မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 31 augustus 2009

MDUF နာယကကြီး ဦးစိုးလွင် ကွယ်လွန်


ဦးစိုးလွင် (ဓာတ်ပုံ - ရိုးမ ၃)

Monday, 31 August 2009 18:14 ရိုးမ ၃
.မြိတ်-ထားဝယ်ညီညွတ်ရေးတပ်ဦး(MDUF) နာယကကြီး ဦးစိုးလွင်သည် ထိုင်း-မြန်မာ နယ်စပ်တွင် ယမန့်နေ့က ကွယ်လွန်သွားခဲ့သည်။

ယမန်နေ့ည (၁၁) နာရီ (၃၅) မိနစ်တွင် လူကြီးရောဂါဖြင့် မိသားစုနေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၉၁) နှစ် ရှိပြီဖြစ်သည်။
နာယကကြီး ဦးစိုးလွင်ကို အဖ ဦးထွန်းစိန်၊ အမိ ဒေါ်သိန်းတင်တို့မှ ၂၁.၆.၁၉၁၉ ရက်နေ့တွင် ပဲခူးမြို့၌ ဖွားမြင်ခဲ့ပြီး မူလတန်းပညာကို ပဲခူးမြို့တွင် သင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန်တွင် အထက်တန်းပညာနှင့် တက္ကသိုလ် တတိယနှစ် အထိ ပညာသင်ကြားခဲ့သည်။ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သဖြင့် ကျောင်း ၂ နှစ် ထုတ်ခံ ခဲ့ရသည်။

၁၃၀၀ ပြည့်အရေးတော်ပုံတွင် အာရှလူငယ်အဖွဲ့ဝင်အဖြစ် မန္တလေးတိုင်းတွင်တာဝန်ယူခဲ့ပြီး ၁၉၄၃ ခုနှစ်တွင် နယ်ချဲ့ တော်လှန်ရေးတွင် ဗိုလ်အာဠာဝကနှင့်အတူ ဗိုလ်ကြီးအဆင့်တာဝန်ယူခဲ့ကာ ၁၉၄၅ ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလတွင် ဗိုလ်မှူးကြီး ဗထူးနှင့်အတူ အထက်ဗမာပြည်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၇ တွင် ဗမာ့တပ်မတော် ဖွဲ့စည်းရာတွင် ဒုဗိုလ်အဆင့်ဖြင့် တပ်ရင်း (၅) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗမာပြည် ကွန်မြူနစ်ပါတီဝင် တဦးဖြစ်လာသည်။ ၁၉၄၉ တွင် တော်လှန်ရေးနယ်မြေကို ရောက်ရှိခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဒုဗိုလ်မှူးကြီး တာဝန်ဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီ၊ တနင်္သာရီတိုင်း တပ်မဟာ (၇) မှူးတာဝန်ဖြင့် ထားဝယ်ခရိုင်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၅ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ တတိယအကြိမ်ကွန်ကရက်မှ ဗဟိုကော်မတီဝင်အဖြစ်ရွေးချယ်ခံရပြီး ၁၉၉၅ တွင် မြိတ်-ထားဝယ်ညီညွတ်ရေးတပ်ဦးတွင် ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၁ တွင် ကျန်းမာရေးကြောင့် ဒုဥက္ကဌ တာဝန်မှ အနားယူပြီး နယကအဖြစ် ကွယ်လွန်ချိန်ထိ ဆက်လက်တာဝန်ယူခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ၎င်း၏ နှစ် (၉၀) မြောက်မွေးနေ့ကို ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပပြုလုပ်ခဲ့သေးသည်။ နာယကကြီး ဦးစိုးလွင်၏ ဈာပနကို မနက်ဖြန် (၁-၉-၂၀၀၉ ရက်နေ့) တွင် သင်္ဂြိုဟ်မည်ဖြစ်သည်။

ရန်ကုန်မြို့နေ ကိုးကန့်ခေါင်းဆောင်တဦး၏ ပိုင်ဆိုင်မှုများ နအဖစစ်အစိုးရ သိမ်းယူ

အောင်ကျော်မိုး / ၃၁ သြဂုတ် ၂၀၀၉


ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကျားရှင်နှင့် ဆွေမျိုးတော်စပ်သူတဦး၏ ရန်ကုန်မြို့ပေါ်ရှိ ပိုင်ဆိုင်မှုများကို စစ်အစိုးရ အာဏာပိုင်များက သိမ်းယူနေကြောင်း စုံစမ်းသိရသည်။

ရန်ကုန်မြို့နေ ကိုးကန့်ခေါင်းဆောင်တဦး၏ ကိုယ်ရေးအရာရှိတဦးက “ကျနော့်သူဌေးဟာ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်ရဲ့ တူတော်သူတဦးပါ။ ရန်ကုန် (၆) မိုင်ခွဲ ခပေါင်းလမ်းထဲမှာ လုံချင်းတိုက်နဲ့ နေပါတယ်။ ပြီးခဲ့တဲ့ သောကြာ (သြဂုတ် ၂၈) မနက်မှာ သူ့လက်ကိုင်ဖုန်း၊ နောက် သူ့အိမ်ဖုန်း၊ သူ့ ဇနီးဖုန်းတွေကို ဆက်လို့မရတာနဲ့ သူ့အိမ် ကျနော် လိုက်သွားတယ်။ အဲဒီမှာ သူတို့မိသားစု မရှိတော့ဘူး။ အိမ်ဖော် (၂) ယောက်ပဲ ကျန်ခဲ့တယ်။ အိမ်ဖော်တွေပြောတော့ ကြာသပတေး ညနေမှာ သူ့မိသားစု ကားနဲ့ ထွက်သွားတယ်။ ညဘက်မှာ ရဲတပ်ဖွဲ့ဝင်တွေ ကားကြီး ကားငယ် (၄) စီးနဲ့ လာတယ်။ အိမ်မှာရှိတဲ့ မီးခံသေတ္တာ အပါအဝင် စာရွက်စာတမ်း ရုံးသုံးပစ္စည်း အတော်များများကို သိမ်းယူသွားတယ်။ နောက် အဲဒီည အိမ်ကို ရဲအစောင့်ချထားပြီး နောက်နေ့တော့ ပြန်ရုပ်သွားတယ်ဆိုပြီး ပြောပြတယ်။ ကျနော်မြင်တာလည်း အိမ်မှာ ဘာပစ္စည်းတွေမှ မကျန်သလောက်ပဲ။ ရဲတွေက ဒီပစ္စည်းတွေကို ဘာလို့ လာသိမ်းတယ်၊ သူတို့ မိသားစု အဖမ်းခံရသလား၊ တိမ်းရှောင်နေသလား ကျနော် မသိဘူး။ ကျနော်လည်း ကျနော့်တိုက်ခန်း မပြန်ရဲဘူး။ နောက် မန္တလေးက ဆက်သွယ်ရေးရုံးကို ဖုန်းဆက်ကြည့်တော့လည်း ဆက်လို့မရဘူး” ဟု ပြောသည်။

အဆိုပါ ကိုးကန့်ခေါင်းဆောင်နေသည့် အိမ်ကို ရဲများဝိုင်းပြီး ပစ္စည်းများ သိမ်းယူသွားသည်ကို တွေ့ရှိကြောင်း၊ သို့သော် မည်သည့်ကိစ္စ ဆိုသည်ကိုမူ မသိကြောင်း လှိုင်မြို့နယ် ပြည်လမ်းနံဘေး ခပေါင်းလမ်းတွင် နေထိုင်သူမျက်မြင်များက ပြောသည်။

ကိုးကန့်ခေါင်းဆောင်များနှင့် သိကျွမ်းသည့် မန္တလေးမြို့ခံ လုပ်ငန်းရှင်ကြီးတဦးကလည်း ကိုးကန့် စီးပွားရေးလုပ်ငန်းရှင် နှစ်ဦး၏ လက်ကိုင်ဖုန်းများကို သြဂုတ်လ (၂၇) ရက်နေ့ကတည်းက ဆက်သွယ်၍ မရတော့ကြောင်း၊ မည်သည့်ကိစ္စဆိုသည်ကို မသိသော်လည်း ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသည့် ဦးဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့များနှင့် စစ်အစိုးရတပ်တို့အကြား တိုက်ခိုက်မှုနှင့် ပတ်သက်ဆက်စပ်နိုင်ကြောင်း ပြောသည်။

၎င်းက ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကိုးကန့်ခေါင်းဆောင်များ၏ စီးပွားရေး လုပ်ငန်းများ၊ အိမ်ခြံမြေ၊ တိုက်၊ ကား ပိုင်ဆိုင်မှုများစွာရှိပြီး စစ်အစိုးရက သိမ်းယူ မသိမ်းယူဆိုသည်ကိုမူ မသိရသေးကြောင်း ဆက်လက်ပြောကြားသည်။

မြစ်ကြီးနား မြို့ပေါ်တွင် ရုံးထိုင်သည့် အမည်မဖော်လိုသူ ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေး တပ်ဖွဲ့ဝင် ရုံးအဖွဲ့ဝင်တဦးက ကိုးကန့် ခေါင်းဆောင်အချို့၏ မြို့ပေါ်ပိုင်ဆိုင်မှုများကို စစ်အစိုးရက သိမ်းယူနေသည့်သတင်း ကြားသော်လည်း အတိအကျ မသိရသေးကြောင်း၊ ၎င်းတို့ ကေအိုင်အေအဖွဲ့ ခေါင်းဆောင် အတော်များများသည်လည်း ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားတို့တွင် အိမ်၊ ခြံ၊ မြေ၊ တိုက်၊ ကား ပိုင်ဆိုင်မှုများနှင့် စီးပွားရေးလုပ်ငန်းလည်း များစွာရှိနေကြောင်း၊ မတော်တဆ စစ်အစိုးရနှင့် ပြဿနာ တစုံတရာ ဖြစ်လာပါက စစ်အစိုးရ ထိန်းချုပ်ထားရာ ဒေသများရှိ ပိုင်ဆိုင်မှုများကို မည်သို့ စီမံခန့်ခွဲရမည်ဆိုသည်နှင့် ပတ်သက်၍ စတင်စဉ်းစားနေကြပြီဖြစ်ကြောင်း ပြောသည်။

ဦးဖုန်ကျားရှင် ခေါင်းဆောင်သည့် ကိုးကန့်တပ်ဖွဲ့များက လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်း၊ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို နောင်တက်လာမည့် အစိုးရ လက်ထက်မှသာ ဆွေးနွေးမည်ဟု သဘောထားရှိခြင်း စသည့်အခြေအနေများကြောင့် နအဖစစ်အစိုးရက အကြောင်းပြချက်ရှာပြီး ဦးဖုန်ကျားရှင်နှင့် အဖွဲ့ကို ဖယ်ရှားရန် ကြိုးစားရာမှ တိုက်ပွဲများ ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း အဆိုပါ ကေအိုင်အေမှ ရုံးအဖွဲ့ဝင်တဦးက ပြောသည်။

သြဂုတ် (၃ဝ) ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင်မူ ဦးဖုန်ကျားရှင်နှင့် အဖွဲ့သည် ဥပဒေချိုးဖောက်ပြီး လက်နက်စက်ရုံ တည်ထောင်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို ပြန်ပေးဆွဲခဲ့ခြင်း စသည့်အချက်များကြောင့် စစ်တပ်က တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ရေးသားထားသည်။

နအဖစစ်အစိုးရက ဝါးရမ်းပြေးအဖြစ် လက်ရှိသတ်မှတ်ထားသည့် ဦးဖုန်ကျားရှင်နှင့် အဖွဲ့ပိုင် မြို့ပေါ်ပိုင်ဆိုင်မှုများ၊ စီးပွားရေး လုပ်ငန်းများကို စစ်အစိုးရက သိမ်းဆည်းမည်မှာ သေချာကြောင်း မြစ်ကြီးနားမြို့တွင် နေထိုင်သည့် ငြိမ်းအဖွဲ့တဖွဲ့မှ အရာရှိကြီး တဦးက သုံးသပ်သည်။

ကိုးကန့်ဒေသ တိုက်ပွဲပြီးဆုံးသော်လည်း စစ်ရေးတင်းမာမှု မြင့်မားဆဲ


မြန်မာနိုင်ငံဘက်သို့ ပြန်မည့် ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယနေ့ စစ်ဆေး စောင့်ကြည့်နေပုံ။ (ဓာတ်ပုံ-AP)

Monday, 31 August 2009 19:11 ရန်ပိုင်
ကိုးကန့်ဒေသ အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ စနေနေ့တွင် အဆုံးသတ်သွားပြီး နယ်မြေအခြေအနေ တည်ငြိမ်နေပြီ ဖြစ်သည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။
စစ်အစိုးရက တိုက်ပွဲများ ပြီးဆုံးပြီဟု ကြေညာခဲ့သော်လည်း တပ်များ ရုတ်သိမ်းသွားခြင်း မရှိသေးဘဲ အင်အားကိုလည်း ထပ်မံ တိုးချဲ့ထားကာ တခြား အပစ်ရပ်အဖွဲ့များကို ထိုးစစ်များဆင်မှုများ ရှိလာနိုင်ကြောင်း သိရသည်။

“တပ်တွေ ပြန်မဆုတ်သေးဘူး၊ စကခ ၁၊ စကခ ၁၆၊ တပ်မ ၃၃၊ ၉၉ ရောက်နေတာ အများကြီးပဲ၊ ၀ ကိုဆက်ထိုးမလား၊ ဒီတိုင်းပဲ ရပ်ထားမလား မသိဘူး” ဟု တရုတ် မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် အတွင်းရှိ လားရှိုး၊ မူဆယ်နှင့် တခြား မြို့ကြီးများတွင် ပုဂ္ဂလိကပိုင် ကားများ ကို ချောဆွဲပြီး အရပ်သားများအား ပေါ်တာအဖြစ် ဆင့်ခေါ်လျက် ရှိနေသေးသည်ဟု သိရသည်။

“တိုက်ပွဲပြီးပြီ လို့သာ ပြောတယ်၊ မနေ့ညကတော့ လားရှိုးမှာ ကား ချောဆွဲတယ်၊ မူဆယ်မှာ ညက ပေါ်တာ ဆွဲတာ လူ ၂၀ ၃၀ လောက် ပါသွားတယ်၊ မီးသတ် ၊ရဲ ၊ ပြည်သူ့စစ် နဲ့ မြို့ထဲတို့မှာ ည ကင်းလှည့်တယ်၊ မန္တလေးကနေ လားရှိုးဘက်ကို စစ်ကား အစီး ၂၀ လောက် တက်လာတယ်” ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်က ပြောသည်။

ရှမ်းပြည် တောင်ပိုင်း တောင်ကြီး-ကျိုင်းတုံ ကားလမ်းပေါ်တွင် စစ်ကား ၃၀ ခန့် မိုင်းဆတ်မြို့ ဘက်သို့ လာနေကြောင်းကိုလည်း မိုင်းဆတ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်တောင်ပိုင်းရှိ ၀ စစ်တပ် ထိန်းချုပ်ရာ ဒေသတွင် စစ်အစိုးရတပ်များ နှင့် ၀တပ်များ တဘက်နှင့် တဘက် စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားပြီး အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။

“၀တပ် စစ်ဒေသ ၁၇၁၈ နယ်မြေမှာ စစ်ရေးပြင်တာ နည်းနည်း ငြိမ်သွားတယ်၊ ပထမပိုင်းက ကိုးကန့် ဒေသ စစ်ရှိန် မြှင့်နေလို့ အသင့် ပြင်နေတာ၊ အခုတော့ ချောကားတွေလည်း ပြန်လွှတ်လိုက်ပြီ၊ အစိုးရဲ့ လားဟူ ပြည်သူ့စစ်တွေကိုလည်း ပြန်လွတ်လိုက်ပြီ၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေပါ တိုက်ပွဲမှာ ပါမယ် ထင်လို့ အစိုးရဘက်က အသင့်ပြင်ထားတာ” ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ပြောသည်။

မိုင်းလား အထူးဒေသ ( ၄ ) နယ်မြေ တွင်လည်း စစ်အစိုးရတပ်များ စစ်အင်အား ဖြည့်တင်းမှုများကြောင့် ဒေသခံ ပြည်သူအချို့ စတင် တိမ်းရှောင်နေပြီ ဖြစ်ကြောင်း သိရသည်။

“ဒီ သုံးလေးရက် အတွင်း ကိုးကန့်ပြီးရင် မိုင်းလား လာမယ် ကြားလို့ လူ ၇၀၊ ၈၀ လောက် တရုတ်ပြည်၊ ကျိုင်းတုံ၊ တာချီလိတ် ဘက်ကို ပြေးလာကြတယ်” ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ပြောသည်။

မိုင်းလားအထူးဒေသ (၄) ခေါင်းဆောင် ဦးစိုင်းလင်းမှာ ယခု တိမ်းရှောင်နေသည့် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ သားမက် ဖြစ်သည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် ရှမ်းပြည်နယ်ရှိ အပစ်ရပ် အဖွဲ့များကို စစ်ရေးအရ ဖိအား ပေးနိုင်သည်ဟု စစ်ရေး နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။

“တပ်တွေ ထည့်ထားတာ အများကြီးပဲ၊ ကိုးကန့် ကိစ္စမှာ နိုင်ငံတကာက တုံပြန်မှုက ဘာမှ မရှိတော့ ဆက်လုပ်နိုင်တယ်၊ ကိုးကန့်မှာ တရုတ် အကျိုးစီးပွား မြုပ်နှံထားတာ အများကြီးပဲ၊ ဒါတွေ လုံးဝ ပျက်သွားတာတောင် တရုတ်က ဘာမှ မတုံ့ပြန်တာ” ဟု တရုတ် မြန်မာနယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။

အလားတူ သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်ကလည်း “၀ ကို ညပ်ထားဖို့အတွက် မိုင်းလားကို လှည့်မယ် ထင်တယ်” သုံးသပ်သည်။

စစ်အစိုးရသည် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကဲ့သို့သော အင်အား တောင့်တင်းသည့် အဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲ ပြီးမှသာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ကိုင်တွယ်လိမ့်မည်ဟု ကချင် ဖွံဖြိုးရေး ကွန်ယက် (KDNG ) မှ ကိုအောင်ဝါက သုံးသပ်သည်။

ကိုးကန့်ဒေသ ဖွံဖြိုးရေးကို ပူးပေါင်း ဆောင်ရွက်မှုများ အတွက် အစိုးရက အသိအမှတ်ပြုကြောင်း၊ ယခုအရေးသည် ဦးဖုန်ကြားရှင် အပါအ၀င် ပုဂ္ဂိုလ် ၄ ဦးသာ သက်ဆိုင်ကြောင်း၊ တခြားသော ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ဥပဒေ ဘောင်အတွင်း လုံခြုံစိတ်ချစွာ ပြန်လည် ၀င်ရောက် နေထိုင်ခွင့် ပြုသည် ဟု စစ်အစိုးရက ကြေညာလိုက်သည်။

အဆိုပါ ပုဂ္ဂိုလ် ၄ဦးမှာ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြားဖူး၊ ဦးဖုန်တာရွှင် နှင့် ဦးဖုန်တာလီတို့ ဖြစ်သည်။

ဦးဖုန်ကြားရှင် နှင့် အဖွဲ့၏ တရားမ၀င် လက်နက်စက်ရုံကို တဖက်နိုင်ငံ၏ သတင်းပေးချက်အရ သြဂုတ်လ ၈ ရက်နေ့တွင် စစ်အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့ကို ကိုယ်တိုင်လာရောက် ဖြေရှင်းရန် ဆင့်ခေါ်ရာမှ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထွက်ပြေးသွားသည့် ဒေသခံ ပြည်သူများ ပြန်လည် ၀င်ရောက်လာပြီဖြစ်သည်ဟု စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ ထုတ်ပြန်သော တရားဝင် စာရင်းအရ တိမ်းရှောင်သွားသူပေါင်း ၃၀၀၀၀ ခန့် ရှိ သည်ဟု သိရသည်။ ဒုက္ခသည် အများစုသည် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ၀င်ရောက်ခြင်း မရှိသေးကြောင်း တရုတ် မြန်မာ နယ်စပ် ဒေသခံများ ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ အိမ်ကို ၀င်ရောက်စီးနင်း ခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီ အသစ် ဖွဲ့စည်းလိုက်ပြီး၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များ နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

ရွှေဝါရောင် လှုပ်ရှားမှု ၂ နှစ်ပြည့်ချိန်တွင် သံဃာတချို့ ဖမ်းဆီးခံရ


Monday, 31 August 2009 19:21 ဇာနည်မာန် .၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ နီးကပ်လာချိန်တွင် ထိုလှုပ်ရှားမှု စတင် ဖြစ်ပွားခဲ့ရာ မကွေးတိုင်း အတွင်းရှိ ရဟန်း သံဃာများကို အာဏာပိုင်တို့က ဖမ်းဆီး ထိန်းသိမ်းလျက်ရှိသည်ဟု သိရသည်။


၂၀၀၇ ခုနှစ်က ပေါ်ပေါက်ခဲ့သော ရဟန်းသံဃာတို့ ဦးဆောင်သည့် ရန်ကုန်မြို့မှ ဆန္ဒပြပွဲ မြင်ကွင်းတခု
လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့ဖူးသည့် ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ စနေနံကျောင်း ကျောင်းထိုင် ဆရာတော် ဦးဝိမလကို ယနေ့ နေ့လည်က ဖမ်းဆီးသွားသည်ဟု ဆရာတော်နှင့်နီးစပ်သူ တဦးက ပြောပြသည်။

“အစောကလေးတင် လာခေါ်သွားတာ။ ဘာအကြောင်းရယ်လို့လဲ မသိရဘူး။ ဆရာတော်က သက်တော် ၇၀ လောက် ရှိနေပြီ။ အရင်တုန်းက လုပ်ခဲ့ဖူးတော့ အခုလည်း စက်တင်ဘာက နီးနေတော့ အဲဒီလို လုပ်မယ် ထင်လို့ ခေါ်သွားတာ နေမှာ” ဟု ဆရာတော်နှင့် နီးစပ်သူက ဧရာဝတီကို ပြောသည်။

ကြသပတေးနေ့ကလည်း ရေနံချောင်းမှ သံဃာတပါး အထိန်းသိမ်းခံရကြောင်း သိရသည်။ ထိုသံဃာမှာ ရွှေစေတီ ပါဠိ တက္ကသိုလ်မှ လက်ထောက် ဆရာတော် ဦးဝါယမ ဖြစ်သည်။

“(လာဖမ်းတာက) မကွေးက အက်စ်ဘီတွေ။ ပါတဲ့ သူတွေကတော့ အစုံပဲ။ အဲဒီနေ့ ည ၁၂ နာရီက လာခေါ်သွားတာလေ။ ရန်ကုန် ပို့တယ်တော့ အဲလိုပဲ ကြားနေတာပဲ။ သေချာ မသိဘူး” ဟု ရွှေစေတီ ပါဠိတက္ကသိုလ်မှ ဆရာတော်တပါးက ဧရာဝတီသို့ မိန့်သည်။

ရွှေစေတီ ပါဠိတက္ကသိုလ်ကျောင်းသည် ရေနံချောင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များက အထိမ်းအမှတ်နေ့များတွင် ဆွမ်းကပ်လေ့ရှိသောကျောင်း ဖြစ်သည်ဟု သိရသည်။

ထိန်းသိမ်းခံလိုက်ရသည့် ရေနံချောင်းမှ ဆရာတော်နှစ်ပါးသည် ခင်မင် ရင်းနှီးသူများ ဖြစ်ကြသောကြောင့် ဆက်စပ်၍ ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။

ဤအတောအတွင်း ပခုက္ကူမြို့မှ သံဃာများ ဖမ်းဆီးခံရသည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။

သောကြာနေ့ညက ပခုက္ကူမြို့ သာသနာ့ ၀ိပုလာရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ ဆရာတော် ဦးဝိသုဒ္ဓ ထိန်းသိမ်းခံရသည်ဟု သတင်းရရှိသည်။

“ဦးဝိသုဒ္ဓက သူ့ကို အပြင် မထွက်ရဘူး ပြောတာကို အဲဒီလို လုပ်တာ မကြိုက်ဘူး ဆိုပြီး အပြင်ထွက်တော့ စောင့်နေတဲ့ ရဲတွေက ဖမ်းခေါ်သွားတာ။ ဘယ်ခေါ်သွားတယ် ဆိုတာ မသိရဘူး။ သူ့ကျောင်းက ဆရာတော်တွေကတော့ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာ ကြားရတယ်” ဟု သာသနာ့ ၀ိပုလာ ရာမ ကျောင်းတိုက် နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကျောင်းတိုက်မှ ဆရာတော်ကလည်း ဦးဝိသုဒ္ဓကို ဖမ်းဆီးသွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုသည်။

ထိုညမှာပင် မဟာဝိဇယာရာမ ပါဠိတက္ကသိုလ်မှ သံဃာတော် တပါးကိုလည်း အာဏာပိုင်တို့က စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ဖမ်းဆီးသွားသည်ဟု သိရသည်။ အဆိုပါ ဘွဲ့အမည် မသိရသေးသော သံဃာ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက်များ မရရှိသေးပါ။

ပခုက္ကူမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် အနီးတ၀ိုက်တွင် စွမ်းအားရှင်များ၊ အရပ်ဝတ် ရဲများဖြင့် လုံခြုံရေး တင်းကြပ်စွာ ချထားပြီး သံဃာများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်ဟု မြို့ခံတဦးက ဆိုသည်။

“သူတို့က ကျောင်းတိုက်တွေထဲ ၀င်လိုက် ထွက်လိုက်နဲ့ လိုက်စစ်နေတာတွေ လုပ်တယ်။ ရွှေဝါရောင် နီးလာတော့ သူတို့ ကြောက်လို့ ထင်တယ်။ ဘုန်းကြီးတွေ လမ်းပေါ် ပြန်ထွက်မှာ သူတို့ ကြောက်နေပုံရတယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။

ထို့အတူ မြင်းခြံ၊ မုံရွာနှင့် မန္တလေးတို့မှ နာမည်ကြီး ကျောင်းတိုက်များ အနီးတွင် စွမ်းအားရှင်များ၊ အရပ်ဝတ် ရဲများ ပုန်းလျှိုးကွယ်လျှိုး ရှိနေကြပြီး အခါအားလျော်စွာ ကျောင်းတိုက်တွင်းဝင်၍ စစ်ဆေး မေးမြန်းနေသည်ဟု ဒေသခံများက ဆိုသည်။

ရဟန်းပျိုများသမဂ္ဂ နှင့် သံဃသာမဂ္ဂီအဖွဲ့တို့က တိုင်းနှင့် ပြည်နယ် အသီးသီးတွင် အဖွဲ့ခွဲများ ဖွဲ့ထားပြီး သံဃာထုက တတိယ အကြိမ် သပိတ် တိုက်ပွဲ ဆင်နွှဲမည် ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီး နောက်တွင် သံဃာထုအပေါ် စောင့်ကြည့် စစ်ဆေးမှုများကို အာဏာပိုင်များက ပိုမို ပြုလုပ်လာကြခြင်း ဖြစ်သည်။

သံဃာအဖွဲ့များက အကျဉ်းကျ သံဃာတော်များကို ပြန်လွှတ်ရန်၊ လွန်ခဲ့သည့် ၂ နှစ်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့သော သံဃာတော်များ အပေါ် ပြုမူထားသည်များကို လာမည့် အောက်တိုဘာ ၂ ရက်နေ့ နောက်ဆုံး ထား၍ သံဃာထုကို တောင်းပန်ရန် အာဏာပိုင်တို့ကို တောင်းဆိုထားသည်။ တောင်းဆိုချက်များကို အာဏာပိုင်တို့က မလိုက်လျောပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာ လှုပ်ရှားမှုများ ပြုလုပ်ပြီး ဆန္ဒပြ တောင်းဆိုသွားမည် ဟု ထုတ်ပြန် ကြေညာထားသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ ဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက အာဏာပိုင်တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာတော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင်တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းကာ သံဃာ နှင့် သီလရှင် ၂၀၀ကျော်ကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

zondag 30 augustus 2009

ကြားဖြတ်ဖြင့် သပ်လျှိုလိုက်ခြင်း



ကျော်ဗလ

၃၁ သြဂုတ် ၂၀၀၉


ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မီဒီယာပေါ်မှာ ကြားလိုက်ရတဲ့ သတင်းတပုဒ်ကြောင့် ငြိမ်သက်နေတဲ့ မြန်မာ့နိုင်ငံရေး ကန်ရေပြင်ထဲကို ခဲတလုံးကျလိုက်သလို အတော်လေး လှုပ်ခတ်ဂယက်ထသွားခဲ့ပါတယ်။ မီဒီယာသတင်းတွေမှာတော့လာမယ့် စက်တင်ဘာလ အတောအတွင်းမှာ ‘ကြားဖြတ်အစိုးရ’ ဖွဲ့ပေးတော့မယ်လို့ ကြားရပါတယ်။ ဒီမှာတင် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူတွေကို မီဒီယာသတင်းဌာနတွေက မေးမြန်းစုံစမ်းကြ၊ အချင်းချင်းလက်တို့ သတင်းပေး ဆွေးနွေးကြ၊ အလားအလာ တွက်ဆကြ၊ ဖြစ်နိုင်ခြေတွေ ဟောကိန်းထုတ်ကြနဲ့ နိုင်ငံရေးလောကအတွင်းမှာတော့ အတော်လေး ယောက်ယက်ခတ်သွားခဲ့ပါတယ်။

ဒီလိုဖြစ်သွားတာကိုတော့ အပြစ်ဆိုစရာ သိပ်မရှိလှပါဘူး။ ထွတ်ပေါက်ပိတ်နေတဲ့ မြန်မာ့နိုင်ငံရေး ရေဆိုးမြောင်းကြီးဟာ ယက်တောလုပ်ကြံမှုကြီးကြောင့် အပုပ်နံ့လှိုင်လှိုင်ထပြီး မွန်းကြပ်နေခဲ့ကြတာ အခုဆို လအချို့ ကြာခဲ့ပါပြီ။ ဒီလိုအနေအထား မျိုးမှာ နအဖက ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ အသံလေးပေးလိုက်တော့ နိုင်ငံရေးလောကသားအများစုခမျာ လှောင်အိမ်တံခါး ဖွင့်သံကြားလိုက်ရတဲ့ ဘဲအုပ်ကြီးလို ခေါင်းထောင်ထခဲ့ကြပြီး တဂတ်ဂတ်မြည်သံတွေ ဆူညံနေခဲ့ကြတာပါပဲ။

တကယ်တော့ ဒါကို အဆိုးဆိုစရာ သိပ်မရှိလှပါဘူး။ ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ အသံကို မကြားရခဲ့တာ အနှစ်နှစ်ဆယ်ကျော် ကြာခဲ့ပါပြီ။ ၁၉၈၈ ခု စက်တင်ဘာ (၄) ရက်နေ့မှာ အမေရိကန်အထက်လွှတ်တော်အမတ် စတီဗင်ဆိုးလာ့ခ် ရန်ကုန်ကို ရောက်လာခဲ့ပြီး ‘အောင်၊ စု၊ တင်’ တို့နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ဒီ ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ စကားလုံးအသုံးအနှုန်းဟာ မြန်မာပြည်တနံတလျား ဒီမိုကရေစီအင်အားစုများကြားမှာ တောမီးပမာ ပျံ့နှံ့ရေပန်းစားသွားတော့တာပါပဲ။ ဒီကြွေးကြော်သံတွေ ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အရေးအကြီးဆုံးနဲ့ အမြင့်ဆုံး ကြွေးကြော်သံဖြစ်ခဲ့သလို နောက်ဆုံးတောင်းဆိုချက်လည်း ဖြစ်ခဲ့ပါတယ်။

ဒီတောင်းဆိုချက်ဟာ အတွင်းသဘောအရ တပါတီအာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ပါတီစုံဒီမိုကရေစီစနစ် ထူထောင်ရေးဆိုတဲ့ အထွေထွေသပိတ်တိုက်ပွဲကြီးရဲ့ ဦးတည်ချက်တွေကို စုစည်းဖော်ပြလိုက်တာဖြစ်လို့ ဒီကြွေးကြော်သံကို ကြားလိုက်ရတာနဲ့ နားထင်နားရင်းတွေတင်း၊ ကြက်သီးမွေးညင်းတွေ တဖျဉ်းဖျဉ်းထရင်း လက်သီးကို တင်းတင်းဆုပ်ကြရပါတယ်။

အခုအခါ မကြားရတာ ကြာလေပြီဖြစ်တဲ့ ‘ကြားဖြတ်အစိုးရ’ ဖွဲ့စည်းရေးဆိုတဲ့ စကားလုံးကို နအဖက တိုးတိုးတိတ်တိတ် ကြိတ်အသံပေးလိုက်တော့လည်း နိုင်ငံရေးသမားတွေထဲမှာ လှုပ်လှုပ်ရှားရှား၊ နိုးနိုးကြားကြား ဖြစ်လာရပြန်တာပေါ့။ တကယ်တော့လည်း ဒီသတင်းအချက်အလက်တွေဟာ တွင်းအောင်းမွေ့လျော် ဖွတ်မင်းတို့ စံပျော်ရာ နေပြည်တော်က ထွက်လာခဲ့ကြတာပါ။

အမှန်တော့ သတင်းထွက်လာတယ်ဆိုတာထက် ပွတက်လာအောင် ‘ဖွ’ ယက်ပေးလိုက်တယ်ဆိုတာက ပိုပြီးမှန်ပါလိမ့်မယ်။ နေပြည်တော်ပြန်တချို့ရဲ့ စကားသံထဲမှာ ၀န်ကြီးတချို့တော့ ရွေးကောက်ပွဲပြီးရင် အမတ်လုပ်ဖို့ ခတ်ကွင်းပြင်နေကြပြီ။ တချို့ကလည်း ထွက်တော်မူနန်းက ခွဲဖို့၊ စာရင်းအင်းတွေ ဖွက်တန်တာ ဖွက်၊ ဖျက်တန်တာ ဖျက်ပြီး သိမ်းသွင်းရှင်းလင်း နေကြပြီ။ အစိုးရအဖွဲ့ထဲမှာလည်း ၀န်ကြီးခွဲတမ်း၊ အမတ်ခွဲတမ်းတွေ၊ ခွဲခြမ်းဝေငှမျှဝေပေးလိုက်ပြီမို့ နေပြည်တော်မှာဖြင့် တိုသူတို၊ ကြိုသူကြိုနဲ့ ယောက်ယက်ခတ် လှုပ်ရှားဗျာများနေကြပြီလို့ ဆိုကြပါတယ်။

တဆက်တည်းဆိုသလို နေပြည်တော်ရဲ့ ၀င်ဒါမီယာရပ်ကွက်က မျက်စိကြီးနားကြီးများရဲ့ အဆိုအရ ဖွဲ့စည်းမယ့် ‘ကြားဖြတ်အစိုးရအဖွဲ့’ ဟာ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတ မှန်ကန်မှုရှိအောင် တာဝန်ယူဆောင်ရွက်ရမှာဖြစ်လို့ ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ်တွေချည်းသာ ပါဝင်မှာမဟုတ်ဘူး။ လူရိုသေ၊ ရှင်ရိုသေ၊ ပြင်ပပုဂ္ဂိုလ်တချို့ကလည်း ပါဝင်နိုင်စရာရှိတယ်။ ဒါတင်မက ယုံကြည်မှုရရှိရေးအတွက် တရားဝင်နိုင်ငံရေးပါတီက ကိုယ်စားလှယ်အချို့ကိုတောင်မှ ဖိတ်ခေါ်ကမ်းလှမ်းလာနိုင်သယောင် လေသံတွေလွှင့်ပြီး အန်အယ်လ်ဒီပါတီကို မျက်စပစ်လိုက်ကြပါသေးတယ်။

ဒီလိုဆိုတော့လည်း “ဗုဒ္ဓမြတ်စွာဘုရား ကြားသားမိုးကြိုး” ရေရွတ်ပြီး ကျွမ်းထထိုးမယ့် အချောင်သမားတွေလည်း တလှေကြီး ထွက်ပေါ်လာစရာရှိပါတယ်။ တချို့ကျပြန်တော့လည်း ကွယ်လွန်သူ မင်းသားကြီး ကိုမြတ်လေးရဲ့ စကားလုံးကို
ငှားသုံးရရင် ‘ငို၍ ရယ်၍ မရသော မျက်နှာ’ နဲ့ ၀မ်းနည်း ၀မ်းသာဖြစ်နေကြရှာပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ နအဖက ကြားဖြတ်အစိုးရဆိုတာကို တကယ်ဖွဲ့ပါ့မလား၊ တကယ်လို့ ဖွဲ့ရင်ကော အပြင်လူတွေပါ ပါ့မလား၊ တရားဝင်နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေရော ပါဝင်ခွင့်ရပါမလား၊ အန်အယ်လ်ဒီ ပါတီကိုရော ဖိတ်ခေါ်ကမ်းလှမ်းပါ့မလား … စတဲ့ လားပေါင်းများစွာက အချောင်သမား အသစ်၊ အဟောင်း၊ နိုင်ငံရေးသောင်းပြောင်းတွေအတွက် ယခု အခု မလွဲမသွေ စဉ်းစားတွက်ချက်ရမယ့် မေးခွန်းတွေ ဖြစ်လာနေပါပြီ။

မကြာမီ နအဖအဖွဲ့အနေနဲ့ ‘ကြားဖြတ်အစိုးရ’ ဖွဲ့လိမ့်မယ်ဆိုတဲ့ အာဘော်ဟာ ဖြစ်နိုင်စရာရှိပါတယ်။ ဒါပေမယ့် ရှစ်လေးလုံးကာလ ဒီမိုကရေစီအင်းအားစုတွေ လိုလားတောင်းဆိုခဲ့တဲ့ ‘ကြားဖြတ်အစိုးရ’ မျိုးတော့ ဖြစ်နိုင်စရာ လုံးဝမရှိပါဘူး။ ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့ နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ လမ်းညွှန်ချက်အတိုင်း ရွေးကောက်ပွဲ မတိုင်မီ မလွဲမသေ ဖွဲ့စည်းပေးရမယ့် ကြားဖြတ်အစိုးရမျိုးသာဖြစ်ပါလိမ့်မယ်။ ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ နာမည်သာယူပြီး အတွင်းသဘောနဲ့ အနှစ်သာရက ဘာမှတူနိုင်စရာမရှိပါဘူး။ တကယ်တော့ စစ်အစိုးရရဲ့ ‘ကြားဖြတ်အစိုးရ’ ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အတွက် သင့်လျော်လိုအပ်စွာ ဖွဲ့စည်းပေးရမယ့် “ကြားဖြတ်’ မျိုး မဟုတ်ပါဘူး။ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ခါးပြတ်မသွားရေးအတွက် အသက်ဆက်ပေးမယ့် ‘ကြားဖြတ်အစိုးရ’ မျိုးကိုသာ ဖွဲ့စည်းမှာဖြစ်ပါတယ်။

လုပ်ငန်းသဘောအရ ပြောကြမယ်ဆိုရင် လက်ရှိနအဖအဖွဲ့ရဲ့ လက်အောက်မှာရှိတဲ့ ၀န်ကြီးအဖွဲ့ကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရုံလောက်ပဲရှိမှာပါ။ နအဖရဲ့ ရွေးကောက်ပွဲ ခွဲတမ်းအတိုင်း ၀န်ကြီးအဖွဲ့ထဲမှာ ဗိုလ်ချုပ်အသစ် အဟောင်းတချို့ရဲ့ ရာထူးနေရာ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ ၀န်ကြီးနေရာမှန်သမျှတော့ နအဖဗိုလ်ချူပ်တွေပဲ ဆက်လက်ရယူထားကြမှာပါ။ အရေးလည်းမပါ ပြဿနာလည်း ဖြစ်နိုင်စရာမရှိတဲ့ ၀န်ကြီးဌာနလေးအချို့မှာတော့ နအဖနဲ့ ပေါင်းစားလာခဲ့ကြတဲ့ ပြင်ပက အရပ်သားအနည်းအပါး ပါဝင်လာနိုင်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ ကြံ့ဖွံ့အဖွဲ့ဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ နအဖရဲ့ လုပ်ငန်းရှင်ဆိုသူမျိုးတွေ ၀င်ရောက်လာကြမှာပါ။ နောက်ဆုံးပြောရရင် တစည အဖွဲ့ဝင်တွေတောင် ပါချင်ပါလာနိုင်ပါတယ်။

ဒီလိုအနေအထားမျိုးမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အန်အယ်လ်ဒီပါတီကို ‘ကြားဖြတ်အစိုးရ’ အဖွဲ့ထဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာမျိုးတွေ ဖြစ်လာနိုင်ပါသလား။

နအဖအဖွဲ့မှာ နိုင်ငံရေးအရ အမြော်အမြင်သာရှိမယ်ဆိုရင် ဒီလိုကမ်းလှမ်းချက်မျိုးတွေ ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ဒီအချိန်မှာ နအဖအနေနဲ့ ပြည်တွင်းမှာ ထင်ရာစိုင်းပြီး လူရိုင်းကြီးလုပ်နိုင်ပေမယ့် နိုင်ငံတကာမှာတော့ များပြားပြင်းထန် လှတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နအဖကို လုံခြုံရေးကောင်စီမှာ ဗီိတိုအာဏာသုံးပြီး တလျှောက်လုံးကာကွယ်ခဲ့တဲ့ တရုတ်နဲ့ ရုရှားတို့လည်း အခုအခါမှာ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း ဦးစီးကျင်းပတဲ့ မြန်မာ့အရေး (၁၄) နိုင်ငံ တံခါးပိတ် အစည်းအဝေးထဲမှာ ၀င်ပါနေကြရပါပြီ။ နအဖနဲ့ အမြီးစားဖက်လုပ်လာခဲ့တဲ့ အာဆီယံအဖွဲ့ကြီးကတောင် မြန်မာနိုင်ငံကို ထုတ်ပစ်မလားလို့ စဉ်းစားနေကြရပါပြီ။ မြန်မာနိုင်ငံရဲ့ လက်ဝဲရံ၊ လက်ယာရံအဖြစ် အမြဲတမ်း ခြံရံနေခဲ့တဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကတောင် မြန်မာ့အရေးဟာ နိုင်ငံတကာပြသာနာဖြစ်လာနေပြီလို့ ကြေညာရတဲ့ အခြေကို ဆိုက်နေခဲ့ပါပြီ။ ဒီအထဲမှာ ‘ယက်တောကိစ္စ’ ကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ ကြိုးပမ်းနေတဲ့ နအဖကိုလည်း ကုလသမဂ္ဂတခုလုံးက စိတ်ပျက်နေကြပါပြီ။

ဒီလို ကြီးမားများပြားတဲ့ နိုင်ငံတကာဖိအားတွေ လျော့ပါးသက်သာစေဖို့ အခုအခါ နအဖလည်း ဉာဏ်နီဉာဏ်နက် ရောင်စုံထွက်အောင် ကုန်ခါနီးသွားတိုက်ဆေးဘူးလို အတင်းညှစ်ထုတ်နေပုံရပါတယ်။ ဒါကြောင့်လည်း ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ အသုံးအနှုန်းကို မက်လုံးပေးဖို့ရာ အမျိုးသားပြတိုက်ထဲက ဖုံသုတ်ပြီး ဆွဲထုတ်လာခဲ့ဟန်တူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအကျပ်ရိုက်၊ ထွက်ပေါက်ရှာနေတဲ့ နအဖအတွက်ကတော့ ‘ကြားဖြတ်အစိုးရ’ ကြွေးကြော်သံတွေဟာ တပွဲတိုးကုထုံး အဖြစ်လောက်တော့ သုံးလို့ရလာနိုင်စရာရှိပါတယ်။ ဒီအသံကြားလိုက်တာနဲ့ အခွင့်အခါကောင်း ချောင်းမြောင်းနေကြတဲ့ အချောင်သမား အသစ်အဟောင်း နိုင်ငံရေးသူတောင်းစားအပေါင်းလည်း နအဖရဲ့ နိုင်ငံရေးဆွမ်းကြီးလောင်းပွဲမှာ ခွေးသေကောင် လင်းတဆွဲသလို ၀ိုင်းဆွဲကြဦးမှာ အသေအချာပါပဲ။

ဒီလို နအဖ ဦးစီးမယ့် ‘ကြားဖြတ်အစိုးရဖွဲ့ရေး’ ဆိုတဲ့ အချောင်နိုင်ငံရေးဆွမ်းကြီးလောင်းပွဲမျိုးမှာ အန်အယ်လ်ဒီပါတီ ပါဝင်နိုင်စရာ အကြောင်းရှိပါသလား။

ပြတ်ပြတ်သားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းဆိုရင်တော့ နအဖရဲ့ ‘ကြားဖြတ်အစိုးရ’ ထဲမှာ အန်အယ်လ်ဒီ ပါတီတရပ်လုံးအနေနဲ့ မူအရ ပါဝင်ပတ်သက်စရာ အကြောင်းလုံးဝမရှိပါဘူး။ နအဖရဲ့ ‘ကြားဖြတ်အစိုးရ’ ဆိုတာ ၁၉၄၇ ခုနှစ်က ဗိုလ်ချူပ်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ‘ကြားဖြတ်အစိုးရ’ လို အခွင့်အာဏာအပြည့်ရှိမှာ မဟုတ်ပါဘူး။ အလားတူ ရှစ်လေးလုံးကာလအတွင်းက တောင်းဆိုခဲ့ကြတဲ့ ‘ဒီမိုကရေစီကြားဖြတ်အစိုးရ’ မျိုးလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအပေါ် NO လို့ ကြွေးကြော်ထားတဲ့ ပါတီတရပ်အနေနဲ့ ‘ကြားဖြတ်အစိုးရ’ သာမက ရွေးကောက်ပွဲကိုပါ ဆန့်ကျင်သပိတ်မှောက်ကြရမှာပါ။ တကယ်လို့ နအဖအနေနဲ့ ရွေဂုံတိုင်ကြေညာစာတမ်းမှာပါဝင်တဲ့ တောင်းဆိုချက်တွေကို လက်ခံအကောင်အထည်ဖော်ပေးခဲ့ရင်သာ တမျိုးတဖုံ စဉ်းစားပေးကြရမှာပါ။

အမှန်တော့ နအဖက ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ လေသံလွှင့်လိုက်တာ အန်အယ်လ်ဒီရဲ့ တုံ့ပြန်မှုကို သိချင်လို့ ရိုက်သွင်းလိုက်တဲ့ ‘သပ်’ တချောင်းပါ။ အန်အယ်လ်ဒီမှာရှိတဲ့ သဘောထားတင်းမာပြတ်သားသူတွေနဲ့ ယောင်ဝါးဝါး အချောင်သမားတွေကြား ကွဲထွက်သွားအောင် ရိုက်ထည့်တဲ့ သံမှိုတချက်လည်းဖြစ်ပါတယ်။ ဒါကြောင့် ‘ကြားဖြတ်အစိုးရ’ ထဲမှာ ခဏလောက်ဝန်ကြီး ဖြစ်ရလည်း မနည်းပါဘူးလို့ စိတ်ကူးယဉ်သူတချို့လည်း ပါတီထဲမှာ ရှိလာနိုင်ပါတယ်။ ဒီလိုလေသံတွေ မထွက်မီကတည်းက နအဖအပေါ် မဆွတ်ခင်က ညွတ်ချင်နေကြသူတွေလည်း မုချရှိပါလိမ့်မယ်။ ဒီလိုအချောင်သမားတွေက အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့တိုင်းမှာ ခုန်ထွက်နေကျပါ။ စမူဆာ ဗိုလ်ချုပ်အောင်ကြီး၊ ဒေးဒရဲ သန်းထွန်း၊ မင်္ဂလာဒုံအဖွဲ့တွေကနေ ၀ံသာနုဆိုတာတွေအထိ အန်အယ်လ်ဒီလိုင်းကွဲ ဂိုဏ်းခွဲမျိုးစုံလည်း ကြုံခဲ့ရပါပြီ။ အခုလို နအဖက ‘ကြားဖြတ်အစိုးရ’ ဆိုပြီး လေချိုသွေးချိန်တိုင်းမှာလည်း ကွဲအက်ရေး ခွဲထွက်ရေးတွေ ပေါ်ထွက်လာနိုင်တယ်ဆိုတာကို သတိထားကြဖို့ အရေးကြီးလှပါတယ်။ ဒီနေ့လို အချိန်အခါမျိုးမှာ နအဖရဲ့ “တမွန်းတည့်စာ ၀န်ကြီးနေရာလေး” အတွက် သွားရည်တစက်စက် ကျနေမယ့်အစား ရွှေဂုံတိုင်ကြေညာချက်ပါ သဘောထားနဲ့ ရပ်တည်ချက်အပေါ်မှာသာ ခိုင်ခိုင်မာမာရပ်တည်ပြီး စည်းစည်းလုံးလုံး တိုက်ပွဲဝင်သွားကြဖို့ အရေးကြီးဆုံးဖြစ်ပါလိမ့်မယ်။

စစ်တပ်က နယ်စပ်ကုန်သည်ကြီးများ၏ ဂိုဒေါင်ဖောက် ပစ္စည်းများယူ

ခိုင်လင်း / ၃၁ သြဂုတ် ၂၀၀၉


ကိုးကန့်နယ်မြေအတွင်းသို့ မကြာသေးမီရက်ပိုင်းကစ၍ စစ်ဆင်ရေးဝင်ရောက်ခဲ့သည့် နအဖစစ်တပ်က ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ကိုင်နေကြသည့် ကုန်သည်ကြီးများ၏ ဂိုဒေါင်များကိုဖောက်ပြီး ပစ္စည်းများသိမ်းယူနေသည်။

ယခုလ (၂ဝ) ရက်တွင် ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့က နအဖနှင့်ဆက်ဆံရေး ယာယီရပ်စဲလိုက်ကြောင်း ကြေညာလိုက်သည့်အချိန်တွင် ဒေသအတွင်း စစ်မက်ဖြစ်ပွားတော့မည်ကို စိုးရိမ်ကြသည့် တရုတ်-မြန်မာနယ်စပ် ကုန်သည်များက ၎င်းတို့ ကုန်ပစ္စည်းများအား ချင်းရွှေဟော်မြို့အတွင်းရှိ ဂိုဒေါင်များတွင် သိမ်းဆည်းသော့ခတ်ကာ မြန်မာပြည်အတွင်းပိုင်းသို့ တိမ်းရှောင်ခဲ့ရာ ကိုးကန့်နယ်မြေသို့ စစ်ဆင်ရေးဝင်ရောက်ခဲ့သည့် နအဖစစ်တပ်က ယခုကဲ့သို့ ပစ္စည်းများယူနေခြင်းဖြစ်ကြောင်း ချင်းရွှေဟော်ကုန်သည်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “အဲဒီမှာ ဂိုဒေါင် အလုံး (၃၀) လောက်ရှိတယ်။ ဆန်တို့၊ ဆီတို့၊ ဟင်းချိုမှုန့်တို့၊ တရုတ်ဘက်က လူသုံးကုန်ပစ္စည်းတို့ အားလုံးဂိုဒေါင်ထဲ ထည့်ထားခဲ့ပြီး ဆင်းပြေးသွားကြတာ။ သူတို့သုံးနေတဲ့ ကွန်ပျူတာတို့၊ တီဗွီတို့ကအစ ထုတ်ယူကုန်တာ။ တချို့ကုန်သည်တွေ ထားခဲ့တာ သိန်းထောင်ချီပြီး တန်ဖိုးရှိတယ်။ သူတို့ အလုပ်သမားတွေနဲ့ ပစ်ထားခဲ့ရတာ။ အခုတော့ အလုပ်သမားတွေက တွေ့ပေမယ့် အခုအချိန်မှာ ဘာမှပြောလို့မရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။

ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ရှိရာ လောက်ကိုင်မြို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ချင်းရွှေဟော်မြို့တွင် အစောပိုင်း နှစ်ကာလများကတည်းက နအဖစစ်တပ်များ ရှိနေခဲ့ပြီး ယခုလ (၂၅) ရက်တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ ကိုးကန့်နယ်မြေအတွင်းသို့ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်ခဲ့သည်။

ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်အကြား ယခုလ (၂၇) ရက်မှစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားနေစဉ်အတွင်း တပ်မ (၃၃) လက်အောက်ခံ တပ်များ၊ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေစိုက် အမှတ် (၁)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်များ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့များအား ချေမှုန်းရန်နှင့် နယ်မြေစိုးမိုးရန်အတွက် ကိုးကန့်နယ်မြေအတွင်းသို့ စစ်ဆင်ရေး ဝင်ရောက်ခဲ့သည့် နအဖစစ်တပ်များသည် ကျေးရွာများအတွင်းရှိ နေအိမ်များမှ ပစ္စည်းများ၊ စားသောက်စရာများပါ ယူနေကြသည်ဟု ကိုးကန့်ဒေသခံများနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “အခုက စစ်ပြေးတယ်ဆိုတော့ ရှိတဲ့ ရွှေ၊ ငွေလေး၊ အဝတ်အထည်နည်းနည်းပါးပါးနဲ့ ပြေးကြတာ။ ပရိဘောဂပစ္စည်းတွေ၊ တီဗီတွေ ဒီအတိုင်း ပစ်ထားခဲ့ရတာ။ ကိုးကန့်ကျေးရွာတွေကျတော့ တရုတ်နှစ်သစ်ကူးကာလ စားသောက်ဖို့ဆိုပြီး အိမ်တိုင်း လိုလို ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဆီတို့ဖူး၊ မုံညှင်းချဉ်၊ ပဲငါးပိ အဲလိုမျိုးတွေ ကိုယ့်ဘာသာလုပ်ပြီး လှောင်တဲ့ ဓလေ့တွေရှိကြ တယ်။ စစ်သားတွေက ရွာတွေကို ဝင်ရှင်းနေတော့ အဲလို စားသောက်စရာတွေကိုတောင် အလွှတ်ပေး၊ ချန်ထားတာ မဟုတ်ဘူး” ဟု ပြောသည်။

၁၉၈၉ ခုနှစ်ကတည်းကစ၍ ပထမဆုံး အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေသည် အနှစ် (၂ဝ) ကြာ တိုက်ပွဲများ ရပ်စဲထားရာမှ ယခုလ (၂၇) ရက်တွင် ဒေသအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံလူထု သုံးသောင်းကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

zaterdag 29 augustus 2009

“ မနက်ဖြန်အရေး ”



သာယာအေးချမ်းတဲ့ ဘ၀တွေဆီကိုရောက်ချင်လှပြီ့ 
ရည်မှန်းချက် ယုံကြည်ချက်တွေအတိုင်း
ခရီးဆက်ရင်းနဲ့
ပန်းတိုင်မရောက်ခင်
အစိမ်းကြွေ ကြွေသွားခဲ့ကြရတဲ့
သူတွေဟာလည်းပဲ ဒုနဲ့ဒေ့း့  ။
သာယာအေးချမ်းတဲ့ ဘ၀တွေဆီကိုရောက်ချင်လှပြီ့ 
ဖြစ်နိုင်တဲ့ယုံကြည်ချက်တွေကလည်းပြင်းထန်
ခရီးကလည်းကြမ်း
အတိုက်အခံ အာဏာရူးတွေကလည်းပဲ
ဆင်ကန်းတောတိုးပုံစံမျိုးနဲ့
ဇွတ်အတင်းဆက်ကာတိုးနေလေတော့
အရင်းအနှီးတွေများစွာ
ပေးဆပ်နေကြရပြီပေါ့  ။
သာယာအေးချမ်းတဲ့ ဘ၀တွေဆီကိုရောက်ချင်လှပြီ့ 
ကံဆိုတာလူလုပ်သမျှပဲလေ
တောင်ကြီးကမိုဟာမက်ရှိရာကိုမလာရင်
မိုဟာမက်ကတောင်ကြီးရှိရာကိုပဲ သွားရမှာပေါ့
မာယာပရိယာယ်များလှတဲ့
မနက်ဖြန်အရေးအတွက်ကိုတော့
မှုန်ဝါးဝါးတော့မဖြစ်လေစေနဲ့  ။
သာယာအေးချမ်းတဲ့ ဘ၀တွေဆီကိုရောက်ချင်လှပြီ့ 
မနက်ဖြန်များစွာကိုရောက်ဖို့အရေး
ဘ၀တိုက်ပွဲအမျိုးမျိုးကပြင်းထန်
ရေရှည်အချိန်ယူကာတိုက်ကြရမှာမို့
သွေးချင်းညီကြသူတွေလက်တွဲ
သတင်းမီဒီယာတွေကလည်းစည်းရုံးကြကာ
တယောက်တလက်သတင်းကောင်းပါးကြပါလို့
မနက်ဖြန်အရေးတိုက်ပွဲဝင်ဖို့အတွက်
အင်အားသတ္တိတွေမွေးကြရမှာပဲ့  ။
သာယာအေးချမ်းတဲ့ ဘ၀တွေဆီကိုရောက်ချင်လှပြီ့ 
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကိုလိုချင်ရင်လည်း
ထိုက်တန်တဲ့ရင်းနှီးမှုတော့ပြုရမှာပဲ
အတိတ်ကာလတွေမှာ
အတွေ့အကြုံမရှိသေးလို့ခါးသီးခဲ့လည်း
အဲ့ဒီသင်ခန်းစာတွေကိုဗဟုသုတတွေယူလို့
မနက်ဖြန်အရေးတွေကောင်းဖို့
လွတ်လပ်မှုကိုလိုလားကြတဲ့သူများ
ကိုယ်ပိုင်အသိတရားများမွေးကာ
ရာဇ၀င်သမိုင်းတွေကောင်းအောင်
ကြိုးစားဆောင်ရွက်ကြရမှာသဘာဝပဲ့  ။
ဇာနည်မောင်

ကိုးကန့် တပ်ဖွဲ့ဝင် ၇၀၀ ကျော် တရုတ်အစိုးရထံ လက်နက်ချ


ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပသော ငြိမ်းချမ်းရေး ၂၀ မြောက် အခမ်းအနားတွင် စစ်ရေးပြနေ သည့် ကိုးကန့် တပ်ဖွဲ့ဝင်များ
Saturday, 29 August 2009 19:55 ရန်ပိုင်
.ကိုးကန့်တပ်ဖွဲ့ဝင် အင်အား ၇၀၀ကျော်သည် ယနေ့နေ့လယ်ပိုင်းက တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်းသို့ ၀င်ရောက်သွားပြီး တရုတ်အစိုးရထံတွင် လက်နက်အပ်လိုက်ကြောင်း သိရသည်။

ထိုသို့ လက်နက်ချလိုက်သောကြောင့် တိုက်ပွဲများ ဆုံးခန်းတိုင်လု ဖြစ်သွားသည်ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောဆိုသည်။

“ကိုးကန့်တပ် အင်အား ၇၀၀ လောက် ဒီနေ့နေလယ်က တရုတ်ဘက်ကို ၀င်သွားပြီး၊ တရုတ်အစိုးရဆီမှာ လက်နက်ချလိုက် တယ်၊ တပ်ဖွဲ့ငယ်လေးတွေပဲကျန်တော့တယ်၊ ညီနောင်တပ်ဖွဲ့တွေလည်း ဒီနေ့မနက်လေးနာရီမှာ ဆုတ်သွားပြီ”ဟု ၎င်း က ပြောသည်။


စစ်အစိုးရတပ်က လက်နက်ကြီးများ၊ တင့်ကားများဖြင့် ထိုဒေသအတွင်းသို့ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း လည်း သိရသည်။

“မြန်မာပြည်သူများ မျက်နှာမထောက်ဘဲ ကုလသမဂ္ဂမှာ စစ်အစိုးရဘက်မှ လိုက်ခဲ့တဲ့တရုတ်နိုင်ငံကို စစ်အစိုးရက ဂရု မစိုက် ကြောင်း ပြသလိုက်တာပဲဖြစ်တယ်၊တရုတ်ကတိုက်ပွဲကြီး မဖြစ်ပါစေနဲ့ပြောတယ်၊ စစ်အစိုးရက လက်နက် ကြီးနဲ့ပစ် ပြလိုက် တယ်”ဟု ဦးအောင်ကျော်ဇော ကဆက်ပြောသည်။

ယခု ကိုးကန့်တပ်ဖွဲ့ဝင်များ လက်နက်ချသတင်းနှင့်ပတ်သက်ပြီး ဧရာဝတီက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေး ပေ။

ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်အစိုးရ တပ်က ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီး ကျည်များကျရောက်ပြီး တရုတ်လူမျိုးတဦး သေဆုံး၍ ၂ ဦးဒဏ်ရာရှိခဲ့သော်လည်း၊ ယနေ့တွင် လက်နက်ကြီးများနှင့် ဆက်လက်ပစ်ခတ်ခဲ့ သေးကြောင်း သိရသည်။

ယမန်နေ့ ကပင် တိုက်ပွဲများ ဖြစ်ပွားနေသော တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေး ကိုထိန်းသိမ်း ဆောင်ရွက်ရန် မြန်မာစစ် အစိုးရ ကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာနက တိုက်တွန်းပြောကြား ထားသည်။

“မြန်မာ့ပြည်တွင်းရေး ဖြစ်သောကြောင့် နိုင်နင်းစွာကိုင်တွယ်ရန်လိုကြောင်း၊ တရုတ်အစိုးရအနေဖြင့် နယ်စပ် ဒေသ တည်ငြိမ်ရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများအား နိုင်ငံသားအခွင့်အရေးများ နှင့် အကာ အကွယ်ပေးရန် တိုက်တွန်းကြောင်း” ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jian Yu ကပြောကြား ခြင်းဖြစ်သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းကမှု“ဗမာစစ်အစိုးရ ဆိုတာ ဘယ်သူမှဂရုမစိုက်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သာအထင်ကြီး တယ်၊ တရုတ်ကိုလည်း ထည့်စဉ်းစားမယ် မထင်ပါဘူး” ဟု ဧရာဝတီသို့ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကိုးကန့်ဒေသမှ ဒုက္ခသည် ၃၀၀၀၀ ခန့် ရှိလာသည့်အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတပ်စ်ကပြောဆိုသည်။

ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်နေ့က အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ အိမ်တွင် လက်နက်စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်စီးနင်း ခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ပြီး ၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များ နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

vrijdag 28 augustus 2009

အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တွေ့ဆုံ မြန်မာ့နိုင်ငံရေးအခြေအနေများ ဆွေးနွေး


NEJ / ၂၉ သြဂုတ် ၂၀၀၉


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီမှ အရာရှိ (၃) ဦးနှင့် ယမန်နေ့ ညနေပိုင်းတွင် အဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းသို့ဆွေးနွေးရာတွင် အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေတို့နှင့်အတူ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနှင့် ရုံးအဖွဲ့မှူး ဦးလှမင်းတို့လည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံလက်ရှိနိုင်ငံရေးအခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိအခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာ့နိုင်ငံရေးဆွေးနွေးရာတွင် အမေရိကန်အောက်လွှတ်တော် အရာရှိများက ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုက်တွန်းသည့် သဘော၊ ဆောင်ရွက်သင့်သည်ဆိုသည့်သဘောမျိုး ပြောဆိုဆွေးနွေးခြင်းမရှိကြကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

အန်အယ်လ်ဒီဘက်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့သဘောထားရှိသည်၊ ရွေးကောက်ပွဲပြီးပါက မည်သို့ဖြစ်လာမည် ဆိုသည့်အခြေအနေနှင့် လက်ရှိအပစ်အခတ်ရပ်စဲရေးအဖွဲ့များနှင့် မပြေမလည်ဖြစ်နေသည့် အခြေအနေပေါ်တွင် အန်အယ်လ်ဒီ က ဆုံးဖြတ်နိုင်ခြင်းမရှိသေးသည့် အချက်များကို ရှင်းပြခဲ့ကြောင်း သိရသည်။

ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဦးစိုးမြင့်က ရှင်းပြပါတယ်။ လက်ရှိအားဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ရင် နောက်ဆုံးဖြစ်ပေါ်နေတဲ့ နယ်စပ်မတည်မငြိမ်မှု၊ ဒါတွေကို ထည့်သွင်းသုံးသပ်ရမယ်။ နောက်တခုက ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တချို့သောနေရာတွေမှာ ဥပဒေမပြဋ္ဌာန်းသေးဘဲနဲ့ တချို့သောပါတီတွေက ဆိုင်းဘုတ်ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ကြွေးကြော်နေတယ်။ ဒီလိုအခြေအနေတွေကို သူတို့ကို ရှင်းပြတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီကသော်လည်းကောင်း၊ မစ္စတာဘန်ကီမွန်းကသော်လည်းကောင်း အားလုံးပါဝင်နိုင်ရေးလို့ ပြောပြီး ဒီလိုအခြေအနေဖြစ်ပေါ်နေတယ်။ အဲလိုဖြစ်ပေါ်နေတဲ့အခြေအနေမှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဟာ ဆုံးဖြတ်ဖို့မဖြစ်နိုင်သေးဘူးဆိုတာကို သူတို့ကို ရှင်းပြခဲ့တာပါ” ဟု ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ လက်ရှိနေထိုင်ရသည့်အခြေအနေနှင့် ထိန်းသိမ်းထားသည့်အခြေအနေကိုလည်း အမေရိကန်အရာရှိများက မေးမြန်းကြသဖြင့် ယင်းအခြေအနေများကို ၎င်းကိုယ်တိုင်ရှင်းလင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်က ပြောပြလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က (၃) နှစ်ထောင်ဒဏ်ကျတယ်။ အဲဒီထဲမှာ (၁) နှစ်ခွဲကို ပယ်ဖျက်လိုက်ပြီ၊ (၁) နှစ်ခွဲကျန်တယ်။ ကျန်တဲ့ အဲဒီ (၁) နှစ်ခွဲကို ဆိုင်းငံ့ထားတယ်။ ဆိုင်းငံ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ လွတ်လပ်စွာနေထိုင်ခွင့်ရှိရမယ်၊ သို့သော်လည်းပဲ မလွတ်လပ်ဘူး၊ အကျဉ်းကျတယ်။ အဲလိုအကျဉ်းကျတာဟာ နအဖအစိုးရရဲ့အမိန့်ကြောင့်။ အဲဒီအမိန့်ကလည်း ဥပဒေမှာ ဒီလိုဆောင်ရွက်ခွင့်မရှိဘူးဆိုတာကို ကျနော်ရှင်းပြတယ်” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ (၂,၀၀၀) ကျော်ရှိနေသည်ကို အမေရိကန်အရာရှိများက သိနေပြီး ထိုအကျဉ်းသားများ၏ ထောင်တွင်းနေထိုင်ရသည့် အခြေအနေကိုမေးမြန်းကြောင်း၊ ယင်းအခြေအနေများကို ထောင်တွင်းအတွေ့အကြုံများသည့် ဦးခင်မောင်ဆွေနှင့် ဦးအုန်းကြိုင်တို့က ရှင်းပြခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ထို့အပြင် အန်အယ်လ်ဒီပါတီအတွင်း generation gap ဖြစ်နေသည့်ကိစ္စကိုလည်း မေးမြန်းခဲ့သဖြင့် အဖွဲ့ဝင်လူကြီးများက အဖွဲ့ချုပ်တွင် လူငယ်များသည် နဂိုကတည်းက စိတ်ဓာတ်ရှိပြီးသား လူငယ်များဖြစ်သည့်အတွက် new generation အင်အားများသည် ရှိပြီးသားဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြောကြားသည်။

အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အမေရိကန်အောက်လွှတ်တော် အရာရှိများမှာ ဒီမိုကရက်တစ်ပါတီမှ Lynne Weil နှင့် Jessica Lee၊ ရီပတ်ဘလီကန်ပါတီမှ Dennis Halpin တို့ဖြစ်ပြီး ၎င်းတို့သည် (၄) ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ် အန်အယ်လ်ဒီအဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့အရာရှိများ လာရောက်မေးမြန်းမှုနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “သူတို့ပြောတဲ့စကားတွေအရပဲ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေ လာရောက်စုဆောင်းတယ်ဆိုတာ ပေါ်နေတယ်။ ဘယ်အတွက်လဲဆိုတာက ကွန်ဂရက် အတွက်လား၊ မူဝါဒသစ်အတွက်လား ဒါတော့ ကျနော်တို့လည်းမသိပါဘူး” ဟု ပြောသည်။

ယခုကဲ့သို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ အရာရှိ (၃) ဦး၏ မြန်မာနိုင်ငံခရီးစဉ်သည် သြဂုတ် (၁၄) ရက်တွင် မြန်မာနိုင်ငံသို့ (၃) ရက်ကြာလာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ ခရီးစဉ် အပြီး လာရောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်းပါးတပုဒ်ကို သြဂုတ် (၂၆) ရက်ထုတ် New York Times သတင်းစာတွင် ရေးသားထားပြီး အဆိုပါဆောင်းပါးတွင် အတိုက်အခံ အန်အယ်လ်ဒီပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ဖို့စဉ်းစားစေချင်ကြောင်း တိုက်တွန်းထားသည်။

အဆိုပါ မစ္စတာဝက်ဘ်၏ တိုက်တွန်းချက်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ၏ သဘောထား မည်သို့ရှိသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် သြဂုတ် (၂၇) ရက်တွင် အယူခံကိစ္စသွားရောက်တွေ့ဆုံခဲ့သည့် ဦးဉာဏ်ဝင်းအား ခေတ်ပြိုင်က မေးမြန်းခဲ့သည်။

၎င်းက “ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ခြုံငုံပြီးတော့ သုံးသပ်ချက်ပေးပါတယ်။ တခုချင်း တခုချင်းတော့ သူမပြောဘူး။ သူပြောတာက မစ္စတာဝက်ဘ်ရဲ့ ပြောဆိုရေးသားနေတဲ့ဟာတွေက အိုဘားမားမူဝါဒတွေလို့ သူမယုံကြည်ဘူးတဲ့” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောကြားခဲ့ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ အန်အယ်လ်ဒီသဘောထားကို ယခုကဲ့သို့ ရှင်းပြသည်။

“ကျနော်တို့ ရွေးကောက်ပွဲဝင်ရေးမ၀င်ရေး စဉ်းစားတာ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်က ပြည်သူလူထုအတွက် အကျိုးရှိလား၊ မရှိလားဆိုတာ ကျနော်တို့လိုချင်တာဖြစ်တယ်။ အဲဒါတွေ လုံးဝမှမရနိုင်ရင် ဘာမှလုပ်စရာမရှိတော့ဘူး” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ကိုးကန့်နယ်မြေတွင် ဒုတိယမြောက်နေ့ တိုက်ပွဲဖြစ်



ခိုင်လင်း/ ၂၈ သြဂုတ် ၂၀၀၉


ယနေ့နံနက် (၃) နာရီမှစ၍ ကိုးကန့်နှင့် ဝနယ်မြေနယ်စပ် နမ့်တင်းချောင်းတလျှောက်နှင့် ကိုးကန့်နယ်တခုလုံးတွင် တိုက်ပွဲ ပြန်ဖြစ်နေသည်။

ချင်းရွှေဟော်အနီး တောင်ကုန်းမှ ယမန်နေ့ညက ဆုတ်ခွာသွားသည့် ကိုးကန့်တပ်ဖွဲ့များက ယခုအခါ နယ်စပ်တောင်ကုန်းများပေါ်မှ နေရာယူကာ ချင်းရွှေဟော်အနီး နအဖတပ်များ ရှိရာကို ပစ်ခတ်နေသကဲ့သို့ နအဖတပ်များကလည်း ပြန်ပြီးတိုက်နေသည်ဟု ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

၎င်းက “အခုထိ ချနေတုန်းပဲ။ ဒီကိုးကန့်တပ်ဘက်က စချတာ။ မနက် သုံးနာရီလောက်ကနေ တိုက်ပွဲတွေဖြစ်နေတာ။ အဓိကတော့ လက်နက်ကြီးတွေပဲ သုံးတယ်။ အကျအဆုံးတော့ သိနိုင်ဦးမှာ မဟုတ်ဘူး။ ပြောနိုင်တာက ဒီနေ့ မနက်ကတည်းက စချတယ်။ အခု ညနေ (၃) နာရီခွဲအထိ တိုက်ပွဲနေရာအနှံ့မှာ ဖြစ်နေတယ်” ဟု ပြောသည်။

ယမန်နေ့ကလည်း ကိုးကန့်နယ်မြေအတွင်း ရဲစခန်းအပါအ၀င် နေရာ (၄) ခုတွင် တိုက်ပွဲများ ဖြစ်ခဲ့ပြီး ချင်းရွှေဟော်တိုက်ပွဲတွင် ကိုးကန့်တပ်ဖွဲ့က (၂) ဦး ဒဏ်ရာရကာ တောင်ကုန်းအား ဆုတ်ပေးခဲ့ရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး ပထမဆုံး ငြိမ်းချမ်းရေးလုပ်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်သည် အနှစ် (၂ဝ) ကြာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ထားရာမှ ယမန်နေ့မှစတင်၍ ပြန်ပြီး တိုက်ခိုက်လာခြင်းဖြစ်သည်။

ကိုးကန့်ဒေသ အပစ်ရပ်ရေး သဘောတူညီချက် ပျက်ပြီ


Friday, 28 August 2009 18:11 ရန်ပိုင်
.ကိုးကန့်ဒေသတွင် ယမန်နေ့က စတင်ပြီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်အစိုးရနှင့် ကိုးကန့်အဖွဲ့ ကြားရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီ ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များနှင့် တရုတ် နိုင်ငံက သုံးသပ် ပြောဆိုသည်။


တရုတ် နယ်စပ်အနီး စစ်ဆေးရေး ဂိတ်တခုမှ ကိုးကန့် စစ်သား၂ ဦး (ဓာတ်ပုံ - Tom Kramer/TNI)
ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင်းနှင့် ချင်းရွှေဟော် ဒေသတွင် ယနေ့တိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသောကြောင့် ယခုကဲ့သို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီ ဖြစ်ကြောင်း သုံးသပ်ကြခြင်း ဖြစ်သည်။

“ချင်းရွှေဟော်နားမှာ တိုက်ပွဲကြီး ဖြစ်နေတယ်၊ မနေ့က ၀ တပ်ဖွဲ့ ၁၅၀၀ လောက်ရောက်ပြီ၊ မနက် ၁၁ နာရီကတည်းက ဖြစ်တာလို့ ကြားတယ်၊ တြိဂံဒေသဖြစ်လို့ အဖွဲ့ပေါင်းစုံပါတယ်” ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

ယနေ့မနက်ကလည်း လောက်ကိုင်မြို့တွင်းရှိ လက်နက်ဂိုဒေါင်နားတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ဒီနေ့မနက်အစောကြီးမှာ ဖုန်ကျားရှင်အိမ်နားက လက်နက်ဂိုဒေါင်လမ်းကြားထဲမှာ ကင်းလှည့်တဲ့ကားနဲ့ ကိုးကန့်တပ် ပက်ပင်းတိုးပြီးဖြစ်တာ အစိုးရဘက်က၂ ယောက်သေတယ်”ဟု သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦစိန်ကြည်ကပြောသည်။

ယမန်နေ့ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် လက်နက်ကြီး ကျည်များ တရုတ်နိုင်ငံဘက်သို့ ကျရောက်ပြီး တရုတ်ဒေသခံများ လည်းသေဆုံး ထိခိုက်မှုများရှိသည်ဟုသိရသည်။

“လက်နက်ကြီးကျည်တွေ ချင်ခန်းဒေသထဲကျတယ်၊ ဒေသခံ တယောက်သေပြီး တယောက်ဒဏ်ရာရတယ်၊ ရန်လုံကျိုင်း စခန်းမှာ လုံထိန်း၄၂ယောက်ဖမ်းမိတယ်၊ အရာရှိတွေပါတယ်၊ သေနတ် ၅၆ လက် သိမ်းထားတယ်” ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောကပြောသည်။

ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကိုးကန့်ဒေသအတွင်းရှိ ဒေသခံရွာသား ၃၀၀၀၀ ခန့် တရုတ်နိုင်ငံ အတွင်းသို့ ထွက်ပြေး သွားကြောင်း အတည်မပြုနိုင်သောသတင်းများအရ သိရသည်။

“ရွာသူရွာသားတွေအများကြီး ချင်ခန်းဒေသထဲကိုဝင်လာတယ်၊ တရုတ်အာဏာပိုင်တွေက အစားအစာ၊ အ၀တ်အစား နေ စရာ ထောက်ပံ့ ပေးထားတယ်၊ ဒါပေမယ့် မလုံလောက်ဘူး၊ တချို့လည်း အစိုးရယာယီစခန်းတွေမှာနေတယ်၊ တချို့က တော့ သူတို့ဆွေမျိုးတွေအိမ်တွေမှာ နေတယ်”ဟု အမည်မဖော်လိုသော ကျန်းမာရေးအကူအညီပေးရေးအဖွဲ့မှ ပြောသည်။

ယခုဖြစ်ပေါ်နေသော နယ်စပ်တိုက်ပွဲများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံကလည်း အခြေအနေကို အမြဲမပြတ်စောင့်ကြည့်နေ သည်ဟုသိရသည်။

“နယ်စပ်ဒေသတည်ငြိမ်မှုကို လိုလားတယ်၊နောက်၂ရက်အထိတိုက်ပွဲတွေဖြစ်မယ်ဆိုရင် အခြေအနေဟာ ထိန်းနိုင်မှာ မဟုတ်တော့ဘူး၊ တိုက်ပွဲကြီးတွေဖြစ်လာနိုင်တယ်၊ မြန်မာအစိုးရ ရဲ့တိုင်းရင်းသားတွေအပေါ်မှာ ထားတဲ့သဘောထားဟာ တင်းမာလွန်းပြီး၊ တဘက်နှင့်တဘက်ညှိလိမ့်မယ်ထင်တယ်” ဟု အမည်မဖော်လိုသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကလည်း“အပစ်အခတ်ရပ်စဲရေး ပျက်ပြီပြောရမှာပေါ့၊နှစ်ဘက် စလုံး အကျပ်အတည်းပါပဲ၊ အပစ်ရပ်အဖွဲ့တွေကလည်း မတင်းဘူးဆိုရင် လက်နက်ချရမှာ နောက်ပိုင်း ၀ တို့ မိုင်းလားတို့ ပါလာနိုင်တယ် မလွယ်ဘူး”ဟု သုံးသပ်သည်။

နယ်စပ်ဒေသရှိ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို စစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် ယခုကဲ့သို့ အတင်းအကျပ် ဆောင်ရွက် နေလျှင် နယ်စပ်ဒေသရှိ ပြည်သူများ၏ အခြေအနေပိုမိုဆိုးရွားလာမည်ကို လူ့အခွင့် အရေး အဖွဲ့များကစိုးရိမ် နေကြသည်။

“စစ်အစိုးရက တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေ နဲ့ဆွေးနွေးညှိနှိုင်းရမယ့်အစား အတင်းအကျပ်ဆောင်ရွက်တဲ့ နည်းနဲ့လုပ် ဆောင်နေရင် ဒီဒေသမှာ နေထိုင်တဲ့ပြည်သူတွေအတွက် တိုက်ပွဲတွေ ပိုပြင်းထန်လာရင် အခုထက်ပိုမို ဆိုးရွားတဲ့ အကျိုး ဆက်တွေ ခံစားရမှာကို စိုးရိမ်တယ်”ဟု အမေရိကန်နိုင်ငံအခြေစိုက် လူအခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW ) မှ ဒေးဗစ် စကော့ မက်သီဆင်က ဧရာဝတီသို့ပြောသည်။

ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်နေ့က အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ အိမ်တွင် လက်နက်စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်စီးနင်း ခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ပြီး ၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များ နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

maandag 24 augustus 2009

မြစ်ဆုံရေကာတာစီမံကိန်းနယ်မြေအနီး ကျေးရွာ (၆၀) ကျော် ရွှေ့ပြောင်းရေး စတင်ဆောင်ရွက်


ခိုင်လင်း / ၂၄ သြဂုတ် ၂၀၀၉


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ဧရာဝတီမြစ်ရိုးတလျှောက်ဝန်းကျင်ရှိ ကျေးရွာ (၆၀) ကျော်အား ရွှေ့ပြောင်းရန်အတွက် ဒေသခံတို့အား နစ်နာကြေး ငွေပေးလျော်ရန် မြေနေရာတိုင်းတာမှုနှင့် တန်ဖိုးတွက်ချက်မှုများ စတင်လုပ်ဆောင်နေသည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ တန်ဖဲ၊ အလန်၊ ကြိမ်ခရန်၊ မုန်ကာဆွတ်၊ မရမ်၊ လဖ စသည့် ကျေးရွာအုပ်စုများမှ ရွာပေါင်း (၆၀) ကျော်အား ရွှေ့ပြောင်းရတော့မည်ဖြစ်ကြောင်း တန်ဖဲကျေးရွာသားတဦးက ပြောသည်။

၎င်းက “အိမ်ခြေ သုံးလေးထောင်ထက် မနည်း၊ လူဦးရေက သောင်းပိုင်းအထိ ရှိနိုင်တယ်။ လိမ္မော်ခြံတွေ၊ ၀ါးခြံတွေလည်း ပါတယ်။ လယ်တွေကလည်း အများကြီးပဲလေ။ လျော်ပေးမယ်ဆိုတာက မယုံကြည်ကြဘူး။ အားလုံးက စိတ်မကောင်း ဖြစ်နေကြတယ်။ လိမ္မော်ခြံတခြံဆို တနှစ်ကို သိန်းနှစ်ဆယ်လောက် ၀င်ငွေရှိနေတာ။ အဲဒါတွေ ဘယ်လောက် လျော်ပေးမယ်ဆိုတာ မသိရဘူး။ ဘယ်နေ့အပြီး ပြောင်းပေးရမယ်၊ ဘယ်ကို ပြောင်းပေးရမယ်ဆိုတာလည်း မပြောဘူး။ အခု တိုင်းတာတွက်ချက်တာတွေ လုပ်နေတယ်” ဟု ပြောသည်။

ယခုလ (၅) ရက်နှင့် (၆) ရက်က ကြိန်ခရန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသားများကို မြို့နယ်အာဏာပိုင်များနှင့် အေးရှားဝေါကုမ္ပဏီမှတာဝန်ရှိသူများက အစည်းအဝေးတရပ်ခေါ်ယူကာ နေအိမ်များရွှေ့ပြောင်းရန်ရှိသည့်အတွက် နစ်နာကြေးငွေပေးလျော်သွားမည်ဟု ပြောဆိုခဲ့သကဲ့သို့ (၆) ရက်နေ့အစည်းဝေးတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းကိုယ်တိုင်လာရောက်ကာ ကျေးရွာများရွှေ့ပြောင်းကြရန် ပြောဆိုခဲ့သည်ဟု အဆိုပါ တန်ဖဲကျေးရွာသားက ပြောသည်။

၎င်းက “တိုင်းမှူးက ကြိမ်ခရန် ကျေးရွာနားက တောင်ကုန်းမှာ ဘူဒိုဇာနဲ့ထိုးပြခိုင်းပြီး ဘယ်နေရာ ရွှေ့ရွှေ့ စိုက်ပျိုးလို့ ရနိုင်တယ်၊ အိမ်တွေဆောက်လို့ရတယ်ဆိုပြီး ပြောတာလေ။ အဲဒီမှာ ရွာသားတယောက်က ကျနော်တို့မှာ စိုက်ပျိုးဖို့ ပေါက်ပြားတောင် အနိုင်နိုင်ဖြစ်နေတာ၊ ဘူဒိုဇာဆိုတာ မရှိဘူးဆိုပြီး ပြန်ပြောသေးတယ်။ သူ့ကိုယ်တော့ ဘာမှ မလုပ်ပါဘူး။ တချို့ရွာသားတွေက အစည်းဝေးလာတာ အင်္ကျီတောင် ၀တ်မလာဘူး။ မကျေနပ်တဲ့အကြောင်း ပြတဲ့အနေနဲ့” ဟု ပြောသည်။

မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံချက် ဖွင့်ပွဲအခမ်းအနားကို ၂၀၀၇ ခုနှစ်၊ မေလတွင် မြစ်ဆုံ၌ ကျင်းပခဲ့ပြီးနောက် ရေကာတာတည်ဆောက်မှုများကို စတင်ပြုလုပ်နေခဲ့ခြင်းဖြစ်ပြီး ယခုအခါ မြစ်ဆုံအောက်ပိုင်းရှိ ကျေးရွာများအား ရွှေ့ပြောင်းခိုင်းနေခြင်းဖြစ်သည်။

မြစ်ဆုံရေကာတာစီမံကိန်းမှ ရေအားလျှပ်စစ် မီဂါဝပ် (၃,၆၀၀) ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ပြီး အများစုကို တရုတ်ပြည်သို့ တင်ပို့ရောင်းချမည့် အဆိုပါစီမံကိန်းအား အေးရှာဝေါကုမ္ပဏီနှင့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) တို့က တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်သည်။

အဆိုပါ မြစ်ဆုံရေကာတာစီမံကိန်းကြောင့် သဘာပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှု၊ ကျေးရွာများ ရွှေ့ပြောင်းရမှု၊ ရေကာတာကျိုးပေါက်မည့် ဘေးအန္တရာယ်များ ကြုံတွေ့လာနိုင်မှု စသည့်အချက်များကြောင့် ကချင်ပြည်လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့၊ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် ဒေသခံတို့က မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး ပိုစတာကပ်ခြင်း၊ နံရံတွင် မှုတ်ဆေးသုတ်ခြင်း စသည့်လှုပ်ရှားမှုများ မကြာခဏပြုလုပ်ကာ ကန့်ကွက်နေကြသည်။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု တိုက်ပွဲအရှိန်တိုးမြင့်သွားမည်


NEJ / ၂၄ သြဂုတ် ၂၀၀၉


နအဖစစ်အစိုးရက တိုင်းရင်းသားများနှင့်အပစ်ရပ်အဖွဲ့များအပေါ် ထားသည့်သဘောထားသည် ပြည်တွင်းစစ်ဖြစ်ပွားရန် ဖော်ဆောင်နေသည့် အတွက် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) က လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲများကို အရှိန်အဟုန်မြင့် လုပ်ဆောင်သွားမည်ဟု ပြောသည်။

ယမန်နေ့က ပြုလုပ်သည့် (မဒတ) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးတွင် အဖွဲ့၏အထွေထွေအတွင်းရေးမှူး မိုင်းဘုန်းကျော်က ပြောကြားခြင်းဖြစ်သည်။

၎င်းက “မဒတအနေနဲ့ လက်နက်ကိုင်တိုက်ပွဲ တိုးမြင့်ဖို့ကိစ္စလုပ်ရတာက နအဖဟာ ငြိမ်းချမ်းစွာ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေကို တခုပြီးတခု ဖြိုခွဲနေတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထပ်ပြီးအကျဉ်းချတယ်၊ နေအိမ်အကျယ်ချုပ်တိုးတယ်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစကို ပိတ်လိုက်တဲ့ အနေအထားက နအဖဘက်က ထင်ရှားတယ်။ ဒါကြောင့် မဒတဘက်က စစ်ရေးအရှိန်မြင့်ဖို့လိုတယ်၊ နအဖကို တိကျတဲ့ ဖိအားတွေ တစုံတရာမပေးနိုင်လို့ကတော့ နအဖဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မှာမဟုတ်ဘူး” ဟု ပြောသည်။

ကေအိုင်အေ၊ ယူဒဗလျူအက်စ်အေ စသည့် နအဖနှင့်အပစ်ရပ်ထားသည့် တိုင်းရင်းသားအဖွဲ့တို့၏ ရပ်တည်ချက်များသည် နိုင်ငံရေးအရ ဖြေရှင်းမည့်နည်းလမ်းများ ဖြစ်ကြောင်း၊ ၎င်းတို့၏ ရပ်တည်ချက်များကို လက်မခံပါက ပြည်တွင်းစစ်ဖြစ်လာနိုင် ကြောင်း မိုင်းဘုန်းကျော်က ပြောသည်။

အပစ်ရပ်အဖွဲ့များတွင် မဒတအဖွဲ့ဝင်ဟောင်းများပါရှိကြောင်း၊ ၎င်းတို့နှင့်အမြဲအဆက်အသွယ် နားလည်မှုများရှိကြောင်း၊ နအဖဖိအားများကြောင့် ပြန်လာကြပါက လက်ခံကြိုဆိုရန် အသင့်ပြင်ဆင်ထားမှုများ ရှိကြောင်း၊ အပစ်ရပ်ဒေသများတွင် တပ်အင်အားအလုံးအရင်းချကာ ရန်စမှုများ၊ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့များအဖြစ် အသွင်ပြောင်းရန် ဖိအားပေးမှု များသည် အပစ်ရပ်ကိစ္စ ပျက်ပြယ်သွားရန်ဖြစ်ပြီး ပျက်ပြယ်သွားပါက မြန်မာပြည် တောင်ပိုင်းနှင့်မြောက်ပိုင်း မျက်နှာပြင်တွင် ပြည်တွင်းစစ်မီး မလွဲမသွေတောက်လောင်မည်ဟုလည်း မဒတ က ပြောသည်။

လက်နက်ကိုင်စစ်ရေးလှုပ်ရှားမှုများကို တိုးမြင့်လုပ်ဆောင်နေသော်လည်း လှုပ်ရှားမှုများနှင့် ပတ်သက်၍ မဒတ က အသေးစိတ်ပြောကြားခြင်းမရှိပေ။

ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်သည့် (၃) ရက်ကြာ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ မဒတအဖွဲ့ဝင်များ ဖြစ်သည့် ရခိုင်၊ ချင်း၊ ကရင်၊ လားဟူ၊ မွန်၊ ပအို့ဝ်၊ ပလောင်၊ ၀ စသည့်အဖွဲ့များ တက်ရောက်ကြပြီး ထိုအဖွဲ့များသည် လက်ရှိ လက်နက်ကိုင်တိုက်ပွဲဝင်နေကြသည့် အဖွဲ့များဖြစ်သည်။

မဒတ ကို ၁၉၇၆ ခု မေလ (၁၀) ရက်၌ မာနယ်ပလောတွင် စတင်ဖွဲ့စည်းစဉ်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ၊ ပြည်ထောင်စုပအို့ဝ် အမျိုးသားများအဖွဲ့ချုပ်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ လားဟူအမျိုးသားညီညွတ်ရေးပါတီတို့ ပါဝင်သည်။

စားအုန်းဆီအတွက် ဦးတေဇ အမြတ်ထွက်

အောင်ကျော်မိုး/ ၂၄ သြဂုတ် ၂၀၀၉


နယ်စပ်သွင်း စားဆီများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စားသုံးရန်မသင့်ဟု ကြေညာခဲ့သဖြင့် ဆီဈေးများ ခုန်တက်လာပြီး စားအုန်းဆီ (ကန်ဆီ) တင်သွင်းနေသည့် ဦးတေဇ၏ကုမ္ပဏီ အမြတ်အစွန်း များစွာရနေကြောင်း ပြည်တွင်းဈေးကွက်မှ စုံစမ်းသိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက နယ်စပ်သွင်းစားဆီများ မသန့်ဟုဆိုကာ ကြေညာခဲ့သဖြင့် ထိုင်းနယ်စပ်မှ တင်သွင်းသည့်ဆီများ ဈေးကွက်အတွင်း ရှားပါးခဲ့သည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ စားဆီတင်သွင်းသူများက ပြောသည်။

အဆိုပါဒိုင်မှ စားဆီသွင်းသူတဦးက “ဗိုလ်မှူးချုပ်အောင်သိန်းလင်းက နယ်စပ်သွင်း ဘယ်ဆီပုံးကိုမဆို စစ်ဆေးမယ်၊ မသန့်တာတွေ့ရင် ထောင် (၃) နှစ်ချမယ်ဆိုတော့ ရန်ကုန် ဈေးကွက်အားလုံးမှာ ထိုင်းကသွင်းတဲ့ ဆီတွေကို ဘယ်သူမှ မရောင်းရဲတော့ဘူး။ မသွင်းရဲတော့ဘူး။ ဒီတော့ ဈေးကွက်ထဲမှာ ထိုင်းနယ်စပ်သွင်း စားဆီတွေ ရှားသွားတယ်။ ဒီအခါ စားအုန်းဆီ (ကန်ဆီ) သွင်းတဲ့ ထူးကုမ္ပဏီက ဆီဈေးကို လိုသလို ကစားတယ်။ ခွဲတမ်းတွေ လျှော့ချတယ်။ အကျိုးဆက်က တော့ ဆီဈေးတွေ ရက်ပိုင်းအတွင်း (၁) ပိဿာ ကျပ် (၃ဝဝ) ကနေ (၄ဝဝ) တက်သွားပြီး ထူးကုမ္ပဏီ အမြတ်အကြီးအကျယ် ရသွားတယ်။ ကျနော်တို့လို ထိုင်းနယ်စပ်ကနေ စားဆီတင်သွင်းတဲ့သူတွေ နစ်နာတယ်။ ပြည်သူတွေကလည်း ဒီမသန့်တဲ့ (ကန်ဆီ) တွေကိုပဲ စားရတော့တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ပမှ စားဆီတင်သွင်းခွင့်ကို ပုဂ္ဂလိက ကုန်သည်များကို ခွင့်ပြုချက် ပေးမထားသော်လည်း ယခင်က ဦးအောင်ကိုဝင်း ခေါ် ဆရာကျောင်းက တဦးတည်း တင်သွင်းခွင့် ရရှိခဲ့ကာ အကျိုးအမြတ်များစွာရခဲ့ပြီး နောက်ပိုင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တင်သွင်းနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်မှစ၍ ဦးတေဇပိုင် ထူးကုမ္ပဏီက မလေးရှားစားအုန်းဆီ တင်သွင်းခွင့်ကို လုပ်ကိုင်ကာ ဦးပိုင်လီမိတက်က ဆီကန် ငှားစားခြင်းသာ လုပ်ကိုင်ပြီး တင်သွင်းလာသည့် ကန်ဆီများကို ရန်ကုန်ဧရိယာ၌ ကိုယ်စားလှယ်များမှတဆင့် ခွဲတမ်းဖြင့် ဈေးနှုန်းသတ်မှတ် ရောင်းချပေးသည့်စနစ်ကို ကျင့်သုံးသည်။

အဆိုပါ ကိုယ်စားလှယ်များက ပြည်သူများကို ဟန်ပြသာ အနည်းငယ် ရောင်းချပြီး ကျန်ဆီများကို မှောင်ခိုပေါက်ဈေးများဖြင့် ရောင်းချကြကြောင်း၊ ထူးကုမ္ပဏီကိုယ်တိုင်ကလည်း ကိုယ်စားလှယ်များအား ဆီအချို့ကိုသာရောင်းပြီး ဆီအချို့ကို ပြင်ပပေါက်ဈေးအတိုင်း တနိုင်ငံလုံးကို ဖြန့်ဖြူးကြောင်း ဆီအရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။

နောက်ပိုင်း မလေးရှားဆီ ဈေးနှုန်းကျဆင်းလာပြီး နယ်စပ်သွင်း ထိုင်းစားဆီများ ဝင်ရောက်လာကာ ပြည်သူများကလည်း ကြိုက်နှစ်သက်လာခြင်းတို့ကြောင့် ထူးကုမ္ပဏီ ဈေးကွက်နည်းခဲ့သည့်အတွက် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ထိုင်းနယ်စပ်သွင်း စားဆီများကို ပြဿနာရှာနေခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံဈေးကွက်တွင် တလ ဆီစားသုံးမှု တန် (၅) သောင်းခန့်ရှိပြီး ထူးကုမ္ပဏီက မလေးရှားမှ တန် (၂) သောင်းကျော် တင်သွင်းကာ ပြည်တွင်းမှ မြေပဲဆီ၊ နှမ်းဆီ၊ ယုဇန ဆီအုန်းစက်ရုံမှ စုစုပေါင်း တန် (၁) သောင်းဝန်းကျင် ရောင်းချပြီး ကျန်တန် (၂) သောင်းနီးပါးမှာမူ ထိုင်းနယ်စပ်မှ ဝင်ရောက်ခြင်းဖြစ်သည်။

ယခုအခါ ထိုင်းနယ်စပ် စားဆီများ အဝင်နည်းသွားသည့်အတွက် ဦးတေဇပိုင် ထူးကုမ္ပဏီက စားအုန်းဆီပိုပြီး တင်သွင်းရဖွယ်ရှိကာ စားအုန်းဆီ ဈေးနှုန်းမှာ မူလ လက်လီ (၁) ပိဿာ (၁,၉ဝဝ) ကျပ်မှ ယခုရက်ပိုင်းအတွင်း (၂,၂၃ဝ) အထိ မြင့်တက်လာနေကြောင်း ဆီကုန်သည်များက ပြောသည်။

စစ်အစိုးရ ဆရာဝန်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ


Monday, 24 August 2009 17:45 သန်းထိုက်ဦး
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးပေးနေကျ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ကုသခွင့်ရရန် တောင်းဆိုထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။

ဒေါက်တာ တင်မျိုးဝင်း (ဓာတ်ပုံ - pbase.com)
သြဂုတ်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေး စစ်ဆေးရန်အတွက် အစိုးရ အာဏာပိုင်များက စီစဉ်ပေးထားသော အမျိုးသမီး ဆရာဝန်တဦးကို လက်မခံလို သောကြောင့် ဒေါက်တာ တင်မျိုးဝင်းနှင့် ကုသခွင့်ရရန် တောင်းဆိုထားသည်ဟု NLD ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“အာဏာပိုင်တွေ စီစဉ်တဲ့ ဆရာဝန် တယောက် လာတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က သူအရင်တုန်းက ပြနေကျ ဆရာ တင်မျိုးဝင်းကိုပဲ ပြချင်တဲ့ အကြောင်း အာဏာပိုင်တွေကို ပြောတာ ဆိုတာ ရှိတယ်၊ ဒီနေ့အထိတော့ ဆရာ တင်မျိုးဝင်းသွားတာ မတွေ့ဘူး” ဟု ၎င်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပုံမှန် ကျန်းမာရေးအတွက် အာဏာပိုင်များက စီစဉ်ထားသော အမျိုးသမီး ဆရာဝန်မှာ မည်သူ မည်ဝါ ဖြစ်ကြောင်း မသိရှိရသေးပေ။

သို့သော် ဒေါက်တာတင်မျိုးဝင်း နှင့် ကုသခွင့်ရရန် အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆောင်ရွက်နေကြောင်း ဦးဉာဏ်ဝင်း က ဆိုသည်။

ဒေါက်တာ တင်မျိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေအား လစဉ်စစ်ဆေး ကုသပေး သည့် မိသားစု ဆရာဝန် ဖြစ်သည်။

“အာဏာပိုင်တွေက ဘာအတွက်ကြောင့် ဘယ်လို လုပ်တာလဲတော့ မသိဘူး။ ကျနော်တို့ နားလည်တာက ကိုယ်ပြသရမယ့် ဆရာဝန်က ကိုယ့်စိတ်ကြိုက်တော့ ရွေးချယ်ခွင့်ရှိရမယ်လို့ အဲဒီလိုပဲ နားလည်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း သူ၏အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား တဦးကြောင့် ရုံးတင် တရားစွဲခံခဲ့ရသည်။ ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော်လည်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချ၍ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံရကာ နေအိမ်သို့ ပြန်လည် ပို့ဆောင် ထိန်းသိမ်းလိုက်သည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း ဖြစ်သည်ဟု အာဏာပိုင်တို့က ဆိုသည်။

zondag 23 augustus 2009

အာဆီယံပဋိညာဉ်စာတမ်းကို ဈေးဦးပေါက် ချိုးဖောက်လိုက်တဲ့ မြန်မာနိုင်ငံ


ဘွဲ့ဖြူ

၂၄ သြဂုတ် ၂၀၀၉


အာဆီယံဟာ မူလစတင်ဖွဲ့စည်းစက ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းရယ်လို့ တိတိကျကျမရှိခဲ့ဘဲ အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်လာစေရေးအတွက်သာ ရည်ရွယ်တဲ့၊ မိတ်ဖြစ်ဆွေဖြစ် သဟာယအသင်းသာသာ အဆင့်သာရှိခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။

ဒါပေမယ့် အဖွဲ့စတင်ပေါ်ပေါက်လာခဲ့တဲ့ ၁၉၆၇ ခုနှစ်ကစလို့ အရှေ့တောင်အာရှဒေသဟာ တစတစ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့တာမို့ အာဆီယံအဖွဲ့ရဲ့ ပုံရိပ်ဟာလည်း နိုင်ငံတကာမျက်နှာစာမှာ တနေ့တခြား ပိုပိုပြီး ထင်ရှားအရေးပါလာခဲ့တယ်။ တချိန်တည်းမှာ စီးပွားဖက်တွေဖြစ်ကြတဲ့ ဥရောပသမဂ္ဂ (အီးယူ)၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ ဆက်ဆံရေးတွေဟာလည်း အချိန်နဲ့တပြေးညီ တိုးတက်မြင့်မားလာတာနဲ့အမျှ အာဆီယံဟာ နိုင်ငံတကာအလယ်မှာ မိမိကိုယ်မိမိ စည်းမျဉ်းစည်းကမ်း စနစ်တကျရှိပြီး ဂုဏ်ဒြပ်ထည်ဝါတဲ့ အဖွဲ့အစည်းတရပ်ဖြစ်တယ် ဆိုတာကိုပြသဖို့ မဖြစ်မနေ လိုအပ်လာခဲ့တယ်။

ဒီလိုနဲ့ အဖွဲ့ဝင်နိုင်ငံအားလုံး လိုက်နာအပ်တဲ့ ပဋိညာဉ်စာတမ်းတခု ပေါ်ထွက်လာရေးကို အာဆီယံခေါင်းဆောင်တွေ ပစ်မှတ်ထား ကြိုးပမ်းလာခဲ့ကြတယ်။ အာဆီယံဟာ အခြားအခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ နိုင်ငံစုံအဖွဲ့အစည်းတခုဖြစ်တာနဲ့အညီ မိမိတို့ရဲ့ ပဋိညာဉ်စာတမ်းဟာ၊ ဒီကနေ့ကမ္ဘာမှာ လွှမ်းမိုးပျံ့နှံ့နေပြီး အခြားသော နိုင်ငံတကာအဖွဲ့အစည်းမှန်သမျှရဲ့ ပဋိညာဉ်စာတမ်းတိုင်း မှာလည်း ပါဝင်နေတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ အနှစ်သာရတွေ ထည့်သွင်းရေးဆွဲဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာကို အာဆီယံခေါင်းဆောင်တွေက သိကြတယ်။

ဒါပေမယ့် ဒီကိစ္စမှာ ပြဿနာတခုက ကြီးကြီးမားမားရှိနေတယ်။ အဲဒါကတော့ မြန်မာနိုင်ငံကိစ္စပဲ။ ဒေသတွင်းက နိုင်ငံအားလုံး ပါဝင်နေတဲ့ အဖွဲ့အစည်းတခုဖြစ်စေဖို့နဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ခေါင်းမာမာနဲ့ ဖီဆန်အန်တုနေတဲ့ နအဖ စစ်အုပ်စုခေါင်းဆောင်တွေကို အဖွဲ့ထဲရောက်မှ ဖျောင်းဖျောင်းဖျဖျ ပြောယူဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အဖွဲ့တည်ထောင်မှု အနှစ် (၃၀) ပြည့်မြောက်တဲ့ ၁၉၉၇ ခုနှစ်မှာ အီးယူနဲ့ အမေရိကန်တို့ အတန်တန် သတိပေးနေတဲ့ကြားက အာဆီယံခေါင်းဆောင်တွေက အဖွဲ့ထဲဆွဲသွင်းခဲ့တဲ့ မြန်မာနိုင်ငံဟာ အာဆီယံအတွက် မာရ်နတ်လည်ပင်းမှာ ရှင်ဥပဂုတ္တဆွဲပေးလိုက်တဲ့ ခွေးသေကောင်ပုပ်လို ဖြစ်နေတယ်။

မြန်မာနိုင်ငံ အဖွဲ့ထဲရောက်လာခဲ့ချိန်ကစလို့ အာဆီယံနဲ့ သူ့ရဲ့ အဓိကစီးပွားဖက် အီးယူနဲ့ အမေရိကန်တို့ကြား ဆက်ဆံရေးဟာ အကြိမ်ပေါင်းများစွာ ဆူးငြောင့်ခလုတ်ကန်သင်းတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ တင်းမာမှုအမြင့်ဆုံး အခြေအနေတချို့မှာ နှစ်ဖက်အကြား စီစဉ်ထားတဲ့ အစည်းအဝေးတွေ ရွှေ့ဆိုင်းလိုက်ရတာမျိုး၊ ပျက်ပြားသွားတာမျိုးတွေတောင် ရှိခဲ့တယ်။ ကျန်အာဆီယံခေါင်းဆောင်တွေက “ငါတို့အဖွဲ့တွင်းကိစ္စကို အပြင်က ဘယ်သူမှလာပြီး ဖိအားပေးစွက်ဖက်တာကို မခံဘူး” ဆိုတဲ့ တလွဲမာနနဲ့ မြန်မာနိုင်ငံကို ဇွတ်အတင်း မျက်စိမှိတ် ကာကွယ်နေပေမယ့် သူတို့ကိုယ်တိုင်လည်း မြန်မာနအဖစစ်အုပ်စုရဲ့ လိမ်ညာလှည့်ဖြား စကားမတည်မှု၊ စော်ကားမှုတွေကြောင့် အတော်ကလေး မကျေမချမ်း ဖြစ်ခဲ့ကြရတယ်ဆိုတဲ့ သတင်းတွေ သံတမန်ရပ်ကွက်ကတဆင့် မကြာမကြာ ထွက်ပေါ်လာလေ့ရှိခဲ့တယ်။

လည်ပင်းက ခွေးသေကောင်ပုပ်ကြောင့် တနေ့တခြား ပိုပိုပြီး စိတ်အနှောင့်အယှက်ဖြစ်လာနေတဲ့ အာဆီယံဟာ အဓိကအားဖြင့် အဲဒီပြဿနာနဲ့ လာလတံ္တ့သော အခြားအလားတူ ပြဿနာမျိုးများကို မူဘောင်ထဲဆွဲသွင်းပြီး ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အာဆီယံပဋိညာဉ်စာတမ်း ပေါ်ထွက်လာရေးကို တွန်းပြီးဆောင်ရွက်ခဲ့ကြရာမှာ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ (၁၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ၂ဝ-၁၁-ဝ၇ နေ့မှာတော့ အာဆီယံခေါင်းဆောင်တွေ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ အာဆီယံပဋိညာဉ်စာတမ်း ထွက်ပေါ်လာခဲ့တယ်။

အဲဒီပဋိညာဉ်စာတမ်းထဲမှာ အဖွဲ့ဝင်နိုင်ငံအားလုံး တာဝန်သိစိတ်နဲ့ မဖြစ်မနေလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အတိအကျ ဖော်ပြထားပေမယ့် ငါ့မြင်းငါစိုင်း၊ ငါ့လှေငါထိုး၊ ငါတကောကောတဲ့ အကျင့်စရိုက် အရိုးထဲအထိရောက်နေပြီဖြစ်တဲ့ နအဖစစ်အုပ်စုကတော့ “ဝက်များသည် မစင်နှစ်သက်မှုကို မည်သည့်အခါမှ မစွန့်လွှတ်” ဆိုတဲ့ စကားဥပမာအတိုင်း အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို အာခံဖီဆန် ဆန့်ကျင်မြဲ ဆက်လက်ဆန့်ကျင်နေခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ပြုလုပ်ဖို့နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဖော်ဆောင်ဖို့ ကုလသမဂ္ဂကရော၊ ကမ္ဘာ့ဦးဆောင်နိုင်ငံကြီးတွေကရော၊ အာဆီယံခေါင်းဆောင်တွေကပါ တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ နှစ်ကိုယ်ကြားတမျိုး၊ အစည်းအဝေးတွေမှာတဖုံ ဖျောင်းဖျနားချနေတဲ့ကြားက နအဖဟာ အဲဒီတိုက်တွန်းမေတ္တာရပ်ခံမှုတွေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကိုသာ ဇွတ်တိုးလုပ်ဆောင်ခဲ့တယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါဆိုတဲ့ နိုင်ငံတကာရဲ့တောင်းဆိုချက်ကို အာဆီယံပဋိညာဉ်စာတမ်း လက်မှတ်ရေးထိုးပြီး မကြာမီမှာပဲ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်တယ်လို့ သံသယရှိတဲ့ သံဃာတော်တွေကို စစ်ဆင်ရေးတရပ် အသွင်နဲ့ ဖမ်းဆီး လူဝတ်လဲ ထောင်ချ၊ ဝေးလံတဲ့ ထောင်တွေကိုပို့၊ ထောင်ဝင်စာပိတ် စတဲ့လုပ်ရပ်တွေနဲ့ တုံ့ပြန်ခဲ့တယ်။

တိုင်းရင်းသားတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ လုပ်ပါဆိုတဲ့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို နယ်စပ်ဒေသ (အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ နယ်စပ်ဒေသ) က အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေကို တိုးမြှင့်နှိပ်ကွပ်ချေမှုန်းတဲ့လုပ်ရပ်နဲ့ တုံ့ပြန်ခဲ့တယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပဏာမလုပ်ငန်းစဉ်အဖြစ် မြန်မာ့နိုင်ငံရေးမှာ အရေးပါအရာရောက်သူ (stakeholder) ဖြစ်နိုင်သမျှ အများဆုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခု လုပ်ဆောင်ပါဆိုတဲ့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေအပါအဝင် တက်ကြွလှုပ်ရှားတဲ့ မျိုးချစ်ပုဂ္ဂိုလ်အားလုံးကို ဖမ်းဆီးထောင်ချ အဝေးထောင်တွေ ပို့ပစ်တဲ့လုပ်ရပ်နဲ့ တုံ့ပြန်ခဲ့တယ်။

နောက်ဆုံး မြန်မာနိုင်ငံအနေနဲ့ပြောရင် ဒီမိုကရေစီလှုပ်ရှားမှုကြီးတခုလုံးရဲ့ ပုံရိပ်၊ ကမ္ဘာကြီးအနေနဲ့ပြောရင် မတရားမှုကို ဒူးမထောက်အညံ့မခံ အလံမလှဲ ဇွဲနဘဲနဲ့ ဆန့်ကျင်ခုခံတိုက်ပွဲဝင်မှုရဲ့ ပုံရိပ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် အိမ်အကျယ်ချုပ် ချထားမှုကနေ ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုကိုလည်း သူ့ခြံထဲတရားမဝင် ဝင်ရောက်ခဲ့တယ်ဆိုတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောနဲ့အတူ အမှုဆင်ပြီး လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင်ပြီး တရားစွဲဆိုတဲ့ လုပ်ရပ်နဲ့ တုံ့ပြန်ခဲ့တယ်။

အခုတော့ အာဆီယံအပါအဝင် ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးက အတန်တန် မေတ္တာရပ်ခံ တောင်းပန်နေတဲ့ကြားက နအဖဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီဖြစ်တယ်။ ဒေါ်စုအပေါ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်စီရင်ချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းရော ပြည်ပမှာပါ အမြင်မှောက်မှားမှုတွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ချက်နဲ့ ဗိုလ်သန်းရွှေနဲ့ သူ့ရဲ့ “မစ္စတာရှင်းလင်း” အဖွဲ့က ရောက်တတ်ရာရာ ဘာဘာညာညာ ဝါစာကမာတွေပြောပြီး ကြိုးပမ်းလှည့်ဖြားခဲ့ပေမယ့် အနှစ်သာရကတော့ လူထုခေါင်းဆောင်ကို လူထုနဲ့ ဆက်ပြီး အဆက်ဖြတ်ထားတာ၊ သူတို့ရဲ့ ကလီကမာ ရွေးကောက်ပွဲ မတိုင်မီမှာ ဒေါ်စုရဲ့ပါးစပ်ကို ပလာစတာကပ်၊ လက်ကို လက်ထိတ်ခတ်၊ ခြေထောက်ကို ထိတ်တုံးခတ်ထားတာပဲဖြစ်တယ်ဆိုတာ သိပ်ကိုထင်ရှားပေါ်လွင်နေတယ်။

ဗိုလ်သန်းရွှေရဲ့ ကြေညာချက်ထဲမှာပါတဲ့ အချို့သော ဝေါဟာရအသုံးအနှုန်းတွေကို ကြည့်ပြီး ပြည်တွင်းပြည်ပက ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ မျှော်လင့်ချက်ကြီးတခွဲသားနဲ့ မှောက်မှောက်မှားမှား ပြောသံဆိုသံတွေ ကြားလိုက်ရတာကတော့ အံ့သြစရာပဲ။ ဗိုလ်သန်းရွှေကို သူ့စကားနဲ့သူ ပြန်ချုပ်ချင်လို့ ပရိယာယ်နဲ့ အဲဒီလိုပြောခဲ့တာဆိုရင်တော့ အဲဒီပုဂ္ဂိုလ်များကို တခုတော့ သတိပေးလိုက်ပါရစေ။ အဲဒါကတော့ ဗိုလ်သန်းရွှေ အပါအဝင် နအဖ ဗိုလ်ချုပ်တွေဟာ သူတို့ပြောခဲ့တဲ့ စကားတွေကို နေ့တောင်မကူးခင် မေ့သွားတတ်ကြတဲ့ လူစားမျိုးတွေဖြစ်တယ်ဆိုတာပါပဲ။

နအဖ ဗိုလ်ချုပ်တွေဟာ မြန်မာနိုင်ငံမှာ သူတို့ဆွေစဉ်မျိုးဆက် ကောင်းစားခွင့်ရှိမယ့် စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲစေဖို့ အားသွန်ကြိုးပမ်းရင်း အခုအချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေအတွက်သာမက အိမ်နီးချင်းနဲ့ ဒေသတွင်းက နိုင်ငံတွေအပါအဝင် တကမ္ဘာလုံးအတွက်ပါ အကြီးအကျယ် အန္တရာယ်ရှိစေမယ့် လုပ်ရပ်တခုကို အစပျိုးလုပ်ဆောင်နေကြရတဲ့ အခြေအနေသို့ မလွှဲသာမရှောင်သာ ရောက်ရှိနေကြပြီ။ အဲဒါကတော့ ကမ္ဘာ့အဆိုးဆုံးအာဏာရှင်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားကို ဆရာတင်ပြီး အဏုမြူလက်နက်ပိုင်ရှင်ဖြစ်အောင် ကြိုးပမ်းနေတဲ့ကိစ္စပဲ။

မြန်မာပြည်သူတွေကို နအဖ ထင်သလို နှိပ်စက်ကလူပြုနေတာ၊ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီဆိတ်သုဉ်းနေတာတွေကို အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဘာတခွန်းမှ ဝင်မပြောဘဲ လက်ပိုက်ကြည့်နေလို့ရတယ်။ အဲသလိုနေတဲ့အတွက် မသကာ အဲဒီနိုင်ငံတွေဟာ လူစိတ်ကင်းမဲ့လွန်းလှတယ်လို့ ဝေဖန်ပြစ်တင်တာခံရရုံထက် ဘာမှပိုပြီး မထိခိုက်မနစ်နာနိုင်ဘူး။ ရွာပြင်ရောက်နေတဲ့ လူမိုက်ကို ဆရာတင်ပြီး အဏုမြူလက်နက်ပိုင်ရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့ နအဖရဲ့လုပ်ရပ်ကတော့ အမြီးကို မီးရှို့ပြီး သိဃုင်္ိပြည်တပြည်လုံး မီးဟုန်းဟုန်းတောက်အောင် လိုက်ရှို့တဲ့ ဟာနုမာန်မျောက်ရဲ့ လုပ်ရပ်မျိုးဖြစ်နေတာကြောင့် လက်ပိုက်ကြည့်နေရင် ကြည့်နေသူတွေပါ သေချာပေါက် ဘဝပျက်သွားကြရလိမ့်မယ်။

နအဖကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အာဆီယံပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ ဟောဒီအချက်တွေ ပါဝင်တယ်။

(၁) အရှေ့တောင်အာရှဒေသကို နျူကလီးယားလက်နက်ကင်းမဲ့တဲ့ ဒေသအဖြစ်လည်းကောင်း၊ လူသားအများအပြား သေကျေပျက်စီးစေနိုင်တဲ့ အခြားလက်နက်ကြီးတွေကင်းမဲ့တဲ့ ဒေသအဖြစ်လည်းကောင်း တည်တံ့စေရန်။

(ဆ) အာဆီယံနိုင်ငံတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ရှိမှုကို အလေးထားပြီး နိုင်ငံများအကြား ဒီမိုကရေစီစနစ်ကျင့်သုံးမှု ပိုမိုခိုင်မာလာစေရန်၊ အုပ်ချုပ်မှုဆိုင်ရာ နည်းလမ်းကောင်းတွေနဲ့ တရားဥပဒေစိုးမိုးမှု တိုးတက်လာစေရန်၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ကာကွယ်ရန်။ ပြည်သူတွေကို ဗဟိုပြုတဲ့ အဖွဲ့အစည်း (ဒီမိုကရေစီအဖွဲ့အစည်း) တရပ်ဖြစ်လာသည်အထိ ပြုစုပျိုးထောင်သွားရန်။

(တ) ပွင့်လင်းမြင်သာထင်သာရှိပြီး ပြင်ပမိတ်ဆွေတွေနဲ့ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေမှာ အာဆီယံရဲ့ ဗဟိုအချက်အချာကျမှုနဲ့ တက်ကြွတဲ့ အခန်းကဏ္ဍတို့ကို ဆက်လက်ထိန်းသိမ်းသွားရန်။

ဒါ့အပြင် ပဋိညာဉ်စာတမ်းမှာ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာကျင့်သုံးရမယ့် အခြေခံမူတွေ ချမှတ်ထားပြီး အဲဒီထဲမှာပါဝင်တဲ့ အချက်တချို့က အောက်ပါအတိုင်းဖြစ်တယ်။

(ဆ) အာဆီယံရဲ့ ဘုံအကျိုးစီးပွားကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ ကိစ္စရပ်တွေအပေါ် တိုင်ပင်ဆွေးနွေးမှုတွေ ပိုမိုပြုလုပ်ခြင်း။

(ဇ) တရားဥပဒေစိုးမိုးမှု၊ ကောင်းမွန်စွာ အုပ်ချုပ်မှု၊ ဒီမိုကရေစီရှိမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ အစိုးရရှိမှုဆိုတဲ့ အခြေခံသဘောတရားများကို လိုက်နာခြင်း။

အခုဖော်ပြခဲ့တဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်တွေ၊ အခြေခံမူတွေနဲ့ နဝတ၊ နအဖတို့ရဲ့ ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကာလအတွင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ရင် သူတို့ဟာ အာဆီယံပဋိညာဉ်စာတမ်းရဲ့ အုပ်ချုပ်မှုဆိုင်ရာ၊ လူ့အခွင့်အရေးဆိုင်ရာ၊ ဒီမိုကရေစီရေးဆိုင်ရာ၊ အဖွဲ့ရဲ့ ဂုဏ်သိက္ခာထိန်းသိမ်းမှုဆိုင်ရာ အနှစ်သာရတွေကို တလျှောက်လုံးချိုးဖောက်လာခဲ့တယ် ဆိုတဲ့အချက်ဟာ ထင်ရှားပေါ်လွင်လှတယ်။ ဒါပေမယ့် အရင်ကချိုးဖောက်ခဲ့တာတွေက အာဆီယံပဋိညာဉ်စာတမ်း ပေါ်ထွက်မလာခင် ချိုးဖောက်ခဲ့တာဖြစ်လို့ ဥပဒေရှုထောင့်ကပြောရင် ကျန်အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ နဝတ၊ နအဖ စစ်အုပ်စုကို လျှော့ပေါ့သက်ညှာခွင့်ပေးမယ်ဆိုရင် ပေးလို့ရနိုင်သေးတယ်။

သူတို့ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အာဆီယံပဋိညာဉ်စာတမ်း ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်မှာတောင် စာတမ်းပါရည်ရွယ်ချက်နဲ့ အခြေခံမူတွေကို ဆက်လက်ချိုးဖောက်နေတာကတော့ နအဖဟာ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးကို စိန်ခေါ်အကဲစမ်းနေတာပဲဖြစ်တယ်။ အထူးဖြင့် အာဆီယံအပါအဝင် တကမ္ဘာလုံးက ဝိုင်းဝန်းမေတ္တာရပ်ခံတောင်းပန်နေတဲ့ကြားက ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်လိုက်တာဟာ အာဆီယံအပါအဝင် ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းတခုလုံးကို “နားရွက် တံတွေးဆွတ်” လိုက်တာဖြစ်တယ်။

ဗိုလ်သန်းရွှေရဲ့ ပလီပလာစကားတွေကို ဖယ်ရှားပြီး အတွင်းသားကို မြင်အောင်ကြည့်နိုင်မယ်ဆိုရင် ဒေါ်စုကို ပြစ်ဒဏ်စီရင်ချက်ချမှတ်လိုက်တာဟာ နအဖက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဂုဏ်သိက္ခာတခုလုံးကို မြေပေါ်ချနင်းလိုက်တာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကိုလည်း မြေမြှုပ်သဂြုင်္ိဟ်ပစ်လိုက်တာဖြစ်တယ်။

ဒါကြောင့် ကျန်အာဆီယံခေါင်းဆောင်တွေအနေနဲ့ မိမိတို့အဖွဲ့ရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးကိုရှေးရှုပြီး မြန်မာနိုင်ငံပြဿနာ အတွက် အရေးပေါ်အစည်းအဝေးကျင်းပကာ လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပါတယ်။

ဂရင်းရွိုင်ရယ်ဝီစကီ အရက်ချက်စက်ရုံ မီးလောင် လူ ( ၃ ) ဦးသေဆုံး

မျိုးချစ်သူ/ ၂၄ သြဂုတ် ၂၀၀၉


မြန်မာနေရှင်နယ်လိဂ် MNL (CUP) ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် အဓိကပံ့ပိုးပေးနေသော မိန်းစပွန်ဆာတခုဖြစ်သည့် ဂရင်းရွိုင်ရယ် ၀ီစကီထုတ်လုပ်သော မြတ်မွှေးထရေဒင်းကုမ္ပဏီ (MWTC) အရက်ချက်စက်ရုံ မီးလောင်မှုဖြစ်ပွားရာတွင် လူ (၃) ဦး သေဆုံးကြောင်း လှည်းကူးမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောကြားသည်။

သြဂုတ်လ (၂၂) ရက်နေ့ ည (၇) နာရီခန့်တွင် မီးလောင်မှုစတင်ဖြစ်ပွားပြီး မီးသတ်ကားစီးရေ (၅၀) ခန့် လာရောက်ငြိမ်း သတ်ရာ နောက်တနေ့ နံနက် (၃) နာရီ ကျော်ခန့်တွင် မီးညွန့်အားလုံးကျိုးခဲ့ကြောင်း ဒေသခံမျက်မြင်များက ပြောသည်။

“ဒီစက်ရုံဟာ ရန်ကုန်မှာတော့ နာမည်ကြီးတယ်လေ။ စက်ရုံပိုင်ရှင်က ဦးအောင်မျိုးကျော်ဆိုတဲ့ သူပေါ့။ သူက ဥဿာယူနိုက်တက် အက်ဖ်စီ ဘောလုံးအသင်းကို ထောင်ထားသူဖြစ်တယ်။ စီးပွားရေးဦးပိုင်နဲ့လည်း ပတ်သက်တယ်။ အထက်ပိုင်း လူကြီးတွေနဲ့ ပနံသင့်တဲ့ပုဂ္ဂိုလ်ပဲ။ ဘောလုံးပွဲတွေအတွက်ရော အခြားနေရာတွေမှာလည်း သူက စပွန်ဆာ များများပေးနိုင်သူ ဖြစ်တယ်” ဟု ရန်ကုန် စာနယ်ဇင်းသမားတဦးက ပြောသည်။

“ဒဏ်ရာရသူတွေ ရှိပါတယ်။ အားလုံးပေါင်း (၅) ယောက်လောက်တော့ ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒီစက်ရုံက ၀န်ထမ်းတွေပါပဲ။ ၀န်ထမ်းတွေက ရာဂဏန်းရှိတယ်။ ဖြစ်စဉ်ကြောင့် စက်ရုံမှူးကိုပဲ အရေးယူရမှာ ဖြစ်ပါတယ်” ဟု လှည်းကူးတာဝန်ကျ မီးသတ်အရာထမ်းတဦးက ပြောသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုများပြားသည့်အတွက် တန်ဖိုးသတ်မှတ်ရန်ပင် အခက်ရှိနေကြောင်း၊ ခန့်မှန်းဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ (၇) သန်းနှင့် (၁၀) သန်းကြား ဖြစ်နိုင်ကြောင်း၊ ပိုင်ရှင်မှာ မီးလောင်နေစဉ် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေကြောင်း အဆိုပါ မီးလောင်ပြင် တာဝန်ကျခဲ့သော မီးသတ်အရာထမ်းက ခန့်မှန်းပြောဆိုသည်။

မီးလောင်မှု ဖြစ်ပွားရခြင်းကို စိစစ်ကြည့်ရာတွင် ဘွိုင်လာ အပူလွန်ကဲရာမှတဆင့် ဖြစ်မည်ဟု မီးသတ်ဌာနက ယူဆထားပြီး အပြင်တွင် ပြန့်နေသောသတင်းမှာ ရှို့မီးဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။

“အဲဒီ အရက်စက်ရုံက ရန်ကုန်မှာတော့ မသိတဲ့သူ မရှိသလောက်ပဲလေ။ ကြားရတဲ့ သတင်းတွေအရတော့ ပေးစရာ အခွန် အခတွေလည်း များနေတယ်။ ပြီးတော့ သူတို့အတွင်းရေးတွေလည်း ရှိတယ်။ ဒါကြောင့် ဒါကို တမင်လုပ်ကြံတာ ဖြစ်တယ်လို့  ယူဆနေကြတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

အဆိုပါစက်ရုံသည် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ယင်းတိုက်ပင်ကျေးရွာအတွင်း တည်ရှိပြီး စက်ရုံမှူး ဦးသန်းဦးမှာ အရေးယူခြင်းခံနေရသည်။

၂၀၁၀ ရွေးကောက်ပွဲသည် အခွင့်အလမ်းဟု ICG ပြော

Saturday, 22 August 2009 17:25 ကိုထွေး
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ခြင်း မရှိပါက ရွေးကောက်ပွဲ ၀င်ရောက်မည် မဟုတ် ဟူသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD၏ သဘောထားသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို တားဆီး နိုင်မည် မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (International Crisis Group- ICG) က ပြော ဆိုလိုက်သည်။

NLD အနေဖြင့် ယင်းသဘောထားကို ကိုင်စွဲ၍ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင် ခြင်း မပြုပါက နိုင်ငံရေးကို စစ်အစိုးရစိတ်ကြိုက်ကစားသွားနိုင်ကြောင်း ICG ၏ သြဂုတ်လ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွင်သုံးသပ်ထားသည်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကမူ ရွေးကောက်ပွဲကို ငြင်းဆိုခြင်း မဟုတ်ကြောင်းနှင့် ပြည်သူ၏ အဆုံးအဖြတ်ကို ခံယူရမည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။

“ကျနော်တို့က ရွေးကောက်ပွဲကို ငြင်းဆိုတာ မဟုတ်ဘူး၊ ရွေးကောက်ပွဲဟာ ၀င်သင့်တယ်၊ တိုင်းသူပြည်သား ရဲ့ဆုံးဖြတ်ချက်ကို ခံရမယ်၊ သို့သော် ရွေးကောက်ပွဲဟာ ဘယ်လို အခြေခံနဲ့ လုပ်တဲ့ ရွေးကောက်ပွဲလဲ ၁၉၉၀ နဲ့တော့ယှဉ်လို့မရဘူး၊ ကျနော်တို့ ငြင်းပယ် နေတာက ဒီအခြေခံဥပဒေနဲ့ မဖြစ်ဘူး၊ ကျနော်တို့ ကန့်ကွက်သင့် သလောက် ကန့်ကွက် နေတာတောင် ချယ်လှယ်နေတာ သူတို့ဆီ ၀င်သွားတော့ တပည့် အဖြစ် က ရုံပဲရှိမှာပေါ့” ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

NLD အနေဖြင့်ရွေးကောက်ပွဲကို မ၀င်ဟု ဇွတ်ပြောဆိုနေခြင်းမဟုတ်ကြောင်း၊ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း မရှိဘဲ ၀င်ရောက်ယှဉ်ပြိုင်ပါက အခြေအနေသည် ယခုထက် ပိုဆိုးမည် ဖြစ်ကြောင်း၊ စစ်အစိုးရ အနေဖြင့် အခြေခံ ဥပဒေကို ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း၊ သို့သော်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပနိုင်သည့် အနေအထားသို့ရောက်ပါက အားလုံးဆွေးနွေး၍ရကြောင်းလည်း ၎င်းက ပြောသည်။

“ရွေးကောက်ပွဲ မ၀င်ရလို့ NLD ဘေးမက လို့ အစွန်အဖျားရောက်ပါစေ၊ ကျနော်တို့ ပြောနေတာက ကန့်ကွက် စရာရှိတာ ကန့်ကွက်ရမှာပဲ၊ အခြေခံ ဥပဒေ ပြင်ပါဆိုတာ သက်သက်နဲ့လည်း ပြင်လို့မရနိုင်ဘူး၊ ညှိနှိုင်းပွဲနဲ့တော့ ပြင်လို့ရတယ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ဖို့ ဆွေးနွေးဖို့ပေါ့ဗျာ”ဟု ဦးဝင်းတင်က ဆက်လက်ပြော ဆိုသည်။

ICG ၏ ထုတ်ပြန်ချက်တွင်၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်သည့် အတွက် ထွက်ပေါ် လာမည့် ရလဒ်သည် အပြုသဘောဆောင်မည် မဟုတ်သော်လည်း နိုင်ငံရေး အခင်းအကျင်းမှာ ပြောင်းသွားနိုင် ကြောင်း၊ အာဏာ ဆက်လက် တည့်တံခိုင်မြဲရေးအတွက် စစ်အစိုးရက ရွေးကောက်ပွဲကို အသုံးချနိုင်ဖွယ်ရှိသည့် အတွက် အတိုက် အခံ၊ အိမ်နီးချင်း နိုင်ငံများ၊ နိုင်ငံတကာ အသိုင်းအ၀န်းများ အနေဖြင့် စစ်အစိုးရက ထိန်းချုပ်၍ မရသော အပြောင်းအလဲ ဖြစ်ရန်အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်းလည်း ရေးသားထားသည်။

၂၀၀၈ခုနှစ်က အတည်ပြုထားသော အငြင်းပွားဖွယ်ရာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဓိက အခန်းကဏ္ဍမှ နေရာယူထားပြီး နောင်လာမည့် စစ်တပ် မျိုးဆက်များ အာဏာ ရယူနိုင်ရန် ယင်းဖွဲ့စည်းပုံကို စီမံထားသည် ဟုလည်း ယင်း ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာအစိုးရ အနေဖြင့်နိုင်ငံတကာ အသိုင်းအ၀န်း၏ ပစ်ပယ်ထားခြင်းကို အဆုံးသတ်လိုပါက ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေး၍ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးရန်၊ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးအရေးယူခြင်းများကို ရပ်တန့်ရန်၊ ကန့်သတ် တားမြစ်ချက် မရှိ နိုင်ငံရေး ပါတီများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပေး၍ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ပေးရန် တောင်းဆိုထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ခဲ့သော စီရင်ချက်သည် မြန်မာပြည်တွင် စစ်အစိုးရ၏ ဖိနှိပ်မှု များကို ပြန်လည် အာရုံစိုက်မိသွားစေသည်ဟု ICG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ICG အဖွဲ့သည် အစိုးရနှင့် မသက်ဆိုင်သည့် လွတ်လပ်သော အဖွဲ့အစည်း တခုဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အခြစိုက်သည်။

ICG ၏ အမြင်များသည် မြန်မာနိုင်ငံ ပြဿနာအပေါ်ချဉ်းကပ်ရာ၌ ပညာရှင်မဆန်ဟု လွတ်လပ်သောလူ့ဘောင် (OSI) အဖွဲ့က ဝေဖန်ထားသည်။

vrijdag 21 augustus 2009

မြန်မာပြည်တောင်ပိုင်းတွင် ဖောက်ခွဲမှု ဖြစ်ပွားနိုင်ဟု စစ်အစိုးရ သတိပေး

ဝီရ / ၂၁ သြဂုတ် ၂၀၀၉


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ပူးပေါင်း၍ မြန်မာပြည် တောင်ပိုင်းဒေသများတွင် ဖောက်ခွဲရေးလုပ်ငန်းများ ပြုလုပ်လာနိုင်၍ သတိထားစောင့်ကြည့်ကြရန် စစ်အစိုးရအာဏာပိုင်များက စာဖြန့်ဝေကာ ကျေးရွာဥက္ကဋ္ဌတို့အား အသိပေးထားသည်။

အဆိုပါစာတွင် ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီတို့ကို ပုတ်ခတ်ရေးသားထားပြီး ကေအန်ယူက ယင်းဖောက်ခွဲရေးလုပ်ငန်းအတွက် သင်တန်းသား (၆၀) ကျော်အား လေ့ကျင့်ပေးလျက်ရှိကြောင်းလည်း ပါရှိသည်။

မွန်ပြည်သစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၏ ပြည်ပခရီးစဉ်နှင့်ပတ်သက်၍ ပုတ်ခတ်ရေးသားထားပြီး ၎င်းက အခြား အတိုက်အခံအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကေအန်ယူ ထိန်းချုပ်ရာ နယ်စပ်တနေရာတွင် ဖောက်ခွဲရေးအတွက် သင်တန်းပေးနေသည်ဟု စွပ်စွဲထားသည်။

ယင်းစာနှင့်ပတ်သက်၍ အခြေအမြစ်မရှိကြောင်း ပါတီသိက္ခာ ကျဆင်းစေရန်ရည်ရွယ်၍ စာလိုက်ဖြန့်နေခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တဦးက ပြောသည်။

၎င်းက “အဲဒါတောင် မကဘူး။ အခုအပတ်ထဲက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ရောက်လာတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော် ကိုယ်တိုင်က မွန်ပြည်သစ်က အများပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်နေတယ်လို့ မွန်ပြည်နယ်က မြို့နယ်လူကြီးတွေနဲ့ တွေ့တုန်းက ပြောခဲ့သေးတယ်။ ဘာအကြောင်းကြောင့် ဒီလိုပြောခဲ့တယ်ဆိုတာတော့ ကျနော်တို့မသိဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာပြည်၏ နိုင်ငံရေးပြဿနာသည် အဆိုးဘက်သို့ ဦးတည်သွားရန် အလားအလာ များနေပြီး နအဖအနေဖြင့် ရွေးကောက်ပွဲအား တဖက်သတ်တွန်းပြီး လုပ်သွားလျှင် ပြည်တွင်းစစ်မီး ပြန်လည်ထတောက်လာရန် ရှိနေသည်ဟု ပြည်ပမီဒီယာမှတဆင့် နိုင်ဟံသာက သတိပေးပြောကြားခဲ့ပြီးသည့်နောက် နအဖက စာဖြန့်ဝေမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

မုဒုံမြို့နယ်မှ စာလက်ခံရရှိသူတဦးက “စာလာပေးပြီး ရွာတွေထဲမှာ သူစိမ်းတွေ ဝင်ထွက်သွားလာနေတာတို့၊ မွန်ပြည်သစ် တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပြီး အာဏာပိုင်တွေထံ တင်ပြဖို့ တရားဝင် ညွှန်ကြားချက်ပါတယ်။ ရွာရဲ့ ဧည့်စာရင်းကိုလည်း နှစ်ပတ်တကြိမ် မြို့နယ်ရုံးကို တင်ပြရမယ်။ ပြီးတော့ ဖောက်ခွဲရေးလုပ်ငန်းတွေ ဒီဒေသမှာ ဖြစ်လာနိုင်တယ်တဲ့။ အဲဒါကြောင့် စာဖြန့်ရတာတဲ့” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်သကဲ့သို့ နယ်ခြားစောင့်တပ် ပြောင်းလဲရန် လက်မခံကြောင်း ကြေညာထားသည်။

ကေအိုင်အို သြဇာသက်ရောက်မှု မရှိရန် ဖားကန့်စစ်ဗျူဟာမှူး ဆောင်ရွက်


ခိုင်လင်း / ၂၁ သြဂုတ် ၂၀၀၉


ယခုလအစောပိုင်းမှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပါအဝင် ကျောက်စိမ်းတွင်းဒေသရှိ ဒေသခံလူထုအကြား ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ အာဏာသက်ရောက်မှု မရှိစေရန် ဖားကန့်စစ်ဗျူဟာမှူးက လုပ်ဆောင်နေသဖြင့် နှစ်ဖက်အကြား ဆက်ဆံရေးတင်းမာနေသည်။

ကေအိုင်အိုအဖွဲ့၏ တပ်ရင်း (၆) သည် ဖားကန့်မြို့နယ်၊ ဆိုင်းရာဒေသတွင် အခြေပြုတပ်စွဲထားပြီး ကျောက်စိမ်းတွင်း မှော်များတွင် ဖြစ်ပေါ်နေသည့် အမှုအခင်းကိစ္စရပ်များအား ဝင်ရောက်ဖြေရှင်းမှုများ ရှိနေသည့်အပေါ် ဖားကန့်စစ်ဗျူဟာမှူးက ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့် ကိစ္စနှင့် ဆက်စပ်နိုင်သည်ဟု အများက ယူဆနေသည်။

ဒေသခံလူထုအတွင်း ဖြစ်ပေါ်သည့် ငွေကြေးအရှုပ်အရှင်းကိစ္စရပ်များ၊ ကျောက်စိမ်းအတုလုပ်ခြင်း၊ ခိုးဆိုးလုယက်မှုနှင့် လိမ်လည်မှုများနှင့်ပတ်သက်သည့် တိုင်ကြားချက်များကို ဒေသအတွင်းအခြေစိုက်သည့် ကေအိုင်အေတပ်မတော်၊ တပ်ရင်း (၆) က ဖြေရှင်းပေးလေ့ရှိသည်။

ယင်းလုပ်ရပ်များကို ကေအိုင်အိုက ၀င်ရောက်စွက်ဖက်သည်ဟုဆိုကာ တိုင်ကြားရန် ဖားကန့်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းအောင်က ဌာနဆိုင်ရာ အာဏာပိုင်များအား အမိန့်တရပ်ထုတ်ထားသည်ဟု ဖားကန့်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဗျူဟာမှူးက ပြောထားတာက ကချင်အဖွဲ့က ဝင်ရှုပ်တာကို မလိုချင်ဘူးပေါ့။ ပြည်သူလူထုတွေက သူတို့ကို ယုံကြည်အားကိုးလာအောင် လုပ်ဖို့ လိုတယ်ပေါ့။ တခုခုဖြစ်လာရင် သက်ဆိုင်ရာကို လာတိုင်ကြားနိုင်အောင် ပညာပေး စည်းရုံးဖို့လိုတယ်ပေါ့။ ကချင်အဖွဲ့ ဝင်ရှုပ်နေတာတွေ့ရင်လည်း လာတိုင်ကြားဖို့ အဲလို ပြောထားတယ်” ဟု ပြောသည်။

လုံးခင်းနှင့်ဖားကန့်မြို့မှလွဲ၍ ကျောက်စိမ်းမှော်နေရာအတော်များများတွင် ကေအိုင်အိုအဖွဲ့က ဆယ်စုနှစ်အတော်ကြာ စီမံခန့်ခွဲအုပ်ချုပ်နေခဲ့ရာမှ ၁၉၉၄ ခုနှစ်၊ ကေအိုင်အိုနှင့် စစ်အစိုးရအကြား အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း ကျောက်စိမ်းတွင်း သွားရာလမ်းတွင် အခွန်ကောက်ခွင့်၊ ကျောက်စိမ်းမှော်များရှိ ကျောက်တွင်းများတွင် အခွန်ကောက်ခွင့်များ ကေအိုင်အိုက လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့တဲ့သည့်လ ပထမပတ်အတွင်း ဖားကန့်ဒေသရေကြီးမှုဖြစ်စဉ်တွင် ရေကန်ဖောက်ချခဲ့သည့် တစ်သုံးလုံး ကုမ္ပဏီအား အပြစ်ရှိသည့်အတွက် လမ်းများပျက်စီးမှုအပေါ် ရှင်းလင်းပေးရန် ကေအိုင်အိုအဖွဲ့က ပြောဆိုမှုအပေါ် ဖားကန့်စစ်ဗျူဟာမှူးက ကန့်ကွက်ပြီးနောက်ပိုင်း နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာမှုများ ရှိနေသည်ဟု ဖားကန့်ကလာသည့် သတင်းများအရ သိရသည်။

“အခုက မှော်ထဲမှာ တရုတ်နဲ့ ဗမာပဲ အများဆုံးတွေ့ရတယ်။ ကချင်အဖွဲ့တွေလည်း မတွေ့ရတော့ဘူး။ ကချင်တွေတောင် သိပ်မရှိတော့ဘူး။ အရင်ကဆို ကချင်ငြိမ်းချမ်းရေးအဖွဲ့တွေ ဖားကန့်နဲ့ ဆိုင်းတောင်တွေမှာ ရောက်လာတာ တွေ့ရသေးတယ်” ဟု ဖားကန့်ဒေသခံတဦးက ပြောသည်။

အလုပ်နှင့် ထောင်ဒဏ် (၃) နှစ်အတွက် ဒေါ်အောင်ဆန်းစုကြည် အယူခံတင်မည်

မင်းနိုင်သူ / ၂၁ သြဂုတ် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံတင်သွင်းရန် ရှေ့နေများ ပြင်ဆင်နေကြကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်တို့ ရေးနေကြတယ်ဗျာ။ မပြီးသေးဘူး။ နောက်အပတ်မှပဲ တင်ဖြစ်မယ်ထင်ပါတယ်။ မတင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်မယ်လို့တော့ မျှော်လင့်တာပဲ။ အခုထိတော့ မသိရသေးဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံနိုင်ရေးကို ယခင်က ရှေ့နေများမှတဆင့် အာဏာပိုင်များထံ တင်ပြခဲ့ရခြင်း ဖြစ်သော်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဆောင်ရွက်နေကြောင်း သိရသည်။

“ကျနော်တို့က ဆောင်ရွက်တာမရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကပဲ ဆောင်ရွက်တာပါ။ သူ့နေအိမ် တာဝန်ယူထားတဲ့ လုံခြုံရေးတာဝန်ခံတွေကတဆင့် ကျနော်တို့ ရှေ့နေတွေနဲ့တွေ့ဖို့ကို အကြောင်းကြားပါတယ်။ သူတို့ခွင့်ပြုတယ်ဆိုရင် အကြောင်းကြားတဲ့ရက်မှာ သွားတွေ့ရပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေအမျိုးသမီး (၂) ဦးတို့အား တရားစွဲဆိုခဲ့သည်။

ထို့နောက် သြဂုတ် (၁၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်စီချမှတ်ခဲ့ပြီး နအဖ အကြီးအကဲက နေအိမ်အကျယ်ချုပ် (၁၈)လ ကျခံစေရန်နှင့် မူလတရားရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်တ၀က်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။

ယခုအယူခံတင်သွင်းခြင်းသည် အင်းစိန်အထူးတရားရုံးမှ ချမှတ်ခဲ့သော အလုပ်နှင့်ထောင်ဒဏ် (၃) နှစ် တရားစီရင်မှုအတွက် အယူခံတင်သွင်းခြင်းဖြစ်ပြီး နအဖစစ်အစိုးရက ထပ်မံကန့်သတ်ထားသော နေအိမ်အကျယ်ချုပ် (၁၈) လနှင့် သက်ဆိုင်ခြင်း မရှိပေ။

ထို့ကြောင့် အယူခံအောင်မည်ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် (၁၈) လဖြင့် နအဖက ထိန်းသိမ်းထားဦးမည်ဖြစ်သည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စီရင်ချက်ချခြင်းသည် အာဏာသက်ဝင်မှုမရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြုခဲ့ခြင်းဖြစ်၍ သူမ၏ပါတီ အန်အယ်လ်ဒီက ပြင်းထန်စွာ ကန့်ကွက်ကြောင်း စီရင်ချက်ချအပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကလည်း တရားစွဲဆိုနေစဉ်ကပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာသက်ဝင်မှု မရှိကြောင်း တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။

သို့သော် တရားရုံးက ၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို အဆုံးအဖြတ်ပေးသွားနိုင်ခြင်း မရှိပေ။

အလုပ်နှင့် ထောင်ဒဏ် (၃) နှစ်အတွက် ဒေါ်အောင်ဆန်းစုကြည် အယူခံတင်မည်

မင်းနိုင်သူ / ၂၁ သြဂုတ် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံတင်သွင်းရန် ရှေ့နေများ ပြင်ဆင်နေကြကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်တို့ ရေးနေကြတယ်ဗျာ။ မပြီးသေးဘူး။ နောက်အပတ်မှပဲ တင်ဖြစ်မယ်ထင်ပါတယ်။ မတင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်မယ်လို့တော့ မျှော်လင့်တာပဲ။ အခုထိတော့ မသိရသေးဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံနိုင်ရေးကို ယခင်က ရှေ့နေများမှတဆင့် အာဏာပိုင်များထံ တင်ပြခဲ့ရခြင်း ဖြစ်သော်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဆောင်ရွက်နေကြောင်း သိရသည်။

“ကျနော်တို့က ဆောင်ရွက်တာမရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကပဲ ဆောင်ရွက်တာပါ။ သူ့နေအိမ် တာဝန်ယူထားတဲ့ လုံခြုံရေးတာဝန်ခံတွေကတဆင့် ကျနော်တို့ ရှေ့နေတွေနဲ့တွေ့ဖို့ကို အကြောင်းကြားပါတယ်။ သူတို့ခွင့်ပြုတယ်ဆိုရင် အကြောင်းကြားတဲ့ရက်မှာ သွားတွေ့ရပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေအမျိုးသမီး (၂) ဦးတို့အား တရားစွဲဆိုခဲ့သည်။

ထို့နောက် သြဂုတ် (၁၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်စီချမှတ်ခဲ့ပြီး နအဖ အကြီးအကဲက နေအိမ်အကျယ်ချုပ် (၁၈)လ ကျခံစေရန်နှင့် မူလတရားရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်တ၀က်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။

ယခုအယူခံတင်သွင်းခြင်းသည် အင်းစိန်အထူးတရားရုံးမှ ချမှတ်ခဲ့သော အလုပ်နှင့်ထောင်ဒဏ် (၃) နှစ် တရားစီရင်မှုအတွက် အယူခံတင်သွင်းခြင်းဖြစ်ပြီး နအဖစစ်အစိုးရက ထပ်မံကန့်သတ်ထားသော နေအိမ်အကျယ်ချုပ် (၁၈) လနှင့် သက်ဆိုင်ခြင်း မရှိပေ။

ထို့ကြောင့် အယူခံအောင်မည်ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် (၁၈) လဖြင့် နအဖက ထိန်းသိမ်းထားဦးမည်ဖြစ်သည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စီရင်ချက်ချခြင်းသည် အာဏာသက်ဝင်မှုမရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြုခဲ့ခြင်းဖြစ်၍ သူမ၏ပါတီ အန်အယ်လ်ဒီက ပြင်းထန်စွာ ကန့်ကွက်ကြောင်း စီရင်ချက်ချအပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကလည်း တရားစွဲဆိုနေစဉ်ကပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာသက်ဝင်မှု မရှိကြောင်း တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။

သို့သော် တရားရုံးက ၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို အဆုံးအဖြတ်ပေးသွားနိုင်ခြင်း မရှိပေ။


စာပေစိစစ်ရေးရုံးသို့ စာရေးဆရာကြီးနန်းညွန့်ဆွေ သွားရောက်ကန့်ကွက်

NEJ / ၂၁ သြဂုတ် ၂၀၀၉


စာရေးဆရာကြီး နန်းညွန့်ဆွေသည် သုခမိန်ကလောင်အမည်ဖြင့် မြန်မာသစ်မဂ္ဂဇင်းအတွက် ရေးသားခဲ့သည့် သူ၏ဆောင်းပါးကို စာပေစိစစ်ရေးက ပိတ်ပင်လိုက်သဖြင့် မကျေမနပ်ဖြစ်ပြီး စာပေစိစစ်ရေးရုံးသို့ ကိုယ်တိုင် သွားရောက်ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဆရာကြီးနန်းညွန့်ဆွေသည် ပြီးခဲ့သည့်လက သုခမိန်ကလောင်အမည်ဖြင့် အပယ်ရတနာဆိုသည့် ဆောင်းပါးတပုဒ်ကို မြန်မာသစ်မဂ္ဂဇင်းသို့ ပေးပို့ခဲ့ရာ စာပေစိစစ်ရေးက ပိတ်ပင်ခဲ့သဖြင့် အကျိုးအကြောင်း သွားရောက်မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဆောင်းပါးတွင် ဆရာကြီးက သူ့၏ဇနီးသည် စာရေးဆရာမကြီး ဒေါ်ကြည်ဦး မကျန်းမမာဖြစ်ပြီး ဆေးရုံတင်ကာစမှ နောက်ဆုံးကွယ်လွန်ချိန်အထိ လွမ်းမောစရာ အမှတ်တရ အဖြစ်အပျက်များကို ရေးသားထားခြင်းဖြစ်သည်။ ဆောင်းပါးတွင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးက အိမ်ထောင်ထိန်းသိမ်းခဲ့ပုံ၊ သား(၃) ယောက်ကို ပြုစုပျိုးထောင်ခဲ့ပုံ၊ စီးပွားရေးလုပ်ခဲ့ပုံ၊ တရားရှုမှတ်ပုံစသဖြင့် ရေးသားထားကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံရေးနှင့် ဆက်နွှယ်ပတ်သက်မှု လုံးဝမပါဘဲ၊ အကျဉ်းချခံနေရသည့် သားတဦးဖြစ်သူ ကိုသူရခေါ် လူရွှင်တော်ဇာဂနာအကြောင်း မရေးပါဘဲ ဘာကြောင့် ဆောင်းပါးကို ပိတ်ပင်ခဲ့သည်ကို ဆရာကြီးက နားမလည်နိုင် ဖြစ်ရသည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာသစ်မဂ္ဂဇင်းမှ အယ်ဒီတာတယောက်နှင့်အတူ စာပေစိစစ်ရေးရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့ခြင်းဖြစ်သည်။

စာပေစိစစ်ရေးရုံးမှ စာစစ်မှူးတဦးက “လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အသက်ခပ်ကြီးကြီး အဖိုးအိုတယောက် ရောက်လာပြီး ညွှန်မှူးဗိုလ်မှူးတင့်ဆွေ အခန်းကို မေးတယ်။ ဒါနဲ့ကျမက ညွှန်ပြလိုက်တယ်။ နောက်ဗိုလ်မှူးအခန်းဘက်က ဆူဆူညံညံ အသံကြားတာနဲ့ သွားကြည့်တော့ စောစောက အဖိုးအိုက အသံတုန်တုန်ရီရီနဲ့ ဗိုလ်မှူးတင့်ဆွေကို ဝေဖန်နေတာ ကြားရတယ်။ ဗိုလ်မှူးကတော့ ဘာမှပြန်မပြောဘူး။ နောက်မှ အဲဒီအဖိုးအိုက နာမည်ကျော်စာရေးဆရာကြီး နန်းညွန့်ဆွေဖြစ်နေတာ သိရတယ်” ဟု ပြောသည်။

ဗိုလ်မှူးတင့်ဆွေနှင့်တွေ့ဆုံရာတွင် ၎င်း၏ဆောင်းပါးကို ဘာကြောင့်ပိတ်ပင်ရသည်ကို ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသည့် အတွက် စိတ်ဆိုးဒေါသထွက်ပြီး စာပေစိစစ်ရေးက ယခုကဲ့သို့ လုပ်နေမှုကို ဝေဖန်ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာကြီးနန်းညွန့်ဆွေသည် သူ့၏ကလောင်အမည်နှင့်ရေးသားသမျှကို စာပေစိစစ်ရေးက ပိတ်ပင်နေသဖြင့် အခြားကလောင် အမည်များဖြင့် စာပေရေးသားပြီး မဂ္ဂဇင်းတိုက်များသို့ ပို့ပေးနေခဲ့ရာတွင် သုခမိန်ဆိုသည့် ကလောင်အမည်လည်း အပါအ၀င် ဖြစ်ပြီး ဆရာကြီးမှန်း စာပေစိစစ်ရေးက မသိသဖြင့် ပုံမှန်ဖော်ပြခွင့်ရရှိခဲ့သည်ဟု ပြည်တွင်းမဂ္ဂဇင်းတခုမှ စာရေးဆရာတဦးက ပြောသည်။

သရုပ်ဆောင်ဇာဂနာ၏ ဖခင်ဖြစ်သည့် ဆရာကြီးနန်းညွန့်ဆွေသည် အသက် (၈၆) နှစ်ရှိပြီး ၎င်း၏ဇနီးသည် ကိုဇဂနာ၏မိခင် နာမကျန်းဖြစ်နေစဉ်ကလည်း ကိုဇာဂနာကို လာရောက်ကြည့်ရှုခွင့်ပေးရန် နေပြည်တော်အပါအ၀င် သက်ဆိုင်ရာများထံ စာရေးတင်ပြ အသနားခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ဘဲ ဆရာမကြီး ဒေါ်ကြည်ဦး ဆုံးပါးခဲ့ရသည်။

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေး အယူခံ အပယ်ခံရ


ကိုဇာဂနာနှင့် ကိုဇော်သက်ထွေး (ဓာတ်ပုံ - ဧရာဝတီ)

Friday, 21 August 2009 15:38 ကိုထွေး
ထင်ရှားသည့် လူရွှင်တော် ကိုဇာဂနာနှင့် အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့၏ ဒုတိယကြိမ် တင်သည့် အယူခံကို ဗဟိုတရား ရုံးချုပ်က ယမန်နေ့က ပယ်ချလိုက်ကြောင်း ၎င်းတို့၏ ရှေ့နေနှင့် မိသားစုဝင် များက ပြောသည်။

ကိုဇာဂနာ၏ ရှေ့နေဖြစ်သူ ဒေါ်ခင်ဌေးကြွယ်က “အင်္ဂါနေ့က ဗဟို တရားရုံးက ပလပ်လိုက်တာပါ၊ သူ့မိသားစုနဲ့ ပြန်အဆက်သွယ်လုပ်ပြီး နောက် အယူခံ ထပ်ဝင် မ၀င် မေးရဦးမယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ယခု အယူခံသည် ကိုဇာဂနာနှင့် ကိုဇော်သက်ထွေး တို့ အမှုတွဲအတွက် ဒုတိယ အကြိမ် ဖြစ်ပြီး ယင်း အမှုများကို ရှေ့နေ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးဇော်လင်းတို့က တာဝန်ယူ ဆောင်ရွက် ပေးလျက် ရှိကြသည်။

ပထမအကြိမ် အယူခံတွင် ကိုဇာဂနာကို ထောင်ဒဏ် ၂၄ နှစ်နှင့် ကိုဇော်သက်ထွေးကိုမူ ထောင်ဒဏ် ၈ နှစ် လျှော့ပေးခဲ့သကဲ့သို့ ၎င်းတို့နှင့် အမှုတွဲဖြစ်သော ကိုသန့်ဇင်အောင်ကို ၈ နှစ်၊ ကိုတင်မောင်အေး ၁၅ နှစ် လျှော့ပေး လိုက်ကြောင်းလည်း သိရသည်။

ကိုဇာဂနာ၏ ခယ်မ မငြိမ်းက“ အထူးအယူခံဆိုတာ နောက်တခုရှိတယ်၊ ၆ လအတွင်း တင်ရမယ်၊ ကျမ အစ်ကိုဆန္ဒကို မေးရမယ်” ဟု ပြောသည်။

မြစ်ကြီးနားအကျဉ်းထောင်တွင် ကျခံနေရသော ကိုဇာဂနာကို ၎င်းတို့သည် ဇွန်လ၂၉ တွင် ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ ထိုစဉ်က သွေးတိုးရောဂါအတွက် ဆေးများ ၀ယ်ပေးခဲ့ကြောင်း၊ လာမည့် စက်တင်ဘာ လဆန်းပိုင်းတွင် ထပ်မံသွားရောက်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။

ကိုဇော်သက်ထွေး၏ ဇနီးဖြစ်သူ မခိုင်ချိုဇော်ဝင်းတင်က “အခုက ဟိုက်ကုတ်ကို အယူခံဝင်တာ အဲဒီအမှုတွဲထဲက ကိုခင်မောင်အေးကိုတော့ ၃နှစ် လျှော့ပေးတယ်၊ ကိုဇော်သက်နဲ့ ဘဘသူရတို့ကိုတော့ အရင်အတိုင်းပဲ၊ နောက် ဆုံး အထူးအယူခံပဲ ကျန်တော့တယ်၊ ကိုယ့်ဘက်ကတော့ ဆက်လုပ်ရမှာပဲ၊ အဆုံးစွန်ထိတော့ လုပ်ရမှာပဲ” ဟု ပြောသည်။

အဆိုပါ ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ဆိုင်ကလုန်း လေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ် ၅၀၅(ခ)၊ ၁၇/၁စသည့် ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် အာဏာပိုင်များက စွဲဆို ထားခဲ့သည်။

၂၀၀၈ နိုဝင်ဘာတွင် ကိုဇာဂနာကို ဗီဒီယို အက် အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၊ ၁၇/၂ အရ ၊ ၅၀၅(ခ) နှင့် ၂၉၅(က) တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၅၉ နှစ် ကျခံရန် အင်းစိန်ထောင် အထူးတရားရုံးက ချမှတ်ခဲ့သည်။

ကိုဇာဂနာနှင့် အမှုတွဲ ကိုဇော်သက်ထွေး ကိုလည်း ပုဒ်မ ၅၀၅(ခ)နှင့် ၂၉၅(က) တို့ဖြင့် ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့သည်။ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့် အမှုတွဲဖြစ်သော ကိုတင်မောင်အေးကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားသည်။

ငါးလီတာ ညောင်ဦးဖီးနှင့် ချိုကုပ်ဒူးကြီး


Wednesday, 19 August 2009 19:04 ရန်ကုန်သားတာတေ
ကိုကြက်တော တယောက် ဦးကြင်ဝက်ကြီး ခေါ်ဆောင်ရာနောက် မလိုက်ပါခင် လေယာဉ်ပေါ် တက်ခါနီး ဆဲဆဲ ချိုကုပ်ဒူးကြီးနှင့် မည်သည့် အရေးကိစ္စများ ဖြစ်ခဲ့သည်ကို မည်သူ တဦး တယောက်မျှ မသိလိုက်

၊ မမြင်လိုက်ကြ ပေ..။ သို့သော် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဦးရုက္ခစိုးကြီးကတော့ နတ်ပီပီ မမြင်ချင်မှအဆုံး .. မြင်တွေ့ လိုက်လေသည်။ သူမြင်တွေ့သမျှကို ကျွန်ုပ်မောင်တာတေအား ပြန်လည်ဖောက်သည်ချသည့်အတွက် ဒေဝါလီပရိသတ် ဗဟုသုတ ရရန်အလို့ငှာ မချွင်းမချန် ဖော်ပြပေးလိုက်ပါသည်။ (တာတေ)

ချိုကုပ်။ ။ ဟေ့လူ သွားတော့မလို့လားဗျ .. ခဏလေးနေပါဦး။

တော။ ။ မနေတော့ဘူးဗျာ ..။ တမိနစ်၊ တစက္ကန့်တောင် မနေချင်တော့ဘူး။

ချိုကုပ်။ ။ မနေလို့မရဘူး .. ခင်ဗျားကိုကျုပ်ပေးစရာ ရှိသေးတယ်။ လာ အခန်းထဲ ခဏလိုက်ခဲ့။

တော။ ။ ခင်ဗျားတို့ပဲ အမျိုးမျိုး ..။ ပြောတုန်းကတော့ ရေလေးနည်းနည်းပါးပါး ကူးပြီး ရူးသလိုလို ကြောင်သလိုလိုလုပ်ပြရုံပဲဆို၊ ခုကျတော့ တရားခွင်ကို ခဏခဏ ဝင်ထိုင်ရ၊ ထောင်ထဲမှာလည်းနေရ၊ သေမလိုဖြစ်လို့ ဆေးရုံလည်းရောက်၊ ဆေးရုံကလည်း ဘာမှမပြည့်မစုံနဲ့ .. သေသွားရင် ဘယ်လိုလုပ်မလဲ။

ချိုကုပ်။ ။ အဲဒါတွေကြောင့် ခင်ဗျားကို ပေးစရာရှိတယ်ပြောတာပေါ့ ..။ အခန်းထဲ ခဏလိုက်ခဲ့ပါဦး။

ချိုကုပ်ဒူးကြီး ခေါ်ဆောင်ရာနောက်သို့ ကိုကြက်တောတယောက် မလိုက်ချင် လိုက်ချင်နှင့် ယက်ကန်ယက်ကန် လိုက်ပါသွားသည်။ အခန်းထဲရောက်တော့ ချိုကုပ်ဒူးကြီးက ကိုကြက်တောကြီး လည်ပင်းတွင် ရန်ကုန်မြို့ ၃၁ လမ်း၊ လမ်းဘေးဆိုင်တွင် လုပ်သည့် တခု ကျပ် ၁၀၀ တန် ဒန် တံဆိပ်တခု ချိတ်ဆွဲပေးလိုက်သည်။

တော။ ။ အဲဒါဘာလဲဗျ။

ချိုကုပ်။ ။ အဲဒါ သီဟသူရ အလကားကျော်စွာ ဂျွန် ဒဗလျူ ကြက်တော ဘွဲ့ .. ခင်ဗျားကို သီးသန့်ချီးမြှင့်တာ။

တော။ ။ ခင်ဗျား လာမညာနဲ့ … အလကားကျော်စွာဆိုတာ ခင်ဗျားတို့ မြန်မာကာတွန်း ဇာတ်ကောင် နာမည် ကျုပ်သိတယ်။

ချိုကုပ်။ ။ ဟုတ်တယ်လေ .. သီဟသူရ ဆိုတာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့သူကိုပေးတာ .. ။ သီဟသူရ ဖင်ပြောင် ညစ်ပြူး တို့ဘာတို့ မကြားဖူးဘူးလား။ ခင်ဗျားက ရဲစွမ်း သတ္တိနဲ့ ပြည့်စုံရုံတင်မဟုတ်ဘူး .. ရေပေါ် လမ်းလျှောက်တယ်တို့၊ ဘုရားသခင်ဆီက အာရုံရတာတို့ .. လူတွေ လိုက်မမီတဲ့စကားတွေပါ ပြောခဲ့တာဆိုတော့ နောက်က ကာတွန်းစာအုပ်ထဲက ဇာတ်ကောင်နာမည်ပါ တွဲပြီး ထည့်ပေးထားတာ။ ဒီဘွဲ့မျိုး ဘယ်သူ့ကိုမှ ပေးသေးတာမဟုတ်ဘူး။

တံဆိပ်ကိုကြည့်ရင်း ကိုကြက်တောကြီး သဘောကျကာ တဟီးဟီးနှင့် ရယ်နေသည်။ ထိုမျှနှင့် မပြီးသေးဘဲ ချိုကုပ်ဒူးကြီးက နောက်ထပ် ဗုံးပေါလအော ဝယ်ယူထားသည့် တံဆိပ်တခု ထပ်ချိတ်ဆွဲပေးလိုက် ပြန်သည်။

ချိုကုပ်။ ။ ဒါကတော့ ငါးလီတာညောင်ဦးဖီး ဆု။

တော။ ။ အဲဒီနာမည် မကြားဖူးဘူး။

ချိုကုပ်။ ။ ဘယ်ကြားဖူးမလဲ အဲဒါက ရာဇဝင်ထဲက နာမည်ပဲဟာ။ ပုဂံခေတ်က ဧရာဝတီမြစ်ကို လက်ပစ် ကူးခဲ့တဲ့သူရဲကောင်း .. ။ ဒီဘွဲ့တံဆိပ်ကိုလည်း ဘယ်သူမှ မရဖူးဘူး။ ခင်ဗျားက အင်းလျားကန်ကို ဖြတ်ကူးလာခဲ့ နိုင်လို့ ပေးတာ။

တော။ ။ ရှေ့က ငါးလီတာက ဘယ်က ပါလာတာလဲ။

ချိုကုပ်။ ။ ဒါကတော့ ခင်ဗျားက ငါးလီတာပုံးကိုဖက်ပြီး ကူးတာကိုးဗျ။ ဒီဘွဲ့နဲ့ဆို ခင်ဗျား အမေရိကန်မှာ ကောင်းကောင်း လုပ်စားလို့ရပြီ။

တော။ ။ ဘာလုပ်စားရမှာလဲ။

ချိုကုပ်။ ။ ရေကူးသင်တန်း ဖွင့်စားပေါ့။

ထိုစဉ် သူတို့ရှိနေရာ အခန်းတံခါး အနည်းငယ် ဟသွားပြီး ဦးကြင်ဝက် ချောင်းကြည့်သည်။

ဝက်။ ။ ဘာတွေလုပ်နေကြတာလဲဗျ၊ မပြီးသေးဘူးလား။ လေယာဉ် ထွက်တော့မယ်။

ချိုကုပ်။ ။ ဟာ .. အတော်ပဲ အမတ်မင်း .. အထဲ ခဏလောက် ကြွပါဦး။ ခင်ဗျားကိုလည်း ပေးစရာရှိတယ်။

အထဲသို့ မရွံ့မရဲ ဝင်လာသော ဦးကြင်ဝက်ကို ချိုကုပ်ဒူးကြီးက ဆုတံဆိပ်တခု ချိတ်ဆွဲပေးလိုက် ပြန်သည်။

ဝက်။ ။ ဘာကြီးလဲဗျ။

ချိုကုပ်။ ။ ဒါကတော့ လူမှုထူးချွန်ဆုပါ။ သတိုးသီရိ သုဓမ္မ ရာဇာ အာလူး ဘွဲ့ပေါ့။

ဝက်။ ။ အာလူးဆိုတာ ခင်ဗျားရဲ့ ကြွက်တွေက ဒေါ်အောင်ဆန်းစုကြည် ပါတီက လူတွေကို ခေါ်တာ မဟုတ်ဘူးလား။

ချိုကုပ်။ ။ ဟာ အဲဒီအာလူးက သတ်သတ်၊ ကြော်စားလိုက်လို့ရတယ်။ ဒီအာလူးကတော့ ခင်ဗျားမို့လို့ ပေးတာ။ ကျုပ်ကို ကြည့်မရတဲ့ အမေရိကန်ကောင်တွေ နည်းနည်းပါးပါး ပြန်ကြည့်ရလာအောင် ခင်ဗျားက အာလူးတွေ ဖုတ်ရမယ်လေ၊ ပွားပေးရမယ်။ ဒါကြောင့် ကြိုပေးထားတာ။ ပြီးတော့ အမတ်မင်းက ဒုက္ခ ရောက်နေရှာတဲ့ သနားစရာ ကြက်တောကြီးကို လာကယ်ထုတ်တဲ့သူမို့လို့ လူမှု ထူးချွန်ဆု ချီးမြှင့်တာ။ ဒီဘွဲ့ပြပြီး အိမ်ဖြူတော်မှာ အာလူးဖုတ်ပေတော့။ ကမ္ဘာမှာ ကုလသမဂ္ဂ တွင်းချုပ်ကြီးတောင် တွေ့ဖို့ခက်ခဲတဲ့ ချိုကုပ်ဒူးကြီး က ဒီလို ဆုတံဆိပ်တော်တွေ ချီးမြှင့်လိုက်တယ်ဆိုတော့ တော်ရုံလူမဟုတ်ဘူးဆိုပြီး ခင်ဗျားကို အားလုံး ဖျားသွား မယ်။

ထိုနေရာတွင်တော့ ဘေးမှငြိမ်ငြိမ်လေး ရပ်ကြည့်နေသူ ဦးရုက္ခစိုးတယောက် မနေနိုင်တော့။ ကိုယ်ထင် မပြချင်ဘဲ ကိုယ်ထင်ပြလိုက်ရတော့သည် (စာမျက်နှာ အခက်အခဲကြောင့် ဦးရုက္ခစိုးကို လန့်သွားသည့်အခန်း မထည့်တော့ ပါ။ စာရှုသူတို့ ကိုယ့်ဘာသာ နားလည်လိုက်ကြပါကုန်)

ရုက္ခစိုး။ ။ ဟာ ချိုကုပ်ဒူးကြီး အစကပြောတော့ အမေရိကန်အားကိုး ပုဆိန်ရိုးဆိုဗျ။ ခု ခင်ဗျားကိုယ်တိုင် အမေရိကန်ကို အားကိုးနေပါပေါ့လား။

ချိုကုပ်။ ။ ဒါကတော့ဗျာ လူကြားကောင်းအောင် လျှောက်အော်နေရတာပါ၊ တကယ်က ကျုပ်လည်း အားကိုးချင်တာပဲဗျ။ ကျုပ်မြေး ဖိုးလောက်လန်းက အမိန့်ထုတ်ထားတယ် သူ့ကိုအမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ရအောင် ပြန်လုပ်မပေးရင် အဘိုးအဖြစ်က စွန့်လွှတ်မယ်တဲ့။ အဲဒါကြောင့် ဒီလောက်မျက်နှာပြောင်တိုက် နေရတာပေါ့။ စီးပွားရေးပိတ်ဆို့မှု ခရီးရှည်ကြီးရဲ့ ပထမခြေလှမ်းမှာ ခလုပ်မတိုက်အောင်တော့ လုပ်လိုက်နိုင်ပြီ ပေါ့ဗျာ ငှဲငှဲ။

ရုက္ခစိုး။ ။ “သူ့ရုပ်ကြီးနဲ့ ကဗျာက ဆန်နေပြန်ပြီ” ဟုတွေးလိုက်သည်။ ဒါနဲ့ တိုးတိုးတိတ်တိတ် မေးရဦးမယ်။ ကြက်တောကြီးကို ခင်ဗျားခေါ်တာဆို ဟုတ်လား။

ချိုကုပ်။ ။ အနော်ရထာ မင်းတြားကြီးတောင် ဂျွန်းစစ်သည်တွေကို တိုက်ဖို့ စစ်သည် ၄ သိန်း အားနဲ့ညီတဲ့ သူရဲကောင်းလေးယောက်ကို ခေါ်သေးတာပဲ။ ကျုပ်က ခုမှ ၁ ယောက်တည်း ခေါ်သေးတာ။ အမယ် ၁ ယောက်ဆို ဆိုသလောက်ပဲ စစ်သည် ၁၀ သိန်းအားနဲ့ ညီတယ်ဗျ။ အားလုံးဂျွမ်းပစ်ကုန်တာ မြင်တယ် မဟုတ်လား။

ရုက္ခစိုး။ ။ တော်ပါတယ်ဗျာ၊ ခင်ဗျားရဲ့ စစ်သည် ၁၀ သိန်းသုံးတဲ့ အရူးကွက်တွေများ .. တခါမှ မကြားဖူးဘူး။ နေပါဦး ခင်ဗျားက မတန်မရာ အနော်ရထာ မင်းတြားကြီးကို ဘယ်ကဆွဲထည့် ပြန်တာလဲ။

ချိုကုပ်။ ။ ဒါကတော့ ခင်ဗျားမသိလို့ဗျ။ ကျုပ်က အနော်ရထာ ဝင်စားတာလေ။ နေစမ်းပါဦးဗျာ .. ကျုပ်ရဲ့ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း အစီအစဉ်မပြီးသေးဘူး။ ကိုကြက်တောကြီး ရှေ့တိုးစမ်းပါ။

“ဒါကတော့ မဏိဇောတ မဟာ ငတက်ပြား သူရိယဘွဲ့” ဟုဆိုကာ ဒန်တံဆိပ်တခုကို ကိုကြက်တော လည်ပင်းတွင် ဆွဲပေးလိုက်ပြန်သည်။

တော။ ။ ဒါကကော ဘာအတွက်လဲ ချိုကုပ်ဒူးကြီး။ ငတက်ပြားဆိုတာ ကျုပ် ကြားဖူးသလိုပဲ။

ချိုကုပ်။ ။ ဒါက သူဌေးဘွဲ့လေ။ ခင်ဗျားကို ကျုပ်လက်သိပ်ထိုး ပေးလိုက်တဲ့ မိုးကုတ်က ပတ္တမြား တွေနဲ့တင် သူဌေးဘွဲ့ခံယူလို့ရပြီ ..။ ငတက်ပြား ဆိုတာကတော့ ရာဇဝင်ထဲက နာမည်ကျော် သူခိုးကြီးပေါ့ဗျာ၊ ဒီဘွဲ့မျိုးလည်း ဘယ်သူ့ကိုမှ ချီးမြှင့်ဖူးတာ မဟုတ်ဘူး။

ရုက္ခစိုး။ ။ ဒါနဲ့ ခင်ဗျားက တကယ်ပဲ တွေ့ဆုံဆွေးနွေးရေး လမ်းကို ဖွင့်တော့မှာလား။

ချိုကုပ်။ ။ မဟုတ်တရုတ်တွေဗျာ။ ဘာလို့ဖွင့်ရမှာလဲ။ အမေရိကန်က စီးပွားရေးပိတ်ဆို့တာလေး နည်းနည်း ပါးပါး ရုတ်သိမ်း ပေးမလားလို့ ကြက်တောကြီးကို ပြန်ထည့်ပေးလိုက်တာ။ တကယ်တော့ ဒီဟာကြီး ခေါ်ထားလည်း ဆန်ကုန်မြေလေးပါဗျာ။ သူ့အသုံးစရိတ်က တပတ်ကို ၃ သိန်းရှိတယ်။ ဘယ်လိုလုပ် ဆက်ထား နိုင်မလဲဗျ။ တော်ကြာ ကိုယ့်လက်ထဲ လာသေရင်လည်း အလုပ်ကရှုပ်ဦးမယ် .. ပြန်သွားတော့ အေးရော။

ရုက္ခစိုး။ ။ အခြေခံဥပဒေ ပြင်ဖို့၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ..။

ချိုကုပ်။ ။ လုပ်စရာလားဗျ။ စီးပွားရေးပိတ်ဆိုတာတွေ ရုတ်သိမ်းပေးရမှာ သူတို့တာဝန်။ ကျုပ်ဘက် ကတော့ အခြေခံဥပဒေလည်း မပြင်ဘူး၊ ရွေးကောက်ပွဲလည်း ကျင်းပချင်သလို ကျင်းပမယ်။ တရားပါတယ်ဗျာ။ ၇ နှစ် ထောင်ချထားတဲ့ တရားခံကိုတောင် ပြန်ပေးလိုက်တာပဲဟာ။ မြန်မာ့သမိုင်းမှာ ဒါမျိုး ကြားဖူးလို့လား၊ ကျုပ် တယောက်တည်း ရှိတယ်ဗျ။

ထိုစဉ် ဦးကြင်ဝက်က သူ့ဘွဲ့တံဆိပ်ကို ကြည့်ရင်း “ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လွှတ်ပေး သင့်ပါတယ်” ဟု ဝတ်ကျေတန်းကျေ တခွန်း ဝင်ပြောကာ နာရီကြည့်၍ “ဝါး” ခနဲ တချက်သမ်းလိုက်သည်။

ချိုကုပ်။ ။ လွှတ်ချင်တာပေါ့ဗျာ .. ကျုပ်က သူ့ကို ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်နေလို့ ပြစ်ဒဏ်ကနေ လျှော့ပေါ့ပေးထားတယ် (မျက်နှာငယ်လေးနှင့် ပြောခြင်းဖြစ်သည်) ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းသမီး မို့လို့ မလွှတ်ရဲဘူး .. ကြောက်တယ် (အသံတိမ်သွားသည်)

ရုက္ခစိုး။ ။ ရှုပ်နေတာပဲ .. ဗိုလ်ချုပ်အောင်ဆန်းသမီး မို့လို့ လျှော့တယ်၊ ဗိုလ်ချုပ်အောင်ဆန်း သမီးမို့လို့ မလွှတ်ဘူး ဘာတွေလဲဗျ။

ချိုကုပ်ဒူးကြီးက “ဒါတွေ ထားလိုက်စမ်းပါ .. ဝါရှင်တန် ပြန်ရောက်ရင်သာ စီးပွားရေးပိတ်ဆို့မှုလေး နည်းနည်း လျော့အောင် ပွားစမ်းပါနော် အမတ်မင်း” ဟု ဦးကြင်ဝက်ဘက် လှည့်ပြောလိုက်သည်။

ဝက်။ ။ အာလူးဖုတ်ဖို့က ကျုပ်တာဝန်ထားပါ။ ဟော လေယာဉ်က ထွက်တော့မယ်ဗျ။ ခင်ဗျားရဲ့ ဘွဲ့တံဆိပ်တော်တွေ ကုန်ပြီလား။

ချိုကုပ်။ ။ ခဏလေး .. သုံးခု ၁၀၀ နဲ့ဝယ်ထားတာတွေ ကျန်သေးတယ်။ ကိုကြက်တောကြီးကို အကုန်ပေးလိုက်မယ် ရော့။

လေယာဉ်ပေါ်တက်သည့် လှေခါးရင်းထိ ချိုကုပ်ဒူးကြီးက လိုက်ပို့သည်။ ဦးကြင်ဝက်က ရှေ့ကတက်သွားသည်။ ကိုကြက်တောက ပထမ လှေခါးထစ်ပေါ် ခြေတဘက်လှမ်းပြီး နောက်သို့ပြန်လှည့်ကြည့်လိုက်စဉ် ချိုကုပ်ဒူးကြီးက အနားကပ်ပြီး အရေးကြီးသည့် စကားတခွန်းကိုပြောလိုက်သည်။

ချိုကုပ်။ ။ နောက် တနှစ်ခွဲကျရင် ပြန်ဆုံမယ်ဗျာ။ ဒီတခါ ရေမကူးနဲ့တော့ သစ်ပင်ပဲတက်။

ထို့နောက် သူတို့ ၂ ယောက်စလုံး ပြုံးဖြဲဖြဲနှင့် ဟောလိဝုဒ် ရုပ်ရှင်ထဲမှ သရုပ်များကဲ့သို့ ညာဘက် လက်များကို မြှောက်လိုက်ကြပြီး လက်ဝါးခြင်း ရိုက်လိုက်ကြသည် .. “ဖြန်း”။ ။


ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။