရောက်သည့် ညွန့်ပေါင်း အင်အားစု ကို စုစည်း၍ ပါလီမာန်အတွင်း၌ လွှမ်းမိုးထားသည့် ယခင်စစ်အစိုးရနွယ်ဖွား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအစိုးရကို ဖိအားပေးနိုင်တော့မည် ဖြစ်သည်။
NLDပါတီ၏ဆုံးဖြတ်ချက်သည်အပေးအယူရလဒ်မှထွက်ပေါ်လာခြင်းမဟုတ်သလို၊ဒေါ်အောင်ဆန်းစုကြညှ်င့်NLDပါတီကယခင်မူများကို ပြောင်းပြန်၊ ပြန်လှည့်ခဲ့ခြင်းလည်း မဟုတ်ပါ။ ဆက်လက် ကျန်ရှိနေသေးသည့် နိုင်ငံရေး အိပ်မက်အတွက် ကဏ္ဍမျက်နှာစာတခု ဖွင့်လှစ်လိုက်ခြင်းသာ ဖြစ်သည်။
ဒေါ်စုက မကြာသေးမီက "ယခုသည် အစ၏ အစ"ဟု ပြောဆိုခဲ့သေးသည်။ သို့သော် ဆက်၍ ရင်ဆိုင်ရန် စိန်ခေါ်မှုပြဿနာများစွာ ရှိနေပါသေးသည်။ ဒီမိုကရေစီနည်းမကျသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်၊ တိုင်းရင်းသားဒေသများတွင် သွေးထွက်သံယိုမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်ဆိုင်းနိုင်ရန်၊နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် ပြည်သူများကို စွမ်းရည်အာဏာ မြှင့်ပေးရန် စသဖြင့်လုပ်ဆောင်စရာကိစ္စများစွာကျန်နေပါသေးသည်။ယင်းအိပ်မက်များအတွက် နိုင်ငံရေးကွင်းပြင်အတွင်း ထိုက်တန်စွာ တိုက်ခိုက်ယူရဦးမည်လည်း ဖြစ်ပေသည်။