မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 31 maart 2011

အစိုးရသစ်မူဝါဒအပေါ်အမြင်များကွဲလွဲ

ခင်ဦးသာ Thursday, 31 March 2011 18:38
သမ္မတသစ်ဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရသစ်ကဒီမိုကရေစီစနစ်စတင်ကူးပြောင်းကျင့်သုံးတော့မည်ဟု ပြည်သူလူထုသို့ ရုပ်သံမှတဆင့် ပြောဆိုလိုက်ခြင်းကို အတိုက်အခံ နိုင်ငံရေး အင်အားစုများက အမြင်အမျိုးမျိုးဖြင့် ရှုမြင်ကြသည်။
သမ္မတအဖြစ်တင်မြှောက်ခံရသူအစိုးရသစ်ခေါင်းဆောင်ဦးသိန်းစိန်၊ဒုသမ္မတများဖြစ်သောသီဟသူရ ဦးတင်အောင်မြင့်ဦးနှင့်ဒေါက်တာစိုင်းမောက်ခမ်းတို့ယမန်နေ့ကပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်၌ကတိသစ္စာပြုကျန်းကျိန်ကြစဉ်(ဓာတ်ပုံ-Timedg)
“ပြောတဲ့အတိုင်းလက်တွေ့ကျင့်သုံးမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမယ့် လုပ်မယ်ဆိုရင်တောင် ဒီ စစ်ဗိုလ် လူထွက်တွေက လုပ်တတ်ပါ့မလားဆိုတာ သံသယ ဖြစ်မိတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
ဦးသိန်းစိန်သည် နအဖ အစိုးရထံမှ အာဏာ တရားဝင် လွှဲပြောင်းရယူပြီး ပြည်သူလူထုသို့ သမ္မတသစ် တဦးအနေဖြင့် ပထမဆုံး ပြောဆိုသော မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ပေါ်ပေါက်လာသော အစိုးရသစ်ကို လက်ခံစေလိုကြောင်း၊ ဒီမိုကရေစီရေးအပြင် လူ့အခွင့်အရေး၊ အလုပ်သမား၊ လယ်သမား အရေးများကို ဖွဲ့စည်းပုံ ဥပဒေအရ ဆောင်ရွက်သွားမည် ဟုလည်း ပြောဆိုသွားသည်။
နအဖ စစ်အစိုးရက အတည်ပြုထားပြီး လက်ရှိအချိန်ထိ အငြင်းပွားနေဆဲဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံပါ အားနည်းချက်များကို ပြန်လည် ပြုပြင်နိုင်ရန် အချက်တချို့ကို ဖွဲ့စည်းပုံတွင်ရေးဆွဲထားသည့်အတိုင်း ပြင်ဆင်သွားမည်ဟုလည်း ဦးသိန်းစိန်က ဆိုသည်။
နိုင်ငံတော်အားကာကွယ်ရန်အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တခုရှိရန် လိုအပ်၍ စစ်တပ်ကိုအင်အား တိုးချဲ့သွားမည်ဟု လည်း သမ္မတသစ် က ဆိုသည်။
စစ်အစိုးရက တဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်သွားမည်ဟူသော စကားသည် ပြန်လည်ပြုပြင်နိုင်မည့် အရေးကိုခြိမ်းခြောက်သည့် သဘောသက်ရောက်နေပြီး ဖွဲ့စည်းပုံ အတိုင်းလုပ်ဆောင်သွားမည်ဟု တိုက်ရိုက်ပြော ဆိုခြင်းဖြစ်ကြောင်း ဦးဝင်းတင် က ဆိုသည်။
အစိုးရသစ်အား အတိုက်အခံနိုင်ငံရေး အင်အားစုများက လက်ခံမှုအပြည့်မရှိသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း လက်မခံကြပေ။
“ဖွဲ့စည်းပုံက ပြန်ပြင်ဖို့မလွယ်သလို အစိုးရသစ်ဟာလည်း အများမျှော်မှန်းထားတဲ့ အစိုးရ မဟုတ်ဘူးလေ၊ ဒီမိုကရေစီ အစိုးရ လည်း ဖြစ်လာမှာမဟုတ်ဘူး”ဟု ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)SSA-Sအဖွဲ့မှ စိုင်းလောင်ဝ်ဆိုင်း က ဧရာဝတီကို ပြော သည်။
၎င်းကဆက်၍“ဒီအစိုးရဟာလည်းပဲ နအဖ ပဲဖြစ်တယ်၊ သူတို့တက်လာကတည်းက ပြည်တွင်း စစ်မီးတွေပိုများလာတယ်၊ တိုင်း ရင်းသားတွေအရေးကိုလည်း ဘာမှလုပ်ပေးနိုင်တဲ့ အစိုးရမဟုတ်လို့ အစိုးရသစ်ကိုလည်းပဲ လက်မခံနိုင်တာပါ”ဟု ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး(KNU)မှ နော်စီဖိုးရာစိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်သည့်အပြင် ထိုဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသော အစိုးရသစ်ကိုလည်း အသိအမှတ်မပြုနိုင်ဟု ပြောသည်။
၂၀၀၈ဖွဲ့စည်းပုံအရကျင်းပခဲ့သောရွေးကောက်ပွဲ၌၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီ တချို့ကမူ အစိုးရသစ်အားဝေဖန်ရန်စောသေးကြောင်း၊အစိုးရသစ်အား အပြုသဘောဆောင်၍ ၎င်းတို့၏ လုပ်ဆောင်ချက်ကိုစောင့်ကြည့်ဦးမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)၏ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဧရာဝတီကို ပြောသည်။
