မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 31 maart 2011

အစိုးရသစ်မူဝါဒအပေါ်အမြင်များကွဲလွဲ

ခင်ဦးသာ Thursday, 31 March 2011 18:38
သမ္မတသစ်ဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရသစ်ကဒီမိုကရေစီစနစ်စတင်ကူးပြောင်းကျင့်သုံးတော့မည်ဟု ပြည်သူလူထုသို့ ရုပ်သံမှတဆင့် ပြောဆိုလိုက်ခြင်းကို အတိုက်အခံ နိုင်ငံရေး အင်အားစုများက အမြင်အမျိုးမျိုးဖြင့် ရှုမြင်ကြသည်။
သမ္မတအဖြစ်တင်မြှောက်ခံရသူအစိုးရသစ်ခေါင်းဆောင်ဦးသိန်းစိန်၊ဒုသမ္မတများဖြစ်သောသီဟသူရ ဦးတင်အောင်မြင့်ဦးနှင့်ဒေါက်တာစိုင်းမောက်ခမ်းတို့ယမန်နေ့ကပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်၌ကတိသစ္စာပြုကျန်းကျိန်ကြစဉ်(ဓာတ်ပုံ-Timedg)
“ပြောတဲ့အတိုင်းလက်တွေ့ကျင့်သုံးမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမယ့် လုပ်မယ်ဆိုရင်တောင် ဒီ စစ်ဗိုလ် လူထွက်တွေက လုပ်တတ်ပါ့မလားဆိုတာ သံသယ ဖြစ်မိတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
ဦးသိန်းစိန်သည် နအဖ အစိုးရထံမှ အာဏာ တရားဝင် လွှဲပြောင်းရယူပြီး ပြည်သူလူထုသို့ သမ္မတသစ် တဦးအနေဖြင့် ပထမဆုံး ပြောဆိုသော မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ပေါ်ပေါက်လာသော အစိုးရသစ်ကို လက်ခံစေလိုကြောင်း၊ ဒီမိုကရေစီရေးအပြင် လူ့အခွင့်အရေး၊ အလုပ်သမား၊ လယ်သမား အရေးများကို ဖွဲ့စည်းပုံ ဥပဒေအရ ဆောင်ရွက်သွားမည် ဟုလည်း ပြောဆိုသွားသည်။
နအဖ စစ်အစိုးရက အတည်ပြုထားပြီး လက်ရှိအချိန်ထိ အငြင်းပွားနေဆဲဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံပါ အားနည်းချက်များကို ပြန်လည် ပြုပြင်နိုင်ရန် အချက်တချို့ကို ဖွဲ့စည်းပုံတွင်ရေးဆွဲထားသည့်အတိုင်း ပြင်ဆင်သွားမည်ဟုလည်း ဦးသိန်းစိန်က ဆိုသည်။
နိုင်ငံတော်အားကာကွယ်ရန်အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တခုရှိရန် လိုအပ်၍ စစ်တပ်ကိုအင်အား တိုးချဲ့သွားမည်ဟု လည်း သမ္မတသစ် က ဆိုသည်။
စစ်အစိုးရက တဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်သွားမည်ဟူသော စကားသည် ပြန်လည်ပြုပြင်နိုင်မည့် အရေးကိုခြိမ်းခြောက်သည့် သဘောသက်ရောက်နေပြီး ဖွဲ့စည်းပုံ အတိုင်းလုပ်ဆောင်သွားမည်ဟု တိုက်ရိုက်ပြော ဆိုခြင်းဖြစ်ကြောင်း ဦးဝင်းတင် က ဆိုသည်။
အစိုးရသစ်အား အတိုက်အခံနိုင်ငံရေး အင်အားစုများက လက်ခံမှုအပြည့်မရှိသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း လက်မခံကြပေ။
“ဖွဲ့စည်းပုံက ပြန်ပြင်ဖို့မလွယ်သလို အစိုးရသစ်ဟာလည်း အများမျှော်မှန်းထားတဲ့ အစိုးရ မဟုတ်ဘူးလေ၊ ဒီမိုကရေစီ အစိုးရ လည်း ဖြစ်လာမှာမဟုတ်ဘူး”ဟု ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)SSA-Sအဖွဲ့မှ စိုင်းလောင်ဝ်ဆိုင်း က ဧရာဝတီကို ပြော သည်။
၎င်းကဆက်၍“ဒီအစိုးရဟာလည်းပဲ နအဖ ပဲဖြစ်တယ်၊ သူတို့တက်လာကတည်းက ပြည်တွင်း စစ်မီးတွေပိုများလာတယ်၊ တိုင်း ရင်းသားတွေအရေးကိုလည်း ဘာမှလုပ်ပေးနိုင်တဲ့ အစိုးရမဟုတ်လို့ အစိုးရသစ်ကိုလည်းပဲ လက်မခံနိုင်တာပါ”ဟု ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး(KNU)မှ နော်စီဖိုးရာစိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်သည့်အပြင် ထိုဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသော အစိုးရသစ်ကိုလည်း အသိအမှတ်မပြုနိုင်ဟု ပြောသည်။
၂၀၀၈ဖွဲ့စည်းပုံအရကျင်းပခဲ့သောရွေးကောက်ပွဲ၌၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီ တချို့ကမူ အစိုးရသစ်အားဝေဖန်ရန်စောသေးကြောင်း၊အစိုးရသစ်အား အပြုသဘောဆောင်၍ ၎င်းတို့၏ လုပ်ဆောင်ချက်ကိုစောင့်ကြည့်ဦးမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)၏ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဧရာဝတီကို ပြောသည်။
“သမ္မတသစ်ပြောသွားတဲ့စကားတွေထဲမှာ လက်ခံနိုင်တာရော၊ မခံနိုင်တာတွေရောပါ ပါတယ်၊ ဒါပေမယ့်လုံးဝမကောင်းဘူးလို့ပြောလို့မရဘူးလေ၊ သေချာတာကတော့ စစ်တပ်ကနေ အရပ်သားအစိုးရကို အာဏာ လွှဲပေးလိုက်တာကိုတော့ ဘယ်သူမှ ငြင်း မရပါဘူး”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။
NLDပါတီ၏ပြောရေးဆိုခွင့်ရှိသူဦးဉာဏ်ဝင်းကလည်း“ကျနော်တို့အနေနဲ့လက်တွေ့ကျကျ ပေါ်လာတဲ့အစိုးရကိုတော့ လက် ခံ ရမယ်၊ ဒါပေမယ့် အမျိုးသားရင်ကြားစေ့ရေး လုပ်နိုင်မလုပ်နိုင်ဆိုတာက အရေးကြီးပါတယ်၊ ဒီအတွက်လည်း မျှော်လင့် ထား တယ်”ဟု ပြောသည်။
ဦးသိန်းစိန်က မြန်မာ့နိုင်ငံရေး၌ အစဉ်အလာတခုကဲ့သို့ ဖြစ်နေသော အစိုးရနှင့်အတိုက်အခံဆိုသည့် ပဋိပက္ခ အသွင်ဆောင်သော အမြင်သဘောထားကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွားကိုအခြေခံ၍ လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘော ထားကာ လက်တွဲ ဆောင်ရွက်သွားရန် တိုက်တွန်းပါသည်ဟု မိန့်ခွန်း၌ ပြောဆိုသည်။
“ပြောသွားတာတွေကတော့ အတော်နားထောင်ကောင်းတယ်ဗျ၊ ပြည်ပက မြန်မာသံရုံးတွေက ကိုယ့်နိုင်ငံသားတွေ တခုခု အကူအညီ သွားတောင်းရင်တောင် အလွယ်တကူ လုပ်ပေးတာ တခါမှ မကြားဖူးဘူး၊ အခုပြောတဲ့ ကူညီမယ်ဆိုတာ ဘယ်လို ဟာမျိုးကိုပြောတာလဲ ဆိုတာမသိဘူး”ဟု ဦးဝင်းတင်က ပြောသည်။
အစိုးရသစ်သည် ပြည်သူများအား လုပ်ဆောင်ပေးသွားမည်ဟု ကတိပေးပြောဆိုသည့်အတိုင်း လုပ်ပေးမည်ဆိုပါက မြန်မြန် အကောင်အထည် ဖော်ပေးရန်လိုအပ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
သမ္မတသစ်ဦးသိန်းစိန်၏မိန့်ခွန်းတွင်နိုင်ငံရေးပါတီအများစုကတောင်းဆိုနေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကို ပြောဆိုမသွားသည့်အပြင် လွှတ်တော်အစည်းအဝေးများမှလည်း ပယ်ချခံခဲ့ရသည်။
လွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များကမူ ပြည်သူများကိုယ်စား တင်ပြ ဆွေးနွေးခဲ့သော အဆိုများကို လွှတ်တော်က ပယ်ချခံခဲ့ရ၍ အားရကျေနပ်မှု မရှိခဲ့ကြကြောင်း၊ အစိုးရသစ်သည်လည်း ပြည်သူများအတွက်ထူးခြားသော ပြောင်းလဲမှုကို လုပ်ပေးနိုင်မည်ဟု မထင်ကြောင်း ပြောဆိုကြသည်။
“လွှတ်တော်မှာNDFကတင်တာပယ်ချခံရတာကလွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့မညီလို့ပါ၊ ကျနော်တို့က လွှတ်တော် မတင်ခင် မီဒီယာတွေကို ကြိုပြောလိုက်မိတာ၊ နောက်ဆိုရင် မီဒီယာတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောရတော့မှာပေါ့”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဆိုသည်။
နအဖမှပြည်ထောင်စုသမ္မတနိုင်ငံတော်သို့ပြောင်းလဲ၍အစိုးရသစ်ပေါ်ပေါက်လာခြင်းကို ကမ္ဘာ့ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး အများလက်ခံနိုင်သော အပြောင်းအလဲများအတွက် အစပြုရန် တိုက်တွန်းသည်ဟု ဆိုသည်။
အမေရိကန်အစိုးရကမူ အရပ်သားအစိုးရသစ်ဖွဲ့လိုက်သော်လည်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ် ဟောင်းများက အရေးကြီး သည့် နေရာများကို ဆက်လက်ယူထားသည့်အတွက် ကြီးမားသော အပြောင်းအလဲ မဟုတ်ကြောင်း၊ အဓိကကျသည့် ဆုံးဖြတ် ချက်များနှင့်ပတ်သက်ပြီး စစ်အုပ်စု သြဇာ သက်ရောက်နေဆဲဖြစ်သည်ဟု ယူဆကြောင်း၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု မူဝါဒကို ဆက်လက်ကိုင်စွဲကျင့်သုံးသွားမည်ဖြစ်ပြီး အစိုးရသစ်နှင့်ထိတွေ့ဆက်ဆံရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

သမ္မတဦးသိန်းစိန်မိန့်ခွန်း အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

လူကုန်ကူးခံရမှု နှစ်စဉ် တိုးလာ

ဟိန်းဇော် Thursday, 31 March 2011 16:37
.မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု ပပျောက်ရေးကို ၅ နှစ် စီမံကိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေ သော်လည်း မြန်မာ အမျိုးသမီးများ လူကုန်ကူးခံရမှု ပမာဏသည် တနှစ်ထက် တနှစ် ပိုမိုများပြား နေကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။
ရန်ကုန်မြို့ရှိကာရာအိုကေဆိုင်တခုတွင်အလုပ်လုပ်နေသည့်မိန်းကလေးများ(ဓာတ်ပုံ-allmyanmar.com)
“အဓိက စားဝတ်နေရေး အခက်အခဲကြောင့် လူကုန်ကူးခံရတာ များနေတာ”ဟု ၎င်းက ဆိုသည်။
လူကုန်ကူးခံရမှုသည် ၂၀၀၆ခုနှစ်မှ စတင်ပြီး တနှစ်ထက် တနှစ်များပြားလာကြောင်း၊ ပြီးခဲ့သည့် ၂၀၁၀ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ မှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှုအများဆုံး ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အများဆုံးလူကုန်ကူးမှုဖြစ်ပွားခဲ့ကြောင်း အထက်ပါ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။
၂၀၁၀ပြည့်နှစ်အတွင်းဖမ်းဆီးရမိသော လူကုန်ကူးမှု အမှုပေါင်း ၁၇၃မှုအနက်၁၃၃မှု(၇၆.၈ ရာနှုန်း)မှာ တရုတ်နိုင်ငံ၊၁၉မှု(၁၀.၉ ရာနှုန်း)မှာထိုင်းနိုင်ငံ၊ ၆ မှု(၃.၄ ရာနှုန်း)မှာ မလေးရှားနိုင်ငံနှင့် ၁၅ မှု(၈.၆ ရာနှုန်း) ပြည်တွင်း လူကုန်ကူးမှုတို့ ဖြစ်သည်ဟု သိရှိရ သည်။
“လူကုန်ကူးမှုဖြစ်တာကရှမ်းပြည်မြောက်ပိုင်း၊ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အဖြစ်များတာ။ အဲဒီအထဲမှာမှ ရှမ်းပြည်မြောက်ပိုင်းက ၄၁ ရာခိုင်နှုန်းရှိတယ်”ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြော သည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလအထိ လူကုန်ကူးမှုပေါင်း ၆၄၁ မှု ဖမ်းဆီးနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၁၄၇၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဌာန စာရင်းဇယားများအရ သိရသည်။
“ကျမတို့အနေနဲ့လူကုန်ကူးမှုကိုလေ့လာကြည့်တဲ့အခါမှာတရုတ်နိုင်ငံကိုအဓိကထားပြီးလူကုန်ကူးတာတွေ့ရပြီး လူကုန်ကူးခံရ တဲ့ သူတွေကို ကယ်တင်ဖို့ အခက်အခဲတွေ အများကြီးရှိတာတွေ့ရတယ်။ ဒီနှစ်ထဲမှာတော့ ကြိုတင်ကာကွယ်ရေး စီမံချက်တွေလုပ်သွားပါမယ်”ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းစဉ်များတွင် ယာဉ်ရပ်နားစခန်းများ၌ ကြော်ငြာ ဆိုင်းဘုတ်ကြီးများ ထောင်ခြင်း၊ ယာဉ်ရပ်နားစခန်းများရှိ နားနေဆောင်များတွင် လူကုန်ကူးမှုပညာပေး စာရွက်များကပ်ခြင်း၊ ခရီးသည်ပို့ဆောင်ရေး ယာဉ် လုပ်သား များကို အုပ်စုငယ်ပုံစံဖြင့် လူကုန်ကူးမှု ဆိုင်ရာ ပညာပေးခြင်းများ စသည်တို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လူကုန်မှုများတွင် အဓမ္မထိမ်းမြားခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ လိင်အလုပ်သမ အဖြစ်ရောင်းစားခြင်း၊ အဓမ္မ တောင်းရမ်းခိုင်းခြင်းနှင့် ကလေး သူငယ် လူကုန်ကူးမှု စသည့် အမျိုးအစားများ ပါဝင်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတဦး က ပြောပြသည်။
ယမန်နှစ်အတွင်းက မြန်မာနိုင်ငံရှိ အနှိပ်ခန်း၊ ကာရာအိုကေ ကေတီဗီ၊ အဖျော် ယမကာနှင့် စင်တင်တေးဂီ စသော နေရာများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို ချစ်သူရည်းစားအဖြစ် ဟန်ဆောင်၍ လိမ်လည်လှည့်ဖျားကာ ပြည်ပနိုင်ငံများသို့ ရောင်းစား သော လူကုန်ကူးမှုပုံစံမျိုး ဖြစ်ပွားခြင်းများလည်း ရှိခဲ့သည်။
မြန်မာနိုင်ငံတွင်လူကုန်ကူးမှုဆိုင်ရာ၅နှစ်စီမံကိန်း(၂၀၀၇-၂၀၁၁)ကိုပြဌာန်းခဲ့ပြီး စီမံချက်များရေးဆွဲဆောင်ရွက် နေသော်လည်း လူကုန်ကူးမှု ဖမ်းဆီးရမိမှုမှာ၂၀၀၆ ခုနှစ်တွင် ၅၂ မှု၊ ၂၀၀၇ တွင်၁၂၇ မှု၊၂၀၀၈ တွင်၁၃၄ မှု၊၂၀၀၉ တွင်၁၅၅ မှု၊၂၀၁၀တွင်၁၇၃မှု ဖမ်းဆီးရမိ၍ လူကုန်ကူးမှု ပမာဏမှာ နှစ်စဉ် တိုးပွားလျက် ရှိကြောင်း သိရသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာ အတွင်းက မဲခေါင်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံမှ ၀န်ကြီးများက ရန်ကုန်မြို့တွင် လက်မှတ် ရေး ထိုးထားသည်။

ဧရာဝတီ မဂ္ဂဇင်း အသွင်သစ်ဖြင့် ဆက်ထုတ်မည်

ဧရာဝတီ Thursday, 31 March 2011 19:18
.အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသော ဧရာဝတီ မဂ္ဂဇင်းကို အသွင်သစ်၊ ဒီဇိုင်းသစ်၊ အတွေးအမြင်သစ်ဖြင့် တနှစ်လျှင် လေးကြိမ် ဆက်လက် ထုတ်ဝေမည် ဖြစ်သည်။
ယမန်နှစ် ဒီဇင်ဘာလမှ စတင်ပြီး ယာယီရပ်ဆိုင်းထားသော ဧရာဝတီမဂ္ဂဇင်းကို ယခုနှစ် ဧပြီလမှ စတင်၍ အင်တာနက်ပေါ်မှ အလွယ်တကူ ဒေါင်းလုဒ်ဆွဲယူနိုင်မည့် အပြင် မဂ္ဂဇင်းစာအုပ်အနေဖြင့်လည်း မှာယူဖတ်ရှုနိုင်မည်ဖြစ်သည်။
၁၉၉၃ ခုနှစ်က စတင်ထုတ်ဝေခဲ့သော ဧရာဝတီ မဂ္ဂဇင်းနှင့် ယခု အသစ်ပြန်လည်ထွက်မည့် မဂ္ဂဇင်း၏ ခြားနားချက်မှာ မျက်နှာဖုံးနှင့် အတွင်းဆောင်းပါးများကို ပို၍ အသေးစိတ်၊ လေ့လာ၊ စုဆောင်းပြီး ရေးသားတင်ပြထားသည့်အပြင် ယခင်ကထက်လည်း ဆောင်းပါးများကို အရောင်အသွေးစုံ တွေ့ရမည်ဖြစ်သည်။
ထိုဆောင်းပါးများတွင် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဖြစ်ပေါ်တိုးတက်မှု အစုံစုံကို ခြုံငုံသုံးသပ် တင်ပြထားသည်။
ထို့အပြင် Profileနှင့် Travelကဏ္ဍများလည်း တိုးချဲ့ထားသည်။ မြန်မာပြည်ရှိ နာမည်ကျော်ကြားသော လူပုဂ္ဂိုလ်များအကြောင်းကို Profileကဏ္ဍတွင် ဖတ်ရှုနိုင်ပြီး Thravelကဏ္ဍတွင်မူ မြန်မာပြည်တလွှား သဘာဝအလှအပများ၊ တိုင်းရင်းသားဒေသများရှိ ဓလေ့ထုံးတမ်း၊ ယဉ်ကျေမှုများကို ဖော်ပြသည့် လျှပ်တပြက် မြင်ကွင်းများ တင်ပြထားသည်။ ယခင်ထုတ်ဝေခဲ့သည့် ဧရာဝတီ ပုံနှိပ် မဂ္ဂဇင်းမှ ကာတွန်း၊ ဓာတ်ပုံ အက်ဆေးကဏ္ဍများ ဆက်လက်ပါဝင်မည်ဖြစ်သည်။
အသွင်သစ်နှင့် ထွက်ရှိလာမည့် ဧရာဝတီ မဂ္ဂဇင်းအပေါ် ဝေဖန်အကြံပြုချက်များ ပေးပို့နိုင်ပါသည်။

မြန်မာနှင့် လာဘ်ပေးလာဘ်ယူ

ဟိန်းမင်း၊ စန္ဒီနွယ်နှင့် ကိုလင်း ကြာသပတေးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၆ မိနစ် .

တီးတိုးငွေကြေးများ အပိုင်း (၁)
၂ဝ၁ဝခုနှစ်အတွက်နိုင်ငံပေါင်း၁၇၆ နိုင်ငံ၏ အဂတိလိုက်စားမှုအဆင့်စီပီအိုင်CPI-Corruption PerceptionsIndex2010 ကိုTransparencyInternationalအဖွဲ့ကထုတ်ပြန်ခဲ့ရာမြန်မာနိုင်ငံသည် ဒုတိယအဆိုးဝါးဆုံး နေရာတွင် ရှိနေသည်။
ယခုနှစ်ပိုင်းအတွင်းကမ္ဘာသိသင်္ဘောပြန်ပေးအဖွဲ့များ သောင်းကျန်းရာ ဆိုမာလီ နိုင်ငံကို အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံဟုTransparencyInternationalကသတ်မှတ်ပြီးအိုစမာဘင်လာဒင်၏ တာလီဘန်တပ်များ ခိုအောင်းရာဟု အမေရိကန် ယူဆထားသည့် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံကို ဒုတိယအဆိုးရွားဆုံးဟု ပူးတွဲသတ်မှတ်သည်။
မတ်-၂၅ ရက်နေ့က နေပြည်တော်စစ်ရုံးတွင် ပြုလုပ်သည့် နအဖ နှုတ်ဆက်ပွဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယားတို့ထက်ပင် နိမ့်ကျနေကြောင်း အာဏာရှင် သက်တမ်းတလျှောက် ပထမဆုံးအကြိမ် ဝန်ခံသွားခဲ့ပြီး အစိုးရသစ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရန် ညွှန်ကြားပြောဆိုခဲ့သည်။
အသွင်ပြောင်း အစိုးရသစ်ကို အာဏာသိမ်း စစ်အုပ်စု ခေါင်းဆောင်၏ နောက်ဆုံး တရားဝင် ပြောဆိုမှုမှာ လူရယ်စရာ ပျက်လုံးတခုသဖွယ် ဖြစ်နေသော်လည်း အဂတိလိုက်စားမှုနှင့် လည်ပတ်နေခဲ့သည့် အုပ်ချုပ်ရေးစနစ်ဒဏ်ကို လူထု အမှန်တကယ် ခံစားနေရသည်မှာ ရာစုနှစ် တဝက်နီးပါး ကြာမြင့်ပြီဖြစ်သည်။
စနစ်ပျက် ခေတ်ပျက်တွင် အာဏာစက်ဖြင့် ခေါင်းပုံဖြတ်ခြင်း၊ မွေးဖွားခြင်းမှ သေဆုံးသည်အထိ လူမှုကိစ္စများကို လာဘ်ပေး အောက်ကျို့ရခြင်း၊ သာမာန် ပြည်သူ့ရပိုင်ခွင့်များကို ငွေပေးဝယ်နေရခြင်း တို့နှင့် ပတ်သတ်၍ လူထုတွင် ခံစားမှု ဇာတ်လမ်းအဖြစ်အပျက် များစွာ ရှိနေသည်။
ကဏ္ဍအမျိုးမျိုးတွင် လူထုက ပေးနေရသည့် အဂတိလိုက်စားငွေများ၊ တရားမဝင် တီးတိုးပေးရသည့် “တီးတိုးငွေကြေးများ” နှင့်ပတ်သတ်သည့် ဖြစ်ရပ်များကို မဇ္ဈိမက စီစဉ် ဖော်ပြပေးလိုက်ပါသည်။

မှတ်ပုံတင်နဲ့ တီးတိုးငွေ

မဇာဇာတစ်ယောက် အခုချိန်ထိ အသက်(၁၂)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်နဲ့ပဲ။ သူမအသက်က အခု ၂၇-၂၈ ဝန်းကျင် ရှိနေပြီ။ ဘာလို့ (၁၂)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပဲ ကိုင်ထားရလဲလို့ မေးကြည့်မိတော့-
“အခုထိကိုကတ်မလဲရသေးဘူး။ ပိုက်ဆံမတတ်နိုင်လို့။ ဒီ ၁၂နှစ်ပြည့်က ဟိုးမူလတန်းကျောင်းတက်တုန်းက ကျောင်းမှာ လာလုပ်ပေးကြလို့၊ ပိုက်ဆံမပေးရလို့ လုပ်ဖြစ်သွားတာ။ အခုမှတ်ပုံတင်လုပ်ရင် မကုန်ဘူးဆိုတောင် အနည်းဆုံး တစ်သောင်းတစ်သောင်းခွဲလောက် ကုန်တယ်။”
တရားဝင် သတ်မှတ်ထားတာ မဟုတ်ပေမယ့် တီးတိုးငွေကြေးကို မတတ်နိုင်တဲ့အတွက် သူ့မှာ မှတ်ပုံတင်မရ ဖြစ်နေတဲ့ အနေအထားပါ။
“ကိုယ်က အခုအိမ်ထောင်သည်လည်း ဖြစ်နေတယ်။ ကလေးကလည်း မူကြိုအရွယ်၊ ယောက်ျားက ၃၄ ဘတ်စ်ကားလိုင်းက စပယ်ယာဆိုတော့ ဝင်ငွေက ထမင်းစားရရုံပဲ။ ဘယ်လိုမှလက်ထဲ တစ်သောင်း-တစ်သောင်းခွဲ မစုမိဘူးလေ။ အဲဒါကြောင့်မို့ မလုပ်ဖြစ်တာ” လို့ ပြောပါတယ်။
လူမျိုးခြား ဖြစ်ပေမယ့် တီးတိုးငွေကြေး ပေးနိုင်လို့ နိုင်ငံသားစိစစ်ရေးကတ် ရသွားသူက ကိုထွန်းထွန်းပါ။ သူက-
“ကျနော့်အစ်ကိုက အခုမလေးရှားကနေခေါ်နေပြီ။ အခု ကျနော့်အသက် (၁၉)နှစ်ရှိပြီ။ နိုင်ငံခြားသွားဖို့ ပတ်စပို့တ် လျှောက်မှာမို့လို့ မှတ်ပုံတင် အမြန်လုပ်ပေးဖို့ လ.ဝ.က (လူဝင်မှုကြီးကြပ်ရေး) ဝန်ထမ်းတစ်ယောက်ကို သွားမေးတာ။ ခြောက်သောင်းလောက် ကျမယ်လို့ပြောတယ်။ လူမျိုးခြားမို့ နဲနဲပိုခက်တယ်လို့ ပြောတယ်။ ကျနော်လည်း အမြန်လိုနေတာရယ် အိမ်ကလည်း လုပ်လိုက်ပါတော့လို့ ပြောတော့ လုပ်လိုက်တယ်။”
“လက်ဗွေနှိပ်တဲ့ တချိန်ပဲ သွားလိုက်ရတယ်။ ကျန်တာအကုန် သူတို့လုပ်ပေးတယ်။ အကိုတုန်းကတော့ နှစ်သောင်းပဲ ပေးရတယ်။” လို့ပြောတဲ့ ကိုထွန်းထွန်းက ပေါက်ဈေးထက် ပိုပေးခဲ့ရလို့ မခံချိ မခံသာ ဖြစ်ဟန် တွေ့ရပါတယ်။
တီးတိုးငွေ မပေးရပဲ လုပ်ပိုင်ခွင့်ကြောင့် အလွယ်တကူ နိုင်ငံသားစိစစ်ရေးကတ်ရခဲ့တဲ့ သူ အမျိုးသမီးတဦးကလည်း အခုလို ပြောပါသေးတယ်။
“ကျမတုန်းက ၃ရက်နဲ့ ကတ်ပြားရတယ်။ စုစုပေါင်းပိုက်ဆံ သုံးထောင် ဝန်းကျင်လောက်ပဲ ကုန်သွားတယ်နဲ့ တူတယ်။ သိပ်တောင်မမှတ်မိချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မဦးလေးက လ.ဝ.က ဝန်ထမ်းလေ။”
တရားဝင်သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်းဆိုရင် ငွေကုန်ကြေးကျ မများတဲ့အကြောင်း မမေမိုးက ရှင်းပြပါတယ်။
“ကတ်ပြားလုပ်မယ်ဆိုတော့ ပထဆုံး သူတို့ဆီက ဖောင်ဝယ်ရတယ်။ အဲဒီဖောင်က ရ.ယ.က ရုံးတွေမှာလဲ ရှိတယ်။ တချို့က ၂ဝဝ နဲ့ ရောင်းတယ်။ တချို့က ၃ဝဝ ။ ခုနောက်ပိုင်းတော့ တထောင်လောက်နဲ့ ပြန်ရောင်းတယ်လို့ကြားတယ်။
ကျမက အဲတာကို ဝယ်ပြီးတော့ဖြည့်၊ ဦးလေးနဲ့ ရုံးလိုက်သွား၊ ချက်ချင်းပဲ လက်ဗွေနှိပ်။ နောက်နေ့ သွေးအမျိုးအစားစစ်ပြီး သွားပေး။ ၃ရက်မြောက်နေ့ ကျတော့ ကတ်ပြားကျလာရော။” ဆိုပြီး မတူကွဲပြားတဲ့ သူမနိုင်ငံသားစီစစ်ရေးကတ်ပြား ရရှိပုံကို ပြောပြပါတယ်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန မှ တရားဝင် ထုတ်ပြန်ထားသည့် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရန် လိုအပ်ချက် ၇ ချက်သာ ရှိသည်။ ယင်းတို့မှာ-
(၁) ကာယကံရှင် ကိုယ်တိုင်လျှောက်ရမည်။
(၂)လျှောက်ထားသူအမည်ပါ အိမ်တောင်စုလူဦးရေစာရင်း(သန်းခေါင်စာရင်း) မူရင်းနှင့် မိတ္တူ တစုံ။
(၃)လျှောက်လွှာနှင့် ရပ်ကွက်အတွင်းနေထိုင်ကြောင်း (ရယက)ထောက်ခံချက်မူရင်း။
(၄)မိဘနှစ်ပါး၏ နိုင်ငံသား/အမျိုးသားမှတ်ပုံတင်လက်မှတ်မူရင်းနှင့် မိတ္တူ တစောင်စီ။
(၅)မွေးစာရင်း (သို့) ကျောင်းထောက်ခံချက် မူရင်းနှင့်မိတ်တူ။
(၆)သွေးစစ်ချက်
(၇) (ဝ.၈)လက်မ x (ဝ.၈)လက်မအရွယ် ဓာတ်ပုံ (၄)ပုံ (မျက်မှန်မပါ)။ စသည်တို့ ဖြစ်သည်။

ထို့အတူ "နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် စာရွက်စာတမ်းကြေးအဖြစ် တစ်ဦးလျှင် (၆)ကျပ်နှုန်းဖြင့်ကောက်ယူရမည်။ ပျောက်ဆုံးပြီး အသစ်ထပ်မံပြုလုပ်ပါက တစ်ဦးလျှင် ၁ဝ ကျပ်နှုန်းသာကောက်ယူရမည်ဖြစ်သည်။ မှတ်ချက်-အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် မည်သည့်အခကြေးငွေမှ ပေးဆောင်ရန်မလို" ဟု ဖော်ပြထားသည်။









နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမည်ဟုအတိုက်အခံမျှော်လင့်

ဖနိဒါ ကြာသပတေးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၅ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍တစွန်းတစမျှသမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားခြင်း မရှိသော်လည်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိမ့်မည်ဟု အတိုက်အခံများက မျှော်လင့်နေကြသည်။
အစိုးရသစ် ပြောင်းလဲချိန်တိုင်း နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးလေ့ရှိသည်ကို အခြေတည်ကာ မျှော်လင့်နေကြခြင်း ဖြစ်သည်။
“ကျနော့်အတွေ့အကြုံအရဆိုရင် တော်လှန်ရေးကောင်စီတက်တဲ့ ၁၉၆၂ ခုနှစ်မှာ၊ ၁၉၇၄ မဆလ အစိုးရ ဖွဲ့တယ်။ နောက်ပြီးတော့ ၈၈ မှာ နဝတ အစိုးရတက်တယ်။ ၉၇ မှာ နအဖ ဖြစ်တယ်။ အဲဒီလို အပြောင်းအလဲဖြစ်တိုင်းမှာ သူတို့က အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် လုပ်လေ့လုပ်ထ ရှိတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးအဖွဲ့ဝင် ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။
“ဒီအစိုးရသစ်တခု စပြီးတည်ထောင်ပြီဆိုရင် ဒီကိစ္စကို ရှင်းရမယ့် တာဝန်ရှိတယ်။ အဲဒီအကျဉ်းသားနဲ့ ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရမယ့် တာဝန်ရှိတယ်။ ဒါကို မဖော်ပြဘူးဆိုတာတော့ သူတို့ရဲ့ ချို့ယွင်းချက်ပေါ့”ဟု နိုင်ငံခြားသတင်းဌာနများသို့ သတင်းမှားများ ပေးပို့သည်ဟု စွပ်စွဲခံရကာ ထောင်ထဲ၌ ၂၂ နှစ်ကြာ နေခဲ့ရသော နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ်သည့် သူက ပြောသည်။
ဧပြီလနှင့်မေလအတွင်းနိုင်ငံရေးအကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့်ရရှိမည်ဟုလည်း ခန့်မှန်းလိုက်သည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)AAPP၏ အတွင်းရေးမှူး ကိုတိတ်နိုင်ကမူ သမ္မတသစ်သည်လည်း အတိုက်အခံများအပေါ် အာဃာတရှိနေသည်ဟု တွက်ဆထားသည်။
“ဒါကနိုင်ငံရေး အကျဉ်းသားတွေကို ရန်သူလိုထားတယ်။ အာဃာတ ကြီးကြီးထားတယ်ဆိုတာက အင်မတန် ပေါ်လွင်ပါတယ်။ ကျနော်တို့အမြင်တာတော့ နဂိုကတည်းကလည်း နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးလိမ့်မယ် မဟုတ်ဘူး။ လွှတ်ပေးရင်တောင် အကန့်အသတ်အနေနဲ့ လွှတ်ပေးလိမ့်မယ်လို့ တွက်ဆထားပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
အကျဉ်းဦးစီးဌာနနှင့်နီးစပ်သောသတင်းရပ်ကွက်တခုကအစိုးရသစ်အနေဖြင့်မျက်နှာလှရန် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာရေး အကျဉ်းသားစာရင်း ပြုစုမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ် အိုဟေး ကင်တားနား TomasOjeaQuintana က နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် တောင်းဆိုခဲ့သည်။
ယခုလ၂၂ရက်နေ့၊ ပြည်သူ့လွှတ်တော် ၁၃ ရက်မြောက် အစည်းအဝေး၌ ကျားဖြူပါတီမှ လင်းခေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှကျော်က လွတ်ငြိမ်းချမ်းသာခွင့်အတွက် ခြွင်းချက်မရှိဘဲ လွှတ်ပေးရေးနှင့် ပတ်သက်သည့် မေးခွန်းအပေါ် ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးက သမ္မတသစ် တာဝန်ယူချိန်တွင် ဆောင်ရွက်ရမည့်ကိစ္စဟု ဖြေဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီက ပထမအကြိမ် လွှတ်တော် အစည်းအဝေး၌ အစိုးရသစ်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ရေး ဦးစားပေးတင်ပြရန် ရည်ရွယ်ခဲ့သော်လည်း တင်သွင်းခွင့်ပင် မရခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။





တိုင်းရင်းသားလူမျိုးများသူရဲကောင်းဆုဦးခွန်ထွန်းဦးပထမဆုံးရ

မျိုးသန့် ကြာသပတေးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၄၄ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။လွှတ်တော်ပြင်ပ အတိုက်အခံများ စုပေါင်းအဖွဲ့တခုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့-UNAမှပထမဆုံးအကြိမ်ချီးမြှင့်သည့် တိုင်းရင်းသားလူမျိုးများ၏ သူရဲကောင်းဆုကို နိုင်ငံတော်ပုန်ကန်မှုဖြင့်ထောင်ဒဏ်၉၃နှစ်ကျခံနေရသည့် ပူတာအိုထောင်မှ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးမှ ရရှိခဲ့သည်။
ရန်ကုန်မြို့ ကိုးမိုင်ရှိ အသက် ၆၆ နှစ်ရှိ ဦးခွန်ထွန်းဦး၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုပေးပွဲသို့ တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ UNAမှချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို ဦးခွန်ထွန်းဦး၏ ဇနီး ဒေါ်ဝေဝေလွင်က လက်ခံရယူခဲ့သည်။
“သူက အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ တိုင်းရင်းသားတွေနဲ့လည်း တကယ်ပူးပေါင်း ဆောင်ရွက်ခဲ့တယ်၊ ဒီမိုကရေစီ အင်အားစုတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ခဲ့တယ်” ဟုUNA အဖွဲ့ဝင်တဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။
၂ဝ၁ဝ ခုနှစ်တွင် ဖျက်သိမ်းခံရသည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌမှာ ရှမ်းလူမျိုး အတိုက်အခံများကို စုစည်းပေးမည့် ရှမ်းပြည်အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းခြင်းကြောင့် ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလအတွင်းက အခြားခေါင်းဆောင် ၇ ဦးနှင့် အတူ ထောင်ချခံရသည်။ ယင်းတို့အနက် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းမှဗိုလ်ချုပ်ဆေထဲ့င်ဆိုလျှင်ထောင်ဒဏ်၁ဝ၆နှစ်ဖြင့် ခန္ဓီးအကျဉ်းထောင်တွင် ရှိနေသည်။
လွှတ်တော်အတွင်း ကြိုးပမ်းမှုများအဖြစ် နိုင်ငံရေး အကျဉ်းသာများ လွှတ်ပေးရေးရန် ရှိ/မရှိကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ဦးစိုင်းလှကျော်က လွှတ်တော်တွင် မတ်လ တတိယပတ်အတွင်း မေးမြန်းမှု ပြုလုပ်ခဲ့သေးသည်။
ယင်း၏အမေးကို ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးက ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော် သမ္မတနှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အပေါ်တွင် မူတည်သည်ဟု ပြန်ဖြေကြားခဲ့သည်။
နေပြည်တော် ပြည်ထောင်စုခန်းမတွင် ဗုဒ္ဓဟူးနေ့ကကျင်းပသည့် ကျမ်းကျိန်ပွဲအပြီး သမ္မတဦးသိန်းစိန်မှ မိန့်ခွန်းပြောကြားရာတွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် စားပွဲဝိုင်းတွင် ထိုင်ဆွေးနွေးရုံနှင့်မပြီးဘဲ တိုင်းရင်းသားဒေသများသို့ ကူးလူးဆက်ဆံမှုများမှ စည်းလုံးညီညွှတ်မှု ရလာနိုင်သည်ဟု ဆိုသည်။
တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ကား ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပေ။
မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် တိုင်းရင်းသား ၃၂၄ ယောက်အပါအဝင် နိုင်ငံရေး အကျဉ်းသားစုစုပေါင်း ၂ဝ၇၆ ဦး ရှိသည်ဟု ပြည်ပရှိ နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး မြန်မာနိုင်ငံ၏ ယခုလထုတ် စာရင်းများအရ သိရသည်။
အစိုးရသစ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟု မမျှော်လင့်သူကတော့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ၏ အတွင်းရေးမှူး ဦးအေးသာအောင်ဖြစ်သည်။
“အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမယ်၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုမယ်၊ ဒီအလုပ်တွေကိုတော့ သူတို့ လုပ်နိုင်လိမ့်မယ်လို့ လုပ်လိမ့်မယ်လို့ အန်ကယ်တို့ မျှော်လင့်မထားဘူး” ဟု ဦးအေးသာအောင်က ပြောသည်။
သို့သော်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းဆောင်ဆီကတော့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာမည်ဟု မျှော်လင့်နေသည်။
အကျဉ်းဦးစီးဌာနနှင့် နီးစပ်သော သတင်းရပ်ကွက်တခုကတော့ အစိုးရသစ်အနေဖြင့် မျက်နှာလှရန် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာရေး အကျဉ်းသားစာရင်း ပြုစုမှုများ ပြုလုပ်နေသည်ဟုဆိုသည်။ သို့သော် နိုင်ငံရေးအကျဉ်းသားများကို ထည့်သွင်းစဉ်းစားခြင်း ပြုမည် မပြုမည်ကို ယတိပြတ် မပြောနိုင်ဘဲရှိနေသည်။
UNAမှချီးမြှင့်သည့်သူရဲကောင်းဆုကိုနှစ်စဉ်ချီးမြှင့်မည်မဟုတ်ဘဲထင်ရှားသည့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်၊ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း၊လွှတ်တော်ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဖြစ်ခြင်း စသည့် အရည်အချင်းများနှင့် ပြည်စုံသည့် နိုင်ငံရေး အကျဉ်းသားများကို ချီးမြှင့်မည် ဖြစ်သည်။





အမတ် ဦးမောင်စောဖြူ ဆေးရုံတင်ရ

ကျော်ခ ကြာသပတေးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၀ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ လွှတ်တော် အစည်းအဝေးများ ပြီးဆုံးသဖြင့် ကြာသပတေးနေ့တွင် ဌာနေသို့အပြန်လမ်း ကားပေါ်၌ ရခိုင်အမတ်တဦး သတိလစ်သွား၍ ဆေးရုံတင်ရကြောင်း အတူစီးနင်းလိုက်ပါကြသူ အမတ်များက ပြောသည်။
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီRNDPမှ၇၁နှစ်အရွယ်အမျိုးသားလွှတ်တော်အမတ် ဦးမောင်စောဖြူသည် နေပြည်တော်၌ ၅၉ ရက်ကြာ ပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးများ ပြီးဆုံးသဖြင့် ယနေ့မနက် ၅ နာရီတွင် ရန်ကုန်သို့ အခြားအမတ်များနှင့်အတူ ကားတစီးထဲလိုက်ပါလာခဲ့ရာ လှည်းကူးမြို့အနီး၌ ရုတ်တရက် အော့အန်ကာ သတိလစ်သွားသောကြောင့် ရန်ကုန် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံသို့ တင်ပို့ရခြင်း ဖြစ်သည်။
“ကားက၅နာရီထွက်မယ်ဆိုတော့၃နာရီလောက်ကတည်းကအိပ်ယာကထ ကိုယ့်ပစ္စည်း ကိုယ်သယ်ဆိုတော့ သူက အသက်ကလည်း ကြီးနေပြီလေ။ အမောဖောက်တာလည်း ပါမှာပေါ့။ ကားပေါ်ရောက်သွားပြီး လမ်းမှာပဲ သတိလစ်သွားတယ်။ အသက်ရှူလာအောင် မနည်းကြိုးစားခဲ့ရတယ်” ဟု ခရီးဖော် အမတ်တဦးက မဇ္ဈိမကို ပြောသည်။
ဦးမောင်စောဖြူသည် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ် ၄ တွင် အနိုင်ရရှိခဲ့သည့် RNDP အမတ် ဖြစ်သည်။
အသက်ပြန်ရှူစေရန်ရင်ဘတ်ကိုဖိနှိပ်မှုများပြုလုပ်ပေးခဲ့သဖြင့်၁ဝမိနစ်ခန့်အကြာတွင် ပြန်သတိရလာခဲ့သည်။
“အခုတော့ဝေဘာဂီဆေးရုံမှာပါပဲ။ရောဂါအခြေအနေနဲ့ပတ်သက်ပြီးစိုးရိမ်ရတယ်၊မစိုးရိမ်ရဘူးဆိုတာကတော့ ဒီနေ့ညနေပိုင်းလောက်မှသိရမယ်လို့ပြောတယ်။အခုတော့စစ်ချက်တွေလုပ်နေတုန်းပါ။သူက အသက်ကြီးပြီး အကယ်၍ နေကောင်းလို့ ပြန်ရင်လည်း မင်းပြားကို တယောက်ထဲ ပြန်ရမှာ။ ဒီအတိုင်းဆို စိတ်ပူစရာပါ” ဟု အခြား လွှတ်တော်အမတ် တဦးက မဇ္ဈိမကို ပြောသည်။
နေပြည်တော် လွှတ်တော်တက် အမတ်များထဲတွင် ဆေးရုံတင်ရသည်အထိ ကျန်းမာရေး ချို့ယွင်းသူများမှာ ဦးမောင်စောဖြူ အပါအဝင် ၂ ဦး ရှိပြီဖြစ်သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်ကပင်ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ မှ ကြံ့ဖွံ့ပါတီ အမျိုးသားလွှတ်တော် အမတ် ဦးတင်မြင့်သည်လည်း လွှတ်တော်တက်နေရင်း ကျန်းမာရေး မကောင်းသဖြင့် နေပြည်တော် ကုတင် ၁ဝဝဝ ပြည်သူ့ဆေးရုံကြီး၌ ယခုထိ ဆေးကုသနေရသည်။
ထိုစဉ်ကပြည်ထောင်စုလွှတ်တော်နာယကဦးခင်အောင်မြင့်၊ဒုသမ္မတ စိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြညိမ်းနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့် သွားရောက်ကြည့်ရှုခဲ့သည်။







ပင်လယ်ထဲမှာ ၈ ရက်ကြာ မျောပါ

ကျော်ခ ကြာသပတေးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၁၄ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။လေပြင်းမုန်တိုင်းကြောင့်ပင်လယ်ပြင်ထဲငါဖမ်းမော်တော်မျောပါရင်း ၈ ရက်ကြာ လှိုင်းလေဒဏ်ကြား အစာရေစာပြတ်တောက်နေခဲ့ရာမှ ထိုင်းငါးဖမ်းလှေတစီးက ကယ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဖျာပုံခရိုင် ဂေါ်တူရွာ ရေလုပ်သား ၇ ဦးမှာ အိမ်ပြန်နိုင်ကြပြီဖြစ်သည်။
၎င်းတို့ ၇ ဦးထဲမှ ဦးဇော်ဝင်းကို မဇ္ဈိမသတင်းထောက် ကျော်ခက ဆက်သွယ်မေးမြန်းထားပါသည်။
စိုက်ဆင်းလေပြင်းများမတ်လ၁၅ရက်နေ့တွင် တိုက်ခတ်ခဲ့သဖြင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ လှေများ၊ ဝါးဖောင်များဖြင့်ငါး၊ပုဇွန်ဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ရေလုပ်သား ၄ ထောင်ခန့် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

နာမည်နဲ့ ဇာတိကို ပြောပြပေးပါလားခင်ဗျ။
“ဟုတ်ကဲ့ကျနော့်နာမည်ဦးဝင်းဇော်ပါ။ကျနော့်အသက် ၄၂ နှစ်ခင်ဗျာ့။ ဖျာပုံခရိုင် ဂေါ်တူကျေးရွာကပါ။ ဗမာ လူမျိုးပါပဲဗျ’’

အန်ကယ်တို့ကိုမြိတ်အာဏာပိုင်တွေကကယ်တင်လာခဲ့တယ်လို့သိရတယ်ခင်ဗျ။ဒါနဲ့ပတ်သက်ပြီးဖြစ်ပျက်ပုံ အဆင့်ဆင့်ကို သိချင်ပါတယ်။
“ဖြစ်ခဲ့တာကတော့မြန်မာလိုတပေါင်းလဆန်း၁၁ ရက်နေ့က လေထတိုက်တယ်ဗျ။ လေတိုက်ပြီးတော့ မနက် ၄ နာရီလောက်ကနေစပြီးတော့ ကျနော်တို့မျောတယ်။ ကျနော်တို့မော်တော်ပေါ်မှာ လူ ၄ ယောက်ပါတယ်’’
“မျောတော့မနက်မိုးလင်းလို့၈နာရီနဲ့၈နာရီခွဲလောက်မှာကျနော်တို့တပြလောက်မှာဖောင်တဖောင် တွေ့တယ်။အဲဒီဖောင်ဆီကိုကျနော်တို့မောင်းသွားတယ်။ကျနော်တို့ မောင်းသွားတော့တွေ့တဲ့လူတွေက ကျနော်တို့အုပ်စုထဲကလူတွေပဲ ဖြစ်နေတယ်။အဲဒီဖောင်ပေါ်ကလူ၃ယောက်ဆက်တင်တယ်။ ဆက်တင်ပြီးတော့ ကျနော်တို့ ဆက်မောင်းတယ်’’
“၂နာရီလောက်မောင်းပြီးတဲ့နောက်မှာလေကတအားတိုက်ပြီး၊လှိုင်းကတအားကြီးတော့စက် ရေမြုပ်သွားတယ်။ မနိုင်တော့ဘူး။ ဆက်မောင်းလို့လည်း မရတော့ဘူး။ အဲဒီအချိန်မှာ ကျနော်တို့ မျောတာပေါ့။ ၅ ရက်လောက် မျောတယ်ခင်ဗျာ့’’
“ပထမဆုံးကျနော်တို့ကိုကယ်တဲ့လှေကယိုးဒယားလှေလို့ပြောတယ်။ဗမာလိုပြောတာတလုံးမှ နားမလည်ဘူး။ ငါးဖမ်းလှေပဲ။ သူတို့ကိုတွေ့လို့ ကျနော်တို့က လှမ်းခေါ်တာ။ သူတို့က လာတယ်။ လာတော့ ကျနော်တို့က လက်ဟန်၊ ခြေဟန်နဲ့ သူတို့နားလည်အောင် ပြောတာပေါ့။ ကျနော်တို့ လေတိုက်လို့ မျောလာတယ်၊ အစာရေစာ မစားရဘူး၊ ဒုက္ခရောက်နေတယ်ဆိုတာကို သူတို့ကို ပြောပြတယ်’’
“အဲဒီလို လက်ဟန်ခြေဟန်နဲ့ ရှင်းပြတော့မှ သူတို့လှေကို ကျနော်တို့မော်တော်ဘုတ်နားကို ကပ်တယ်။ ပြီးတော့မှ လှေပေါ်ခေါ်တင်တယ်။ အဲဒီလှေနဲ့ လိုက်လာပြီး မြန်မာဘက်က လာကယ်တဲ့ လှေနဲ့ နောက်ရက်တွေမှာ တွေ့တော့ ပြောင်းပေးလိုက်ပြီး အခုလို ဒီကိုရောက်လာတာ’’

မျောသွားတာ ၅ ရက်ဆက်တိုက်ဆိုတော့ အန်ကယ်တို့အဖွဲ့တွေ ဒုက္ခရောက်မှာပေါ့။ ဘယ်လိုတွေဖြစ်ကြလဲ။ အတွေ့အကြုံလေးတွေ ရှင်းပြပေးပါဦးခင်ဗျ။
“ကျနော်တို့လှေ မမြုပ်သွားရေး၊ လှေပေါ်မှာရှိတဲ့လူတွေ တယောက်တလဲ ပက်ကြတယ်လေ။ ရေပက်ပြီး မျှောခံတာပေါ့။ မျှောခံပြီး ၄ ရက်ကျော် ၅ ရက် မြောက်တဲ့နေ့မှာ ကျနော်တို့ကို ဆယ်တဲ့ မော်တော်တစီး သွားတွေ့တယ်။ မနက် ၄ နာရီလောက်မှာ’’
“ ထမင်းကတော့ ၃ ရက်လောက် စားလိုက်ရတယ်။ နောက်ရက်တွေကျတော့ ကျနော်တို့ မစားရတော့ဘူး၊ ရေပဲ သောက်ရတယ်။ ရေကလည်း မရှိတော့ဘူး၊ ရေကုန်သွားတော့ ရေငန်တွေကို ကျနော်တို့ ပေါင်းခံပြီးတော့ သောက်တယ်’’

ပင်လယ်ထဲမှာ မျောသွားတဲ့အခါ စက်လည်း ရပ်သွားတယ်ဆိုတော့။ စိတ်ဓာတ်ကျတာတို့၊ မျှော်လင့်ချက် မဲ့သွားတာတို့ကော ဘယ်လိုကြုံခဲ့ရလဲဗျ။
“ပထမကတော့ကျနော်တို့ပင်လယ်သားထုံးစံကတော့မိုးနဲ့ပင်လယ်သားဆိုတာအမြဲတမ်းထိတွေ့နေကျပဲလေ။ လေတော့လာပြီ ဒို့တော့ မျှောကြမယ်၊ ဒီလောက်ထိတော့ ဒုက္ခရောက်လိမ့်မယ်လို့ မထင်ဘူးပေါ့’’
“ကိုယ်တိုင်ကြုံတွေ့လာရတော့မှ ငါတို့တော့ အခြေအနေကောင်းပါ့မလား၊ တချို့ဆို အားလျော့တဲ့သူက လျော့နေပြီ။ ဦးစီး ကျနော်တို့တော့ သေတော့မယ်၊ ရေမပက်နိုင်တော့ဘူး မြုပ်တော့မယ် အဲဒီလို ပြောကြတာပေါ့’’
“အဲဒီအချိန်မှာ ကျနော်တို့က တယောက်နဲ့တယောက် အားတင်းပြီးတော့။ ဒီမော်တော် မြုပ်သွားရင် ဒို့ သေမှာ၊ ပက်ကြပေါ့။ ဒီမော်တော် မမြုပ်အောင် ပက်ကြမယ်ဆိုပြီးတော့ ပက်လာတာပေါ့။ အဲဒါ ဆယ်တဲ့လူလည်း တွေ့ရော ကျနော်တို့လည်း ခြေကုန်လက်ပန်းကျ။ ထမင်းက ဝအောင်မစားရ ရေက ဝအောင်မသောက်ရတော့ လူတွေလည်း တော်တော်လေး ဒုက္ခရောက်တာပေါ့’’
“တချို့ဆိုရင်ချိနဲ့ကုန်ပြီးခြေတွေ၊လက်တွေ မသယ်နိုင်ဖြစ်ပြီး မှောက်တဲ့လူက မှောက်ကုန်ပြီ။ အဲဒီလိုမျိုးတွေ ဖြစ်ကုန်ကြတာပေါ့။ဒါပေမယ့်နုံးချိနေတာကိုပဓာန မထားဘဲ အားလုံး စုစုစည်းစည်းနဲ့ အသက်ရှင်ဖို့အတွက် ရေပေါ်မှာ မော်တော်ပေါ်ရေးကို ကျနော်တို့ တယောက်တလဲစီ ရေပက်ကြတာ’’

မုန်တိုင်းဒဏ်၊ လှိုင်းလုံးတွေဒဏ်တွေကြားမှာ အသက်မသေအောင် ကြိုးစားနေချိန် အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုတွေကို သတိရတာမျိုး၊ တွေးမိတာမျိုးကကော။
“မိသားစုကိုသတိရတာပေါ့ဗျာ။သြော်… ငါ့သားသမီး ငါ့မယား၊ ငါ့ညီကိုမောင်နှမတွေနဲ့ တွေ့ရပါတော့မလား။ ငါတို့တော့ ဒီဘဝနဲ့တင် ချုပ်ငြိမ်းသွားပြီလားပေါ့။ အဲဒီလောက်ထိ တွေးမိပါတယ်။ ကမ်းမမြင်လမ်းမမြင် ဒုက္ခရောက်နေတဲ့ အချိန်မှာ တော်တော်ကို ဝမ်းနည်းသွားပါတယ်’’
“ကျနော့တသက်နဲ့တကိုယ်ဒါမျိုးတခါမှ မကြုံဖူးဘူး။ ကြုံတော့ ကြုံဖူးတယ်။ ဒီလောက် ဆိုးဆိုးဝါးဝါးကြီးတော့ တခါမှမဖြစ်ဖူးဘူး။ဒါပေမယ့်ဗျာ…ကျနော်တို့သူဋ္ဌေးလည်းပစ္စည်းတွေပျက်စီးဆုံးရှုံးမှုတွေ တော်တော်ဖြစ်တယ်။ ကျနော်တို့ကကျတော့ အသက်နဲ့ ရင်းရတယ်။ အခုလို ကြုံတွေတဲ့အပေါ်မှာတော့ တော်တော်လေး ဝမ်းနည်းပက်လက် ဖြစ်ရတယ်ဗျ’’
“အခုလို ကျနော်တို့ သေကံမရောက်၊ သက်မပျောက်ဘဲ ပြန်ရောက်လာတာဟာ ကုသိုလ်ကံကောင်းလို့ ကူညီမယ့်သူ၊ မ’စမယ့်သူ တွေ့တယ်လို့ ပြောရမှာပေါ့’’

အိမ်က မိသားစုတွေ ဘယ်လောက်ထိ စိတ်ပူနေမယ်လို့ တွေးမိခဲ့လဲ။
“ကျနော်တို့ဆီမှာကျနော်တို့အရင်ဖြစ်ခဲ့ကြဖူးတဲ့ ရေလုပ်သားတွေတုန်းက မျက်မြင်ကိုယ်တွေ့ တွေတာတော့ အဲလိုဖြစ်ပြီဆိုရင်အိမ်ကသားမယားတွေကတငိုငို၊ တရီရီ ဖြစ်ကုန်ကြတာပေါ့ဗျာ။ ဝမ်းနည်းပက်လက်ပေါ့ဗျာ။ ပင်လယ်ပြင်မှာ ပျောက်သွားတဲ့ သူတို့အိမ်သားတွေ ပြန်မလာမချင်း ငိုယိုနေကြတာပေါ့ဗျာ’’
“အိမ်မှာကကျနော်ကမိသားစုရဲ့အားအထားရဆုံးအိမ်ထောင်ဦးစီးလေ။အဲဒါကြောင့် ကျနော့်မှာ တာဝန်တွေ အများကြီး ရှိတယ်လေ။ သူတို့အတွက် ကျနော်ဟာ အတော်လိုအပ်တဲ့ လူတဦးပါ။ အခုလို ကျနော် မသေဘဲ ပြန်ရောက်လာတာဟာ ကျနော့်အတွက်ရော၊ ကျနော့်မိသားစုအတွက်ပါ အလွန်ဝမ်းသာပီတိ ဖြစ်ရပါတယ်ဗျာ’’

မသေမပျောက် ကမ်းပေါ် ပြန်ရောက်လာတယ်ဆိုတော့ ဘယ်လိုခံစားရလဲဗျ။
“ကျနော့်စိတ်ထဲမှာတော့ ပြောမပြတတ်အောင် တော်တော်လေးကို ဝမ်းသာပီတိ ဖြစ်မိတာပေါ့။ ငါ့မိသားစု၊ ငါ့ဆွေမျိုးတွေနဲ့ ပြန်ပြီး တွေ့ခွင့်ရတော့မှာပါလားဆိုတဲ့ အသိစိတ်က ပြောမပြတတ်အောင် အတိုင်းထက် အလွန်ပါပဲဗျာ’’
“အော်…ငါတို့ဟာဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်ဘုရားကိုလည်း ယုံကြည်တယ်၊ တရားကိုလည်း ယုံကြည်တယ်၊ သံဃာကိုလည်း ယုံကြည်တယ်။ အဲဒါကြောင့် ဒီအကျိုးတရားတွေကြောင့် သြော် … ငါတို့မှာ ရှင်သန်ခွင့် ပြန်ရခဲ့တယ်လို့ ကျနော် ယုံကြည်မိတာပေါ့လေ’’
“ပင်လယ်ထဲမှာ အတိဒုက္ခရောက်ပြီး ကမ်းမမြင်လမ်းမမြင် ဖြစ်နေတဲ့အချိန်မှာ ဂုဏ်တော်တွေကိုလည်း ကျနော်တို့ တတ်သလောက် မှတ်သလောက် ရွတ်ဖတ်ကြတာပေါ့ဗျာ။ အဲဒါကြောင့် ကျနော်တို့ကို ကယ်ဆယ်မယ့်သူတွေနဲ့ တွေ့တယ်လို့ပဲ ကျနော်ယူဆတယ်’’
“အခုလည်းမြိတ်မြို့ကဘုန်းကြီးကျောင်းက ကျနော်တို့ကို ကူညီတယ်၊ ကျွေးတယ်။ အဲဒါတွေဟာ ရှေးဘဝက ရေစက်တွေပေါ့။ မနက်ဖြန် ကျနော်တို့ ရွာကိုပြန်ဖို့အတွက်လည်း ကားလက်မှတ်တွေ ဝယ်ပေးတယ်။ အကုန် စီစဉ်ပေးပါတယ်’’

ဒီမနက်မှမြိတ်ကမ်းခြေကိုရောက်လာတယ်ဆိုတော့အိမ်နဲ့ရောအဆက်အသွယ်ရပြီလား။ အာဏာပိုင်တွေကရော ဘာအကူအညီတွေပေးလဲဗျ။
“ဆိပ်ကမ်းကို ရောက်ရောက်ချင်း ဒီက အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်။ ဆက်သွယ်ပြီး သူတို့မေးတာ စမ်းတာကို ကျနော်တို့ ဖြေပြီးတော့ သူတို့က အိမ်နဲ့ ဆက်သွယ်ဖို့ ဖုန်းပေးပြောတယ်။ အဆက်အသွယ်တွေ လုပ်ပေးတယ်။ ကျနော်တို့ လုပ်ငန်းရှင်နဲ့ ကျနော်တို့ မိသားစုနဲ့ အဆက်အသွယ်တော့ ရသွားပြီ’’

ဦးဇော်ဝင်းကဂေါ်တူးရွာမှာဘာစီးပွားရေးကို အဓိကလုပ်လဲဗျ။ အဲဒီမှာရှိတဲ့လူတွေကရော ဘာလုပ်ငန်းတွေ လုပ်ကြလဲဗျ။
“ကျနော်တို့လုပ်ငန်းက ရေလုပ်သားတွေပါ။ ငါး၊ ပုဇွန် ဖမ်းတာပေါ့။ ကျနော်တို့က အခုလုပ်နေတဲ့ အလုပ်ကလည်း ကိုယ်ပိုင်လုပ်ငန်း မဟုတ်ဘူးခင်ဗျ။ စားရင်းငှားပေါ့ဗျာ။ ကျနော်တို့အလုပ်တွေကတော့ အစားစားပါပဲ။ ၁၅ဝဝ ကနေ ၃ဝဝဝ ထိ ရတဲ့လူတွေလည်း ရှိတာပဲ’’
“ငါးဖမ်းတာကတော့ ညရောနေ့ရော ဖမ်းတာပေါ့။ ကျနော်တို့လုပ်ငန်းက ဖောင်နဲ့အလုပ်လုပ်တာ။ ဖောင်နဲ့ ကျားပိုက်နဲ့ အလုပ်လုပ်တယ်။ ရတဲ့ပစ္စည်းကို ကျနော်တို့မော်တော်ကတဆင့် ကမ်းကို ပြန်ပို့ရတယ်။ စာရင်းဒိုင်ဆီကို’’
“ကျနော်တို့ သူဋ္ဌေးမှာဆို ဖောင် ၁ဝ ဖောင် ရှိတယ်။ တဖောင်ကို ၄ ယောက် သတ်မှတ်ထားတယ်။ နောက် ကျနော်တို့ ဆိပ်ကမ်းမှာ ဆိုလို့ရှိရင် ၉ဝ ရာခိုင်နှုန်းက အဲဒီအလုပ်လုပ်တဲ့ လူတွေချည်းပဲ။ ဒီဖျာပုံခရိုင်အတွင်းမှာလည်း ဖောင်လုပ်ငန်းလုပ်တဲ့ လူတွေချည်းပါပဲ’’
“ဒီကရတဲ့ ငါးသားပုဇွန်တွေကို သူဋ္ဌေးတွေက အခြောက်လုပ်ပြီးတော့ ရန်ကုန်ဘုရင့်နောင်ပွဲရုံကို ပို့တာပေါ့’’
ဖျာပုံခရိုင်ထဲကအများစုကဝါးဖောင်တွေနဲ့ပင်လယ်ထဲမှာသားငါးပုဇွန်လိုက်ဖမ်းပြီး အသက်မွေးဝမ်းကျောင်းတယ်ဆိုတော့ လေပြင်းတိုက်တုန်းက မျောသွားတဲ့အထဲမှာ တော်တော်များလားဗျ။
“အဲဒီအချိန်က ညဘက်ဖြစ်နေတော့ သိပ်ပြီးတော့ သူ့မမြင်၊ ငါ့မမြင် အဲလိုဖြစ်နေကြတာပေါ့။ မျောတာတော့ တော်တော်လေးကို မျောကုန်ကြတယ်။ မနက်မိုးလင်းတော့ တောင်၊ မြောက် လိုက်ကြည့်လိုက်တဲ့အခါ သူလည်းမျော၊ ကိုယ်လည်းမျော တော်တော်များများ မျောနေတာတော့ တွေ့ရတယ်’’
“ဘယ်သူတွေ သေကြလဲတော့ မသိဘူး။ ကျနော်တို့ကို ပင်လယ်ထဲမှာ လာကယ်တဲ့ လှေကတော့ ပြောတယ်။ ကျနော်တို့လို လူတွေကို အရင်နေ့က ၁ဝဝ ကျော်လောက် ကယ်ပြီး နေရပ်ဌာနေတွေကို ပြန်ပို့ပေးတယ်လို့ ပြောတယ်’’

မိသားစုတွေနဲ့ အဆက်အသွယ်ရတော့ သူတို့ ဘယ်လိုဖြစ်သွားတယ်ပြောလဲ။
“ကျနော့်မှာတော့မိန်းမနဲ့သားသမီး၅ယောက်ရှိတယ်။ကျနော်ဖုန်းဆက်လိုက်တော့သူတို့ အံ့အားသင့်သွားကြတယ်။ တော်တော်လည်း ပျော်နေကြတယ်။ ကျနော်တို့ လေနဲ့ ပါသွားပြီဆိုပြီး အားလုံးက ဝမ်းနည်းပက်လက် ဖြစ်နေကြတာလေ။ ကျနော်ဖုန်းဆက်တော့ ဝမ်းနည်း၊ ဝမ်းသာဖြစ်ပြီး ငိုကြတာပေါ့ဗျာ’’

ပင်လယ်ထဲမှာလေဒဏ်မိုးဒဏ်တွေ တွေ့ကြုံခဲ့ရ၊ အစားအသောက်မရ ဒုက္ခရောက်ခဲ့ရတယ်ဆိုတော့ ကျန်းမာရေးထိခိုက်မှုတွေ ရှိလားဗျ။
“အခုတော့ဆိုးဆိုးဝါးဝါးရောဂါတော့ ဘာမှမဖြစ်ဘူးဘဲ ပြောရမှာပေါ့ဗျာ။ တချို့တွေကတော့ အအေးပတ်လို့ ကိုက်ခဲတာတို့၊ ဖျားတာတို့လောက်ကတော့ ဖြစ်ကြတာပေါ့လေ။ အဲဒါလည်း ဒီဘက်က လာကယ်တဲ့ လှေပေါ်က လူတွေက ဆေးတွေ ပေးပါတယ်’’

မနက်ဖြန် ရွာကို ပြန်ရောက်ကြတော့မယ်၊ မိသားစုတွေနဲ့ ပြန်တွေ့ရတော့မယ်။ ရွာနဲ့ ကမ်းခြေကြီးကိုလည်း ပြန်တွေ့ရတော့မယ်ပေါ့နော်။ အိမ်ပြန်ရောက်တဲ့အခါ ဒီငါးဖမ်းတဲ့ အလုပ်ကို ဆက်လုပ်ဖြစ်ဦးမလားဗျ။
“ကျနော်တို့က ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းလာတဲ့ လူတွေပါ။ ကျနော်တို့ဆီမှာလည်း ဒီအလုပ်ပဲ ရှိပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီအလုပ်နဲ့ပဲ ကျနော့်မိသားစုကို လုပ်ကိုင်ကျွေးမွေးလာခဲ့တာပါ။ ဒါကြောင့် ကျနော့်အနေနဲ့ ဒီအလုပ်ကိုပဲ ကျနော့်သူဋ္ဌေးနဲ့အတူ ဆက်ပြီး လုပ်ဆောင်သွားဦးမှာပါ’’





ရန်ကုန်တွင်ရေကစားမဏ္ဍပ်ကြီး၃၁ခုသာဆောက်ခွင့်ပြု

မိုးယံ Thursday, 31 March 2011 18:03
.ရန်ကုန်မြို့တခုလုံး၌ ယခုနှစ် မဟာသင်္ကြန် အတွက် ရေကစား မဏ္ဍပ်ကြီး ၃၁ ခုသာ ဆောက်လုပ်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်လိုက်သည်။
ဗုံးပေါက်ကွဲပြီးနောက်တရက်သင်္ကြန်အတက်နေ့တွင်ခြောက်သွေ့စွာရေကစားနေသည့်X2Oမဏ္ဍပ်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
“နေရာ၃၁နေရာမှာမဏ္ဍပ်ကြီး၃၁ခုဆောက်ဖို့လျာထားတယ်”ဟုရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
၂၀၁၀ ပြည့်နှစ် သင်္ကြန်တွင် ရန်ကုန်မြို့တော်၌် ရေကစားမဏ္ဍပ်ကြီး ၄၀ ကျော် ခွင့်ပြုခဲ့ကြောင်း ယခင်နှစ်တွင် ရေကစားမဏ္ဍပ် တာဝန်ယူတည်ဆောက်ခဲ့သူတဦးက ပြောသည်။
၎င်းက “လုံခြုံရေး ပေးနိုင်သလောက်ပဲ ခွင့်ပြုပေးတာလို့ ကြားတယ်” ဟု ဆိုသည်။
အဆိုပါ ရေကစားမဏ္ဍပ်ကြီး ၃၁ ခုအတွက် မင်္ဂလာတောင်ညွှန်မြို့နယ် ကန်ပတ်လမ်းတွင် ၇ နေရာ၊ ပြည်လမ်းမပေါ်တွင်၅နေရာ၊ပါရမီလမ်းပေါ်တွင်၂နေရာ၊ကမ္ဘာအေးဘုရားလမ်းတွင် ၅ နေရာ၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ၃ နေရာ၊ စက်မှု(၁)လမ်း ၁ နေရာ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းတွင် ၁ နေရာ၊ ဝေဇယန္တာလမ်းတွင် ၁ နေရာ၊ ဘုရင့်နောင်လမ်းတွင် ၃ နေရာ၊ ဒဂုံမြို့နယ်ရှိ အလုံလမ်းတွင် ၂ နေရာနှင့် ကြည်မြင့်တိုင်မြို့နယ် ကမ်းနားလမ်းတွင် ၁ နေရာ တည်ဆောက်ခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။
ယမန်နှစ်က ဗုံးပေါက်ကွဲခဲ့သည့် မင်္ဂတောင်ညွှန်မြို့နယ် ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ်ကြီးများ ၁၆ ခု ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင် ဆောက်လုပ်ခွင့် ပေးမည်မဟုတ်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အဆိုပါနေရာဝန်းကျင်တွင် ရေကစားမဏ္ဍပ် ၅ နေရာ တည်ဆောက်ခွင့်ပြုထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
X2O ရေကစားမဏ္ဍပ်ကို လုပ်ဆောင်မည့်အဖွဲ့မှ တာဝန်ရှိသူတဦးက “ကျနော်တို့ X2O ရေကစားမဏ္ဍပ် ဒီနှစ်ပြန်ဆောက်မှာပါ။ အရင်နေရာမှာပဲ ပြန်ဆောက်ဖြစ်မှာပါ” ဟု ဆိုသည်။
ယမန်နှစ်က မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးကာ ၁၇၀ ကျော်ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
“မဏ္ဍပ်တွေကို တနေရာတည်း အများကြီး ဆောက်ခွင့်မပေးတော့ဘဲ မဏ္ဍပ်တွေကို နေရာခွဲပြီး ဆောက်ခိုင်းထားတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်မှ ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့် တာဝန်ခံတဦးက ပြောသည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအ၀င် မြို့ကြီးများတွင် ဆောက်လုပ်မည့် ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်အားလုံး လိုက်နာရမည်ဖြစ်သော လုံခြုံရေးဆိုင်ရာ စည်းကမ်းချက် ၂၅ ချက်အား စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးကော်မတီက မတ်လ ဒုတိယ ပတ်အတွင်း စတင် ထုတ်ပြန်ကြေညာထားသည်။

လေဘေးသင့်ရေလုပ်သားတသောင်းကျော်ကယ်ဆယ်ပြီး၊၇၀၀ကျော်ပျောက်ဆုံးဆဲ

နရီလင်းလက် Thursday, 31 March 2011 13:38
ဧရာဝတီတိုင်းဖျာပုံခရိုင်အတွင်းရှိလေဘေးသင့်ရေလုပ်သား၁၁၀၀၀ ကျော်ကို ကယ်ဆယ်ရရှိ ထားသည်ဟု ဖျာပုံမြို့နယ် ကျားပိုက် လုပ်ငန်းရှင်များအဖွဲ့က ယနေ့ ပြောကြား လိုက်သည်။
ကော့သောင်းမြို့သို့ရောက်ရှိလာသည့်ရေလုပ်သားဒုက္ခသည်များကိုမတ်လ၂၁ရက်နေ့ကတွေ့ရစဉ်။ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့်ပင်လယ်ထဲတွင်မျောနေသောမြန်မာရေလုပ်သားများကို မြန်မာ့ရေတပ်နှင့်ငါးဖမ်းသင်္ဘာကြီးများကကယ်တင်ခဲ့ပြီးတနင်္သာရီတိုင်းကော့သောင်းမြို့နှင့်ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။(ဓာတ်ပုံ-http://burmese.nldburma.org)
အဆိုပါအရေအတွက်သည်ဖျာပုံမြို့နယ်တွင်ဖွင့်လှစ်ထားသည့်ကယ်ဆယ်ရေးစခန်း၂ ခုသို့ ဒေသအသီးသီးမှ ကယ်ဆယ် ရရှိလာပြီးသည့် လူစာရင်းဖြစ်သည်ဟု ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူ တဦးက ဧရာဝတီ သို့ ပြောသည်။
“ကျနော်တို့ဆီမှာရှိတဲ့ ရေလုပ်သားစာရင်းနဲ့ ပြန်ကယ်ဆယ်လို့ ရောက်လာတဲ့ လူစာရင်းကို နုတ်လိုက်တော့ ပျောက်ဆုံးနေတဲ့ရေလုပ်သား၇၀၀ကျော်လောက်ရှိနေသေးတယ်။ပင်လယ်ထဲမျောသွားတဲ့ ရေလုပ်သားအများစုက ဖျာပုံမြို့ထဲက များတယ်”ဟု ၎င်း က ဆိုသည်။
မတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖျာပုံ ၊ ဒေးဒရဲ ၊ လပွတ္တာ ၊ မြောင်းမြ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည့် မြို့နယ်များရှိ ရေလုပ်သားများ ပင်လယ်တွင်း မျောပါသွားခဲ့သည်။
မတ်လ ၁၄ ရက်နေ့ မှ မတ်လ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့ ၊ မွန်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံအရှေ့ဘက်မှ လေပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့် မှ လှိုင်းကြီးနိုင်ကြောင်း၊ လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တနာရီ ၃၅ မိုင် တိုက်ခတ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ သည်။
သို့သော် လေပြင်းတိုက်ခတ်မှုနှုန်းမှာ ၁ နာရီ မိုင် ၆၀ မှ ၇၀ နှုန်း ရှိခဲ့သောကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ရေလုပ်သားများသည် ကော့သောင်း ၊ ကျိုက္ခမီ ၊ ကိုကိုးကျွန်း ၊ ဟိုင်းကြီးကျွန်းနှင့် ရန်ကုန်မြို့ စသည့် ဒေသအနှံ့သို့ ရောက်ရှိ သွားခဲ့ကြောင်း သိရသည်။
“ဖျာပုံမြို့နယ်မှာတင်ကျေးရွာအုပ်စုတွေကအများကြီး၊ အဲဒီမှာ ရေလုပ်သားတွေကလည်း အများကြီးဆိုတော့ ဧရာဝတီတိုင်း တခု လုံးအနေနဲ့ တွက်ရင် ရေလုပ်သား ၁ သောင်းခွဲနဲ့ ၂ သောင်းကြားမှာ ရှိနေတယ်”ဟု ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်သွယ်ရေး ဦးစီးဌာနမှ စာရင်းအရ ခန့်မှန်းခြေ ကျေးရွာအုပ်စု ၄၃ အုပ်စု ၊ ကျေးရွာပေါင်း ၁၄၀ ၊ ကျေးရွာ ခွဲပေါင်း ၉၇ ခု ရှိကြောင်း စုံစမ်း သိရှိရသည်။
ဖျာပုံမြို့နယ်၌ အင်္ဂလန်ကျားဖောင် လုပ်ငန်း လုပ်ကိုင်သူ ၂၅၀၀ ရှိပြီး အဆိုပါ ကျားဖောင်တစီးလျှင် လူ ၃ ဦးမှ ၄ ဦး ပျမ်းမျှ လိုက် ပါလေ့သည်ဟု ဖျာပုံမြို့နယ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းက ဆိုသည်။
“ဒေသအခေါ်အရ အင်္ဂလန် ကျားဖောင် ဆိုတာ ၀ါးဖောင်အကြီးကြီးတွေဖွဲ့ပြီး ကမ်းစပ်မှာ စိုက်ပြီး ပုစွန် ၊ ငါးနုတ် ၊ ငါးသေး လေး တွေ အဓိက ဖမ်းပြီး အသက်မွေးဝမ်းကျောင်းတဲ့ သူတွေပေါ့။ ၀ါးဖောင်ပေါ်မှာ တဲအိမ်လေးတွေဆောက်ပြီး မိသားစုပါ ချက်ပြုတ်စားပြီး နေကြတာပေါ့”ဟု ဖျာပုံမြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်း မှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါ အင်္ဂလန် ကျားဖောင် လုပ်ငန်း လုပ်ကိုင်လိုပါက သက်ဆိုင်ရာ ဒေသရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ကြား ပေးဆောင်ကာ လိုင်စင်ထုတ်ယူနိုင်ကြောင်း၊ ငွေကြေးချို့တဲ့သည့် ဒေသခံအများစုမှာ ယင်း ကျားဖောင် လုပ်ငန်းဖြင့် သာ အသက်မွေးကြကြောင်း သိရသည်။
“ဒေသခံ ရေလုပ်သားအများစုကတော့ ဘာငါးဖမ်းစက်လှေမှ မပိုင်သလို ၊ ငါးဖမ်းလှေလည်း မရှိဘူး။ အားလုံးကချို့တဲ့တော့ ကျားဖောင်နဲ့ပဲ ငါးဖမ်းတာများတယ်။ ငါးဖမ်း စက်လှေက မြင်းကောင်ရေပေါ်မူတည်ပြီး ကျပ် ၁ သိန်းကနေ ၄ သိန်း ပေးရတယ် ဆိုတော့ ဘယ်သူမှလည်း မ၀ယ်နိုင်ဘူး။ အများစုကတော့ စီးပွားရေးလုပ်ငန်းရှင်တွေပဲ ပိုင်တာ များတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းတာဝန် ရှိ သူက ဆက်ပြောသည်။
ယမန်နေ့အထိ ပင်လယ်ငါးဖမ်းစက်လှေများမှ ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ကယ်ဆယ်ရရှိလာသည့် ရေလုပ်သား အရေ အတွက်မှာ ၄၀၀၀ ကျော်ရှိပြီး ယနေ့ အထိ ထပ်မံ ကယ်ဆယ်ရလာခြင်းမရှိသေးဟု ၎င်းက ဆိုသည်။
“ပထမ ခန့်မှန်းခြေ ပင်လယ်ထဲမှာ မျောနေတာ ၇၀၀၀ လောက်ရှိမယ် ထင်တာ၊ ဖျာပုံတမြို့တည်းတင် ကျားစီး ဖောင်လိုင်စင်ရှိတဲ့ အရေအတွက် ၊ ဖောင်ပေါ်ပါတဲ့ ရေလုပ်သား အပါအ၀င် သူတို့တွေက အိမ်ဆောက်နေတာဆိုတော့ မိသားစုတွေ အပါအ၀င် ခန့်မှန်းခြေ ၁၁၀၀၀ ကျော်လောက်ရှိတယ်”ဟု အထက်ပါ ငါးလုပ်ငန်းတာဝန်ရှိသူက ပြောသည်။
မတ်လ ၂၂ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် လေဘေးသင့် ရေလုပ်သားများကို ပင်လယ်ပြင်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့အထိ တပ်မတော်(ရေ)စစ် ရေယာဉ်များ၊ ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများကရေလုပ်သား ၃၃၇၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊၎င်းရေလုပ်သားများအနက်၃၁၅၂ ဦးကိုသက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော ရေလုပ်သား၂၂၂ ဦးကိုမူ တာဝန်ရှိသူများက လိုအပ်သော ဆေးဝါး ကုသမှု များ၊ အ၀တ် အထည်များ၊ စားသောက်ဖွယ်ရာများဖြင့် ထောက်ပံ့ကူညီ စောင့်ရှောက်ပေးထားကြောင်း ရေးသားထားသည်။
“ကျားဖောင်တွေက များသောအားဖြင့် ကမ်းနဲ့ ၁၅ မိုင် နဲ့ မိုင် ၃၀ လောက် အကွာ မုတ္တမ ပင်လယ်ဝ ၊ ကပ္ပလီ ပင်လယ် တွေမှာ ဆိုက်ထားပြီး ငါးဖမ်း၊ ပုစွန်ဖမ်းလုပ်ကြတာ။ ကြေညာထားတဲ့ လေတိုက်နှုန်းက ၃၅ မိုင် လောက်ပဲ ရှိမယ်ဆိုတော့ ကျားဖောင် တွေက မိုင် ၅၀ လောက် အထိ လေတိုက်နှုန်းကို ခံနိုင်တယ်။ ဒီတော့ ပုံမှန်ပဲ နေနေကြတာ”ဟု ငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။
၎င်းက ဆက်၍ “ငါးဖမ်းစက်လှေကြီးတွေ ၊ ငါးဖမ်းသဘောင်္ကြီးတွေ အများစုက အင်တာနက် က သတင်းတွေ ဖတ်တယ်။ နောက် ယိုးဒယား လိုင်းက မိုးလေ၀သ သတင်းတွေနားထောင်ဖြစ်တော့ အချိန်မီ ကမ်းကပ်နိုင်သွားတယ်။ ဒါကြောင့်လည်း ဘာမှ မဖြစ် တာ”ဟု ပြောဆိုသည်။
ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးကလည်း“တနေ့ကအထိတော့ နန်းသီတာ သဘောင်္ဆိပ်ကို ရောက်လာတဲ့ ရေ လုပ်သားတွေကို ငါးလုပ်ငန်းက စီစဉ်ပေးထားတဲ့ ကားနဲ့ နေရပ်ကို ချက်ချင်း ပြန်လွှတ်တာ”ဟု ပြောသည်။
လေပြင်း တိုက်ခတ်မှုများကြောင့် ရန်ကုန်တိုင်းအတွင်း နေအိမ် အလုံး ၁၁၀၊ တဲ ၃၈ လုံးနှင့် ဧရာဝတီတိုင်းအတွင်း အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပြီး အဆိုပါ လေ ဖိ အားနည်း ရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့၊ မွန်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျ ရောက် စဉ် ရေပြင် မြေပြင်လေသည် တနာရီ ၃၅ မိုင်မှ မိုင် ၄၀ ထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

woensdag 30 maart 2011

စစ်တပ်ကိုအင်အားတောင့်အောင်လုပ်မည်ဟုဦးသိန်းစိန်ပြော

ဖနိဒါ ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၂ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ပထမဆုံးပြောကြားသော မိန့်ခွန်းတွင် စစ်တပ်အင်အား တောင့်တင်းအောင် တည်ဆောက်သွားရမှာဖြစ်ကြောင်း အလေးထား ပြောကြားသွားခဲ့သည်။
“နိုင်ငံတော်ကာကွယ်ရေးကိုပေါ့ပေါ့တန်တန်နဲ့သဘောထားကြရင်ခေတ်သစ်ဖျက်ဆီးခံရခြင်းမျိုနဲ့ တွေ့ကြုံကြရဦးမှာ ဖြစ်ပါတယ်။ ပထဝီဝင် အနေအထားရော၊ စီးပွားရေးအရပါ အချက်အချာကျတဲ့ မိမိတို့ နိုင်ငံသည် နယ်ချဲ့လက်သစ်တွေ ဝင်ရောက်စွက်ဖက် ခြယ်လှယ်နေတဲ့ အန္တရာယ်ရှိနေတာကို အားလုံး သဘောပေါက်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် အဆင့်မီ တပ်မတော်တရပ် ရှိဖို့လိုပါတယ်" ဟု အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသွားသည်။
၁၉နှစ်ကြာအတိုက်အခံများကိုဖိနှိပ်ကာအုပ်ချုပ်သွားခဲ့ကာဗုဒ္ဓဟူးနေ့တွင်အနားယူသွားသည့်အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ၏လူယုံတဦးဟုလူသိများသောအသက်၆၆နှစ်အရွယ်ဦးသိန်းစိန်က နေပြည်တော်ရှိလွှတ်တော်အဆောက်အဦးတွင်ကြိုတင်ရေးသားလာခဲ့သောမိန့်ခွန်းကိုဖတ်ကြားသွားခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတော်ကာကွယ်ရေးမတောင့်တင်းရင်သူတပါးရဲ့အနိုင်ထက်ပြုကျင့်မှုကိုခံကြရမှာဖြစ်ပါတယ်။ ကိုယ့်မင်းကိုယ်ချင်း၊ကိုယ့်ထီးကိုယ့်နန်းနဲ့နှစ်ပေါင်းရာထောင်ချီပြီးနေလာခဲ့ကြတဲ့လူမျိုးဘဝမှ ကုန်းဘောင်ခေတ် ဇတ်သိမ်းခန်းမှာ နယ်ချဲ့လက်အောက်ကို လွယ်လွယ်ကလေးနဲ့ ကျရောက်ရခြင်ဟာ ခေတ်မီတဲ့ တပ်မတော်တရပ် မရှိခဲ့လို့ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ပြောသည်။
“လက်ရှိတပ်မတော်ကိုအင်အားတောင့်တင်းတဲ့တပ်မတော်၊အစွမ်းအစရှိတဲ့တပ်မတော်၊ခေတ်မီတဲ့ တပ်မတော်၊မျိုးချစ်စိတ်ထက်တန်တဲ့တပ်မတော်ဖြစ်အောင်အားလုံးဝိုင်းပြီးတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။နိုင်ငံတော်ကာကွယ်ရေးဟာနိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်။ဒါကြောင့်နိုင်ငံတော် ကာကွယ်ရေးကို နိုင်ငံသားအားလုံး ဝိုင်းဝန်းပြီး တာဝန်ယူကြရမှာ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန်၏ မိန့်ခွန်းတွင် ပါရှိသည်။
အရှေ့တောင်အာရှ အသင်းဝင်နိုင်ငံများတွင် အမျိုးသားဝင်ငွေ အနည်းဆုံးဖြစ်သော မြန်မာနိုင်ငံ၏ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွက် လျာထားသော စစ်အသုံးစရိတ်မှာ နိုင်ငံစုစုပေါင်း အသုံးစရိတ်၏၂၅ ရာခိုင်နှုန်းနီးပါးရှိပြီး မြန်မာကျပ်ငွေ ၁.၈ ထရီလီယံ ဖြစ်သည်။
လက်ရှိ မြန်မာ့တပ်မတော်တွင် စစ်သည်အင်အား ၄ သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး အခြေခံ ဥပဒေသစ်အရ စစ်တပ်၏ အသုံးစားရိတ်များကို လွှတ်တော်က စစ်ဆေးခွင့် မပြုဘဲ ကန့်သတ်ထားသည်။
အာဏာရှင်ဟောင်းဦးသန်းရွှေ၏ စစ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ရာထူးယူခဲ့သော ဦးသိန်းစိန်မှ စစ်အစိုးရကို ချီးမွမ်းစကားဆိုရာတွင် အဘက်ဘက်က ယိုယွင်းပျက်ဆီးနေသည့် နိုင်ငံကို အေးချမ်းသော ခေတ်မီဖွံ့ဖြိုးသော နိုင်ငံအဖြစ် ဆက်လက်တည်ဆောက်ရန် အမွေခံကောင်းများ ပေးသွားခဲ့သည်ဟုလည်း ဆိုသည်။
နိုင်ငံရေးနှင့်ပတ်သက်သည့် ပြောကြားချက်တွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ဆွေးနွေးရုံနှင့် မပြီးဘဲ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး အခြေခံကောင်းများ ပြုလုပ်ပေးရန်လိုသည်ဟု ပါရှိသည်။
ထို့အပြင်အတိုက်အခံများကိုလည်း“ကမ္ဘာ့အလယ်မှာကိုယ့်တိုင်းပြည်ဂုဏ်သရေကျဆင်းအောင် ပြုမူပြောဆိုခြင်း မပြုလုပ်ကြဖို့၊ ကိုယ့်နိုင်ငံသားတွေကို ထိခိုက်နစ်နာအောင် မပြုလုပ်ကြဖို့ လိုပါတယ်”ဟု သူက ဆိုသည်။
“ဒီမိုကရေစီကျင့်စဉ်နဲ့အညီရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ကြပြီးလုပ်ပိုင်ခွင့်အာဏာကိုတရားနည်းလမ်းကျစွာနဲ့ ရယူကြမယ်ဆိုရင် သာဓု ခေါ်ကြမှာဖြစ်တဲ့အတွက် ကျနော်တို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီး လက်ကမ်းကြိုဆိုနေမှာဖြစ်ကြောင်း” ပြောဆိုသွားသည်။
သမ္မတကအစိုးရကဝင်ရောက်စွက်ဖက်မှုရှိသောဈေးကွက်စီးပွားရေးကိုကျင့်သုံးမည်ဟုလည်း နာရီဝက်ခန့်ကြာသော မိန့်ခွန်းတွင် ပြောကြားသွားသည်။
အလုပ်သမားများအတွက်အနိမ့်ဆုံးလစာသတ်မှတ်မှုကိုမြှင့်တင်သွားမည်ဟုသဲလွန်စပေးပြောကြားသွားပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါများပြီး ကုန်ဈေးနှုန်း တည်ငြိမ်အောင် လုပ်မည်ဟုလည်း ဆိုသည်။
ထို့အပြင်လာဘ်ပေးလာဘ်ယူမှုကိုတားဆီးသွားမည်ဖြစ်ကြောင်းပြောကြားရာတွင်“လာဘ်ပေး လာဘ်ယူမှုဟာလူတဦးချင်းထိခိုက်စေရုံသာမကနိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်သိက္ခာကိုပါထိခိုက်စေတဲ့အတွက် ပြည်သူတွေရဲ့ အကူညီကို ရယူပြီး ထိရောက်စွာ တားဆီးသွားပါ့မယ်” ဟု ဆိုသည်။
ကမ္ဘာ့နိုင်ငံများတွင် အကျင့်ပျက် ခြစားမှုများကို တိုင်းတာ၍ အစီရင်ခံစာ ထုတ်ပြန်နေသော ယုံကြည်ရသည့် TransparencyInternational၏၂ဝဝ၉ခုနှစ်အစီရင်ခံစာတွင်မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နှင့် တန်းတူ ကမ္ဘာပေါ်တွင်ဒုတိယအဆိုးရွားဆုံးလာဘ်ပေးလာဘ်ယူမှုထူပြောသည့်နိုင်ငံဖြစ်သည်ဟုဆိုသည်။ အဆိုးဆုံးနိုင်ငံမှာ ဆိုမာလီ ဖြစ်သည်။
သမ္မတကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအကျယ်တဝံ့ပြောကြားသွားပြီးစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလိုအပ်ချက်များကိုဟန်ချက်ညီညီ ထိန်းညှိဆောင်ရွက်မည်ဟု ပြောသွားသည်။







ဗိုလ်ချုပ်မှူးကြီးသန်းရွှေနောက်ကွယ်မှအာဏာဆက်လက်ချုပ်ကိုင်နိုင်

လင်းသန့် Wednesday, 30 March 2011 19:25
.ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်ယနေ့မတ်လ၃၀ရက်နေ့တွင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို တရားဝင် ဖျက်သိမ်းလိုက်ကြောင်း ကြေညာသွား သော်လည်း နောက်ကွယ်မှ အာဏာအရပ်ရပ်ကို ဆက်လက်ချုပ်ကိုင်သွားမည်သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ၀ါရင့် နိုင်ငံရေးသမားကြီးများက ပြောကြားလိုက်သည်။
ယခုနှစ်မတ်လ၂၇ရက်နေ့ညတပ်မတော်နေ့အထိမ်းအမှတ်ညစာစားပွဲတွင်သံတမန်များကို နှုတ်ဆက်နေသောဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ဓာတ်ပုံ-AP)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူယူထားသော ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးလိုက်သည်။
သံတမန်ဟောင်း၊၀ါရင့်နိုင်ငံရေးသမားကြီးသခင်ချန်ထွန်းက“သူတို့ကဒီမိုကရေစီစနစ်ကို ကျင့်သုံးတော့မယ်ဆိုတဲ့ သဘောမျိုးနဲ့ နိုင်ငံရေးရာထူးတွေ ယူထားတာ မတွေ့ရတော့ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးက ဂုဏ်ထူးဆောင်အနေနဲ့ ဆက်နေမယ်ထင်တယ်။ နာမည်ရှေ့က ‘ဗိုလ်ချုပ်’ တွေ ဖြုတ်ပြီး ‘ဦး’ တွေ တပ်၊ အရပ်သားအစိုးရပုံနဲ့ လုပ်လိုက်တော့ မသိတဲ့သူတွေ မျက်စိလည်စရာပဲ။ သူ့သြဇာခံမယ့် သူတွေကိုရွေးပြီး အစိုးရသစ်ကို ဖန်တီးထားတာ။ ဦးသန်းရွှေတို့ကတော့ ဘေးကနေ မတော်မတရား မလုပ်အောင် ၀င်ပြောမယ်လို့ ကြားတာပဲ။ တိုက်ရိုက်အုပ်ချုပ်တာ မဟုတ်ပေမယ့် သွယ်ဝိုက်အုပ်ချုပ်မှာပါပဲ။ သူတို့က ရာထူးသြဇာ အကုန်စွန့်လိုက်တဲ့ပုံစံ လုပ်ပြလိုက်တာပါပဲ။ တကယ်တော့သူတို့ လုပ်ချင်သလိုလုပ်လို့ ရနေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့မှာ အာဏာမျက်နှာစာတွင် ရာထူးတစုံတရာ ယူထားခြင်းမရှိသော်လည်း နောက်ကွယ်မှ အာဏာအရပ်ရပ်ကို ဆက်လက်ချုပ်ကိုင်သွားမည်ဟု အများက သံသယ ရှိကြသည်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေ၀င်း၏ သင်ခန်းစာ ရှိသည့်အတွက် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အာဏာအရှိဆုံးအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်ဟု အကဲခတ်များက သုံးသပ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)အတွင်းရေးမှူး ဦးအေးသာအောင် က “အစိုးရသစ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ အစိုးရဆိုတော့ အစိုးရသစ်ဆိုပေမယ့် ပုလင်းအဟောင်းနဲ့အသစ် ပြောင်းလိုက်ရုံပဲ။ ဘာမှ ပြည်သူတွေအတွက် အကျိုးပြုမယ့်အစိုးရသစ် ဖြစ်လာမှာမဟုတ်ဘူး။ ဒီဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ဘာမှ ဖော်ဆောင်ထားတာ မရှိဘူး။ အစိုးရသစ်လို့ ပေါ်လာပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ နောက်ကွယ်က အာဏာကို ဆက်လက်ကိုင်စွဲသွားမှာပဲ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အတင်း အတည်ပြုလိုက်ကတည်းက ဒီလိုလုပ်လာမယ်ဆိုတာ အားလုံးကြိုသိပြီးသား။ အခုက နအဖ က ပုံဖေါ်နေတဲ့ ရုပ်သေးပြဇာတ်တပုဒ်လို့ပဲ ထင်တယ်” ဟု ပြောသည်။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်မည်ဟု သမ္မတသစ် ဦးသိန်းစိန်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး မိန့်ခွန်းရှည်တွင် ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်ကို အကောင်းဆုံး အကောင်အထည်အဖော်ရန် အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြောဆိုသွားသည်။
သခင်ချန်ထွန်းက “အရင်က ဗိုလ်ချုပ်နေ၀င်းက ဦးနေ၀င်းကို အာဏာလွှဲပေးတာ လုပ်ခဲ့တယ်။ အခုကျတော့ သူက ဦးသိန်းစိန်ကို လွှဲပေးပြီး အာဏာစွန့်တဲ့ပုံ။ သူက သမိုင်းရေးနေတာလေ။ သူဘာလုပ်ခဲ့တယ်ဆိုတာကို ရေးနေတာ။ ထွင်တာပေါ့။ ဟိုတုန်းက ဖဆပလ က လုပ်တဲ့ပုံစံမျိုးလည်း မဟုတ်ဘူး။ ဦးနေ၀င်းလုပ်ခဲ့တဲ့ပုံစံလည်း မဟုတ်ဘူး။ တမျိုးထွင်တာပေါ့။ လုပ်နေတာက သမိုင်းမှတ်တမ်းမှာ သူအာဏာအားလုံး စွန့်တဲ့ပုံပေါ့” ဟု ပြောသည်။
သမ္မတသစ်၏ပထမဆုံးမိန့်ခွန်းတွင်အစိုးရသစ်ကိုအသိအမှတ်ပြုရန်တိုက်တွန်းကြောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက်လည်း အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ဦးအေးသာအောင်က “မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေး အဖြေရှာမှ ရမှာ။ အခုလွှတ်တော်ကလည်း ဘာမှ ပြောင်းလဲအောင် မလုပ်နိုင်ဘူး။ အဲဒီ လွှတ်တော်ကနေပြီး ထွက်ပေါ်လာတဲ့ အစိုးရသစ်က အရင်အစိုးရက လူတွေပဲ၊ ဘာမှ မပြောင်းလဲဘူး။ ဒီတော့ အစိုးရသစ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာကို လုပ်မယ်လို့ မထင်ဘူး” ဟု ပြောသည်။
၂၀၁၀ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကမူ “ဒီနေ့ ကြေညာတယ်ဆိုတာပဲ သိရတယ်။ အပြည့်အစုံတော့ ကျနော်တို့က မသိသေးဘူးဗျ။ ဘယ်လိုပဲဖြစ်ဖြစ် အပြောင်းအလဲတခု ဖြစ်တယ်ဆိုရင်တော့ ကြိုဆိုရမယ်။ ဒါပေမယ့် သတိနဲ့တော့ ကြိုဆိုတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ စောင့်ကြည့်သွားရမှာပါပဲ”ဟု ဆိုသည်။
ဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရသစ်တွင်ဝန်ကြီး၃၄ဦးတို့ကဝန်ကြီးဌာန၃၀ကို ကိုင်တွယ်သွားကြမည်ဖြစ်သည်။

ချိုကုပ်ဒူးကြီးနှင့် ၀ိုင်ပုလင်း

ရန်ကုန်သားတာတေ Wednesday, 30 March 2011 20:12 ထွေရာလေးပါး
.ကနေ့ နေပြည်တော်၌ အစိုးရသစ်၊ သမ္မတသစ် ကျမ်းကျိန်ပွဲ အပါအ၀င် အပြောင်းအလဲများရှိသည်ဟု ယမန်နေ့ကတည်းက ကြားသိထားသောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ဦးလည်း သတင်းယူရန် ရောက်ရှိနေကြသည်။ ထိုပွဲသို့ ချိုကုပ်ဒူးကြီး တက် မတက်၊ စစ်ဝတ်နှင့် တက်မည်လား၊ အရပ်ဝတ် ချိတ်လုံချည်ဖြင့် တက်မည်လားဟူ၍ အငြင်းအခုံပင် ဖြစ်ခဲ့ရသေးသည်။
ကြွက်စုတ်မှာ ဖိုးရှုပ် ခေါ်လာ၍သာ မလိုက်ချင် လိုက်ချင်ဖြင့် လိုက်ခဲ့ရပြီး စားသောက်ဆိုင် တဆိုင်ရှိ တီဗီ တလုံးရှေ့၌ ရှိနေသည်။ အပြင်မထွက်ဘဲ နေချင်သည်က တကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ဂျပန် ဆူနာမီ ကြောင့် နျူကလီးယား ဓာတ်ပေါင်း ဖိုတွေ ပေါက်ကွဲပြီး ရေဒီယို ဓာတ်သတ္တိကြွမှုတွေဖြစ်၊ မြန်မာပြည်အထိ လေထဲမှာ ဓာတ်ရောင်ခြည်တွေ ပျံ့မည်၊ အက်ဆစ်မိုးတွေ ရွာမည် ဆိုသည့် ဘာဘာ ညာညာ ကောလာဟလတွေလည်း ပျံနေမဟုတ်လား၊ ဒီကြားထဲ ငလျင်တွေကလည်း လှုပ်ဆိုတော့ ကြွက်စုတ် ကြောက်သွေးဖျန်းနေခြင်းလည်း ဖြစ်သည်။
တကယ်ဆို ယခုရောက်ရှိနေသည့် စားသောက်ဆိုင်အစား မာဆတ် ဌာနီ အဲ...ရာဇ ဌာနီ လမ်းမကြီးပေါ်ရှိ မာဆတ် အနှိပ်ခန်း တခုခုတွင် နှပ်နေရရင် အကောင်းသား...ဟု ကြွက်စုတ်က အလိုမကျစွာ တွေးတောနေမိသည်။
အတွေးကောင်းနေဆဲရှိစဉ် ယခင် အစိုးရဟောင်းကို ဖျက်သိမ်းပြီး အစိုးရသစ်ကို ချိုကုပ်ဒူးကြီးက အာဏာလွှဲလိုက်သည်ဟု မြန်မာ့ ရုပ်သံက ကြေညာလိုက်ရာတွင် ကြွက်စုတ် က တီဗီ ကြည့်နေရာမှ ချက်ချင်း ထပြောလိုက်သည်။
ကြွက်စုတ်။ ။ ဟ ချိုကုပ်ဒူးကြီးက အစိုးရသစ်ကို အာဏာလွှဲတယ် ဆိုပါလား...၊ ဖိုးရှုပ် မင်းတို့ မီဒီယာတွေမှာ ပြောပြောနေတာ ချိုကုပ်ဒူးကြီးက အသက်သာ သေရင် အသေခံမယ်၊ အာဏာကို တစိတ် တခြမ်းတောင် ခွဲပေးမှာ မှုတ်ဘူးဆို...။
ဖိုးရှုပ်။ ။ ဟေ့ကောင်...ဟေ့ကောင်...အခုမှ အစပဲ ရှိသေးတာ၊ မင်းပါးစပ် မဟရင် ကောင်းမယ်...။
ထိုကြေညာချက်အပြီး မြန်မာ့ ရုပ်သံ၌ “အဆင်ပြေပါစေ မြန်မာပြည်..”စာသား ပါသည့် သီချင်းသံနှင့် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပုံကိုပြရင်း ကျန်ရှိ ကြေညာချက်များကို ဆက်လက် ထုတ်ပြန်မည်ဖြစ်ကြောင်း စာတန်း တခုက ပြေးနေသည်။
တီဗီ ကြည့်နေရင်း ရုတ်တရက် ကြွက်စုတ်က ဖိုးရှုပ်ဘက်လှည့်၍ ပြောလိုက်သည်။
ကြွက်စုတ်။ ။ မင်း ဒီလိုတော့ သူတပါးပြောဆိုခွင့်ကို မပိတ်ပင်နဲ့လေ...ဖိုးရှုပ်၊ အခု မင်းအမြင်၊ တီဗီမှာ ကြေညာသွားတာ၊ အရပ် သား သမ္မတ အစိုးရသစ် ပေါ်လာပြီလေ...။
ဖိုးရှုပ်က ပြန်ပြောမည် ဟန်ပြင်လိုက်စဉ် တီဗီတွင် ကြေညာချက် အသစ် ကြေညာလာပြန်၍ ငြိမ် နားထောင်လိုက်ရသည်။
ယခု ကြေညာချက်မှာ သမ္မတ ဦးသိန်းဂိန် အစိုးရသစ်အဖွဲ့ဝင် ၀န်ကြီးများ၏ စာရင်းဖြစ်သည်။ ၀န်ကြီးများ၏ စာရင်းတွေ ရွတ်ပြပြီး ချိန်တွင် ဖိုးရှုပ်က နှုတ်ခမ်းမဲ့ မျက်ခုံးပင့်ပြီး ကြွက်စုတ်ကို မေးငေါ့ လိုက်သည်။
ဖိုးရှုပ်။ ။ဟေ့ကောင် မင်းကြားလား...၊ အစိုးရသစ် အဖွဲ့မှာ သမ္မတက စပြီး အများစုက လူ အဟောင်းတွေနဲ့ သူတို့ စစ်အုပ်စု လူတွေချည်းပဲ၊ အဲဒါကို အစိုးရသစ်လို့ ဘယ်လို ခေါ်ရမှာလဲ...
ကြွက်စုတ်။ ။ဒါကတော့ကွာ...လုပ်နေကြအသားကျပြီးသားလူတွေဆိုတော့ လုပ်ငန်း ပိုကျွမ်းကျင်တယ်ဆိုပြီး ပြန်ထည့်တာ လည်း ဖြစ်နိုင်တာပေါ့။
ဖိုးရှုပ်။ ။ မင်းကြားဘူးမလားတော့ မသိဘူး ကြွက်စုတ်၊ ဟို ၀ိုင် အဟောင်းနဲ့ ပုလင်း အသစ်ဆိုလား...၊ ပုလင်း အဟောင်းနဲ့ ၀ိုင် အသစ် ဆိုလား...၊ အဲဒီလိုမျိုးလေ...။
ကြွက်စုတ်။ ။ တကမ္ဘာလုံး အရေး အရမ်းအရမ်းကို ကျွမ်းကျင်သူတွေ လေမျိုးနဲ့ ပြောမနေနဲ့၊ မင့် ၀ိုင်နဲ့ ပုလင်း ဘယ်လိုပဲ ဖြစ်ဖြစ်၊ တို့ တိုင်းပြည်မှာ နှစ် ၂၀ ကျော်လောက် ခေါ်စရာမဲ့နေတဲ့ သမ္မတ ဆိုတာတော့ ခေါ်စရာ ရှိလာတာ အသေအချာပဲ...။
ဖိုးရှုပ်။ ။ သြော် လက်စသတ် မင်းက သမ္မတကြီး...သမ္မတကြီးလို့ ခေါ်ရတဲ့ လျှာ အရသာ ခံချင်နေတာကိုး...၊ ချိုကုပ်ဒူးကြီး သာ ကြားလို့ကတော့ ငါးခူပြုံး၊ ငါးသလောက်ပြုံး အပြုံးမျိုးစုံ ပြုံးပြီး မင့်ကို မိန့်မိန့်ကြီး ကြည့်နေမှာ မြင်ယောင်သေး...၊ သူရွှေ့လိုက်တဲ့ ဇယားထဲ မင်းက အကောင်လိုက်ကြီး ၀င်လာလို့ လေ...။
ဖိုးရှုပ်အပြောကြောင့်ကြွက်စုတ်ဒေါကန်သွားပြီးပြန်ပက်မည်ပြင်လိုက်စဉ်ဦးရုက္ခစိုး ရုတ်တရက်ရောက်လာပြီး ကြားဖြတ်ဝင်ပြော လိုက်သည်။
ရုက္ခစိုး။ ။ဟေ့ကောင်တွေ မင်းတို့ နှစ်ကောင်က ထုံးစံလို ဖြစ်နေပြီ၊ တွေ့ရင် ကိုက်ကြ၊ မတွေ့ရင်လိုက်ရှာနဲ့၊ အခု ဘာဖြစ်နေပြန် ပြီလဲ...။
ဦးရုက္ခစိုး အမေးကို ဖိုးရှုပ်က ဦးစွာ ပြန်ဖြေလိုက်သည်။
ဖိုးရှုပ်။ ။ ဒီမှာ ဦးရုက္ခစိုးကောင် ငကြွက်၊ သူ့ဘာသူ ငတ်တာ ကျပြီး လျှာ အရသာခံချင်တာနဲ့ ကျနော့်ကို ဘုတောနေတာ...။
ရုက္ခစိုး။ ။ ဘာငတ်လို့လဲ...ဒီကောင်က...။
ဖိုးရှုပ်။ ။ သမ္မတ...
ဖိုးရှုပ်က တုံးတိတိ ဖြေလိုက်၍ ဦးရုက္ခစိုး ရုတ်တရက် ကြောင်သွားသည်။
ရုက္ခစိုး။ ။ ဘာ သမ္မတ လဲ...၊ ပေါင်မုန့်လား...ရုပ်ရှင်ရုံ လား...။
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုး ပြောမှ ပိုရှုပ်ကုန်တော့မှာပဲ...၊ တီဗီ မှာ စောစောကတင် အစိုးရဟောင်း ဖျက်ပြီး အစိုးရသစ်ကို အာဏာ လွှဲတယ်လို့ ကြေညာသွားတယ်...။
ရုက္ခစိုး။ ။ ဟေ ဟုတ်လား...ငါတောင် မသိလိုက်ဘူး...။
ဦးရုက္ခစိုးအူကြောင်ကြောင်ဖြင့်စကားစပြတ်သွားသည်ကိုအခွင့်ကောင်းယူ၍ကြွက်စုတ်က၀င်ပြောလိုက်သည်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးက နေ့လယ်နေ့ခင်းဆို တရေးတမော မှေးရင်း နတ်စည်းစိမ် ယဇ် နေတာကိုး ဘယ်သိမလဲ...၊ ကျနော်က အဆိုးထဲ က အကောင်းကို မြင်ကြည့်တာပါ၊ အခုဆို အရပ်သား အစိုးရ ပေါ်လာပြီလေ...ဟုတ်တယ် ဟုတ်၊ ဒီကောင် ဖိုးရှုပ် ဆိုတဲ့ ကောင်က အဆိုးပဲ မြင်နေတာ...။
ဖိုးရှုပ်။ ။ ဟေ့ကောင် ပြောပြန်ပြီ...၊ မင်းတော့ ငါ လုပ်လိုက်ရ...။
ဦးရုက္ခစိုးက ဖိုးရှုပ်တို့ နှစ်ဦး၏ တင်းမာလာသည့် အခြေအနေကို ကြားဝင်လိုက်သည်။
ရုက္ခစိုး။ ။ ဖိုးရှုပ်ကလည်း ဖြည်းဖြည်းပြောလေ...၊ မင်းတို့ ဟာက...။
ကြွက်စုတ်။ ။ဦးရုက္ခစိုးပဲစဉ်းစားကြည့်ဒီကောင်ကကြီးကြီးကျယ်ကျယ်နဲ့ပြောတယ်လေ...၊အစိုးရ အဟောင်းနဲ့ အသစ်က ဘာမှ မထူးတဲ့ ပုံမျိုး...၊ ၀ိုင် အဟောင်းနဲ့ ပုလင်း အသစ်၊ ပုလင်း အဟောင်းနဲ့ ၀ိုင် အသစ် ဘာညာနဲ့လေ...။
ဤတွင် ဦးရုက္ခစိုး ဇာတ်ရည်လည်စ ပြုလာသည်။
ရုက္ခစိုး။ ။သြော်မင်းတို့ပြဿနာကိုငါသိသွားပြီ၊အေး..ကွတကယ်တော့ကြွက်စုတ်ရ ရွေးဂေါက်ပွဲ အဖြေကနေ လွှတ်တော်အစည်းအဝေးတွေကိုပဲ ကြည့်ရင်စစ်အုပ်စုနဲ့သူတို့လူတွေချည်းပဲ...၊ အမတ်တွေမှာဘာမှ မယ်မယ်ရရပြောဆိုလုပ်ပိုင်ခွင့်မရှိလို့ခမျာများ စိတ်ပျက်နေကြတာ၊ အခုဆို သူတို့ အိမ်ပြန်ရမှာမို့ ပျော်နေကြတယ်လို့တောင် ကြားတယ်...။
ပြောရင်း ဆိုရင်းနှင့် ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့ သဘောထား နီးစပ်လာသည်ကို သတိထားမိလိုက်၍ ကြွက်စုတ် ကမန်းကတန်း ၀င်ဖြတ်ပြောသည်။
ကြွက်စုတ်။ ။ ဒီလိုပါ ၊ ကျနော် ပြောတာက အပြုသဘောပါ၊ ဦးရုက္ခစိုးပဲ စဉ်းစားကြည့် စစ်တပ်ရာနှုန်းပြည့်၊ နေရာပြည့် ၊ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် စိမ်းစိမ်း စိမ်းစိမ်း ဖြစ်နေရာကနေ အခု အရပ်သား ပုံစံ လုပ်လာနေရပြီလေ...။
ဖိုးရှုပ်။ ။ အဲဒါဟန်ပြ ၊အယောင်ဆောင်၊ချွတ်စွပ်အစိုးရလုပ်ထားတာဆိုတာလူတိုင်းသိတယ်...၊မင်းသာငတုံး မို့လို့...။
ရုက္ခစိုး။ ။ ဟေ့ကောင် ဖိုးရှုပ်...ရှင်းရှင်း ပြောစမ်း မင့်ဟာက၊ ဘာ ချွတ်စွပ် လဲ...။
ကြွက်စုတ်။။သူပြာတာကစစ်ယူနီဖောင်းချွတ်အရပ်သားဝတ်စုံစွပ်ပြီး အယောင်ဆောင်တယ်လို့ပြောချင်တာ...၊ဒီကောင်ကသတင်းလေးဘာလေးမတောက်တခေါက် ရေးတတ်တာနဲ့ လေကြီး လေကျယ်တွေ လုပ်နေတာ...။
ထိုအချိန်ကျမှ ဦးရုက္ခစိုးက သူ၏ အမြင်ကိုပြောချလိုက်သည်။
ရုက္ခစိုး။ ။ မင်းတို့ နှစ်ယောက်စလုံးနဲ့ကို ငါ သဘောထား ကွဲလွဲနေတယ်...၊ ချွတ်စွပ်လည်း မဟုတ်ဘူး...၊ ၀ိုင် အဟောင်းနဲ့ ပုလင်း အသစ်လည်း မဟုတ်၊ ပုလင်း အဟောင်းနဲ့ ၀ိုင် အသစ်လည်း မဟုတ်ဘူး...၊ ချိုကုပ်ဒူးကြီးက ၀ိုင် ပုလင်းကို တံဆိပ် အသစ်နဲ့ အဟောင်း ပြောင်းကပ် ပေးလိုက်တာပါ ကွာ...။
ဤတွင် ၎င်းတို့ ၃ ဦးမှာ ဟိုအရေး ဒီအရေး ကျွမ်းကျင်သူများ ပြောသည့် ၂ ဦးရှိက ၃ စုကွဲ၊ ၃ ဦးရှိက ၄ စုကွဲ ဆိုသကဲ့သို့ အဖြစ်ကို ရောက်ရှိ သွားလေတော့သည်။
ထွေရာလေးပါးကဏ္ဍသည်Satireခေါ်သရော်စာကဏ္ဍဖြစ်ပါသည်။သတင်းအချက်အလက်အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

dinsdag 29 maart 2011

ငလျင်ကြောင့်တပ်တွင်းသေပျောက်သတင်းအမှောင်ချ

လင်းသန့် Tuesday, 29 March 2011 16:40
ရှမ်းပြည်နယ်ငလျင်ကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိသွားပြီဖြစ်ပြီး စစ်တပ်အတွင်း လူအသေ အပျောက်နှင့် ပတ်သက်၍ သတင်း ပေါက်ကြားမှု မရှိစေရန် လမ်းပန်း ဆက်သွယ်ရေးနှင့် ကူးသန်းသွားလာမှုများကို စစ်တပ်က တင်းကျပ်စွာကန့်သတ် ထားသည်ဟု သိရသည်။
ငလျင်ဒဏ်ခံတာလေမြို့ကူညီရေးလုပ်ငန်းခွင်တွင်မတ်လ၂၆ရက်ကတွေ့ရသည့်နအဖတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-Reuters)
မိုင်းဖြတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)၁၈တွင်သေဆုံးသူ၂၀ကျော်နှင့်တာလေ အခြေစိုက်ခြေမြန်တပ်ရင်း(ခမရ)၃၁၆တွင်ဘန်ကာများ၊ အဆောက်အအုံများ ပြိုကျ ပျက်စီးပြီး စစ်သားနှင့်မိသားစုဝင်၃၀ကျော် သေဆုံး သွားခဲ့သည့် တပ်တွင်း သတင်း ပေါက်ကြားမှု မရှိစေရေးအတွက် ထိုသို့ တင်းကျပ်ခြင်းဖြစ်သည်ဟု ဒေသခံများကပြော ဆို သည်။
“ဗိုလ်ချုပ်အောင်သန်းထွဋ်၊ကယ်ဆယ်ရေးဝန်ကြီးနဲ့တိုင်းမှူးရောက်လာတယ်၊တပ်ထဲက အသေအပျောက်စာရင်းနဲ့ပတ်သက်ပြီးသူတို့အထက်ကလူကြီးတွေကိုမသိစေချင်လို့ တပ်ရင်းအာဏာပိုင်တွေကိုသေချာပြောသွားတယ်ကြားတယ်၊နောက်နှစ်ရက်သူတို့ဆီမှာ ခေါင်း မလောက်လို့ လာယူသွားတာက၂၀လေ၊ကြည့်ရတာ တပ်တွင်းက သေဆုံးသူဒီ ထက် များတယ် ထင်တယ်”ဟု အဆိုပါ တပ်များသို့ လူသေအလောင်း ထည့်ရန် ခေါင်းပို့ပေးခဲ့ရသည့် ဒေသခံတဦးက ဧရာဝတီ ကိုပြောသည်။
တပ်တွင်းမှ သေဆုံးသူစာရင်းနှင့် ထိခိုက်ဒဏ်ရာ ရသူများနှင့် ပတ်သက်ပြီး ဧရာဝတီ က စစ်တပ် တာဝန်ရှိသူများကို ကြိုးစား ဆက်သွယ်သော်လည်း ယခုအထိ ဆက်သွယ်၍မရသေးပေ။
“မိုင်းဖြတ်တပ်ထဲက သေဆုံးသူက တော်တော်များတယ်ထင်တယ်၊ ဒီသတင်းကို အတော်ဖုံးဖိနေတယ်၊ သေဆုံးသူ အနည်းဆုံးတော့ အဲဒီမှာ ၂၀၊ ၃၀ ပဲ၊ ကြိတ်လုပ်နေကြတယ်”ဟု နယ်မြေခံ စစ်တပ်နှင့် နီးစပ်သူ တဦးက ဆိုသည်။
ထို့အပြင် လုံခြုံရေးစိုးရိမ်မှုများနှင့် လမ်းပျက်စီးမှုများကြောင့် သွားလာရေးခက်ခဲနေသော မိုင်းကိုင်ရွာသည် ငလျင်ဒဏ်ကို တရွာလုံး ခံစားလိုက်ရပြီး ယခုအချိန်အထိ ကယ်ဆယ်ရေးများ မရောက်ရှိသေးဟု သိရှိရသည်။
“မိုင်းကိုင်ရွာက အိမ်ခြေ ၇၀ ကျော် ၈၀ လောက်ရှိတယ်၊ အဲဒီက သွားရေးလာရေးခက်ခဲတယ်၊ တရွာလုံး သေသွားတယ် လို့ အဲဒီကပြန်လာတဲ့သူကပြောတယ်၊ တကယ် ဦးတည်လှုပ်တာက အဲဒီကိုဦးတည်တာ၊ တာလေက အရောက်အပေါက် လွယ်တော့ တာလေ သတင်းပဲ လူသိများသွားတာပေါ့”ဟု ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူ တဦးက ပြောပြသည်။
မတ်လ ၂၆ ရက်ထုတ် အစိုးရသတင်းစာများ၌ တာချီလိတ်မြို့၊ တာလေ မြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် အိမ်ခြေ ၂၂၄ လုံး၊ ၆ ခန်းတွဲ လူနေ တိုက်ခန်းတွဲတခု၊ သာသနိက အဆောက်အအုံ ၁၁ ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံး ပြိုကျ ပျက်စီးခဲ့ပြီး သေဆုံးသူပေါင်း ၇၃ ဦး နှင့် ထိခိုက် ဒဏ်ရာရသူ ၁၂၅ ဦးရှိသည် ဟု ဖော်ပြထားသည်။
ယခုအခါ ဒဏ်ရာရ အရပ်သားလူနာများကိုပါ သတင်းထောက်များနှင့် မတွေ့စေလိုသောကြောင့် တပ်တွင်းစခန်းများသို့ ပြောင်းရွှေ့ထား၍ ငလျင် ဒုက္ခသည်များနှင့် ကူညီကယ်ဆယ်ရေး အစီအစဉ်များလဲ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။
“အခုထိ နိုင်ငံတော်ဆိုတဲ့သူတွေဆီက ဘာမှထိရောက်တဲ့အကူအညီတွေ မလာသေးပါဘူး၊ အခုပိုဆိုးတာက လူနာ အား လုံး လိုလိုကို တာလေအခြေစိုက် ၃၁၆ တပ်ရင်းနဲ့ မိုင်းလင်း အခြေစိုက် တပ်ရင်း ၅၇၁ တို့ကို ပြောင်းပစ်လိုက်တယ်၊ ပြော တာတော့ ပြည်ပ သတင်းထောက်တွေ လာကြလို့ သတင်းပေါက်ကြားမှာ စိုးလို့ ကြားတာပဲ” ဟု တာလေ ဒေသခံ တစ်ဦး က ပြောပြသည်။
ငလျင်ကယ်ဆယ်ရေး လုပ်ဆောင်နေကြသော အလှူရှင်များသည်လည်း ကယ်ဆယ်ရေး ပစ္စည်းများ ဒုက္ခသည်များထံ ရောက်ရှိရေးအတွက် အခက်အခက်များစွာရှိနေကြောင်း သိရသည်။
“တတ်နိုင်တဲ့သူတွေကအထုပ်တွေအများကြီးနဲ့လာလှူတာမျိုးတွေရှိတယ်၊ဒုက္ခသည်တွေဆီကို တိုက်ရိုက်ပေးခွင့် မရှိဘူး၊ နည်းနည်းလောက် တခါစား၊ နှစ်ခါစားမျိုးလောက်ဆိုရင်တော့ သူတို့က ခွင့်ပြုတယ်”ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။
အစိုးရ သတင်းစာများ၌မူ ငလျင်ဒေသ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဓာတ်ပုံများနှင့် တကွ ဝေေ၀ ဆာ ဆာ ဖော်ပြနေသည်။
နေပြည်တော်မှဗိုလ်ချုပ်တဦးနှင့်တိုင်းမှူးတို့လာပြီးနောက်ပျက်စီးလမ်းများကို ယာယီသွားလာနိုင်ရေးအတွက် အရေးပေါ် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်ဟု အမည်မဖော်လိုသူ ဒေသ အာဏာပိုင်တဦးက ပြောသည်။
“စစ်သားတချို့ကယ်ဆယ်ရေး လာလုပ်ပေးတာတော့ရှိတယ်၊ သူတို့က အဆောက်အအုံပျက်တွေမှာ ရွှေငွေနဲ့ အဖိုးတန် ပစ္စည်းတွေကိုပဲရှာကြတာ၊ လူကိုလာကယ်တာမဟုတ်ဘူး၊ နောက် အဆောက်အအုံ ရှင်းတဲ့ ကားကြီး ၂ စီးပဲ လာတယ်၊ အဲဒါကလဲ ပိုက်ဆံရှိတဲ့၊ ရာထူးရှိတဲ့အိမ်ကိုပဲ အရင်လုပ်ပေးတာ”ဟု ငလျင်ဒဏ်ခံ ဒုက္ခသည်တဦးက ပြောသည်။
အစိုးရ၏ ထိရောက်သည့် အကူအညီမျိုး မရကြောင်းနှင့် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်မိရပ်ဘများ၏ လာ ရောက် ပေးပို့သော အကူအညီမျိုးသာ ရနေကြောင်း ဒေသခံများက ပြောဆိုသည်။
ရပ်မိရပ်ဘများဦးစီးပြီး ကူညီကယ်ဆယ်ရေးများ ဆက်လုပ်နေကြောင်း၊ ဒေသခံ တချို့မှာမူ ငလျင်ငယ်ကလေးများ ယခု အချိန် အထိဆက်လှုပ် နေသေးသည့်အတွက် လမ်းဘေး၌ အိပ်နေကြရကြောင်း၊ ကယ်ဆယ်ရေးစခန်းကို အစိုးရ အာဏာ ပိုင်များက ဖွင့်လှစ်ထားသော်လည်း ကူညီကယ်ဆယ်ရေး ပစ္စည်းများကို တိုက်ရိုက်ပေး၍မရဘဲ စစ်တပ်ကို ပေးခဲ့ရကြောင်း အလှူရှင်တဦးကလည်း ပြောသည်။
“စစ်တပ်က သူတို့ကို ပေးခဲ့ရတဲ့ ဒီပစ္စည်းတွေကို ငလျင်ဒုက္ခသည်တွေ လက်ထဲပေးမယ်လို့ ကံသေကံမ မပြောနိုင်ဘူး၊ ဒါပေမယ့် ရေတို့၊ ခေါက်ဆွဲခြောက်တို့က တကယ်ဒုက္ခသည်တွေ အခုလက်ငင်းလိုနေတာ၊ သူတို့လက်ထဲ တိုက်ရိုက် ပေးချင် ခဲ့ပေမယ့်မရဘူး၊ ကိုယ်ကစေတနာ ပြတ်ထားပြီးသားမို့ရောက်ပါစေ ဆုတောင်းပြီးပေးခဲ့တယ်”ဟု ၎င်းက ဆိုသည်။
ဒေသအာဏာပိုင်တချို့နှင့်စစ်တပ်အရာရှိတချို့က ဒုက္ခရောက်နေသူများကို ကယ်ဆယ်ရေးလုပ်သည်ထက် ကယ်ဆယ် ရေး ပစ္စည်းများကို အလွဲသုံးစားလုပ်မှုများရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။
“အစိုးရကဘာမှ မကူတဲ့အပြင် ကျမတို့ကို လာလှူတဲ့ဟာတွေကိုသူတို့စခန်းမှာ သိမ်းထားလိုက်တယ်။ သူတို့ကလာ ကြည့် သွားပြီး ဓာတ်ပုံအရိုက်ခံတာလေ၊ လာဝေတဲ့ ရေသန့်ဘူး၂လုံးနဲ့ ခေါက်ဆွဲခြောက်၂ ထုပ် ကျမ ဒီနေ့ရတယ်”ဟု ဒေသခံ ဒုက္ခသည် အမျိုးသမီးတဦးက ပြောသည်။
ယခုအချိန်အထိ ငလျင်ဘေးသင့်ဒေသ တခုဖြစ်သော ကျကူနီကျေးရွာ သို့ ကူညီကယ်ဆယ်ရေး အဖွဲ့များ မရောက်ရှိသေး ကြောင်း သိရသည်။
အဆိုပါငလျင်ဒဏ်ခံ ဒေသသည် ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S)၊ “၀”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊လားဟူနယ်ခြားစောင့်တပ်ဖွဲ့များအခြေစိုက်လှုပ်ရှားရာဒေသဖြစ်နေသဖြင့် အစိုးရစစ်တပ်ကကူညီကယ်ဆယ်ရေးအဖွဲ့များအားလုံခြုံရေးအရသွားရောက်ခြင်းမပြုရန် တားမြစ်ထားသည်။
နောက်ဆုံးရ သတင်းများအရ တာချီလိတ်၊ တာလေ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ် ကားလမ်းများကို ယာယီပြင်ဆင်မှုများပြုလုပ်ပြီးနောက် ယာဉ်ငယ်များကို အစိုးရ လုံခြုံရေးတပ်ဖွဲ့များက စတင်သွားလာခွင့်ပြုလိုက်သည်ဟု သိရသည်။
ထိုင်းနိုင်ငံဘက်မှ အကူအညီပေးရေးကမ်းလှမ်းမှုများလည်း ရှိကြောင်း၊ ရန်ကုန်မှ ပြည်တွင်း သတင်းထောက်များလည်း ရောက်ရှိနေကြပြီး တချို့နေရာများကို သွားလာခွင့်မပြုသေးကြောင်း သိရသည်။
“မယ်ဆိုင်ကထိုင်းအရာရှိတွေက သူတို့ကို နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို တောင်းဆို ထားတယ်လို့ သိရတယ်။ ရမယ် မရဘူးမသိဘူး၊ အခုထိတော့ ထိုင်းဘက်က နားလည်မှုနဲ့ဝင်လာတဲ့ အကူ အညီတချို့ပဲ ရတယ်”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ မြန်မာ လူမျိုး တဦးက ပြောသည်။
သဘာဝ ဘေးဒဏ်နှင့်ပတ်သက်၍ စစ်အစိုးရအနေဖြင့် ယခုအချိန်အထိ ထိရောက်မြန်ဆန်စွာ ကူညီကယ်ဆယ်ရေးအတွက် လေ့ကျင့်သင်ကြားပေးမှုများမရှိသကဲ့သို့ ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်များလည်း မရှိသေးပေ။
၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူး တိုင်း၊ တနင်္သာရီတိုင်း၊ မွန် ပြည်နယ် တို့တွင် အနည်းဆုံးလူပေါင်း ၁၃၄,၀၀၀ ကျော် သေကြေပျက်စီးခဲ့ပြီး အိုးအိမ်၊ လယ်ယာ၊ ရေလုပ်ငန်းသုံး လှေ၊ သမ္ဗန် ၊ သင်္ဘောများစွာလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။
အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန် စသည့်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်ရိုက်ဝင်ရောက်ကူညီပေးရန် ကမ်း လှမ်းချက်များကိုလည်း စစ်အစိုးရက ငြင်းဆန်ခဲ့သောကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် လာရောက်ပြီး အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများ လက်ခံရန် တိုက်တွန်းပြောကြား ခဲ့ရသည်။
ထို့အပြင် ကယ်ဆယ်ရေးပစ္စည်းများကို ဒုက္ခသည်များထံသို့ တိုက်ရိုက်ပေးသည်ကိုလက်မခံဘဲ အစိုးရ အာဏာပိုင်များမှတဆင့်သာ လက်ခံခဲ့သည်။ ယခုအချိန် အထိ နာဂစ်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းများမှာ လွတ်လပ်စွာလုပ်ဆောင်ခွင့် မရရှိသေးပေ။

အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်

ခင်ဦးသာ Tuesday, 29 March 2011 18:01
.စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် မတ်လ ၃၀ ရက်တွင် တနိုင်ငံလုံး၌ တပြိုင်တည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းကရန်ကုန်မြို့လမ်းဖွင့်ပွဲတခုတွင်မိန့်ခွန်းပြောနေသော အစိုးရသစ်ခေါင်းဆောင်ဝန်ကြီးချုပ်ဦးသိန်းစိန်ကိုတွေ့ရစဉ်(ဓာတ်ပုံ-အေပီ)
“မနက်ဖြန် ၁၀ နာရီအရောက်လို့ ဖိတ်စာပေးထားပါတယ်၊ ဒါပေမယ့် ကျမ်းကျိန်ပွဲ လုပ်မယ်ဆိုတာက လွဲပြီး ဘယ်အချိန်၊ ဘယ်လို ဆိုတာကို ဘာမှသေချာ မသိရသေးပါဘူး”ဟု ချင်းအမျိုးသား ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောသည်။
ပြည်နယ် ကိုယ်စားလှယ်များအား ဖိတ်ကြားစာ၌ မည်သည့် အကြောင်းအရာမှ ရေးမထားဘဲ နံနက် ၁၀ နာရီ အရောက် အစည်းအဝေး တက်ရောက်ရန်ဟုသာ ရေးသားထားကြောင်း သိရသည်။
“ကျမ်းကျိန်မယ်ဆိုတာသေချာပြောတာမဟုတ်ပေမယ့်နောက်နေ့အစည်းအဝေးလုပ်မယ်ဆိုရင် ကြိုပြောတယ်၊ကြံ့ခိုင်ရေးအမတ်တွေအပြောအရကျမ်းကျိန် မယ်ဆိုတာ သိရတာပါ”ဟု နေပြည်တော်ရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး က ဧရာဝတီ ကိုပြောသည်။
မနက်ဖြန်ပြုလုပ်မည့် ကျမ်းကျိန်ပွဲ၌ အစိုးရသစ်တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးဌာနနှင့်ဝန်ကြီးများ၏ အမည်စာရင်း ကိုပါ ပူးတွဲ ကြေညာသွားမည်ဟု သိရကြောင်း ကိုယ်စားလှယ်များက ပြောသည်။
ဝန်ကြီးအမည်နှင့်ဌာနကို တွဲဖက်မသိရသေးသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်ရှိဝန်ကြီး ဦးကျော်ဆန်း၊ ကျန်းမာ ရေး ၀န်ကြီးဌာနကို ဒေါက်တာ ဖေသက်ခင်၊ ဌာနအသစ်ဖြစ်သော စက်မှုနှင့်ဖွံ့ဖြိုးရေးဌာနကို UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က တာဝန်ယူမည်ဟု သတင်းများထွက်နေကြောင်း နေပြည်တော်ရှိ ကိုယ်စားလှယ်များက ပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနကို ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင် က တာဝန်ယူမည်ဟု သိရပြီင်္း လက်ရှိ တာဝန်ယူထားသော ၀န်ကြီးအများစု က ၎င်းတို့၏ လက်ရှိဝန်ကြီး ဌာန၌ပင် ဆက်လက်တာဝန်ယူသွားကြမည်ဟု သိရသည်။
“လုပ်လက်စတွေ ဖြစ်နေတာရယ်၊ အတွေ့အကြုံရှိတာတွေကြောင့် သူ့တို့နေရာ သူတို့ပဲ ပြန်ခန့်ထားမယ်လို့ သိရတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ကိုယ်စားလှယ်တဦးက ပြောသည်။
အစိုးရသစ်သည် ဧပြီ လဆန်း ၁ ရက်မှ စတင်၍ တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အစိုးရသစ်ကျမ်းကျိန်မည့် အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များအား အသိမပေးခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)၏ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က“အခုကာလက တပ်မတော်ကနေ သမ္မတ စနစ်ကိုပြောင်းတဲ့ကာလဆိုတော့ ဝေဖန်လို့ မရသေးဘူးပေါ့၊ နောင်လာမည့် အစည်းအဝေးတွေမှာတော့ ဒီလိုကိစ္စမျိုးကို ပွင့်ပွင့် လင်းလင်းထောက်ပြလို့ ရမှာပါ”ဟု ဆိုသည်။
အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုမည့်အကြောင်းအား ကိုယ်စားလှယ်များကို အသိမပေးခြင်းပေါ် နားမလည်နိုင်ဟု ကိုယ်စားလှယ်များက ဆိုသည်။
“ဒု ၀န်ကြီးခန့်ထားမယ့် အငြိမ်းစား ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေလည်း လွှတ်တော်ထဲမှာ ဧည့်သည်အဖြစ် တက်ရောက် လာနေကြတာ တွေ့ရတယ်၊ မနက်ဖြန် အသေးစိတ် ကြေညာသွားမယ် ထင်တယ်”ဟု RNDP ကိုယ်စားလှယ်က ပြောသည်။
မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့အား ခမ်းနားစွာ မကျင်းပခြင်းကို ငွေကုန်ကျမှု သက်သာ သည်ဟု သာ လွှတ်တော်ကိုယ်စားလှယ်များက ယူဆပြီး စိတ်ဝင်စားမှု မရှိကြကြောင်း၊ စစ်တပ်ကို ခမ်းနားစွာ ထုတ်မသုံးသော်လည်း စစ်တပ်ကသာ ဆက်လက် အုပ်ချုပ်နေသည့် သဘောကို လွှတ်တော် အစည်းအဝေးများက သက်သေပြသွားကြောင်း ကိုယ်စားလှယ်များက ဝေဖန်ကြသည်။
လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးသစ်၏ ကျမ်းကျိန်ပြီးသည်နှင့်မိမိတို့ အိမ်ကိုပြန်ရန် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။ ၎င်းတို့၏ အပြန်ခရီးစရိတ်နှင့် ခရီးစဉ်အတွက် အဆင်သင့် စီစဉ်ထားပြီး ဖြစ်သည် ဟုလည်း ပြောဆိုကြသည်။
အစိုးသစ်တာဝန်ယူတော့မည်ဖြစ်၍ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန် နှင့် တခြားသော ဒေသများ၌ ယနေ့တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟု ဆိုင်းဘုတ်သစ်များကို ပြောင်းလဲ တပ်ဆင် လိုက် ကြောင်း သိရသည်။
အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို နိုင်ငံတကာ၌ ခမ်းနားစွာကျင်းပပြီး ပြည်တွင်းပြည်ပ မီဒီယာများ၊ ရုပ်သံများကို ဖိတ်ကြား၍ ထုတ်လွှင့်ပြသလေ့ ရှိသော်လည်း စစ်တပ်မှ သမ္မတ စနစ်သို့ကူးပြောင်း၍ ဒီမိုကရေစီ လမ်းကြောင်းကို သွားမည်ဟု ကြွေးကြော်နေသော မြန်မာစစ်အစိုးသည် သတင်းမီဒီယာကို အမှောင်ချထားဦးမည်ဟု ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက် တဦးက ဆိုသည်။
မီဒီယာကို ထိန်းချုပ်ထားသော စစ်အစိုးရ၏ စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဖြစ်ခဲ့သူ ဦးတင့်ဆွေကမူ အနုပညာ ရသ သုတ၊ အားကစား၊ ကလေးစာပေ၊ ဂမ္ဘီရ၊ ကျန်းမာရေး၊ နည်းပညာ စသည့် အမျိုးအစားများကို စာပေစိစစ်ရေးသို့ တင်ပြစရာ မလို တော့ ဘဲ ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သတင်းစာ၏ လွတ်လပ်ခွင့်သည် အစိုးရသစ် အပေါ်မူတည်ကြောင်း ပြည်တွင်း မီဒီယာများကို ပြောဆိုထားသည်။
“တင်ပြစရာ မလိုတော့ဘူး ဆိုတဲ့စာတွေက ကလေးစာပေတွေ၊ နိုင်ငံရေး မဟုတ်တဲ့ စာပေတွေပါ၊ ဒါကို စိစစ်ရေး မတင်ရတာ သတင်းစာ လွတ်လပ်ခွင့်ပေးတာမှ မဟုတ်ဘဲ”ဟု အထက်ပါ သတင်းထောက်က ပြောသည်။

စိစစ်ရေး ကင်းလွတ်ခွင့် သတင်းဂျာနယ်များ မပါ

ဟိန်းသူ Tuesday, 29 March 2011 19:08
“အရပ်သား”အစိုးရသစ်ပေါ်ပေါက်လာပါကအခြေခံဥပဒေသစ်အရမီဒီယာများအပေါ်ထိန်းချုပ်မှု လျှော့ပေါ့ပေးသည့်အနေဖြင့်စာပေအမျိုးအစား၆မျိုး ကို စာပေစိစစ်ရေး ကင်းလွတ်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်ယမန်နှစ်ရွေးကောက်ပွဲကာလအတွင်းကတွေ့ရသောဂျာနယ်အရောင်းဆိုင်တခု(ဓာတ်ပုံ-AP)
အနုပညာ သုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာ စသည့် စာပေ အမျိုးအစား ၆ မျိုး နှင့် အကျုံးဝင်သော ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးချင်းဝထ္ထုများနှင့် ရုပ်ပြများကို စာပေစိစစ်ရေး မတင်ရဘဲ ထုတ်ဝေခွင့် ရတော့မည်ဖြစ်ကြောင်း ဂျာနယ် ကိုယ်စားပြု ကော်မတီ ဥက္ကဋ္ဌ ဦးကိုကို(စက်မှုတက္ကသိုလ်) က ပြောသည်။
“ထုတ်ခွင့်ရမယ့် ရက်ကိုတော့ အတိအကျမသိရသေးပါဘူး။ အစိုးရသစ်က စပြီး ညွှန်ကြားတဲ့ နေ့မှာ လုပ်ခွင့်ရမယ်လို့ သိထားပါတယ်။ ကျန်ပိတ်ပင်ထားတဲ့ စာပေအမျိုးအစားတွေကိုလည်း တဆင့်ပြီးတဆင့်ဖွင့်ပေးမယ်လို့ ပြောထားပါတယ်”ဟု ဦးကိုကိုကပြော သည်။
ယခု အစီအစဉ်အရ ကင်းလွတ်ခွင့် ပေးမည်ဆိုပါက လက်ရှိ မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ် ၁၇၂စောင်၌၈၄စောင်၊မဂ္ဂဇင်း ၁၈၄ စောင်၌ ၁၁၃ စောင်တို့မှာ စာပေစိစစ်ရေး တင်စရာမလိုတော့ကြောင်း ပြည်တွင်း မီဒီယာသမားများက ခန့်မှန်း နေကြသည်။
စာပေစိစစ်ရေးသို့ ကြိုတင်ရန် မလိုဟု ဆိုသော်လည်း ပုံနှိပ်ပြီး အချော ဂျာနယ်များ၊ စာအုပ်များကိုမူ စာပေစိစစ်ရေးသို့ တင်ပြရ မည်ဖြစ်သည်။
နိုင်ငံရေး၊စီးပွားရေးနှင့်အစိုးရမူဝါဒများကိုဝေဖန်သောအကြောင်းအရာများ ပါဝင်လေ့ရှိသည့် စာပေများမှာမူ ကင်းလွတ်ခွင့် ပေး မည့် စာရင်းထဲ မပါဝင်သေးပေ။
ကြိုတင် စိစစ်ရေး မတင်သည့်အတွက် “မိမိဘာသာ ဆင်ဆာဖြတ်မှု”လုပ်ရတော့မည် ဖြစ်ကြောင်း၊ သတင်းများ မှားယွင်းဖော်ပြ လျှင် စာပေစိစစ်ရေး ဥပဒေများ၊ အသရေဖျက်မှု ဥပဒေများ၊ ဌာနဆိုင်ရာကို အကြည်ညိုပျက်အောင် လုပ်မှု၊ မှားယွင်းသည့် သတင်း ဖော်ပြမှု စသည့် ဥပဒေကြောင်းအရ အရေးယူခံရဖွယ်ရှိကြောင်း ဦးကိုကိုက ပြောသည်။
“စာပေစိစစ်ရေး မရှိတဲ့အတွက်ကြောင့် ပြဿနာတွေဖြစ်လာရင်ကိုယ့်ဟာကိုယ် ရင်ဆိုင်ကြရမှာပဲ။ ရေးသားတဲ့သူတွေရော၊ အယ်ဒီတာတွေရော၊ ထုတ်ဝေသူတွေရော တာဝန်ကြီးလာတယ်။ အရင်က စာပေစိစစ်ရေးက ဖြုတ်မလား၊ မဖြုတ်ဘူးလား စဉ်းစားရတယ်။ အခုတော့ ကိုယ်တရားစွဲခံရနိုင်လား၊ မစွဲခံရနိုင်ဘူးလား စဉ်းစားရမယ်။ ဒါကြောင့် ကိုယ့်ဘက်က ကျင့်ဝတ်နဲ့ ဥပဒေကို နားလည်ပြီး လိုက်နာနိုင်မှ တော်ရာကျမယ်”ဟု ဦးကိုကိုက ရှင်းပြသည်။
ဥပဒေပညာရှင်များကို ဂျာနယ်တိုက်များတွင် ထားရှိရန် လိုအပ်ကြောင်းလည်း သူက ပြောသည်။
စိစစ်ရေး တင်ပြရမည့် သတင်းဂျာနယ်တစောင်မှ အမှုဆောင်အယ်ဒီတာ တဦးက“ဘာဘဲ ပြောပြော ကျမတို့ မရနိုင်ရင်တောင်မှ တခြား ကင်းလွတ်တဲ့ မဂ္ဂဇင်းတွေ ဂျာနယ်တွေ လုပ်ရ ကိုင်ရတာ ပိုအဆင်ပြေသွား နိုင်တာပေါ့။ ဒါဟာ ကောင်းတဲ့ ခြေလှမ်း တရပ်ပဲလို့ ထင်ပါတယ်”ဟု ပြောသည်။
အားကစားဂျာနယ် အယ်ဒီတာ တဦးကလည်း“အခုလို ကျနော်တို့ အားကစားဂျာနယ်တွေ စိစစ်ရေးလွတ်မယ်လို့ သိရလို့ တော် တော်လေး ၀မ်းသာပါတယ်။ အစောကြီး ကတည်းက လုပ်ပေးသင့်တာပါ”ဟု ပြောသည်။
ပြည်ပအခြေစိုက်မြန်မာ့သတင်းသမဂ္ဂဒုတိယဥက္ကဋ္ဌဦးဇင်လင်းကမူယခုကဲ့သို့ပြုလုပ်ပေးခြင်းမှာ နိုင်ငံရေးအပြောင်းအလဲမလုပ်ချင်သည့်အတွက်ကျန်အပေါ်ယံအခြေအနေများကို အလှည့်အပြောင်းဖြစ်စေရန် လုပ်ပြခြင်းသာဖြစ်သည်ဟု ပြောဆိုသည်။
“တကယ့်အနှစ်သာရအပြောင်းအလဲမဟုတ်ဘူး။လှည့်ကွက်တကွက်လို့ပဲမြင်တယ်။ဒီလို လွတ်လပ်ခွင့်ပေးတယ်ဆိုပေမယ့်ဖဆပလ ခေတ်လောက် ကတောင် မလွတ်လပ်ဘူး။ ဒီခေတ် က အီးမေးလ် လေးတခုနဲ့တောင်၆၅ နှစ်ချချင် ချနေတာကိုး။ပုံနှိပ်ပြီးရင်သူတို့ဆီ တင်ရဦးမှာပဲ။ တင်ပြီးရင် ဘာပြဿနာဖြစ်မယ်ပြောလို့မရဘူး။ လွတ်လပ်တယ်ဆိုပေမယ့် စိတ်တထင့်ထင့်နဲ့ လွတ် လပ်တာလေ၊ အနှစ်သာရရှိတဲ့ စာပေလွတ်လပ်ခွင့် မဟုတ်ဘူး။ လွတ်တော်ထဲမှာ ဘာလို့ သတင်းယူခွင့်မပေးလဲ။ ဒါကိုကြည့်ရင် လူတွေကိုလှည့်စားတာ ဆိုတာ ပေါ်လွင်ပါတယ်”ဟု ဦးဇင်လင်းက ပြောသည်။
ကင်းလွတ်ခွင့်ရသည့် စာပေအမျိုးအစားများကို ထုတ်ဝေရာတွင် ထုတ်ဝေသူ အနေဖြင့် ၁၉၆၂ ပုံနှိပ်သူနှင့် ထုတ်ဝေသူများ ဥပဒေ အရ မှတ်ပုံတင်ရရှိရန် လိုသည့်အပြင် ထုတ်ဝေသူနှင့် စာရေးဆရာများ အကြား သဘောတူညီချက်များကိုလည်း စာပေစိစစ်ရေးသို့တင်ပြရန် လိုသေးကြောင်း သိရသည်။

ရော့စ် ဒန်ကလေ သိန်း ၁၀၀ ဖြင့် အာမခံရ

သင်းအောင် Tuesday, 29 March 2011 18:10
.မြန်မာတိုင်းမ်ဂျာနယ်ကိုပူးတွဲတည်ထောင်သူမစ္စတာရော့စ်ဒန်ကလေ၏ရှေ့နေများအာမခံ လျှောက်ထားမှုကိုယနေ့နေ့လယ်၃နာရီ၁၅ မိနစ်တွင်ကမာရွတ်မြို့နယ်တရားရုံးမှခွင့်ပြုလိုက်ပြီး အာမခံပေးလိုက်ပြီ ဖြစ်သည်။
       အာမခံရပြီးနောက်တွေ့ရသောမစ္စတာရော့စ်ဒန်ကလေနှင့်ဒေါက်တာတင်ထွန်းဦး(ဓာတ်ပုံ-ဧရာဝတီ)
နှစ်ဖက် လျှောက်လဲချက်များကို ရုံးတော်မှ အပြန်ပြန်အလှန်လှန် သုံးသပ်ခဲ့ပြီး မစ္စတာ ဒန်ကလေသည် နှလုံးရောဂါကြောင့် ဆေးဝါးကုသ ခံနေရသူဖြစ်ကြောင်း ဒေါက်တာ စောဝင်း၏ ထွက်ဆိုချက်နှင့် မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဟူသော ဂုဏ်သိက္ခာများအရ ယခုကဲ့သို့ အာမခံပေးလိုက်ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးမှ ဖတ်ကြားသွားသည်။
ယခုလက်ရှိ မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်အဖြစ် လွှဲပြောင်း တာဝန်ယူလိုက်သူ ဒေါက်တာ တင်ထွန်းဦးနှင့် မြန်မာတိုင်းမ် ဂျာနယ် မန်နေဂျာ ဦးဝေလင်းတို့က ကျပ်ငွေ သိန်း ၅၀ စီဖြင့် စုစုပေါင်း သိန်း ၁၀၀ ကို အာမခံတင်ပေးကြသည်။
ယနေ့ တရားခွင် ကြားနာမှုကို နေ့လယ် ၁ နာရီခွဲတွင် စတင်ရာ မစ္စတာ ဒန်ကလေ၏ ရှေ့နေများ ဖြစ်ကြသော ဦးအောင်သန်းစိုးနှင့် ဦးအောင်ဝင်းနိုင်တို့က လျှောက်လဲချက်များ တင်ပြခဲ့ကြသည်။
ရှေ့နေကြီး ဦးအောင်သန်းစိုးက လျှောက်လဲရာတွင် တရားလို မခိုင်ဇာလင်းသည် ၁၆-၁-၂၀၁၁ တွင် မစ္စတာ ရော့စ် ဒန်ကလေမှ ခေါ်ဆောင်သွားခဲ့သည်ဟု တရားရုံးတော်တွင် ထွက်ဆိုခဲ့သော်လည်း ကမာရွတ် ရဲစခန်း၏ ပထမသတင်းပေး တိုင်ကြားချက်(FIR)တွင် ၁၇-၁-၂၀၁၁ နံနက် ၁ နာရီတွင် အခင်းဖြစ်ပွားခဲ့သည်ဟုဖော်ပြပါရှိခြင်း၊သူမအားဆေးဝါးများ တိုက်ကျွေးခဲ့ပါသည်ဟု ထွက်ဆိုသွားသော်လည်း တိကျခိုင်လုံသော အထောက်အထားများ မတွေ့ရခြင်း၊ ထို့အပြင် ဆေးစာများအရ တရားလိုသည် အရက်စွဲနေသူတဦးဟု ဖော်ပြထားခြင်း၊ ထိုသို့ အရက်စွဲနေသူ၊ နိုက်ကလပ်၌ ညစဉ် ကျင်လည်ခဲ့သူ၊ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်၏ အပြင်ရောက်ရှိနေသူ အမျိုးသမီးတဦး၏ ထွက်ဆိုချက်များအပေါ် အမှန်ဟု ရုံးတော်မှ မယူဆသင့်ကြောင်း ပြောသွားသည်။
ထို့အပြင် အမှုဖြစ်စဉ်များကို သေချာစွာထောက်ရှု၍ တရားလို မခိုင်ဇာလင်းသည် မစ္စတာ ဒန်ကလေ၏ နေအိမ်အတွင်း ရောက်ရှိနေသည်ဟု စွပ်စွဲချက်မှာ ခိုင်မာမှု မရှိကြောင်း၊ တရားလို မခိုင်ဇာလင်းအား အထောက်အပံ့ ဖြစ်စေမည့် လူသက်သေ၊ ပစ္စည်းသက်သေ ခိုင်မာစွာ မတွေ့ရှိရကြောင်း၊ မစ္စတာ ဒန်ကလေက သူမအား နှုတ်ခမ်းနီ ဆိုးခိုင်းခြင်း၊ ဆေးကျွေး၊ အရက်တိုက်ခြင်းဟုဆိုရာတွင် တရားလို၏ လီဆယ် ထွက်ဆိုချက်များသာ ဖြစ်ကြောင်းနှင့် ထို့ကြောင့် ဤအမှုနှင့် ပတ်သက်၍ တရားခံအားစွဲချက် တင်သင့် မတင်သင့် ရှေ့နေကြီး ဦးအောင်သန်းစိုးက လျှောက်လဲချက်ပေးသည်။
ထို့နောက် မစ္စတာ ဒန်ကလေ၏ ရှေ့နေကြီး ဦးအောင်ဝင်းနိုင်ကလည်း ကမာရွတ် လ၀က ဦးစီးမှူး တရားလို ဒေါ်စ၀်လွင်လွင်မြင့်၏ လ၀က အက်ဥပဒေ၁၃(၁)ကို မစ္စတာ ရော့စ်ဒန်ကလေသည် ကျူးလွန်မှု မရှိကြောင်း တင်ပြ၍ ထပ်မံ လျှောက်လဲချက်ပေးသည်။ တရားခွင်အား နေ့လယ် ၂ နာရီ ၁၅ တွင် ခေတ္တရပ်နားပြီး ညနေ ၃ နာရီတွင် တရားခံအား အာမခံ ပေး၊ မပေး ဆုံးဖြတ်မည်ဟု ရုံးတော်က ကြေညာသည်။ ထို့နောက် တရားခံ၏ ကျန်းမာရေးနှင့် ဂုဏ်သိက္ခာကို စာနာ နားလည်စွာဖြင့် ပုဒ်မ ၄၉၇ (၁) ခြွင်းချက်အရ အာမခံ ပေးလိုက်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးက ဖတ်ကြားသည်။
မြန်မာတိုင်းမ်ဂျာနယ် ၀န်ထမ်းများ၊ ဒေါက်တာ တင်ထွန်းဦး၊ တာဝန်ခံ အယ်ဒီတာ ဦးဇော်မြင့်၊ မြန်မာတိုင်းမ် (အင်္ဂလိပ်ပိုင်း) အမှုဆောင်အရာရှိချုပ် မစ္စတာ ဘီကလောက်တို့လည်း တရားခွင်သို့ တက်ရောက်သည်။ ဆဋ္ဌမအကြိမ် ရုံးချိန်းကို ဧပြီလ ၄ ရက်နေ့သို့ ထပ်မံ ချိန်းဆိုထားသည်။

ကော့ကရိတ် စစ်ဆေးရေးဂိတ်ကို DKBA တိုက်ခိုက်

ဧရာဝတီ Tuesday, 29 March 2011 18:37
.ကရင်ပြည်နယ် ကော့ကရိတ်မြို့အ၀င် စစ်ဆေးရေးဂိတ်ကို ယနေ့မွန်းလွဲပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တပ်မဟာ၅ကလက်နက်ကြီးများဖြင့် တိုက်ခိုက်သောကြောင့် ခရီးသွား ယာဉ်တန်း ရပ်ဆိုင်း မှုဖြစ်ပွားခဲ့သည်ဟု ကုန်သည်များက ပြောသည်။
                      မြ၀တီ-ကော့ကရိတ်-ဘားအံ တရက်ခြား ပြေးဆွဲသည့် ယာဉ်တန်း (ဓာတ်ပုံ - ဧရာဝတီ)
မြ၀တီမြို့ခံကုန်သည်တဦးက“ဒီနေ့ကကားတန်းအဆင်းရက်၊ဖြစ်တာကကော့ကရိတ်အ၀င် အဖွဲ့စုံစစ်ဆေးရေး ဂိတ်မှာဖြစ်တာDKBAအဖွဲ့က အဲဒီဂိတ်ကိုလက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကားသမားနဲ့ ခရီးသည်တွေလည်း ကားရပ်ပြီး အားလုံး ဆင်းပြေးကြရတယ်၊ မွန်းလွဲ ၁၂ နာရီကျော်မှာဖြစ်တာ၊ သေနတ်သံကတော့ အကြီးအသေး အတိုင်းသားကြားနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပစ်ခတ်မှုကြောင့်ခရီးသည်များထိခိုက်မှုမရှိသော်လည်းစစ်ဆေးရေးဂိတ်အတွင်းရှိဝန်ထမ်းတချို့ဒဏ်ရာရရှိကြောင်း၊ ယာဉ်တန်းထဲမှကားတချို့ ဒေါနတောင်တန်းပေါ်တွင် နာရီအတော်ကြာ ပိတ်မိနေကြောင်းလည်း ၎င်းက ဆိုသည်။
ယနေ့ပစ်ခတ်မှုကိုကော့ကရိတ်ခရိုင်အာဏာပိုင်များကတောတွင်းကရင်သူပုန်များက ရပ်ရွာတည်ငြိမ်မှုကိုမလိုလား၍ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တပ်မတော်ကလိုက်လံတိုက်ခိုက်၍ သူပုန်များထွက်ပြေးသွားကြကြောင်း သတင်းဖြန့်ခဲ့သည်ဟု မြို့ခံများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မြ၀တီ-ကော့ကရိတ်-ဘားအံ လမ်းကြောတွင် တည်ရှိသော နအဖ ၏ စီးပွားရေးလမ်းကြောင်းကို ပိတ်ဆို့မှုပြုလုပ်နိုင်ရန်အတွက် ယင်းလမ်းကြောင်းပေါ်တွင် ယခု နှစ်ဆန်းမှစတင်ကာ အကြိမ် ၃၀ ခန့် တိုက်ခိုက်မှုများပြူလုပ်ခဲ့သည်ဟု DKBA တပ်မဟာ ၅ က ပြောဆိုသည်။
ယနေ့တိုက်ခိုက်မှုကို DKBAနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ ၆ မှ ပူးတွဲတပ်ဖွဲ့များဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သည် KNLA တပ်မှူးတဦးက ပြောသည်။
KNLAတပ်ရင်း၂၀၁၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က“ဒီနေ့မွန်းလွဲပိုင်းက ကော့ကရိတ်အ၀င်မှာဖြစ်တဲ့ စစ်ဆင် ရေးကို ပူးတွဲစစ်ဆင်ရေးအဖွဲ့က ပြုလုပ်တာဖြစ်တယ်၊ အဲဒီနယ်မှာကKNLAတပ်မဟာ ၆ က တပ်မဟာ လုံခြုံရေးတပ်နဲ့DKBAတပ်မဟာ၅ကဗိုလ်ကျော်သက်တို့လှုပ်ရှားတဲ့စစ်ဆင်ရေး နယ်မြေဖြစ်တယ်”ဟု ပြောပြသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် မြ၀တီခရိုင်နှင့် ကော့ကရိတ်ခရိုင် အတွင်းရှိ နအဖ တပ်စခန်းများကို ပြောက်ကျားစနစ်အသုံးပြုကာ တိုက်ခိုက်ကြ ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်တလုံးစခန်းကိုDKBAအဖွဲ့၏ တိုက်ခိုက်မှုကြောင့် မြ၀တီမှကော့ကရိတ်သို့ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့် မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

မြောက်ကိုရီးယားလည်း သဝဏ်လွှာပို့ ၊ အနောက်အုပ်စု မပို့သေး

မျိုးသန့် အင်္ဂါနေ့၊ မတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၂ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။မြောက်ကိုရီးယား အပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံများက သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတများထံ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က အင်္ဂါနေ့လွှတ်တော်အစည်းအဝေးတွင် ဖတ်ကြားမှတ်တမ်းတင်ခဲ့ကြောင်း လွှတ်တော်အမတ်များထံမှ စုံစမ်းသိရသည်။
မြောက်ကိုရီးယား၊ တရုတ်၊ အရှေ့တောင်အာရှနိုင်ငံများမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သော်လည်း မြန်မာ့ ဒီမိုကရေစီရေး ထောက်ခံအားပေးနေသည့် အမေရိကန်၊ အင်္ဂလန်နှင့် ဥရောပနိုင်ငံများမှ သဝဏ်လွှာ ပေးပို့ခြင်းများကို မတွေ့ရကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်ကဆိုသည်။
“ဥရောပနိုင်ငံတွေက ပို့တာတော့ လုံးဝမပါဘူး၊ အဖွဲ့အစည်းထဲကဆိုလို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ကုလသမဂ္ဂကပဲပါတယ်” ဟုသူကပြောသည်။
ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌက အင်္ဂါနေ့ လွှတ်တော်အစည်းအဝေးတွင် မှတ်တမ်းတင်ခဲ့သည့် သဝဏ်လွှာများမှာ တရုတ်၊ မြောက်ကိုရီးယား၊ ဂျပန်၊ တောင်ကိုရီးယား၊ ကုလသမဂ္ဂ၊ နီပေါ၊ ကျူးဘား၊ ပါလက်စတိုင်း၊ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျ၊ အီရန်နှင့် အရှေ့တောင်အာရှ နိုင်ငံများမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ဖြစ်သည်။
အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်နှင့် ပတ်သက်သက်သည့် ဝမ်းမြောက်ကြောင်း အဆို ၃ ရပ်ကို တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်ကမှတ်တမ်းတင်ခဲ့သည်။
ထို့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ရေးနှင့်ပတ်သက်သည့် လွှတ်တော်အမတ်များ၏ အမေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင်သိန်းက ပြန်လည် ဖြေကြားရာတွင် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်မှု ချောမောစွာ စီးဆင်းနိုင်ရေး၊ နှစ်နိုင်ငံသဘောတူညီချက်၊ ကုန်သွယ်မှုပမာဏ စသည်တို့ ကိုက်ညီမှု မရှိခြင်းကြောင့် ဖေါ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ပြန်ဖြေခဲ့သည်။
တောင်သူများ ပိုးသတ်ဆေးသုံးစွဲခြင်းနှင့်စပ်လျင်းသည့်မေးခွန်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦးက ပြန်လည်ဖြေကြားခဲ့သည်။ ပိုးသတ်ဆေး ၁၉ မျိုး ရောင်းဝယ်ခွင့် ပိတ်ခဲ့ပြီး အာနိသင်မရှိသည့် ဆေးများဈေးကွက်အတွင်းရောင်းချခြင်းတွေ့ပါက အကြောင်းကြားနိုင်ပြီး အရေးယူသွားမည်ဖြစ်ကြောင်း ဖြေခဲ့သည်ဟု လွှတ်တော်အမတ်များကပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး ကိစ္စများကို လွှတ်တော်အမတ်များက မေးမြန်းကြရာ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်က ဆောက်လုပ်ဆဲနှင့် ဖောက်လုပ်ဆဲဖြစ်ကြောင်း ပြန်ဖြေခဲ့သည်။
အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြံ့ခိုင်ရေးအမတ်များဖြစ်သည့် ဦးဝင်းမြင့်၊ ဦးမြင့်အောင်၊ ဦးကျော်ကျော်ဌေး၊ ဦးခင်မောင်အေး တို့ လေးဦး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်သွားကြသည်။
ထိုနုတ်ထွက်သွားသူများမှာ မဖွဲ့ရသေးသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် ထမ်းဆောင်ရန် ဖြစ်နိုင်ကြောင်း လွှတ်တော်အမတ်များက သုံးသပ်သည်။
ယနေ့ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးကို မနက်ပိုင်း ၁ဝ နာရီတွင် စတင်ပြီး နေ့လယ် ၁၂ နာရီခွဲတွင် ပြီးဆုံးသည်။ ဗုဒ္ဓဟူးနေ့တွင် နိုင်ငံတော်သမ္မတ ကျမ်းကျိန်ရန်ရှိပြီး ပြည်ထောင်စုလွှတ်တော်တွင် အစမ်းလေ့ကျင့်နေပြီဟုလည်း လွှတ်တော်အမတ်များကပြောသည်။
ဗုဒ္ဓဟူးနေ့တွင် ပြည်ထောင်စုလွှတ်တော်ကို နံနက် ၁၁ နာရီတွင် ကျင်းပရန်ရှိသော်လည်း အမတ်များ၏ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုများ မရှိတော့ဟု သိရသည်။