“သမ္မတသစ်ပြောသွားတဲ့စကားတွေထဲမှာ လက်ခံနိုင်တာရော၊ မခံနိုင်တာတွေရောပါ ပါတယ်၊ ဒါပေမယ့်လုံးဝမကောင်းဘူးလို့ပြောလို့မရဘူးလေ၊ သေချာတာကတော့ စစ်တပ်ကနေ အရပ်သားအစိုးရကို အာဏာ လွှဲပေးလိုက်တာကိုတော့ ဘယ်သူမှ ငြင်း မရပါဘူး”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။
NLDပါတီ၏ပြောရေးဆိုခွင့်ရှိသူဦးဉာဏ်ဝင်းကလည်း“ကျနော်တို့အနေနဲ့လက်တွေ့ကျကျ ပေါ်လာတဲ့အစိုးရကိုတော့ လက် ခံ ရမယ်၊ ဒါပေမယ့် အမျိုးသားရင်ကြားစေ့ရေး လုပ်နိုင်မလုပ်နိုင်ဆိုတာက အရေးကြီးပါတယ်၊ ဒီအတွက်လည်း မျှော်လင့် ထား တယ်”ဟု ပြောသည်။
ဦးသိန်းစိန်က မြန်မာ့နိုင်ငံရေး၌ အစဉ်အလာတခုကဲ့သို့ ဖြစ်နေသော အစိုးရနှင့်အတိုက်အခံဆိုသည့် ပဋိပက္ခ အသွင်ဆောင်သော အမြင်သဘောထားကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွားကိုအခြေခံ၍ လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘော ထားကာ လက်တွဲ ဆောင်ရွက်သွားရန် တိုက်တွန်းပါသည်ဟု မိန့်ခွန်း၌ ပြောဆိုသည်။
“ပြောသွားတာတွေကတော့ အတော်နားထောင်ကောင်းတယ်ဗျ၊ ပြည်ပက မြန်မာသံရုံးတွေက ကိုယ့်နိုင်ငံသားတွေ တခုခု အကူအညီ သွားတောင်းရင်တောင် အလွယ်တကူ လုပ်ပေးတာ တခါမှ မကြားဖူးဘူး၊ အခုပြောတဲ့ ကူညီမယ်ဆိုတာ ဘယ်လို ဟာမျိုးကိုပြောတာလဲ ဆိုတာမသိဘူး”ဟု ဦးဝင်းတင်က ပြောသည်။
အစိုးရသစ်သည် ပြည်သူများအား လုပ်ဆောင်ပေးသွားမည်ဟု ကတိပေးပြောဆိုသည့်အတိုင်း လုပ်ပေးမည်ဆိုပါက မြန်မြန် အကောင်အထည် ဖော်ပေးရန်လိုအပ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
သမ္မတသစ်ဦးသိန်းစိန်၏မိန့်ခွန်းတွင်နိုင်ငံရေးပါတီအများစုကတောင်းဆိုနေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကို ပြောဆိုမသွားသည့်အပြင် လွှတ်တော်အစည်းအဝေးများမှလည်း ပယ်ချခံခဲ့ရသည်။
လွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များကမူ ပြည်သူများကိုယ်စား တင်ပြ ဆွေးနွေးခဲ့သော အဆိုများကို လွှတ်တော်က ပယ်ချခံခဲ့ရ၍ အားရကျေနပ်မှု မရှိခဲ့ကြကြောင်း၊ အစိုးရသစ်သည်လည်း ပြည်သူများအတွက်ထူးခြားသော ပြောင်းလဲမှုကို လုပ်ပေးနိုင်မည်ဟု မထင်ကြောင်း ပြောဆိုကြသည်။
“လွှတ်တော်မှာNDFကတင်တာပယ်ချခံရတာကလွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့မညီလို့ပါ၊ ကျနော်တို့က လွှတ်တော် မတင်ခင် မီဒီယာတွေကို ကြိုပြောလိုက်မိတာ၊ နောက်ဆိုရင် မီဒီယာတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောရတော့မှာပေါ့”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဆိုသည်။
နအဖမှပြည်ထောင်စုသမ္မတနိုင်ငံတော်သို့ပြောင်းလဲ၍အစိုးရသစ်ပေါ်ပေါက်လာခြင်းကို ကမ္ဘာ့ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး အများလက်ခံနိုင်သော အပြောင်းအလဲများအတွက် အစပြုရန် တိုက်တွန်းသည်ဟု ဆိုသည်။
အမေရိကန်အစိုးရကမူ အရပ်သားအစိုးရသစ်ဖွဲ့လိုက်သော်လည်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ် ဟောင်းများက အရေးကြီး သည့် နေရာများကို ဆက်လက်ယူထားသည့်အတွက် ကြီးမားသော အပြောင်းအလဲ မဟုတ်ကြောင်း၊ အဓိကကျသည့် ဆုံးဖြတ် ချက်များနှင့်ပတ်သက်ပြီး စစ်အုပ်စု သြဇာ သက်ရောက်နေဆဲဖြစ်သည်ဟု ယူဆကြောင်း၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု မူဝါဒကို ဆက်လက်ကိုင်စွဲကျင့်သုံးသွားမည်ဖြစ်ပြီး အစိုးရသစ်နှင့်ထိတွေ့ဆက်ဆံရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

သမ္မတဦးသိန်းစိန်မိန့်ခွန်း အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

Geen opmerkingen: