မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 28 februari 2011

လွှတ်တော်တက် အမတ်

ကိုဝိုင်း တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။တနေ့၁ဝမိနစ်မှမိနစ်၂ဝ သ ကျင်းပသည့် နေပြည်တော် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်နေသည့်အမတ်များကိုစားစရိတ်နှင့်နေစရိတ်တို့အတွက် အစိုးရမှ ကြိုတင်ငွေတနေ့တသောင်း ထုတ်ပေးသည်။
အမတ်တဦးအတွက်စားစရိတ်ကျပ်၅,ဝဝဝ၊တည်းခိုစရိတ်၂,ဝဝဝ၊ယာဉ်စီးခအပါအဝင်အထွေထွေ အသုံးစရိတ် ၃,ဝဝဝ ကျပ် ဖြစ်သည်။
ယင်းတို့၏ နေ့စဉ် နေထိုင်မှုပုံစံနှင့် အခြေအနေများကို သိရှိနိုင်ရန် ပြည်သူ့လွှတ်တော်အမတ်နှင့် အမျိုးသားလွှတ်တော်အမတ် တဦးစီကို မဇ္ဈိမ သတင်းထောက် ကိုဝိုင်းမှ မေးမြန်းတင်ပြထားသည်။
                                 ....................................................................
လွှတ်တော် အဆောက်အဦးတွေက သီးသန့်စီလား။
ပြည်သူ့လွှတ်တော် အဆောက်အဦးနဲ့ ပြည်ထောင်စုလွှတ်တော်က တွဲလျက်အဆောင်ဖြစ်တယ်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်ပြီးတာနဲ့ နေ့လည်ထမင်းစားဖို့ဆိုရင် ပြည်ထောင်စု လွှတ်တော်ထဲကနေ လမ်းလျှောက်ပြီး ဖြတ်ထွက်သွားတာနဲ့ ပြည်သူ့လွှတ်တော် ထမင်းစားဆောင်ကို ရောက်တယ်။
                                                                                  (Photo::MRTV)
အမျိုးသားလွှတ်တော်က သူ့စားသောက်ခန်းနဲ့ သူ့ဟာနဲ့သူသပ်သပ်ရှိတယ်။ အဲဒီ အဆောင် သပ်သပ်ရဲ့ ဘယ်၊ညာ မှာ ဒုသမ္မတနှစ်ယောက်ရဲ့ အိမ်တော်တွေ။ ကျောဘက်ထဲမှာ ရေးရာ အစည်းဝေးဆောင် အလုံး ၂ဝ ရှိတယ်။ လွှတ်တော်ဝန်းကျင်မှာ အဆောက်အဦး ၃၁ လုံးရှိတယ်။ သမ္မတအိမ်တော်ရောပေါ့ဗျာ။
လွှတ်တော်တခုလုံးကို ဝင်းခတ်ထားတယ်။ ဝင်ပေါက်က နှစ်ခုပဲ။ ဝင်းခတ်ထားတာ ရေကျုံး၊ ကုန်းကျုံးတောင် ရှိသေးတယ်။ ပြီးတော့ ကွင်းပြင်ကျယ်တွေလည်း အများကြီးရှိတယ်။ ညဘက်ဆို လင်းနေတာပဲ။ ဝင်းကတော့ နှစ်ထပ် သုံးထပ်ရှိတယ်။ ပထမဆုံးရက်မှာကတည်းက ကိုယ်မဆိုင်တဲ့နေရာ မသွားပါနဲ့လို့ နာယက,က ပြောထားတာရှိတော့ ကျန်တဲ့နေရာတွေတော့ မရောက်ဘူးဗျ။
ကျနော်တို့ သွားရင်လည်းစာသောက်ခန်း၊လဘက်ရည်ဆိုင်၊အိမ်သာပေါ့။လဘက်ရည်ဆိုင် ကလည်း ထမင်းစားသောက်ခန်းတွေရဲ့ကြားထဲမှာပဲချထားပေးတယ်။သူ့အခန်း,အခန်းတွေ ထဲမှာပဲပေါ့။ ပြည်ထောင်စုလွှတ်တော်မှာလဘက်ရည်သောက်တဲ့နေရာ၂ ခန်းရှိတယ်။ အမျိုးသားလွှတ်တော်မှာကျတော့ တခန်းပဲ။

အဆောင်ကနေ လွှတ်တော်ကို အသွား၊ အပြန် လုပ်ရတဲ့ အဆင့်ဆင့်ပုံစံလေး သိချင်ပါတယ်။
ကျနော်တို့က စည်ပင်ဧည့်ရိပ်သာမှာနေတာကိုး။ လွှတ်တော်ကိုရောက်ဖို့ လေအေးပေးစက်တပ် ကားတွေကို မိနစ် ၂ဝ လောက် စီးရတယ်။ ဝင်ပေါက်မှာဆို ချောင်းလေးတခုရှိတယ်။ သံတခါးက အပြင်မှာတခု အထဲမှာတခု။ အပြင်က ဘတ်စ်ကို အပြင်မှာရပ်ပေါ့ဗျာ။ ပြီးရင် တဖါလုံလောက် လမ်းလျှောက်။ ပြီးရင် အတွင်းပေါက်ကြီး။ အဲဒီမှာလည်းတထပ်။ အဲဒီကနေ မိနီဘတ်စ် အသေးလေးတွေနဲ့ သက်ဆိုင်ရာ လွှတ်တော်နေရာ ရောက်သွားတာပေါ့။
အစည်းအဝေးပြီးရင် ထမင်းစား။ ထမင်းစားပြီးရင် ပြည်ထောင်စုလွှတ်တော်ကို ပြန်လာခဲ့ရတယ်။ အဲဒီကျမှ ကားပြန်စီးရတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ လှေခါးအဆင်းမှာ ကားတွေရပ်ထား ပြီးတော့မှ အပြင်ဂိတ်ဝအထိ အတွင်းကကားတွေက လိုက်ပို့ပေးတယ်။ အပြင်ဂိတ်ဝရောက်ရင် ကျနော်တို့တည်းခိုတဲ့ စည်ပင်တည်းခိုဆောင်ကို လိုက်ပို့ပေးတဲ့ ဘတ်စ်ကားကြီး ၄ စီးနဲ့ ကိုယ့်ကား နဲ့ကိုယ် တက်စီးပြီး ပြန်ခဲ့ရတယ်။

လွှတ်တော်ထဲမဝင်ခင် စစ်ဆေးတဲ့ ပုံစံကကော ဘယ်လိုရှိပါသလဲ။
အစိုးရက ဖွဲ့ပေးထားတဲ့ လွှတ်တော်ဝန်ထမ်းတွေကနေ ကျနော်တို့ဝင်လာပြီဆိုရင် မိုင်းရှာကိရိယာ တွေနဲ့ ရှာတယ်။ လွှတ်တော်စိစစ်ရေးကဒ်ပြား ကိုယ့်နံပတ်ကို ကိုယ်ပြောပြရတယ်။ ကဒ်ပြားမပါတဲ့ သူကို ဝင်ခွင့်မပေးဘူး။

ဆရာတို့တည်းခိုနေတဲ့တည်းခိုရိပ်သာအခြေအနေနဲ့အဆောင်ပုံစံအနေအထားကဘယ်လိုရှိလဲ ခင်ဗျာ့။
လောလောဆယ်တော့ ကင်းခြေများတကောင် ရထားတယ်။ တထွာကျော်တယ်။ နီညိုညို တုတ်တုတ်ကြီး။ အထူက လက်မထက်တောင် နည်းနည်းကြီးချင်သေးတယ်။ အကုန်လုံး လန့်နေတယ်။ အဆောင်ရှေ့က ကားသမားတွေ ဝိုင်းရိုက်ပြီးတော့ အခုနေလှန်းထားတယ်။
ကိုယ့်ပါတီနဲ့ ကိုယ့်အဆောင် သီးသန့်။ တပါတီမှာ ၂ ယောက်လောက်ပဲပါတယ် ဆိုရင်တော့ တခြားပါတီနဲ့ စုလိုက်တဲ့သဘောလည်းရှိပါတယ်။ တသီးပုဂ္ဂလတို့ ဘာတို့ဆို ရောထားလိုက်တယ်။ အဆောင်တွေက တလုံးစီ၊ နံပတ် ၁ ကနေ ၂၉ အထိ။ တလုံးကို အခန်း ၈ခန်း။ တထပ်တိုက်ပု လေးတွေ လုပ်ထားတယ်။ ရှေ့မှာ ကော်ရစ်တာတခုရှိတယ်။ သစ်သားတံခါးတပ်ထားတယ်။ ပြူတင်းပေါက်တွေအားလုံးက မှန်တွေကာထားပြီး တရုတ်ကပ်မဟုတ်တဲ့အတွက် ပြူတင်းပေါက်ကို ဖွင့်မှလေဝင်ပေါက်ရှိမယ်။ အခန်းထဲမှာ မျက်နှာကျက်ပန်ကာ တလုံးရှိတယ်။ မီးချောင်းက၂ချောင်းရှိတယ်။အခန်းရဲ့ဖွဲ့စည်းပုံက ပေ၂ဝX၂၅ ပေ။ရေချိုးခန်းနဲ့အိမ်သာနဲ့ တွဲလျက်ဖြစ်တယ်။ ရေချိုးခန်းက ၉ ပေပတ်လည်လောက်ရှိမယ်။ ရေချိုးခန်းထဲမှာ မျက်နှာသစ်ဖို့ ရေစင် တခုရှိတယ်။ မှန် တချပ်ရှိတယ်။ ရေထည့်ပြီးတော့ ချိုးဖို့အတွက် ၂ ပေလောက်ရှည်ပြီး အချင်းက တပေခွဲလောက်ရှိတဲ့ ပလတ်စတစ်ပုံး တပုံးရှိတယ်။ ရေပန်းရှိတယ်။ သုံးလို့မရဘူး။ နောက်ပြီး ရေတွေက တခါတလေ နီနေလို့ မျက်နှာသစ်လို့မရဘူး။ သောက်ရေနဲ့ မျက်နှာသစ်ရတယ်။
သောက်ရေက ၂ဝ လီတာ တပုံးကို ၈ဝဝ ပေးရပါတယ်။ ရန်ကုန်မှာ ၄ဝဝ ပေးရတယ်။ ကားနဲ့ လာဖြည့်တဲ့ရေဆိုရင် ၃၅ဝ ပေးရပါတယ်။ ဒါပေမယ့် ကားက ဒီအထဲထိ လာလို့မရဘူး။ အဆောင် ဝင်းထဲမှာ ဖွင့်ထားတဲ့ စည်ပင်အရာရှိတွေပိုင်တဲ့ ဆိုင်တွေကပဲ ပြန်ဝယ်ရပါတယ်။

အားလပ်ရက်တွေနဲ့အစည်းအဝေးပြီးချိန်တွေမှာကောအပန်းဖြေနားနေဖို့ဘာတွေ စီစဉ်ထားပေးလဲ။
ရေဒီယိုတောင်မှ ကိုယ့်ဖာသာကိုယ်ရှိနေလို့ မရှိရင် ကျနော်တို့ ဘာသတင်းမှ၊ ကမ္ဘာကြီးနဲ့ ပြတ်နေမယ်။ သူတို့ရဲ့ ရုံးခန်းတွေမှာတော့ တီဗီရှိတယ်။ သွားကြည့်လို့တော့ရတယ်။ ဒါပေမယ့် ကိုယ့်အခန်းနဲ့ကိုယ်ပဲ နေကြတဲ့အတွက် သွားမကြည့်ကြဘူး။
လစာချီးမြှင့်ငွေထဲမှာ ပြည်ထောင်စုအဆင့်တဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တဲ့၊ စာအုပ်ထဲမှာပဲ ရှိတယ်။ ငါတို့အဆင့် ပျောက်နေပြီလို့ ကိုယ့်ကိုယ်ပဲ ခံစားလိုက်ရတယ်။

ဆရာတို့အတွက် လုံခြုံရေးကော ဘာတွေဆောင်ရွက်ထားပေးလဲ။
လုံခြုံရေးလို့ ပြောမယ်ဆိုရင်တော့ လုံခြုံရေးက ဘာကို လုံခြုံတာလည်း။ သူတို့က ကျနော်တို့ကို နေ့ညမပြတ်နဲ့ လျှောက်ပြီးတော့ ကြည့်နေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အပေါက်မှာတော့ ရဲတွေစောင့်နေတယ်။ အဲဒီရဲတွေသည် ကျနော်တို့ အဝင်အထွက်မှာ ကျနော်တို့ကိုပဲ စစ်ဆေးရေး လုပ်နေတယ်။ အိပ်ဆောင်တွေကို ညရေးညတာ လုံခြုံရေးလိုက်ပတ်ကြည့်တာ မရှိဘူး။ ဝတ်စုံဝတ်ထားတယ်။ လက်နက်တော့မပါဘူး။ ရဲနက်ပြာမျိုးတွေပေါ့။ အဆောင်နံပတ် ၁၃ က သူတို့ရဲ့အဆောင်။ သူတို့ဆိုင်ကယ်တွေတော့ ရှေ့မှာ ၄-၅ စီးတော့တွေ့တယ်။ ဂိတ်မှာတော့ ၃-၄ ယောက် အမြဲတမ်းစောင့်တယ်။ မီဒီယာတွေလည်း လာလို့မရပါဘူး။ ဧည့်သည်ဆိုရင် စာရင်းပေးရတယ်။ ရုံးခန်းထဲမှာ ငုတ်တုတ်ထိုင်စောင့်ရတယ်။ အဲဒီမှာ စကားပြောပြီးပြန် အဲဒီလိုမျိုးပေါ့။ ကျနော်တို့နေတဲ့ အဆောင်တွေကို ဝင်းခတ်ထားပြီး အဝင်အထွက် တပေါက်တည်းပါ။

အမတ်အချင်းချင်းကောစည်းဝေးတိုင်ပင်ခွင့်တို့လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးခွင့် ရပါသလား။
အခမ်းအနားလုပ်မယ်။ စကားစုပြောချင်တယ်ဆိုရင် သူတို့ကို တရက်ကြိုပြောပါ။ သူတို့ ခန်းမ စီစဉ် ပေးမယ်ဆိုတော့ ဘယ်သူမှသွားပြီး အဲဒီမှာမလုပ်ဘူး။ ပြောတာကနည်းနည်း။ သူတို့မှတ်တာက များများဖြစ်နေမှာစိုးလို့။ ကိုယ့်ဟာကို အလျဉ်းသင့်သလိုပဲ လမ်းလျှောက်ရင်း စကားပြောရင် ပြောမယ်။ လဘက်ရည်ဆိုင်မှာ ပြောချင်ပြောမယ်။ အခန်းတခန်းမှာ ၄-၅ ယောက် စုပြောချင် ပြောမယ်။ အဆောင်မှာတော့ ပထမတော့ ပြောတာပေါ့ဗျာ ည ၁ဝ နာရီ ထက် နောက်မကျနဲ့ပေါ့ဗျာ။ ခုကျတော့လည်း ၁၂ နာရီ၊ ၁ နာရီ ရောက်နေတာပဲ။ ဘာမှတော့ မပြောသေးပါဘူး။

နေ့စဉ်စားသောက်ရတဲ့ ပုံစံကော သိပါရစေခင်ဗျာ့။
ကြိုက်သလိုတော့ စားလို့ရတယ်ပေါ့ဗျာ။ ဒါပေမယ့် သူတို့ လွှတ်တော်မှာ ဘူဖေး ကျွေးတဲ့ဟာကျ၊ တရက် နှစ်ရက်ဆို ကျနော်တို့ မမြိန်တော့ဘူးဗျ။ ဆီးချိုသမားတွေလည်း စားလို့ရအောင်ဆိုတော့ အငန်တွေအစပ်တွေ စားချင်တော့ မပါဘူးလေ။ အပြင်မှာကျတော့ ငါးပိ၊ တို့စရာတွေ စားလို့ရတာပေါ့ဗျာ။ ကျနော်ကတော့ နှစ်ကြိမ်ပဲစားပါတယ်။ ၁၂ နာရီတကြိမ်၊ ညနေ တကြိမ်၊ မနက်ပိုင်းကျတော့ အသီးလေးတခုခုနဲ့ ပြီးသွားတာပါပဲ။တနပ်ကို၂,၀၀၀ ပေးပေါ့။ လက်မှတ်ဝယ် ပေါ့။ အဲဒီလက်မှတ်ပြလိုက်ရင် အခန်းထဲဝင်။ ကြိုက်တာစားပေါ့။ ကျနော်တို့ကို စားဖို့ဆိုပြီး တနေ့ ၅,ဝဝဝ ပေးထားတယ်လေ။ ဟင်းက တော်တော်များများ ပါ,ပါတယ်။ ဟင်းအလေးဆိုရင် ၄ မျိုး လောက်ပါတယ်။ အကြော်၊အသုပ် ၃ မျိုးဆိုတော့ ၇ မျိုးလောက်ပေါ့။ အချိုပွဲဆို တနေ့နဲ့တနေ့ မတူအောင်တော့ လုပ်ထားပေးတယ်။ အသီးအနှံဆိုလည်း ၃ မျိုးလောက်ပါတယ်။ဝက်သားတော့နေ့တိုင်းပါတယ်။ကြက်သားကတော့ ဒီမှာ ကြက်ငှက်တုတ်ကွေးဖြစ်တော့ မတွေ့တာကြာပြီ။ ဒီနေ့မနက်ပဲ ကြက်သားဟင်းတွေ့တယ်။ ဒါပေမယ့် ပြည်ထောင်စုနေ့က ကြက်သားဒန်ပေါက် ကျွေးတယ်။ ဗိုလ်ချုပ်မှူးကြီး ကျွေးသွားတာလေ။
မနက်ပိုင်းကတော့ကျနော်တို့နေတဲ့အဆောင်နေရာမှာကြိုက်တာဝယ်စားပဲ။စည်ပင်မိသားစုတွေ ဖွင့်ထားတဲ့ဆိုင်တွေပေါ့။ နန်းကြီးသုပ်၊ခေါက်ဆွဲ၊ထမင်းသုပ် ဘာညာ အစုံရတယ်။ ကရင်ဆိုင် ဆိုရင် တာလဘော့၊ ကချင်ဆိုင်ဆိုရင် ခေါင်ရည် သောက်လို့ရတာပေါ့ဗျာ။ ဗိုလ်ကြီးအဆင့်လောက် ထောင်ထားတာ ဖြစ်မယ်ထင်တယ်။
အဆောင်မှာတော့ စားဖိုဆောင် မရှိဘူး။ ကျနော်တို့ရဲ့ မြောက်ဘက်ခြမ်းက အပြင်လူတွေ တည်းလို့ရတဲ့ အဆောင်တွေပေါ့။ သတင်းထောက်တွေ၊ မိသားစုတွေပေါ့။

အဝတ်တွေလျှော်ဖို့ကော ဘယ်လိုစီစဉ်ပေးလဲ၊ ကွန်ပျူတာကော သုံးလို့ရလား။
ဒိုဘီအပ်လို့ရတယ်။ ပင်မအဆောင်မှာလေ။ ကျနော်တို့ checkoutလုပ်တဲ့ အဆောင်သပ်သပ်ဆိုတာ ရှိတယ်။ စည်ပင်ရိပ်သာမှာပဲ။ အဲဒီမှာ ကွန်ပြူတာတွေ ထားထားတယ်။ အင်တာနက် တော့မရှိဘူး။ အဲဒီမှာ ဒိုဘီအပ်ချင်လည်း အပ်။ စကားပြောချင်လည်း ပြောပေါ့။ လျှောက်လည်ချင်ရင် ကားစီစဉ်ပေးပါပြောလည်း သူလုပ်ပေးတာပဲ။ မိတ္တူကူးချင်လည်း ကူးလို့ရတယ်။ ဒိုဘီက အင်္ကျီတထည် ၂ဝဝ၊ ပုဆိုးလည်း ၂ဝဝ ပဲ။ မနက်ကမှ ရေက နည်းနည်းပြန်နီသွားတယ်။

ပြည်ခိုင်ဖြိုးအမတ်တွေနဲ့ကော အတူတူနေရတာလား။
ပြည်ခိုင်ဖြိုးတွေကကျနော်တို့ဆီမှာမရှိဘူး။လယ်ဝေးမှာလို့ပြောတယ်။ခေါင်တယ်ပြောတယ်။ ကျနော်တို့နေတာက အဆောင် ၁ ကနေ ၂၉ အထိလုံး ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်မပါ ကျန်တဲ့ အမတ်တွေပဲပေါ့။ ပြည်ခိုင်ဖြိုးတွေကျတော့ အဆင်မပြေဘူးလို့ ပြောတယ်။သူတို့အပြင်မှ မထွက်ရတာ။ စားသောက်ဆိုင်ထဲမှာ ထမင်းကြော်ဆို မုန်းလောက်အောင်ပဲ ဖြစ်နေတယ်လို့ ပြောတယ်။ စစ်တပ်အမတ်တွေကတော့ Mount Pleasant ဟိုတယ်နားလောက်မှာရှိတဲ့ တောင်ခြေမှာလို့ ထင်တာပဲ။

အဆောင်တခုနဲ့ တခု ကူးလို့ရလားခင်ဗျာ့

ကျနော်တို့ဆီမှာ ရပါတယ်။





“စပါးပြီး စပါး၊မယားပြီးမယား” စာရေးဆရာကွယ်လွန်

ကိုပေါက် တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၆ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်က ခေါင်းဆောင်ကြီးကို ထိခိုက်စေနိုင်သော အရေးအသားများကြောင့် ထောင်ချ အရေးယူခံခဲ့ရဖူးသူ စာရေးဆရာ မောင်ဖေငယ်၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်၌ တနင်္ဂနွေနေ့က သင်္ဂြိုလ်ခဲ့သည်။
မောင်ဖေငယ် (ခေါ်)ဦးတင်ဖေသည် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါအခံဖြင့်လေဖြတ်ကာအသက် ၆၇ နှစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။
“မနေ့ကသင်္ဂြိုလ်တာပါ။ရေဝေးသုသာန်မှာပါ။ ညနေ ၃ နာရီက။စာပေအသိုင်းအဝိုင်းကလူတွေ အတော်များများတော့ လာကြပါတယ်” ဟု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။
မောင်ဖေငယ်သည် ရာဇဝင်နောက်ခံ အတ္ထုပ္ပတ္တိများ ပြုစုလေ့ရှိသည်။
                                                                        မောင်ဖေငယ်ထောင်ကျခဲ့တဲ့စာအုပ်အဖုံး
၁၉၇၄ ထုတ် ၎င်း၏‘ရနောင်မောင်မောင်တုတ်’ဟူသောစာအုပ်ထဲ၌ ရနောင်မောင်မောင်တုတ်၏ ကိုယ်ကျင့်တရားပျက်ယွင်းမှုများကို‘ပြည်သူတွေ စပါးပြီးစပါး စိုက်နေရတဲ့အချိန်မှာဘုရင်က မယားပြီးမယားယူနေတယ်’ဟုထည့်သွင်းရေးသားခဲ့ရာထိုစဉ်ကအာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌကြီး ဦးနေဝင်း အိမ်ထောင်သစ်များ ထူထောင်နေသည်နှင့်လည်း တိုက်ဆိုင်နေသည်။
ထို့ပြင် မဆလ ဆိုရှယ်လစ် စီမံကိန်းအရ စပါးအထူးအထွက်တိုးရေးအတွက် စီမံကိန်းသီးနှံအဖြစ် တောင်သူလယ်သမားများအား စပါးများ အဓမ္မ အစိုက်ခိုင်းနေသည့် ကာလနှင့်လည်း ကြုံကြိုက်နေသည်။
ထိုအရေးအသားများကြောင့် စာပေအသိုင်းအဝိုင်းအတွင်း ဟိုးလေးတကြော်ဖြစ်သွားရာ စာအုပ်များ လိုက်လံသိမ်းယူဖျက်ဆီးခံရပြီး မောင်ဖေငယ်ကိုလည်း ဖမ်းဆီးကာ သေဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် ထောင်ဒဏ် ပြောင်းလဲချမှတ်ခဲ့သည်။
စစ်ကြောရေးကာလအတွင်း ရရှိခဲ့သည့် မျက်လုံးအောက်တွင် ဆေးလိပ်မီးဖြင့် အထိုးခံခဲ့ရသည့် ဒဏ်ရာမှာ ကွယ်လွန်ချိန်အထိ ရှိနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။
ထိုကာလအတွင်း ‘ရှုဒေါင့်’ဂျာနယ်ပါ ‘အလမ္ပာယ်ဆရာကြီး’ကဗျာမှာလည်း အာဏာရှင် ဦးနေဝင်းအား ထိခိုက်စေသည်ဟူ၍ ဂျာနယ်အယ်ဒီတာ (ဦး)ဝင်းခက်နှင့် ကဗျာဆရာ ဝင်းလတ်တို့ကို ဖမ်းဆီး ထောင်ချခဲ့ဖူးသည်။ ကဗျာဆရာဝင်းလတ်မှာ လက်ဝဲနိုင်ငံရေးအတွေးအခေါ် ရှိသူဖြစ်သော်လည်း မောင်ဖေငယ်မှာ မည်သည့်နိုင်ငံရေးနောက်ခံမျှ မရှိဘဲ ၎င်းဖာသာ ရာဇဝင်လာ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများကို ရေးသားနေသည့် စာရေးဆရာတဦးဖြစ်ကြောင်း ရင်းနှီးသူများက ပြောဆိုသည်။
ဆရာ၏ နောက်ဆုံးခရီးတွင် ရေဝေးသုသာန်၌ ထက်မြက်၊ မိချမ်းဝေ၊ မြတ်ခိုင် စသည့်စာပေလောကမှ ပုဂ္ဂိုလ်များ လာရောက်ပို့ဆောင်ကြကြောင်း နာရေးကို ကိုယ်တိုင်စီစဉ်ဆောင်ရွက်ပေးခဲ့သူ စာရေးဆရာမ သန်းမြင့်အောင် က မဇ္ဈိမကို ပြောသည်။
မောင်ဖေငယ် ရေးသားပြုစုခဲ့သော စာအုပ်အချို့မှာ ရနောင်မောင်မောင်တုတ်၊ ဒိုင်းခင်ခင်၊ နန်းစံကြသူများ၊ ဘကြီးတော်မင်း၊ ရတနာဂီရိရောက် သီပေါမင်း၊ နန်းမတော်မယ်နု၊ သမိုင်းနှင့်ဝိရောဓိဖြစ်ခြင်း၊ သီပေါမင်း၏ နောက်ဆုံးနေ့ရက်များ စသည့်စာအုပ်များ ဖြစ်သည်။ မောင်ဖေငယ် စာရေးခွင့်ပြန်ရသည်မှာ ဆယ်နှစ်မရှိသေးပါ။
ရနောင်မောင်မောင်တုတ် စာအုပ်မှာကား ယခုချိန်ထိ ပြန်လည်ထုတ်ဝေခွင့် မရတော့ပေ။



ကွယ်လွန်ချိန်တွင် ဇနီး၊ သား ၂ ယောက်နှင့် သမီး ၃ ယောက် ကျန်ရှိသည်။







တောင်သူလယ်သမားအဖွဲ့တစညဖွဲ့စည်းလို

မျိုးသန့် တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။လယ်သမားများနစ်နာမှုများနှင့်အခွင့်အရေးများတင်ပြတောင်းဆိုနိုင်ရန် တောင်သူလယ်သမားအသင်းအဖွဲ့များဖွဲ့စည်းနိုင်ရေးလွှတ်တော်တွင်းလွှတ်တော်ပြင်ပတွင် ဆောင်ရွက်သွားရန်ရှိကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဦးဟန်ရွှေကဆိုသည်။
၂ဝဝ၈ ဖွဲ့စည်းပုံတွင်လည်း အသင်းအဖွဲ့များ ဖွဲ့စည်းလိုက ဖွဲ့စည်းနိုင်ကြောင်း ဖေါ်ပြထားခြင်းကြောင့် လယ်သမား အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းပြီး နိုင်ငံတိုးတက်မှုအတွက် ဆောင်ရွက်နိုင်ကြောင်း သူကဆိုသည်။
“လယ်သမား၊ အလုပ်သမားသမဂ္ဂလိုပေါ့ဗျာ ဒီလိုဟာမျိုးတွေ ဖွဲ့စည်းပြီးတော့ လယ်သမားတွေရဲ့အသံနဲ့ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းက ပါလာအောင် လွှတ်တော်တွင်း လွှတ်တော်ပ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်”
လက်ရှိမြန်မာနိုင်ငံတွင် ကုန်သည်ကြီးများအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်း၊ ဆန်စပါး ဝယ်ယူရေးအသင်း စသည်ဖြင့် လယ်သမားများနှင့် ဆက်စပ်နေသည့် အသင်းများသာရှိပြီး ကာယကံရှင်ဖြစ်သည့် လယ်သမားများမှာ အသင်းအဖွဲ့ မရှိခြင်းကြောင့် လယ်သမားများ ပြောပိုင်ခွင့် မရှိဟုလည်း ဦးဟန်ရွှေက ဆိုသည်။
ထိုသို့တောင်သူလယ်သမားများဘက်မှ ပြောခွင့်ဆိုခွင့် မရှိခြင်းကြောင့် တရားမျှတမှုမရှိဖြစ်နေပြီး လယ်သမား အဖွဲ့အစည်းများ ရှိလာအောင် လုပ်ဆောင်မည်ဟုလည်း သူကဆိုသည်။
“ကုန်သည်ကြီးများအသင်း၊ဆန်စက်ပိုင်ရှင်များအသင်း၊ဒါတွေကသူတို့ကအဖွဲ့အစည်းအသင်းအဖွဲ့ တခုအနေနဲ့ လုပ်နေတယ်။ အကြောင်းကိစ္စရှိရင် လယ်သမားက လုံးချင်း ရင်ဆိုင်ရတဲ့သဘောရှိတယ်။ သူ့မှာအဖွဲ့အစည်း မရှိတဲ့အတွက် ဘာမှပြောပိုင်ခွင့်မရှိဘူး။ အဲဒီတော့ တဖက်သတ်လို သဘောမျိုး ဖြစ်နေတာပေါ့။ ထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေဘက်က ပြောခွင့် ဆိုခွင့်မရှိတဲ့အတွက် ကျနော်တို့က ဒီဟာကို တရားမျှတတယ်လို့ မယူဆဘူး။ ဒါကြောင့် ကျနော်တို့က လယ်သမား အဖွဲ့အစည်း ဖြစ်လာအောင်လုပ်မယ်၊ အဲဒီလိုမျိုးမြင်ပါတယ်။ အဲဒီလို မဟုတ်ရင်တော့ တဖက်သတ်ပဲဖြစ်နေမှာပဲ”
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၏ ပါတီမူဝါဒတွင်လည်း လယ်လုပ်သူများ လယ်ယာပိုင်ဆိုင်ခွင့်နှင့် သီးနှံများ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချခွင့်ပြုမည်ဟု ဖေါ်ပြထားသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း လယ်လုပ်သူ လယ်ပိုင်ခွင့်အတွက် လွှတ်တော် အစည်းအဝေးများအတွင်း တင်ပြ ဆွေးနွေးသွားမည်ဟု ပါတီခေါင်းဆောင် နိုင်ငွေသိန်းကဆိုသည်။
လွှတ်တော်တွင်း မွန်ပါတီ၏ လယ်လုပ်သူ လယ်ပိုင်ခွင့်တင်ပြမည့်အချက်သည် မိမိတို့ပါတီ၏ မူဝါဒနှင့် ထပ်တူပင်ဖြစ်ကြောင်း ကျားဖြူပါတီ (ခေါ်)ရှမ်းအမျိုးသားများတိုးတက်ရေးပါတီမှ စိုင်းဆောင်စီက ဆိုသည်။
“ကျနော်တို့ပါတီ မူဝါဒကလဲ အဲဒီအတိုင်းပါပဲ၊ လယ်လုပ်သူ လယ်ပိုင်ခွင့်မရှိတဲ့အတွက် ပြည်သူလူထုက စိတ်ဆင်းရဲရတာပါပဲ။ အခုဆိုရင် အားလုံးက လက်မဲ့လိုဖြစ်နေတာ။ သူ့တို့အတွက် အခွင့်အရေး ဘာမှမရှိဘူး။ အခုလိုမျိုး အခွင့်အရေးတွေ ရလာရင်တော့ သူကြိုးစားမှာပေါ့ ။ သူကြိုးစားဖို့ အခွင့်အရေး ရသွားမယ်လေ။ ကိုယ်လုပ်နေတာလေးမှ ပိုင်ဆိုင်ခွင့်မရှိဘူး။ ဘာအခွင့်အရေးမှ မရဘူးဆိုရင်တော့ လူတိုင်းက အားငယ်နေမှာပေါ့”
အမျိုးသားဒီမိုကရေစီ အင်အားစုမှ အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်ကလည်း လယ်လုပ်သူ လယ်ပိုင်ခွင့်သည် ဖြစ်သင့်ဖြစ်ထိုက်သည့် အချက်တချက်ဖြစ်ကြောင်း ဆိုသည်။
“ဒီဟာကတော့ပြည်သူလူထုအတွက်ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ကိုယ်ကတော့ ယူဆတယ်လေ။ လယ်လုပ်သူ လယ်ပိုင်ခွင့်ကတော့ဒါအမြင့်ဆုံးအခွင့်အရေးပဲလေ။အဲဒါရရင်တော့လယ်သမားတွေအနေနဲ့ တော်တော်လေးကို စိတ်ချမ်းသာမှာပေါ့” ဟု မဇ္ဈိမကိုပြောသည်။
သို့သော်လည်း လယ်လုပ်သူ လယ်ပိုင်ခွင့်ပြုလိုက်ခြင်းဖြင့် လယ်ရှင်ကြီးစနစ် မဖြစ်ရေးကိုလည်း ဥပဒေများဖြင့် တားဆီးသင့်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ဦးဟန်ရွှေက သုံးသပ် ပြောဆိုသွားသည်။
“လယ်ရှင်ကြီးစနစ် မဖြစ်ရေးကိုလဲ တဖက်က တားဆီးရမယ့် သဘောရှိတယ်။ တောင်သူ လယ်သမားတွေနဲ့ ဆွေးနွေး တောင်သူလယ်သမားတွေနဲ့ ညှိနှိုင်းပြီးတော့ ဒီဟာတွေကို လွှတ်တော်အမတ်တွေကနေ ဥပဒေပြဋ္ဌာန်းပြီး အကောင်အထည် ဖော်သွားရမယ်လို့ မြင်ပါတယ်” ဟုဆိုသည်။







ကိုယ့်တပ်ကိုယ်လုံလျှင်AFTAသည်စိုးရိမ်စရာမဟုတ်

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၃ မိနစ် .
အာဆီယံနိုင်ငံများအကြားလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်AFTAကြောင့်ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများအတွက် ၎င်းအရှေ့တောင်အာရှ နိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများ ပြင်ဆင်နေကြသည်။
မြန်မာပြည်အတွက်ဆိုလျှင်နိုင်ငံတွင်းရှိလုပ်ငန်းများ ပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိရန်အတွက် လုပ်ကိုင်နိုင်ဆုံးသူမှာ စစ်အစိုးရသာ ဖြစ်သည်။
ဥပမာအားဖြင့်ပြောရလျှင်ရေရှည်ရင်းနှီးမြှုပ်နှံရေးအတွက်ဆုံးဖြတ်ချက်များချမှတ်ရာတွင် အရေးကြီးလှသော ကိန်းဂဏန်း အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများ တည်ငြိမ်မှု ရရှိရေးအတွက် လိုအပ်သည့် မက်ခရို စီးပွားရေး စီမံခန့်ခွဲမှုများ နိုင်ငံတွင်း၌ မရှိပါ။
ထို့ပြင် စစ်အစိုးရ၏ လက်ရင်းလူယုံများမှလွဲလျှင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအတွက်လည်း အရင်းအနှီး ဈေးကွက်မှာ အကန့်အသတ်နှင့်သာ ရရှိသည်။ ထိုမျှသာမဟုတ် အစိုးရ၏ ရငွေသုံးငွေ စာရင်းများပါ ပွင့်လင်းမြင်သာမှု မရှိ။ အစိုးရသစ် ဖွဲ့စည်းပြီးနောက် အားလုံး တန်းတူညီမျှ အခွင့်အရေးရရှိရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ခံမှုရှိရေးအတွက် အစိုးရဘတ်ဂျက် အသေးစိတ်ကို အားလုံး လေ့လာ သုံးသပ်နိုင်ရန် ထုတ်ဝေဖြန့်ချိလိမ့်မည်ဟု အကဲခတ်များက မျှော်လင့်နေကြသည်။
ဤသို့ကြီးမားသောအခက်အခဲ၊အတားအဆီးများရှိနေသော်လည်း မြန်မာ့စီးပွားရေး အသိုင်းအဝိုင်းအနေဖြင့်AFTAကို ကြိုဆိုရမည်သာ ဖြစ်သည်။ ဤစာချုပ်အရ ပေါ်ထွက်လာမည့် မည်သည့်အုပ်ချုပ်ထောက်ပံ့မှု အခွင့်အလမ်းကိုမဆို သူတို့လည်း ရယူဆုပ်ကိုင်နိုင်ကြမည်ဖြစ်ပြီး၊ မြန်မာ့စီးပွားရေး လုပ်ငန်းများသည်လည်း ဒေသတွင်း အင်အားစုသစ် တရပ်အဖြစ် ပေါ်ထွက်လာနိုင်ရေး ကြိုးပမ်းခွင့်ကိုပါ ရရှိကြမည်ဖြစ်သည်။
အာဆီယံနိုင်ငံများစိုးရိမ်ပူပန်နေကြသည့် အချက်တခုမှာ တရုတ်ပြည်မှ ဈေးပေါသော ထုတ်ကုန်ပစ္စည်းများ ဝင်ရောက်လာမည့် အရေးဖြစ်သည်။ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံအတွက် တရုတ်ထုတ်ကုန်များနှင့် ပတ်သက်သည့် အတွေ့အကြုံ ရှိပြီးဖြစ်သည်။ အခွန်နှင့်ပတ်သက်လျှင် သွင်းကုန်ပစ္စည်းအများစုမှာ ၅ % အောက်တွင်သာ ရှိသည်။
အခွန်မဟုတ်သောကုန်သွယ်ရေးအတားအဆီးများဖယ်ရှားရေးနှင့်အခွန်အကောက်ရာနှုန်းသုညသို့ လျှော့ချရေးဟူသောလုပ်ငန်းရပ်များမှလွဲ၍နောက်ထပ်ကြီးမားသည့်အပြောင်းအလဲများမျှော်လင့်ရန် မဖြစ်နိုင်ပါ။ယခုAFTAအရစားသုံးသူများအနေဖြင့်အခွန်လွတ်ကုန်စည်များကိုရယူသုံးစွဲခွင့် ရှိကြမည်ဖြစ်သည်။
မြန်မာ့စီးပွားရေးလုပ်ငန်းများအတွက်အကြီးဆုံးစိန်ခေါ်မှုမှာပြင်ပမှခြိမ်းခြောက်မှုများမဟုတ်ပါ။ သူတို့အတွက်အကြီးဆုံးပြဿနာမှာစစ်ဗိုလ်ချုပ်ကြီးများကအာဏာကိုဆက်လက်၍ ထိန်းသိမ်းအပိုင်စီးထားရေးကို ဆက်လက်ဦးစားပေးဦးမည့် အရေးပင်ဖြစ်သည်။
တိုင်းပြည်တွင် တိုးတက်မှုများ ရရှိရေး လုပ်ဆောင်ရန် နယ်ပယ်များစွာ ရှိသေးသည်။ ထုတ်လုပ်မှု၊ စံချိန်စံညွှန်းနှင့် အရည်အသွေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရေး၊ ဈေးကွက်ထိုးဖောက်ရေး၊ ခေတ်မီစီးပွားရေး စီမံခန့်ခွဲမှု၊ ပုံမှန်စီးပွားရေး အဆောက်အအုံများ တည်ထောင်ရေးနှင့် ကွန်ယက်များ ချိတ်ဆက်ရေး ဖြစ်သည်။
အစိုးရအနေဖြင့် ဆန္ဒရှိလျှင်၊ လုပ်ဆောင်နိုင်မည်ဆိုလျှင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်သာစေမည့် ဝန်းကျင်ကောင်း ဖန်တီးရေး၊ ဥပဒေစိုးမိုးမှု ရှိစေရေး၊ ပွင့်လင်းမြင်သာမှု ရှိရေးနှင့် မူဝါဒများ တသမတ်တည်း ရှိရေးတို့ ရှိရမည်ဖြစ်သည်။ ထို့ပြင် အခြေခံအဆာက်အအုံကိုလည်း ခေတ်မီအောင် ပြုလုပ်ပေးပြီး၊ မလိုလားအပ်သည့် စရိတ်စကများ၊ ငွေကြေး ဆောင်ရွက်မှုများ၊ (လိုင်းကြေး) လျှော့ချရေးကိုလည်း လုပ်ဆောင်ပေးရမည်။
အထူးစီးပွားရေးဇုန်တွင် ကျင့်သုံးမည်ဟု အဆိုပြုထားသော တနေရာထဲတွင် အကုန်ပြီးရေး (Onestop service)မှာဒေသခံ စီးပွားရေးလုပ်ငန်းများ အတွက်လည်း လိုက်လျောညီထွေ ကျင့်သုံးစေနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ကနဦး မတည်အရင်းအနှီးကို အတိုးနှုန်း သက်သာစွာ ရရှိရန် လိုအပ်သည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ဖြစ်သည်။
အဆုံးစွန် ပြောရလျှင် ဤလုပ်ငန်းများသည် အစိုးရသစ် ဆောင်ရွက်ရမည့် ကိုယ့်တပ်ကိုယ်လုံရေး ဆောင်ရွက်ရမည့် လုပ်ငန်းများပင် ဖြစ်သည်။
AFTA သည် မြန်မာ့စီးပွားရေး လုပ်ငန်းများအတွက် ဒေသတွင်း၌ ပြိုင်ဆိုင်နိုင်စွမ်း ရှိမရှိ စမ်းသပ်မည့် အချက်တခု ဖြစ်သည်။ ဤသည်သာမက စစ်တပ်အုပ်စိုးသူများက ဖန်တီးမွေးထုတ်လိုက်သည့် အစိုးရသစ်ကို စိန်ခေါ်စမ်းသပ်သည့် အချက်လည်း ဖြစ်နေသည်။







အမေရိကန်တွင်ဘိန်းဖြူဖမ်းဆီးရမှု၊ဝ'တပ်မတော်နှင့်ပတ်သက်

Jim Andrews (ဂျင်မ် အင်ဒရူးစ်) တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၄ မိနစ် .
မဇ္ဈိမသတင်းဌာန ။ ။ကြွေဖြင့်ကြောင်ပုံလုပ်ထားသည့်အရုပ်များအားအမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိJFKလေဆိပ်အကောက်ခွန်နှင့်ယစ်မျိုးဌာနသိမ်းဆည်းရာဌာနကဖမ်းဆီးခဲ့ခြင်းကား ထိုင်းနိုင်ငံမှ ၎င်းပစ္စည်းများ တင်ပို့ခဲ့သူအတွက်မူ သတင်းဆိုး ဖြစ်တော့သည်။
တရုတ်နိုင်ငံမှပုံသွင်းအရုပ်များတွင်ဘိန်းစိမ်း၁ဝဝကီလိုဂရမ်နီးပါးထည့်သွင်းထုပ်ပိုးထားပြီး၊အကောက်ခွန် အရာရှိတဦးက ၎င်းပစ္စည်းများ ဖမ်းဆီးရရှိမှုသည် ထိုင်းနိုင်ငံသာမကမြန်မာနိုင်ငံသို့ပါ ရိုက်ခတ်သွားခဲ့သည်။ အကြောင်းမှာ ၎င်းဘိန်းများ၏ မူရင်းအရပ်က မြန်မာနိုင်ငံ ဖြစ်နေသည်။
ရွှေတြိဂံဒေသတွင်ဘိန်းခင်းများဖျက်ဆီးစဉ်၌နိုင်ငံခြားသတင်းထောက်များရှေ့တွင်ဘိန်းပင်ကို ကိုင်ပြနေသောမြန်မာစစ်အစိုးရစစ်သားတဦး(သိမ်းဆည်းထားသည့်ဓာတ်ပုံ)။ယခုအခါမူးယစ်ရာဇာများက ထိုင်း-မြန်မာနယ်စပ်ဒေသများတွင်အန္တရာယ်ကင်းကင်းဖြင့်လှုပ်ရှားနေဆဲဖြစ်သည်။(ဓာတ်ပုံ-AFP)
ဤသတင်း ထွက်ပေါ်လာချိန်တွင်ထိုင်းနိုင်ငံရှိ မူးယစ်ဆေးဝါး နှိမ်နှင်းရေးအရာရှိများကလည်းထိုင်းနိုင်ငံ အလယ်ပိုင်း ဖရဲခရိုင်တွင်မြန်မာနိုင်ငံမှဘိန်းဖြူ(ဟီးရိုးအင်း)၂ဝဝကီလိုဂရမ်ကိုဖမ်းဆီးရမိသည်ဟု ကြေညာခဲ့သည်။
ယခုတခေါက် ဖမ်းဆီးရမိမှုသည် ထိုင်းတွင် မကြာသေးမီနှစ်များတွင် နှစ်စဉ်ဖမ်းဆီးရမိနေသည့် ပမာဏထက် ၂ ဆခန့် များနေသည်။ မြန်မာနိုင်ငံမှ ထွက်လာသည့် ဘိန်းနှင့် ဘိန်းဖြူများက ထိုင်းကိုဖြတ်၍ အမေရိကားနှင့် အနောက်နိုင်ငံများသို့ ဆက်ဝင်နေမည့်အရေးအပေါ် စိုးရိမ်ချက်ကို ပိုမိုခိုင်မာလာစေသည်။ နယူးယောက်မြို့ JFK လေဆိပ်၌ ခိုးသွင်းလာသည့်ဘိန်းများ ဖော်ထုတ်ရရှိမှုနှင့် ဘိန်းကုန်ကူးလုပ်ငန်း ပို၍ အဆင့်မြင့်လာသဖြင့် ထိုင်းနိုင်ငံက ပို၍ပင် စိုးရိမ်လာနေရသည်။
ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ONCBရုံးမှအရာရှိများကရှမ်းပြည်နယ်ရှိ ဘိန်းချက်စက်ရုံများမှထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်သို့ဘိန်းမဲ-ဘိန်းဖြူများသယ်ဆောင်လာခဲ့သည့် လမ်းကြောင်းကိုခြေရာကောက်ရန်ကြိုးပမ်းခဲ့သည်။ငွေမြိုးမြိုးမြက်မြက်ရနေသည့် မူးယစ်ဆေးကုန်သွယ်မှုတွင် သြဇာတိက္ကမကြီးမားသူ ကြားခံထိုင်းလူမျိုးများ ပါဝင်ပတ်သက်နေသည့် အတွက်ကြောင့်လည်း သူတို့အတွက် ပို၍ အခက်တွေ့နေရသည်။
ဖရဲခရိုင်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိသည့်သတင်းကိုအင်္ဂလိပ်ဘာသာဖြင့်နေ့စဉ်ထုတ်ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြခဲ့ပြီး၊"ယူနီဖောင်းဝတ်"ထိုင်းများနှင့်ဒေသခံ နိုင်ငံရေးသမားများက ထိုင်းကိုဖြတ်၍ ဘန်ကောက်မှတဆင့်နိုင်ငံခြားဈေးကွက်ကိုပို့ဆောင်ရန်မှောင်ခိုတင်သွင်းလာရေး ကူညီပေးခဲ့ကြသည်ဟုလည်း ဖော်ပြထားသည်။
ONCB နှင့် နီးစပ်သည့် သတင်းဌာနတခုကမူ "ငွေရပေါက်ရလမ်းကြီးဗျ။ သေချာတာက ဒီငွေတွေနဲ့ လစာ နည်းနည်းပါးပါးပဲ ရတဲ့ ဝန်ထမ်းတွေ၊ ဒေသအာဏာပိုင်တွေကို ဝယ်နိုင်တယ်လေ" ဟု ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဘိန်းဖြူဈေးကွက်တွင် ၁ ကီလိုဂရမ်လျှင် ဘတ် ၇၅ဝ,ဝဝဝ (အမေရိကန် ဒေါ်လာ ၂၅,ဝဝဝ)အထိဈေးပေါက်နေပြီး၊ အကယ်၍ ဘန်ကောက်အထိ ရောက်လာလျှင် ဘတ် ၅သန်း (အမေရိကန် ဒေါ်လာ ၁၆၆,၆၆၆) အထိ ဈေးရလာမည်။
ဘိန်းစိမ်းက ပို၍ဈေးချိုသော်လည်း သယ်ဆောင်ရန် ဝန်ထုပ်ဝန်ပိုးကြီးသည်။ JFK လေဆိပ်တွင် ဖမ်းဆီးရမိခဲ့သော ကီလို ၁ဝဝ သာ အမေရိကန်လမ်းမများပေါ် ရောက်သွားပါက ၁ ကီလိုလျှင် ဒေါ်လာ ၉ဝ,ဝဝဝ အထိ တန်ဖိုးမြင့်သွားနိုင်သည်။
ONCB အရာရှိများအနေဖြင့် ထိုင်းနိုင်ငံနှင့် နယူးယောက်တွင် ဖမ်းဆီးရမိခဲ့သောဘိန်းဖြူ-ဘိန်းမဲများသည် မြန်မာနိုင်ငံရှမ်းပြည်နယ်အတွင်းမှထွက်လာသည်ဆိုသည်ကိုသံသယမရှိယုံကြည်နေကြသည်။ အထူးသဖြင့်ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီUWSPထိန်းချုပ်ထားသည့် ဒေသများမှ ထွက်လာခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏မူးယစ်ဆေးစည်းကြပ်ရေးအဖွဲ့DEAကဖော်ပြရာတွင်ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်UWSAသည်အရှေ့တောင်အာရှတွင်အင်အားအကြီးဆုံး မူးယစ်ဆေးကုန်သွယ်နေသည့်အဖွဲ့ဖြစ်ပြီး၊ထိုင်းနိုင်ငံတလွှားနှင့်အိမ်နီးချင်းနိုင်ငံများတွင် သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေး အချိတ်အဆက် ကွန်ယက်များလည်း ရှိနေသည်ဟု ဆိုသည်။
ဤကွန်ယက်များကို ခေါင်းဆောင်နေကြသည့် ဂိုဏ်းခေါင်းဆောင်များသည် တရုတ်လူမျိုး ညီအကို ၃ ဦး ဖြစ်ပြီး၊ ဝေဆူကန်း၊ ဝေဆူလွန်းနှင့် ဝေဆူယင်းဟု လူသိများသည်။ ၎င်းတို့ကို အမေရိကန်နှင့် ထိုင်းဥပဒေအရလည်း တရားခံပြေးများအဖြစ် အလိုရှိနေပြီး၊ ဝေဆူကန်းဆိုလျှင် ထိုင်းနိုင်ငံ၌ သေဒဏ်ပင် အပြစ်ပေးခံထားရသူ ဖြစ်သည်။
၎င်းတို့ ၃ ဦးနှင့် ကွန်ယက်အတွင်းရှိ အခြားခေါင်းဆောင်များက ဘိန်းနှင့် ဘိန်းကုန်သွယ်ရေးမှ အကျိုးအမြတ်များစွာ ဖြစ်ထွန်းနေကြသည်။ တဖက်က စီးပွားရေးအင်ပိုင်ယာ ထူထောင်နေကြသလို၊ အင်အား ၃ဝ,ဝဝဝ ခန့်ရှိ ပုံမှန်တပ်မတော် တရပ်ကိုလည်း အားကျဖွယ် ထူထောင်ထားကြသေးသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းနယ်စပ်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်အတွင်း ဝေးလံခေါင်သီလှသည့် တောတန်းဒေသများရှိ ဘိန်းခင်းများနှင့် လျှို့ဝှက်ထားသည့် တောတွင်းဘိန်းဖြူချက်ရာ စက်ရုံများ၌ လူထောင်ချီဖြင့် ထုတ်လုပ်နေသည်။
ဤသို့ဖြစ်နေသည့် တရားမဝင် မူးယစ်ဆေးကုန်သွယ်မှုကို နေပြည်တော်ရှိ အာဏာပိုင်များက သိပ်အရေးမပါလှသလို ပြောဆိုနေပြီး၊ တခါတရံတွင် မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် ထိရောက်စွာ လုပ်ဆောင်နေသယောင် ပြင်ပကမ္ဘာကို ဟန်ပြတတ်ကြသေးသည်။ စက်ရုံများနှင့် ဓာတ်ခွဲခန်းများကို ဝင်ရောက်စီးနင်း၍သိမ်းဆည်းထားသည်ဆိုသော မူးယစ်ဆေးများကိုလည်း မီးရှို့ဖျက်ဆီးပြတတ်သေးသည်။
မည်သို့သော မြန်မာအစိုးရအတွက်မဆို အဓိကပြဿနာမှာUWSA၏ တရားမဝင် လုပ်ရပ်များကို ထောက်ခံပံ့ပိုးပေးရန် နိုင်ငံရေးအရ မဖြစ်နိုင်သလို၊တဖက်တွင်လည်း ၎င်းတပ်ဖွဲ့နှင့် ဆက်ဆံရေးကောင်းရန်၊ ထိန်းသိမ်းထားရန် လိုအပ်နေသေးသည်။
ဝ’ ဒေသအဖို့ မြန်မာပြည် နိုင်ငံရေးမြေပုံ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ခွဲခြားထားမှုတွင် တရားဝင် ပါဝင်မှု မရှိသော်လည်း၊ ဝတို့၏ ဒေသကို အထူးဒေသ ၂ အဖြစ် တစုံတရာ ကိုယ်ပိုင်အုပ်ချုပ်ရေး ခွင့်ပြုပေးထားသည်။ ဝ’ တပ်မတော်၏ နိုင်ငံရေးအဖွဲ့အစည်း UWSP နှင့်လည်း ၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူထားခဲ့ပြီး၊ ခလုတ်ကန်သင်း ပြည့်နေသော ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနေရဆဲ ဖြစ်သည်။
အပေါ်ယံ ငြိမ်းချမ်းနေသည့် အခြေအနေမှာ ပြိုကွဲသွားခဲ့ရသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းရင်းသားလက်နက်ကိုင် တပ်များကို နယ်ခြားစောင့်တပ်အဖြစ်၊ စစ်အစိုးရ ထိန်းချုပ်မှုလက်အောက်ခံ တပ်များအဖြစ် သွတ်သွင်းရန် ကြေညာကြိုးပမ်းလာခဲ့သည်။
UWSAကဤသို့အသွင်ပြောင်းရန်ငြင်းဆိုခဲ့ပြီး၊ ၂ဝ၁ဝ နိုဝင်ဘာလက ကျင်းပခဲ့သည့် ရွေးကောက်ပွဲကိုလည်း ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသအတွင်း ကျင်းပခွင့်မပြုဘဲ အာခံခဲ့သည်။
နှစ်ဖက်စလုံးက အလျှော့ပေးရန် ငြင်းဆန်နေသဖြင့် စစ်ပြန်ဖြစ်ရမည့်အရေး တိမ်မဲသလ္လာကလည်း ဒေသတွင်းလွှမ်းမိုးနေပြန်သည်။မကြာသေးခင်ကထိုင်းနိုင်ငံတွင်းနှင့် နယူးယောက်မြို့တွင် ဖမ်းဆီးရမိခဲ့သည့် ဘိန်းများကို သက်သေကြည့်ခြင်းအားဖြင့် ဝ’တပ်မတော်က သူတို့မူးယစ်ရာဇာများ နေထိုင်မှုဘဝကို ဆက်လက်ထိန်းသိမ်းရန်နှင့် မြန်မာစစ်တပ်နှင့် စစ်ပြန်ဖြစ်လာမည့် အရေးအတွက် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ရန် ရန်ပုံငွေ အပူတပြင်း မြှင့်တင်ရှာဖွေနေသည်ဟု ယူဆနိုင်ပါတော့သည်။
(JimAndrewsရေးသားသောBigUSheroinseizuretracesbacktoWaArmyကိုဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)







zondag 27 februari 2011

အင်းစိန် ဗုံးကွဲမှု ထိခိုက် ဒဏ်ရာရ

တနင်္ဂနွေ, 27 ဖေဖော်ဝါရီ 2011
ရန်ကုန်မြို့အင်းစိန်ကမ်းနားလမ်းမှာဒီကနေ့ညနေပိုင်းကဗုံးပေါက်ကွဲမှုတခုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့သိရပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့ မသိင်္ဂီထိုက်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။
အင်းစိန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ အောင်ဇေယျတံတား အနီးမှာ ဒီကနေ့ ည ၇ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုတခု ဖြစ်ခဲ့တာပါ။ ဒီဗုံးကွဲမှုနဲ့ ပတ်သက်ပြီး အနီးအနား ရပ်ကွက်မှာ နေထိုင်တဲ့ အခင်းဖြစ်ပွားရာကို သွားကြည့်သူ တဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ သူက အခုလိုပြောပါတယ်။
“၇ နာရီ မထိုးခင်လောက်တုန်းကပဲ ဗုံးပေါက်သွားလို့၊ တံတားနားလေးကလို့ ပြောတယ်။ အသံအကျယ်ကြီး ကြားတယ်။ ခွဲတဲ့လူတော့ အောက်ပိုင်းပြတ်သွားတယ်လို့ ပြောတယ်။ ဘေးက ၂ ယောက် ထိသွားတယ်။ ခွဲတဲ့သူနဲ့ဆိုရင် ၃ ယောက် ဒဏ်ရာရသွားတာပေါ့။ အသံကတော့ အကျယ်ကြီး ကြားရတယ်။ အဲဒီနားမှာ ထရန်စဖော်မာရှိတော့ ထရန်စဖော်မာ ပေါက်တယ်လို့ ထင်တာ။ ဒါပေမဲ့ မီးတွေလည်း မပြတ်ဘူးဆိုတော့ နောက်ပိုင်းကျမှ ဗုံးကွဲတာလို့ သိရတယ်။”
အခင်းဖြစ်ပြီးပြီးချင်းမှာပဲ အနီးတ၀ိုက်မှာ အာဏာပိုင်တွေက လုံခြုံရေးကို တိုးမြှင့် ချထားလိုက်တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
“အခုတော့ ဒီမှာ လုံခြုံရေးတွေ ရောက်လာပြီ။ သူတို့ ဒီဘက်ကို ညပိုင်း ဧည့်စာရင်းစစ်ဖို့ လုပ်နေကြတယ်။ ဒဏ်ရာရလို့ အခု အဲဒီလမ်းဘက်ကတောင် မသွားရဘူး၊ ပိတ်ထားတယ်။ လောလောဆယ် လုံခြုံရေးတော့ ပထမဆုံး စဖြစ်ဖြစ်ချင်းတော့ ရောက်လာပါတယ်။ လူတွေကလည်း အများကြီး ရောက်လာတယ်ဆိုတော့ လုံခြုံရေးတွေ၊ လူတွေ မခွဲတတ်ဘူး။ ခွဲလို့မရဘူး။ လူတွေအကုန်လုံးကလည်း အဲဒီမှာ စုပြုံပြီး ရောက်လာတော့ လမ်းက ပိတ်သွားရော။ လူတွေက ကြိတ်ကြိတ်တိုးပြီးတော့ကို ပိတ်သွားတာ။
“ကြောက်လည်းကြောက်၊အံ့လည်း အံ့သြပြီး တိုက်ခန်းတွေမှာရှိတဲ့ လူတွေ အကုန်လုံးကလည်း ထွက်ကြည့်၊ အဲဒီလိုမျိုးဖြစ်တော့ပိတ်သွားတာ။နောက်ကျတော့လုံခြုံရေးတွေကအန္တရာယ်ဖြစ်နိုင်တယ်ဆိုပြီး သူတို့တွေရောက်လာတော့ဖယ်ဖယ်ဆိုပြီးလမ်းတွေပိတ်ပြီးတော့ဒဏ်ရာရတဲ့သူတွေကိုတော့ လူနာတင်ကားနဲ့ ခေါ်သွားတယ်။”
အင်းစိန်မှာ ဒီနေ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဒေသခံတဦး ပြောပြသွားတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗွီအိုအေက အင်းစိန် မီးသတ်ဌာနကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာ အကြီးအကဲတချို့ အခင်းဖြစ်ပွားရာကို လိုက်သွားပြီး စုံစမ်းဆဲ ဖြစ်တယ်၊ သူတို့ဘက်က တစုံတရာ မပြောနိုင်သေးဘူးလို့ ဖြေကြားပါတယ်။



zaterdag 26 februari 2011

ပြောင်းလဲခြင်း

အမှန်တရားအတွက်
ယုံကြည်ရာလမ်းတွေရှိခဲ့ပေမယ့်
ကယ်တင်ရှင်ကိုရှာမတွေ့နိုင်တော့
ကိုယ်ဟာ --- ယုံကြည်ရာဘာသာမဲ့တယောက်ဖြစ်ရတော့မှာလား --- ။
ကျွန်ုပ်နေထိုင်တဲ့ ဒီလောက
ပြဿနာပေါင်းသောင်းခြောက်ထောင်မက
ရှုပ်ထွေးပွေလီဆန်းပြားလှသပါ့ --- ။
အလိုမပြည့်နိုင်တဲ့ အတ္တတွေနဲ့
ဟောဒီလောကသားတွေရဲ့ဒုက္ခ
ကယ်တင်ရှင်တွေမျက်ကွယ်ပြုကာ
ဥပေက္ခာပြုထားတာကတော့ရင်နာစရာပါ့ --- ။
မဆုံးနိုင်သေးတဲ့မနက်ဖြန်တွေအတွက်
ဟောဒီလောကရဲ့အတိဒုက္ခတွေကိုရင်ဆိုင်ဖို့
သူငယ်ချင်းရေ --- ဥာဏ်ကိုမှီခို
ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဆင်ဖို့
သွေးချင်းညီကြသူတွေလက်တွဲကာ
အရာရာတိုင်းကို အခြေအနေ
အချိန်အခါအရခေတ်နဲ့အညီ
ပြုပြင်ပြောင်းလဲနေထိုင်သွားတာကအကောင်းဆုံးပဲပေါ့ --- ။

            ဇာနည်မောင်



ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို

သဲသဲ စနေနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၂၆ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည်။
တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး၊ တွေ့ဆုံဆွေးနွေးရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“စစ်တပ်က လူထုတွေကိုသုံးပြီး အမျိုးမျိုး အနိုင်ကျင့်တယ်။ ဒါကိုဆက်လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေက ဒီ့ထက် ပိုပြီး ခံစားနေရမှာ။ အဲဒါကြောင့် နိုင်ငံတကာက နအဖကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့၊ ဖိအားပေးဖို့ ကျမတို့က တောင်းဆိုတာ”ဟု KNUအထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။
သုံးပွင့်ဆိုင်ဆွေးနွေးရေးအတွက်KNUနှင့်အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အဆင့်သင့်ရှိနေကြောင်း ကြေညာချက်က ဆိုသည်။ ထို့ပြင် KNU၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေကြောင်း စစ်အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြလေ့ရှိပြီး၊ ၎င်းဖော်ပြချက်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များဟုလည်း ကြေညာချက်ထဲတွင် ငြင်းဆိုထားသည်။
စစ်အစိုးတပ်များကသာ အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း၊ ရှေ့တန်းစစ်ဆင်ရေးများတွင် ဒေသခံပြည်သူများကို ရိက္ခာသယ်ရန် ပေါ်တာဆွဲခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။
နအဖ တပ်များကသာ အရပ်သားများကို ပစ်ခတ်မှုကိုခွင့်ပြုထားပြီး စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း၊ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းများ ရှိကြောင်းနှင့် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာလျှင် တိုင်းရင်းသား လက်နက်ကိုင်များပူးပေါင်းကာ ပြန်လည်ကာကွယ်သွားမည်ဟု ဆိုသည်။
KNUသည်နှစ်ပေါင်း၆၀ကျော်ကြာအောင်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်တောင်းဆိုခဲ့ပြီိးထိုင်း-မြန်မာနယ်စပ်တွင် ခြေကုပ်ယူလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
ပြည်သူများကို ငဲ့ကွက်ခြင်းမရှိသည့် စစ်အစိုးရ၏ သဘောထားတင်းမာမှုကြောင့်သာ တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေဆဲဖြစ်သည်ဟု တရုတ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
“လူ့အခွင့်အရေး တစက်မှ နားမလည်တဲ့၊ လူမျိုးရေးစိတ်နဲ့ ဖြေရှင်းနေတဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံတကာ ဖိအားမပါဘဲ မရနိုင်ဘူး။ ပြည်တွင်းစစ်အကြောင်းပြပြီး စစ်တပ်ကြီးကြီး ထောင်ထားမယ်၊ စစ်တပ်ကြီးကြီးနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်မယ်။ ဒါ့ကြောင့် သူတို့က ပြည်တွင်းစစ်ကို မရပ်စဲချင်ဘူး။ သူတို့သဘောနဲ့ သူတို့တော့ စားပွဲဝိုင်းကို လာမှာမဟုတ်ဘူး” ဟု မဇ္ဈိမကို သုံးသပ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန်စစ်အစိုးရကိုကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲ့အစည်းများမှ တောင်းဆိုနေကြသော်လည်း ယနေ့အထိ အကောင်အထည်ဖော်ခြင်း မရှိပေ။
နှစ်ပေါင်း၂၀ကျော်အပြီးထွက်ပေါ်လာသည့်လွှတ်တော်ကတင်မြှောက်သည့် သမ္မတထွက်ပေါ်လာချိန်ကလည်း ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ယခုလ ၄ ရက်နေ့တွင် စစ်အစိုးရကို ထပ်မံတောင်းဆိုခဲ့သေးသည်။
စစ်အစိုးရက ပြီးခဲ့သည့်နှစ် မေလမှစ၍ ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန်အတွက် ဖိအားပေးခဲ့သည့်နောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောထားတင်းမာမှု ဖြစ်ပေါ်ခဲ့သည်။
“၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA-S၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟမိတ်အဖွဲ့ NDAA တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ငြင်းဆန်ထားကြသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်အစိုးရတပ်များနှင့် ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးရေးအတွက် တဖက်တွင် တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာပါက ကာကွယ်ရန်အတွက် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” (United Nationalities Federal Council-Union of Burma) ကို ယခုလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းသည့် အဆိုပါကောင်စီတွင် အပစ်မရပ်နှင့် အပစ်ရပ် အဖွဲ့များသာမက ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းအချို့လည်း ပါရှိသည်။



ဒန်ကလေကို တရားစွဲသူ အမျိုးသမီး အမှုရုပ်သိမ်းလို

မဇ္ဈိမသတင်းဌာန စနေနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၀၁ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာတိုင်းမ်ဂျာနယ် ပူးတွဲပိုင်ဆိုင်သူ မစ္စတာ ရော့စ်ဒန်ကလေကို စွဲချက်တင်ထားသည့် အမှုများအနက် မြန်မာအမျိုးသမီးတဦးအပေါ် ထိခိုက်နာကျင်အောင် ပြုလုပ်ခဲ့သည့် အမှုမှာ ယခုထိ ရှင်းလင်းစွာ မသိရသေးဘဲ ကောလာဟလများသာ ပျံ့နှံ့လျက်ရှိသည်။
ကမာရွတ်တရားရုံးတွင်ပထမဆုံးနေ့တရားရုံးကြားနာမှုအပြီးနာမည်ဆိုးဖြင့်ကျော်ကြားလှသော အင်းစိန်ထောင်သို့ပြန်လည်ပို့ဆောင်ရန်ထောင်ကားပေါ်တက်ခါနီးတွင်မြင်တွေ့ရသော မြန်မာတိုင်းမ်ဂျာနယ်တည်ထောင်သူသြစတြေးလျနိုင်ငံသားရော့စ်ဒန်ကလေကိုကြာသပတေးနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊၂ဝ၁၁ခုနှစ်တွင်တွေ့ရစဉ်။ဓာတ်ပုံ- မဇ္ဈိမ
အာဏာပိုင်များက မစ္စတာ ဒန်ကလေကို ယခုလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအပြင် အမျိုးသမီးတဦး ထိခိုက်နာကျင်အောင် ပြုလုပ်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။
ယခုတပတ် ကြာသပတေးနေ့တွင် မြန်မာတိုင်းမ် တည်ထောင်သူ ရော့စ်ဒန်ကလေကို ကမာရွတ်မြို့နယ် တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မှ PostMediaLtdကို ဒန်ကလေနှင့်အတူ ပူးတွဲပိုင်ဆိုင်သည့် ဥက္ကဋ္ဌ မစ္စတာ ဒေးဗစ် အမ်းစ်စထရောင်းက မဇ္ဈိမသို့ ပေးပို့ခဲ့သည့် ကြေညာချက်ထဲတွင် မစ္စတာ ဒန်ကလေ၏ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရသည်ဟု စွဲချက်တင်ခဲ့သော အမျိုးသမီးက သူ၏ စွဲချက်တင်ထားသည့် အမှုအား ပြန်ရုပ်သိမ်းလိုကြောင်း တရားရုံးတော်သို့ လျှောက်ထားခဲ့သည်ဟု ဖော်ပြပါရှိသည်။
အမျိုးသမီးသည် ကြာသပတေးနေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှု၌ သူ့အနေဖြင့် ရဲက သူ့ကို ကနဦးစုံစမ်း စစ်ဆေးစဉ်က မထွက်ဆိုခဲ့သည့် စွပ်စွဲချက်များကို ရုံးတော်တွင် ထွက်ဆိုခဲ့သည်ဟု ဆိုထားသည်ဟု ကြေညာချက်တွင် ဆိုထားသည်။ ထိုအချက်အလက်များကို မစ္စတာ အမ်းစ်စထရောင်းအနေဖြင့် မည်ကဲ့သို့ ရရှိကြောင်းကိုမူ မဇ္ဈိမ မသိရပေ။
သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတဦး အဆိုအရ မစ္စတာ ဒန်ကလေသည် ယခုလ ၁၀ ရက်နေ့ ညတွင် ဖမ်းဆီးခံခဲ့ရပြီး၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက်ဖြင့် စွဲချက်တင်ခဲ့သည်ဟု ဆိုသည်။
ဒန်ကလေသည် ပြီးခဲ့သည့်လ ၂၀ ရက်နေ့တွင်လည်း ယာယီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အရေးခြင်း မရှိဘဲ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
တရားရုံးက မစ္စတာ ဒန်ကလေကို အာမခံပေးရန် ငြင်းဆန်ခဲ့ပြီး၊ နောက်တကြိမ် ရုံးထုတ်စစ်ဆေးမည့် မတ်လ ၃ ရက်နေ့အထိ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားမည်ဖြစ်သည်။





လူသေမှုဖြင့် မွန်ကော်မတီဝင် ၄ ဦး အဖမ်းခံရ

ကွန်းချမ်း စနေနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ မွန်အမျိုးသားနေ့အလံတိုင် ရိုက်ချိုးသူကို လူထုက ဝိုင်းဝန်းရိုက်နှက်သဖြင့် သေဆုံးရာမှ ကျင်းပရေးကော်မတီဝင် ၄ ဦးကို ရေးမြို့မ ရဲစခန်းက လူသေမှုဖြင့် ဖမ်းဆီးထားကြောင်း မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီနှင့် ဒေသခံများက ပြောသည်။
                            သံဖြူဇရပ်မြို့တွင်ကျင်းပသည့်၆၄ကြိမ်မြောက်မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနား
အရိုက်ခံရသူ သေဆုံးမှုကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ကျင်းပရေး ကော်မတီ ၄ ဦးနှင့် ကျောင်းဒကာတဦးကို ယခုလ ၂၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး၊ ကျောင်းဒကာကို ပြန်လွှတ်ပေးခဲ့သည်ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာမင်းစိုးလင်းက မဇ္ဈိမကို ပြောသည်။
သေဆုံးသူမှာ အသက် ၃၀ နှစ်ကျော်ရှိ မွန်ပြည်နယ် ပေါင်မြို့နယ် နွားလဗို့တောင်မှ စောအယ်ဝါဖြစ်ပြီး၊ အဖမ်းခံရသူ ကော်မတီဝင် ၄ ဦးထဲတွင် မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ကိုးမိုင်ရွာသား နိုင်ပင်းနှင့် နိုင်တူးတို့ ပါဝင်သည်။
“သေတာက၁၈ရက်နေ့၊အမျိုးသားနေ့က၁၉ ရက်နေ့။ အခမ်းအနားမပြီးသေးတော့ရဲစခန်းက မဖမ်းသေးဘူး။ အခမ်းအနားပြီးတော့ သေတဲ့သတင်းကြားလို့ ရွာသားတွေ ထွက်ပြေးသွားကြတယ်။ ကျင်းပရေး ကော်မတီတွေက အဖမ်းခံလိုက်တယ်”ဟု ရေးမြို့နယ်မှ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီဝင် တဦးက မဇ္ဈိမကို ပြောသည်။
ယခုလ ၁၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကိုးမိုင်ရွာတွင် စိုက်ထူထားသည့်အလံတိုင် ၆ ခုကို စောအယ်ဝါက ရိုက်ချိုးဖျက်ဆီးခဲ့ရာမှ မွန်အမျိုးသားနေ့ အခမ်းအနား စောင့်ရှောက်သူများနှင့် ရွာသားများက ဝိုင်းရိုက်ခဲ့ကြောင်း မျက်မြင် ရွာခံတဦး အဆိုအရ သိရသည်။
“လူတွေဝိုင်းရိုက်တော့သူကDKBA(တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်)ကလို့ ပြောတယ်။ DKBA က လာကြည့်တော့ သူတို့လူ မဟုတ်ဘူးဆိုပြီး ထပ်ရိုက်တယ်” ဟု သူက ပြောသည်။
ကိုးမိုင်ရွာအရှေ့ဘက်တမိုင်ခန့်ရှိမာန်အောင်ရွာတွင်DKBA၉၀၆ တပ်ရင်းမှတပ်ခွဲတခွဲခန့် အခြေချထားသည်။
စောအယ်ဝါကို လူထုက ထိန်းသိမ်းထားပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရေးမြို့ မြို့မရဲစခန်းသို့ အပ်နှံခဲ့ရာ၊ ဒဏ်ရာပြင်းထန်သဖြင့် ထိုနေ့တွင်ပင် ရေးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ကြောင်းနှင့် ရေးဆေးရုံမှ မော်လမြိုင် ဆေးရုံကြီးသို့ တင်ပို့စဉ် လမ်း၌ သေဆုံးသွားခဲ့ကြောင်း ရေးမြို့ မွန်ပြည်နယ်နေ့ ဖြစ်မြောက်ရေး ကော်မတီဝင်က ပြောသည်။
ရဲစခန်းက ကော်မတီဝင်များကို လူသေမှုဖြင့် စွဲချက်တင်ထားပြီး ရေးမြို့နယ် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီဝင်များကပင် အမှုအတွက် လိုက်လံဆောင်ရွက်နေသည်ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။
တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပလာခဲ့ပြီးရာ ယခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့သည် ၆၄ ကြိမ်မြောက် ဖြစ်သည်။





တောင်ကုတ် NLD လူငယ် ၅ ဦး ပြန်လွတ်

ကျော်ခ စနေနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၀၈ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် နှစ် ၂၀ မြောက်နေ့ ၈၈ လူထုအရေးတော်ပုံနေ့တွင် အသက်ဆုံးရှုံးခဲ့သည့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများကို ရည်စူး၍ ၂၀၀၈ သြဂုတ် ၈ ရက်နေ့တွင် လူစုလူဝေးဖြင့် စုတောင်းမေတ္တာပို့ရန် ပြုလုပ်သဖြင့် အာဏာပိုင်များ၏ ဖမ်းဆီးထောင်ချ ခြင်း ခံခဲ့ရသည့် တောင်ကုတ် NLD လူငယ် ၅ ဦး ယခုလ ၇ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။
ဆုတောင်းမေတ္တာပို့ရန် တောင်ကုတ်မြို့ ဘုရားပေါ်သို့ လူ ၈၀ ကျော်ဖြင့် ချီတက်စဉ် ဦးဥတ္တမ လမ်းမကြီးပေါ်၌ မြို့ခံအာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး၊ ကျန်လူအားလုံး လက်မှတ်ထိုး လွတ်မြောက်သွားသော်လည်း မနီနီမေမြင့်၊ ကိုမောင်မောင်သက်၊ ကိုချစ်မောင်မောင်၊ ကိုမိုးနိုင်စိုးနှင့် ကိုသန်းလွင်တို့ ၅ ဦးမှာ လူစုလူဝေးဖြင့် ဆန္ဒပြမှု ပုဒ်မ ၁၄၃ နှင့် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တို့ဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခဲ့ကြရာမှ လွတ်ရက်စေ့သဖြင့် ပြန်လွတ်လာခဲ့ခြင်း ဖြစ်သည်။
သံတွဲထောင်နှင့် ဘူးသီးတောင်ထောင်တို့တွင် အကျဉ်းကျခံရာမှ လွတ်မြောက်လာပြီးနောက် ဆက်လက်လှုပ်ရှားမည့် အကြောင်းအရာများ၊ ထောင်တွင်း ကျန်းမာရေး၊ စားဝတ်နေရေး၊ ဘူးသီးတောင် ထောင်အခြေအနေနှင့် မြန်မာနိုင်ငံတွင် လက်ရှိပြုလုပ်နေသည့် လွှတ်တော် အခြေအနေအပေါ် သဘောထားများကို လွတ်မြောက်လာသူ ၅ ဦးထဲမှ ကိုမိုးနိုင်စိုးကို မဇ္ဈိမသတင်းထောက် ကျော်ခက မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

ကိုမိုးနိုင်စိုးတို့ဒီလ၇ရက်နေ့မှာဘူးသီးတောင်ထောင်ကနေလွတ်လာတယ်လို့သိရတယ်။ ဘယ်လိုလွတ်လာတာလဲ။
’’ဟုတ်ပါတယ်။အခုဖေဖော်ဝါရီ၇ ရက်နေ့က ဘူးသီးတောင် ထောင်ကနေ ကျနော်နဲ့ အမှုတွဲ တခုထဲဖြစ်ခဲ့တဲ့ ကိုသန်းလွင်၊ မနီနီမေမြင့်၊ ကိုမောင်မောင်သက်၊ ကိုချစ်မောင်မောင်တို့ အကုန်လုံး ၅ ယောက် နှစ်စေ့နဲ့ လွတ်လာကြတာပါ။ ဘာအာမခံချက် လက်မှတ်မှ မထိုးရပါဘူး’’

ကိုမိုးနိုင်စိုးတို့ ၅ ဦး အဖမ်းခံရတာနဲ့ ပတ်သက်ပြီး သိပါရစေခင်ဗျ။
’’ကျနော်တို့က ၈၈ အရေးအခင်းကာလမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေကို ရည်စူးပြီးတော့ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအရပေါ့၊ ဘုရားမှာ ကောင်းမှုကုသိုလ် လုပ်မယ်ဆိုပြီးတော့ တောင်ကုတ်မြို့ပေါ်က ဘုရားကို ဦးဥတ္တမ လမ်းကြီးအတိုင်း ကျနော်တို့ အဖွဲ့ဝင် ၈၀ ကျော်လောက် ရှိတယ်ခင်ဗျ။ တန်းစီသွားနေတုန်း ၈ ရက် ၈ လ ၂၀၀၈ မနက်ပိုင်းမှာ အဖမ်းခံရတယ်’’
’’အဲဒီတုန်းက ဖမ်းတဲ့အချိန်မှာ ၄၈ ယောက် အဖမ်းခံရတယ်။ ၄၃ ယောက်ကို လက်မှတ်ထိုးခိုင်းပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ ကျနော်တို့ ၅ ယောက်ကိုကျတော့ သူတို့ ယူထားလိုက်တယ်ပေါ့ဗျာ။ ဖမ်းထားပြီးနောက်တော့သံတွဲခရိုင်တရားရုံးမှာပုဒ်မ၅၀၅(ခ)ရယ်၊၁၄၃ ရယ်၂နှစ်နဲ့၆ လ ချလိုက်တယ်ခင်ဗျ’’

အာဏာပိုင်တွေဘက်ကဖမ်းဆီးပြီးဒီပုဒ်မတွေနဲ့ချမှတ်ထောင်ချလိုက်တဲ့အပေါ်မှာရော ကိုမိုးနိုင်စိုးအနေနဲ့ ဘယ်လိုမြင်လဲ။
’’ကျနော်တို့ တိုင်းပြည်အတွက် လူထုလှုပ်ရှားမှု ပြုလုပ်ရင်း အသက်ဆုံးရှုံးသွားတဲ့ လူတွေအတွက် ဘုရားမှာ ကောင်းမှုကုသိုလ် ပြုလုပ်ဖို့ သွားတာ။ ကျနော်တို့အနေနဲ့ ဆူပူလိုတဲ့ စိတ်ဆန္ဒနဲ့ သွားတာလည်း မဟုတ်ဘူး။ ကျနော်တို့လက်ထဲမှာလည်း ဒုတ်၊ ဓား၊ လက်နက် တစုံတရာ ကိုင်ထားတာလည်း မရှိဘူး။ ဆူဆူပူပူ ကြွေးကြော်ဖို့အရာလည်း မရှိဘူး။ ဘုရားကို ငြိမ်းငြိမ်းချမ်းချမ်း သွားနေတာကို ဆူပူလှုပ်ရှားမှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုနဲ့ဆိုပြီး ချလိုက်တာခင်ဗျ’’
’’အဲဒီတုန်းကတရားရုံးမှာကိုယ်တိုင်ချေပတယ်။တရားသူကြီးဒေါ်ဆောင်းတင်ကကျနော်တို့ကို မေးတယ်ခင်ဗျ။ အပြစ်ရှိလားတဲ့။ ကျနော်ကပြောတယ် မရှိဘူးလို့။ ဘာဖြစ်လို့ မရှိလဲတဲ့။ လူအခွင့်အရေး အာစီယံပဋိညာဉ်စာချုပ်မှာမြန်မာနိုင်ငံကလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ဖော်ဆောင်ပါ့မယ်ဆိုပြီးတော့ လွတ်လွတ်လပ်လပ် လက်မှတ်ထိုးထားတယ်။ အဲဒီတော့ ကျနော်တို့က ဒီဘောင်အတွင်းက ကျော်ပြီးတော့ လုပ်တာမဟုတ်ဘူး။အဲဒီအထဲမှာလူတိုင်းကလွတ်လပ်စွာစီတန်းလမ်းလျှောက်ခွင့်တို့၊ ဆန္ဒထုတ်ဖော်ခွင့်တို့ ဒါတွေပါတာပဲ။ကျနော်တို့ကဒီဘောင်တွေကို ကျော်ပြီးတော့ လုပ်တာမဟုတ်ဘူးဆိုပြီး ပြောသေးတယ်ခင်ဗျ။ မရပါဘူး။ ချလိုက်တာပဲ’’

အစတုန်းကကိုမိုးနိုင်စိုးတို့၅ဦးလုံးသံတွဲထောင်မှာကျတယ်လို့သိရတယ်။နောက်ဘယ်လိုဖြစ်ပြီး ဗူးသီးတောင်ထောင်ကိုပြောင်းလိုက်တာလဲခင်ဗျ။
’’ကျနော်တို့က သံတွဲထောင်မှ ၁ လလောက် ကြာတယ်ခင်ဗျ။ နောက် စက်တင်ဘာ ၉ ရက် ဆရာတော် ဦးဥတ္တမနေ့မှာ အစာငတ်ခံ ဆန္ဒပြလို့ ဆိုပြီး နောက်တနေ့မှာ ဗူးသီးတောင်ထောင်ကို ကျနော်တို့ ၅ ယောက်လုံးကို တခါထဲ ပြောင်းလိုက်တယ်ခင်ဗျ’’

ပြောင်းသွားတော့သံတွဲထောင်နဲ့ဘူးသီးတောင်ထောင်ကဘာတွေကွာလဲဗျ။ အကောင်းအဆိုးတွေပေါ့လေ။
’’သံတွဲထောင်က လူနည်းတော့ မိသားစုဆန်တယ်။ ပြောရဆိုရတာ အဆင်ပြေတယ်။ အဲဒီနေရာကနေ ဗူးသီးတောင် ထောင်ကို ပို့လိုက်တော့ တော်တော်ကြီးကို ဆိုးရွားတဲ့နေရာကို ပြောင်းလိုက်တဲ့ အနေအထားပေါ့ဗျာ။ ကျနော်တို့က ထောင်လည်း မကျဖူးဘူး။ မြင်လည်း မမြင်ဘူးတော့ အဲလောက်ထိ ဆိုးရွားတဲ့ နေရာကို လူ့ပြည်မှာ ရှိတောင်ရှိလိမ့်မယ်လို့ မထင်ဘူး။ တကယ့်ကို ဆိုးရွားတဲ့နေရာ လူတယောက် ဝင်သွားရင် အသက်နဲ့ ပြန်ထွက်လာဖို့တောင် အင်မတန် ခဲယဉ်းတဲ့ နေရာ၊ ငရဲတွင်းလို့ကို ပြောလို့ရတယ်’’

ဗူးသီးတောင်ထောင်ရဲ့ထောင်တွင်းကျန်းမာရေး၊အစားအသောက်နဲ့နေရေးထိုင်းရေးအခြေအနေကရော ဘယ်လိုရှိလဲခင်ဗျ။
’’နေရေးထိုင်ရေးဆိုရင် ရေစိုနေတဲ့ မြေပြင်မှာ ဝါးကဒ်တွေကို ခင်းပြီး အိပ်ရတယ်။ အခန်းကလည်း ၈ တောင်၊၁၀တောင်လောက်ပဲရှိတယ်။မိလ္လာကန်ကလည်းအဲဒီမှာတွဲရက်ပဲ။ အဲဒီအခန်းထဲမှာ ၄ ယောက်လောက်က ပြွတ်သိပ်ပြီးတော့ အိပ်ရတယ်။ လေဝင် လေထွက်ကလည်း ဝင်ပေါက်ထွက်ပေါက် တပေါက်ပဲ ရှိတယ်’’
’’ကျန်းမာရေးစောင့်ရှောက်မှုကလုံးဝမကောင်းဘူးခင်ဗျ။ပြည့်စုံမှုလည်းမရှိဘူး။ကျန်းမာရေး တာဝန်ယူထားတဲ့ ဆေးထောင်မှူးတွေကလည်း ဆေးထောင်မှူးတွေနဲ့ မတူဘူး။ နှိပ်စက်မယ့် ငရဲသားတွေနဲ့ တူနေတယ်’’
’’နေမကောင်းလို့ လူနာတယောက်က သွားပြီးတော့ ဆေးတောင်းမယ်ဆိုလို့ရှိရင် ဒါ မင်းတို့ အမေအိမ် မဟုတ်ဘူး၊ ထောင်ကျနေတာ ဘာညာနဲ့ ဆဲဆိုပြီး ရိုတ်တာနှက်တာ အထိတောင် ရှိတယ်။ တချို့ ထုံနာကျင်နာဖြစ်လို့ ဆေးသွားတောင်းတဲ့ လူတွေကို ပတ်ပြီး အပြေးခိုင်းတာကို ကျနော်တို့ မျက်စိရှေ့မှာ မြင်နေရတယ်’’
’’နောက်သောက်ရေ၊သုံးရေတွေကလည်းမသန့်ရှင်းဘူး။အမှုန်အမွှားတွေ၊ပိုးလောက်လန်းတွေနဲ့နေ့တိုင်း ဖြစ်နေကြပဲ။ရေချိုးတဲ့အခါလည်းထောက်လှမ်းရေးအဖြစ်ကနေကျနေတဲ့ထောင်သားတွေလောက်ပဲ ရေဝအောင်ချိုးရတယ်။ကျနော်တို့လို လူတွေကတော့ ဝအောင် မချိုးရဘူး။ နောက်ပြီး ရေကန်တွေကလည်း မလုံလောက်ဘူးလေ’’
’’ထမင်းဆိုလည်းနီကျင်ကျင်နဲ့စပါးလုံးနိုင်းချင်းပဲ။ငပိတွေထဲမှာလည်းအုတ်မှုန့်၊ သဲမှုန့်တွေနဲ့။ နောက်ပြီးတော့ ကျနော်တို့ ထောင်ထဲမှာ စားနေကျ တာလဘောပေါ့။ အဲဒါကလည်း ကန်ဇွန်းရွက်တွေနဲ့ ချက်ထားတာ။ ကန်ဇွန်းရွက်ဆိုလည်း အဖျားပိုင်းမပါဘူး။ လက်မလုံးလောက် အရင်းပိုင်းတွေကို ဖြတ်ပြီးတော့ ချက်ကျွေးတယ်။ ရေငြှိတွေရော၊ အမြစ်တွေရော ညစ်ပတ်နေတာပဲ။ တော်တော် ဆိုးဆိုးရွားရွားပါပဲ’’

ထောင်ကျတဲ့အခါမှာရောထောင်အာဏာပိုင်တွေကနှိပ်စက်တာတို့၊ညှဉ်းပန်းတာတို့ လုပ်တာမျိုးကြုံရလားခင်ဗျ။
’’ရှိတယ်။ အဲဒီထောင်မှာက ထောင်ဗူးဝ ဝင်တာနဲ့ ထောင်မှူးတွေက လက်စွမ်းပြတာကို တန်းခံရတာပဲ။ ကျန်းမာရေး၊ အစားအသောက် စောင့်ရှောက်မှု အားနည်းတာတွေကို ထောင်မှူးတွေကို ကျနော်တို့က တင်ပြတာရှိတယ်။ အေးအေးဆေးဆေး တင်ပြလို့ မရတဲ့အခါမှာ အစာငတ်ခံ ဆန္ဒပြတောင်းဆိုတာတွေ ရှိလာတယ်’’
’’ဥပမာ သူတို့ချက်တဲ့ ဟင်းတွေက လူတယောက်ကို ကျွေးတဲ့ အစားအစာနဲ့ မတူဘူး။ ဝက်တို့၊ ကြက်တို့ ကျွေးတဲ့ အဆင့်ပဲ ရှိတယ်။ အဲဒါကို ကျနော်တို့က လူသားတွေ ဖြစ်တဲ့အတွက်ကြောင့် လူသားတယောက် စားရမယ့် အစားအစာ မဟုတ်ဘူး။ အဲဒါကြောင့် ကျနော်တို့က အစာငတ်ခံ ဆန္ဒပြတယ်’’
’’အဲဒါကို သတင်းပေါက်ကြားသွားပြီးတော့ ရိုက်နှက်တာတွေ ရှိတယ်။ အဲဒီမှာ ထောင်ပိုင်ကြီး ဦးစိန်ထွန်း ရှိတယ်။ နောက် ဦးသိန်းရွှေ ရှိတယ်။ သူတို့ကိုယ်တိုင် နံပါတ်တုတ်တွေနဲ့ ဝိုင်းပြီး ရိုက်ကြတယ်။ ကျနော်ဆိုရင်သတိတောင် မေ့သွားတယ်ဗျ။ နောက် မောင်မောင်သက် ဆိုလို့ရှိရင် သူက လေဖြတ်နေတာ။ ကိုယ်တခြမ်းကသိပ်မလှုပ်နိုင်ဘူး။သူ့ကိုပါအရိုက်ခံရတယ်။ကျနော်တို့၎ယောက်စလုံး အရိုက်ခံရတယ်ခင်ဗျ’’

အကိုတို့နဲ့တတွဲထဲကျတဲ့အထဲမှာမနီနီမေမြင့်လည်းပါတယ်ဆိုတော့သူကရောကိုမိုးနိုင်စိုးတို့ ၄ ဦး ကြုံတွေ့ရတဲ့ အခက်အခဲမျိုးတွေ ကြုံတွေ့ရလားဗျ။
’’သူကအမျိုးသမီးဆိုတော့အမျိုးသမီးဆောင်ကိုရောက်သွားတဲ့အခါကျတော့အဲလောက်ထိတော့ ဘာမှမသိရဘူးခင်ဗျ။ဒါပေမဲ့မိန်းကလေးတယောက်အနေနဲ့ထောင်ထဲမှာနေရတာ အခက်အခဲအများကြီးတော့ ရှိမှာပေါ့။ ဒါပေမဲ့ ကျနော်တို့လောက်တော့ ဆိုးမယ် မထင်ပါဘူး။ ရိုက်နှက်တာတွေ မရှိပေမယ့် ထောင်ဝါဒါတွေရဲ့ မိန်းမတွေက မိန်းကလေးအချင်းချင်း ပါဝါပြတာတွေ ဘာတွေတော့ ရှိတာပေါ့’’

ထောင်ထဲမှာတော့စားဝတ်နေရေး၊ကျန်းမာရေးဒါတွေမကောင်းမွန်တဲ့အတွက်ဆိုးကျိုးတွေ တွေ့တယ်ဆိုတော့ကောင်းကျိုးတွေရောဘာမှမရှိဘူးလား။
’’ရှိပါတယ်။အဲဒီမှာ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်တို့လို ပုဂ္ဂိုလ်တွေနဲ့ တွေ့ခွင့်ရတယ်ဗျ။ သူတို့လို လူမျိုးတွေနဲ့ ခဏပဲ တွေ့ခဲ့တွေ့ခဲ့၊ တစက္ကန့်ပဲ တွေ့ခဲ့တွေ့ခဲ့ ကျနော်တို့အတွက် အတုယူစရာတွေ အများကြီး တွေ့ခဲ့ရတယ်ပေါ့ဗျာ’’
’’နောက်ပိုင်းမှာ အသစ်ရောက်လာတဲ့ ထောင်မှူး၊ ထောင်ပိုင်တွေက စာကြည့်တိုက်တွေ ထောင်တော့ ရှိတဲ့အချိန်တွေမှာ စာအုပ်တွေ ဖတ်ဖြစ်တယ်’’

အဲဒီထောင်မှာရောနိုင်ငံရေးအကျဉ်းသားဘယ်နှယောက်လောက်ကျန်ခဲ့လည်းဘယ်သူတွေလဲဗျ။ ကိုဋ္ဌေးကြွယ်လည်း ရှိတယ်ဆိုတော့ သူ့ကျန်းမာရေး အခြေအနေက ဘယ်လိုရှိလဲ။
’’ကိုဋ္ဌေးကြွယ် ကျန်းမာရေးကတော့ ကျနော်တို့ရှိတုန်းကတော့ ကောင်းပါတယ်ခင်ဗျ။ အဲဒီမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကတော့ ကိုဋ္ဌေးကြွယ် အပါအဝင် ရှမ်းပြည်က ဦးခွန်ထွန်းဦးအဖွဲ့က ဦးထွန်းညိုလည်း ရှိတယ်။ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးခင်လှ၊ အမေရိကန် စင်တာမှာ အဖမ်းခံရတဲ့ ကိုဝဏ္ဏ၊ ၈ လေးလုံး နှစ်ပတ်လည်မှာ အဖမ်းခံရတဲ့ ကိုသန်းထွန်းဇော် ရှိတယ်။နောက်ကိုသန့်ဇင်မျိုး၊ကိုစည်သူမောင်၊ ကိုမြတ်သူတို့၊ ကိုအောင်ဇော်ဦးတို့နဲ့ စုစုပေါင်း ၁၀ ယောက်ကျော် ရှိတယ်’’

အပြင်မှာသတင်းတွေခဏခဏထွက်နေတယ်။ထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်မှုတွေနဲ့ထောင်ကျတဲ့လူတွေနဲ့ရောထားတယ်လို့ကြားနေရတယ်။ကိုမိုးနိုင်စိုးတို့ရော ဒါမျိုးတွေ ကြုံခဲ့လား။
’’ဟုတ်တယ်ခင်ဗျ။အဲဒါတွေရှိတယ်ခင်ဗျ။ကျနော်တို့ကိုယ်တိုင်အဲဒီလို လူသတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ ခိုးမှုတွေနဲ့ ကျတဲ့ လူတွေ။ နောက် ကုလားတွေ၊ တရုတ်တွေ၊ ဂျပန်တွေနဲ့ အတူတူနေရတာမျိုး ကြုံတွေ့ခဲ့ရတယ်။ အခု ကျနော်တို့ လွတ်လာတဲ့ အခါမှာတောင် စစ်တွေက စက်တင်ဘာ အရေးအခင်းမှာ အဖမ်းခံရတဲ့ ဦးကုဿရိယပေါ့။ သူဆိုလို့ရှိရင် ရာဇဝတ် အကျဉ်းသားတွေနဲ့ အတူတူနေခဲ့ရတယ်’’

သူတို့နဲ့အတူတူနေခဲ့ရတယ်ဆိုတော့ဆိုးကျိုး၊ကောင်းကျိုးအဖြစ်ဘာတွေတွေ့ခဲ့ရလဲခင်ဗျ။
’’ကျနော်တို့ကို နိုင်ငံရေးအကျဉ်းသားတွေနဲ့ အတူတူထားလို့ရှိရင် ကျနော်တို့အတွက် လေ့လာစရာတွေ၊ သင်ယူစရာတွေ အများကြီး ရနိုင်တယ်လေ။ အဲဒါကို ရာဇဝတ်သားတွေနဲ့ ရောထားတဲ့အတွက် အဲဒီအခွင့်အရေးတွေ မရနိုင်ဘူး’’
’’ကောင်းကျိုးအနေနဲ့ကတော့ သူတို့ကို ကျနော်တို့ရဲ့ အတွေ့အကြုံတွေ၊ ယုံကြည်ချက်တွေ၊ ခံယူချက်တွေကို မျှပေးခဲ့တယ်။ နောက် သူတို့ အထဲမှာ တခုခု အခက်အခဲဖြစ်ရင် ကျနော်တို့က သူတို့ ရှေ့ကနေပြီး ရပ်တည်ဖြေရှင်းပေးနိုင်ခဲ့တာတွေ ရှိခဲ့တယ်ခင်ဗျ။ ဒါတွေကတော့ ကောင်းကျိုးတွေပေါ့ဗျာ’’

ပြန်လွတ်လာတဲ့နေ့နောက်တနေ့မှာရန်ကုန်ရွှေဂုံတိုင်ကNLDရုံးမှာဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့ခဲ့တယ်လို့သိရတယ်။အဲဒီမှာဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တော့သူနဲ့ဘာတွေ ဆွေးနွေးဖြစ်ကြလဲခင်ဗျ။
’’ကျနော်တို့ကဒေါ်စုနဲ့တွေ့ခဲ့တယ်ဆိုပေမယ့် အဲလောက်ထိ အကြာကြီး စားပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးတာမျိုး မဟုတ်ဘူးခင်ဗျ။ မက်တပ် အနေအထားပဲ တွေ့တယ်ဆိုရုံလောက်ပဲ ပြောဖြစ်တာပါ။ သူကတော့ လွတ်လာတဲ့အခါ ကျန်းမာရေးအခြေအနေနဲ့ ကူညီစရာ လိုအပ်ရင်ပြောဖို့ ကျနော်တို့ကို ပြောပါတယ်။ အဲလောက်ပါပဲ’’

အပြင်မှာတော့သတင်းတွေထွက်နေတာထောင်ထဲမှာလည်း လာဘ်ပေးလဘ်ယူတွေ ရှိတယ်လို့ ကြားတယ်။ အဲဒီထောင်ထဲမှာရော ရှိလားခင်ဗျ။
’’ဒါတွေကတော့ ရှိတယ်ခင်ဗျ။ ဒါပေမဲ့ အခု အသစ်ရောက်လာတဲ့ ထောင်ပိုင်ကြီး ဦးတင့်ဆွေကတော့ သူက ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ကြိုးစားကြတယ်ခင်ဗျ။ ကျနော်တို့ရဲ့ တင်ပြချက်တွေကိုလည်း နားထောင်တယ်။ ဒါပေမဲ့ သူတို့က အကျဉ်းသားတွေနဲ့ အမြဲတမ်း တိုက်ရိုက် ထိတွေ့နေတဲ့ လူတွေ မဟုတ်ဘူးဆိုတော့ အဲဒီမှာ သူတို့ခန့်ထားတဲ့ အကျဉ်းသား အရာရှိတွေပေါ့။ အခန်းလူကြီးတွေ၊ တန်းစီးတွေ၊ တန်းစီးချုပ်တွေ ဒီလိုလူတွေက လာဘ်ပေးလာဘ်ယူတွေ လုပ်ပြီးတော့ နေရာပေးမှုတွေ၊ အခွင့်အရေး ပေးတာတွေ ရှိတယ်ခင်ဗျ’’

ထောင်ကျခဲ့တဲ့ လူတယောက်အနေနဲ့ပေါ့လေ ထောင်ကို ဘယ်လိုမြင်လဲဗျ။
’’ထောင်ကို ဘယ်လိုမြင်လဲဆိုတော့ ထောင်က ရာဇဝတ်အကျဉ်းသားတွေ အတွက်တော့ ထောင်က မရှိလို့ မဖြစ်ဘူး။ ဒါပေမဲ့ အပြစ်မရှိတဲ့ လူသားတွေကိုတော့ အပြစ်ပေးပြီး ဒီနေရာမျိုးကို ပို့ဖို့တော့ မသင့်ဘူး’’

ထောင်ကနေ ထွက်လာတော့ရော စိတ်ထဲမှာ ဘယ်လိုဖြစ်မိလဲဗျ။
’’ထောင်ကနေ ထွက်လာပေမယ့်လည်း ကျနော့်စိတ်ထဲမှာ ဘာမှမဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ ထောင်ထဲမှာ နေရတုန်းကတော့ ထောင်ကျဉ်းကျဉ်းလေးပေါ့။ အခုအပြင်ထွက်လာတော့လည်း ကျနော်တို့အတွက် လွတ်လပ်မှုက ထူးထူးခြားခြား ရလာတာမျိုးလည်း မရှိဘူးဆိုတော့ ထောင်ကျဉ်းကျဉ်းလေးထဲက ထောင်အကြီးကြီး ရောက်လာသလိုပေါ့ဗျာ။ ဘာမှမထူးပါဘူး’’

လွတ်မြောက်လာပြီဆိုတော့ ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်တွေ ရှိလဲဗျ။
’’ကျနော်တို့ထောင်ကျတုန်းကတဖွဲ့လုံးကNLDအဖွဲ့ဝင်အနေနဲ့ကျသွားတာကိုး။အခု ပြန်လွတ်လာတော့လည်း NLDကတော့ရုံးကလည်းဆက်ရှိနေသေးတယ်။ကိုယ့်လူတွေရဲ့လှုပ်ရှားမှုကလည်းဆက်ရှိနေသေး တယ်ဆိုတော့ကျနော်တို့ကကိုယ့်ကိုပေးအပ်တဲ့တာဝန်နဲ့ကိုယ့်ရဲ့အသိတရားနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်ခင်ဗျ’’
’’ကျနော်တို့နိုင်ငံကတခြားနိုင်ငံတွေနဲ့မတူဘူး။ကျနော်တို့နိုင်ငံကတိုင်းရင်းသားတွေနဲ့စုပေါင်းပြီးတော့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့ အတွက်ကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုတခုတော့ ပေါ်ပေါက်လာဖို့တော့ လိုတယ်။ဒီအပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ဝိုင်းပြီးတော့ တခြား လူမျိုးကြီးတွေကလည်း သဘောထားကြီးကြီးနဲ့ အကောင်အထည်ဖော်ဖို့ လိုတယ်လို့ မြင်တယ်ခင်ဗျ’’
’’မဟုတ်လို့ရှိရင်ဘယ်စနစ်၊ဘယ်ခေါင်းစဉ်ပဲတပ်တပ်၊ဒီမိုကရေစီခေါင်းစဉ်ပဲတပ်တပ်၊ဆိုရှယ်လစ် ခေါင်းစဉ်ပဲ တပ်တပ်၊ ဒီတိုက်ပွဲတွေ တော်လှန်ရေးတွေဟာ အဆက်ဆက် ဖြစ်နေဦးမယ်လို့ ထင်ပါတယ်ခင်ဗျ’’

လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတဦးအနေနဲ့အခုမြန်မာနိုင်ငံမှာလုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲ လွှတ်တော်တွေအပေါ်မှာရော ဘယ်လိုမြင်လဲခင်ဗျ။
’’အခု လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲဖြစ်တဲ့ လွှတ်တော်ဆိုတာတွေဟာလည်း နားလှည့်ပါးရိုက်ပြီးတော့ လုပ်ချင်သလို လုပ်နေတာကိုပဲ တွေ့ရတယ်။ အဲဒါကို ကျနော်တို့ လက်လည်း မခံပါဘူး။ သပိတ်လည်း ဆက်မှောက်နေရမှာပဲဗျ။ ဒီရွေးကောက်ပွဲတင် မဟုတ်ဘူး၊ ဆန္ဒခံယူပွဲကတည်းက ကျနော်တို့က သပိတ်မှောက်ထားတဲ့ လူတွေဗျ။ အခုလည်း ဆက်လုပ်သွားမှာပဲ’’







vrijdag 25 februari 2011

ILO လုပ်ငန်းစဉ် တိုးချဲ့မည့်ကိစ္စ ဒေါ်စု ထောက်ခံ

မျိုးသန့် သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၅ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILOအမှုဆောင် ဒါရိုက်တာ မစ္စတာ GuyRyderအဖွဲ့နှင့် သောကြာနေ့တွင် တွေ့ဆုံခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံတွင်းILOလုပ်ငန်းစဉ်များ တိုးချဲ့မည့်ကိစ္စကို ထောက်ခံကြောင်း ဆွေးနွေးခဲ့သည်။
ILOကအစိုးရသို့တင်ပြထားသည့်အလုပ်သမားအကျိုးစီးပွားကာကွယ်ရေး လုပ်ငန်းများ၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ကိစ္စများကို ထောက်ခံကြောင်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ မနက် ၁ဝ နာရီခွဲမှ ၁၂ နာရီအထိ ဆွေးနွေးခဲ့ရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ILOအမှုဆောင်ဒါရိုက်တာမစ္စတာGuyRyderအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် တွေ့ဆုံ (ဓါတ်ပုံ မဇ္ဈိမ)
“မြန်မာနိုင်ငံမှာILOရဲ့လုပ်ပိုင်ခွင့်တွေကို တိုးချဲ့ဖို့ အစိုးရကို သူတို့တင်ပြထားတာတွေကို ရှင်းပြတယ်။ လုပ်ပိုင်ခွင့်တွေ တိုးချဲ့တဲ့ နေရာမှာ အလုပ်သမား အကျိုးစီးပွား ကာကွယ်ရေး လုပ်ငန်းတွေ၊ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်တို့ဘာတို့ ပါတယ်လို့ အဲဒီလို ပြောပါတယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံတွင်ILOရှိနေသည်မှာအားတက်ကြောင်းနှင့်ယခုလိုတိုးချဲ့လုပ်ကိုင်မည့် လုပ်ငန်းစဉ်များကိုလည်း သဘောတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောဆိုခဲ့သည်ဟု ဆိုသည်။
ဆွေးနွေးပွဲသို့ ILOအမှုဆောင်ဒါရိုက်တာMr.GuyRyder၊ မြန်မာနိုင်ငံဆိုင်ရာ ILOဆက်သွယ်ရေးအရာရှိ Mr. Steve Marshall နှင့် ကိုယ်စားလှယ်အဖွဲ့ဝင် ၃ ဦး၊NLDဘက်မှဒေါ်အောင်ဆန်းစုကြည်၊ ဦးဥာဏ်ဝင်းနှင့် ဦးဟန်သာမြင့်တို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
Mr.GuyRyderနှင့်အဖွဲ့သည်ကြာသပတေးနေ့ညနေ၃နာရီမှ၆နာရီအထိမြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်နေသူ ပုဂ္ဂိုလ် ၈ဝ ခန့်ကိုရန်ကုန်မြို့ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သေးကြောင်း ဆွေးနွေးပွဲတက်သူ NLDဥပဒေရေးရာ အတိုင်ပင်ခံရှေ့နေ ဦးအောင်သိန်းက ပြောသည်။
ကြာသပတေးနေ့ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အများစုက မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းမှုကို တင်ပြပြီး၊ ILOဘက်ကလည်း ၎င်းတို့၏ ကူညီနိုင်မှုများကို ပြန်ဆွေးနွေးခဲ့သည်ဟု ဦးအောင်သိန်းက ပြောသည်။
“ကလေးစစ်သားကိစ္စတွေကိုတင်ပြတယ်။အဲဒီကလေးတွေနဲ့ပတ်သက်ပြီးဘယ်လိုတာဝန်ယူမှု ရှိတယ်ဆိုတာရယ် တချို့တွေက တပ်ထွက်လက်မှတ်ပေးတယ်၊ တချို့တွေက တပ်ထွက်လက်မှတ် မပေးဘူး။ အဲဒီလိုလူတွေကို ထပ်ပြီးတော့ အရေးမယူနိုင်အောင် ထောက်ခံချက်လိုရင် သူတို့ ပေးမယ်ပေါ့။ သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အထောက်အထားလိုအပ်ရင် သူတို့ပေးမယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။ILOနှင့် မြန်မာအစိုးရတို့ ချုပ်ဆိုထားသည့် အဓမ္မလုပ်အားပေး ကိစ္စများ တိုင်ကြားရေးအတွက် လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် နားလည်မှုစာချွန်လွှာကို နေပြည်တော်တွင် ကြာသပတေးနေ့က နောက်ထပ် တနှစ်သက်တမ်းတိုးခဲ့သည်။
ကလေးစစ်သား စုဆောင်းခံရမှုနှင့် တောင်သူလယ်သမားများ လယ်ယာသိမ်းခံရမှုများကိုလည်း ILO သို့ တင်ပြတိုင်ကြားနိုင်သည်။
မြန်မာအစိုးရသည် ကလေးစစ်သား ၆ဝ,ဝဝဝ ခန့်ကို စစ်တပ်တွင်း သုံးစွဲနေပြီး အခြားလက်နက်ကိုင် အဖွဲ့အစည်းများမှ ၆,ဝဝဝ ခန့် သုံးစွဲနေသည်ဟု ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက ခန့်မှန်းထားသည်။

ကော်မရှင်ဝင်များ အတည်ပြု၊ လွှတ်တော် ခွဲစည်းဝေးမည်

ကိုဝိုင်း သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၂ မိနစ်
ချင်းမိုင်(မဇ္ဈိမ)။ ။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၆ဦးကိုနေပြည်တော်ရှိ လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးက သောကြာနေ့တွင် အတည်ပြုလိုက်သည်။
၎င်းတို့မှာ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာမြင့်ကြည်၊ ဦးသာဦး၊ ဦးဝင်းကြည်နှင့် ဦးညွှန့်တင်တို့ ဖြစ်သည်။
ကော်မရှင်ဝင်များကို အတည်ပြုပေးပြီးနောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုမူ ရပ်နားထားမည်ဟု ကြေညာခဲ့သည်။ ၁၃ ရက်နေ့မြောက်ဖြစ်သော ယနေ့အစည်းအဝေးသို့ အမတ် ၆၅၅ ဦး တက်ရောက်ခဲ့ကာ၊ မိနစ် ၂ဝ ခန့် အစည်းအဝေးအချိန် ကြာမြင့်ခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၆ဦးကိုအတည်ပြုပေးပြီးနောက်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုမူ ရပ်နားထားမည်ဟု ကြေညာ
ပါလီမန်ကိုမတ်လ၁ရက်အင်္ဂါနေ့တွင်ပြန်စမည်ဖြစ်သော်လည်း အထက်လွှတ်တော်နှင့် အောက်လွှတ်တော်များကို သီးသန့်ခွဲပြီး ဆွေးနွေးသွားမည်ဖြစ်ကာ၊ လွှတ်တော်ရေးရာ ကော်မတီများ ဖွဲ့စည်းရန်နှင့် မေးခွန်းများမေးခြင်း၊ အဆိုတင်ခြင်း၊ ဥပဒေကြမ်း တင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။
ပြည်သူ့လွှတ်တော်အမတ်များကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုယ်စား လွှတ်တော် ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ဖိတ်ကြားကာ၊ အမျိုးသားလွှတ်တော်အတွက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေက ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုယ်စား ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
ယင်းလွှတ်တော်နှစ်ရပ်သည် လွှတ်တော်အဖွဲ့အစည်းများအဖြစ် ဥပဒေကြမ်း၊ ပြည်သူ့ငွေစာရင်း၊ လွှတ်တော် အခွင့်အရေး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး စသည့် ကော်မတီ ၄ ရပ်ကို လွှတ်တော်အမတ်များဖြင့် သီးခြားစီ ဖွဲ့စည်းရမည်ဟု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများတွင် ဆိုထားသည်။
ယင်းကော်မတီများတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်အရေအတွက်နှင့် အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အမည်များကိုမူ လွှတ်တော်ဥက္ကဋ္ဌများက သက်ဆိုင်ရာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်မည်။
လွှတ်တော်အမတ်တဦးသည် လွှတ်တော်ကော်မတီ “နှစ်ခုအထိ” ပါဝင်ခွင့်ရှိနေပြီး တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို သက်ဆိုင်ရာ လွှတ်တော်က သတ်မှတ်ပေးရမည် ဖြစ်သည်။
ယင်းကော်မတီများဖြင့် “မေးခွန်းများ မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဥပဒေမူကြမ်း တင်သွင်းခြင်း” တို့ ဆောင်ရွက်ကြရမည်ဟု ပြည်သူ့လွှတ်တော် အမတ်တဦးက ပြောသည်။
သတ်မှတ်ပေးထားခြင်း မရှိသည့် ဆောင်ရွက်ရာတွင် သုံးနှုန်းရမည့် “စကားလုံး”များကို နယက ဦးခင်အောင်မြင့်က ယနေ့တွင် နှုတ်ဖြင့် ရွတ်ပြသွားခဲ့သည်။
“မေးခွန်းက မဲဆန္ဒနယ်မြေက လူတွေရဲ့ လိုလားချက်တွေကို တင်ပြဖို့ ဖြစ်တယ်တဲ့။ ဘယ်လိုမေးရမလဲ ဆိုရင်တဲ့ သိပါသလားခင်ဗျာ၊ သိပါတယ်ဆိုရင် ဆောင်ရွက်ရန် ရှိပါသလားခင်ဗျာ၊ ဘယ်တော့လောက်များ ဆောင်ရွက်ပါမလဲခင်ဗျာ၊ သိချင်ပါတယ်ခင်ဗျာ၊ အဲဒီလို မေးရပါမယ်တဲ့။ စကားလုံးပါ ချပေးတာ”ဟု ပြည်သူ့လွှတ်တော်အမတ် တဦးက ပြောသည်။
မေးခွန်းများမေးမြန်းလိုလျှင် အစည်းအဝေး ကျင်းပမည့် ရက်မတိုင်မီ အနည်းဆုံး ၁ဝ ရက်၊ အဆိုတင်လိုလျှင် ၁၅ ရက်၊ ဥပဒေကြမ်းတင်လိုလျှင် ရက် ၃ဝ ကြိုတင်၍ သက်ဆိုင်ရာ လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်များထံ စာဖြင့် တင်ပြထားရမည်ဟု သတ်မှတ်ထားသည်။
သို့သော် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ အပါအဝင် ပါတီအချို့က မေးခွန်းများနှင့် အဆိုများကို သတ်မှတ်ထားသည်ထက် ပိုစော၍ ကြိုတင်တင်သွင်းကြသဖြင့် ပြန်လည်ချေပမည့်သူများအနေဖြင့် အချက်အလက်များ စုဆောင်းထားပြီး ဖြစ်နေမည်ဟု အမတ်တဦးက ပြောဆိုသည်။
အဆိုနှင့် ဥပဒေကြမ်းတင်နိုင်ရန်တွင် ထောက်ခံသူတဦး လိုအပ်မည်ဖြစ်ပြီး ကန့်ကွက်မှုများ ရှိသော်ငြားလည်း တင်သွင်းသူက မရုပ်သိမ်းလျှင် မဲခွဲဆုံးဖြတ်မည်ဖြစ်သဖြင့် အင်အားများသည့် ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရမည် ဖြစ်သည်။
ကြံ့ခိုင်ရေးပါတီအမတ် ဦးတင်အေး နုတ်ထွက်သွားသဖြင့် ပြည်သူ့လွှတ်တော်တွင် စုစုပေါင်း အမတ် ၄၃၄ ဦး ကျန်ရှိရာ ကြံ့ခိုင်ရေးပါတီမှ ၂၅၈ ဦး၊ တပ်မတော်ခန့်အမတ် ၁၁ဝ ဦး၊ အခြားပါတီများမှ ၆၆ ဦး ပါဝင်သည်။
အမျိုးသားလွှတ်တော်တွင် စုစုပေါင်း ၂၂၄ ဦး ရှိရာ ကြံ့ခိုင်ရေးက ၁၂၉ ဦး၊ တပ်မတော်ခန့် အမတ် ၅၆ ဦး၊ အခြား ပါတီများမှ ၃၉ ဦး ရှိသည်။



မှောင်ခိုဆီရောင်းဂေရွန်မြန်မာစစ်ခေါင်းဆောင်များနှင့်ဆက်

အောင်မြတ်စိုး သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၂ မိနစ်
ဘန်ကောက်(မဇ္ဈိမ)။။အာဏာလက်လွတ်ခဲ့ရသောမော်လဒိုက်သမ္မတဟောင်းဂေရွန်မိသားစုနှင့် အပေါင်းအပါများ၏လျှို့ဝှက်ငွေစာရင်းများကိုစစ်ဆေးရာမှဂေရွန်မိသားစုနှင့်ထိပ်တန်း မြန်မာစစ်ခေါင်းဆောင်များအကြား အဆက်အသွယ်ရှိကြောင်း တွေ့ရသည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် The Week မဂ္ဂဇင်းက ရေးသားသည်။
အိန္ဒိယသမုဒ္ဒရာတွင်းရှိ မော်လဒိုက်ကျွန်းနိုင်ငံကို နှစ် ၃ဝ ကြာ အုပ်ချုပ်ခဲ့သော မာရူမွန် အဗ္ဗဒူ ဂေရွန်၏ မိသားစုသည်အမေရိကန်ဒေါ်လာသန်း၈ဝဝတန်မှောင်ခိုလောင်စာဆီရောင်းဝယ်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး၊ စစ်အစိုးရနှင့် ဆက်သွယ်ကာ လောင်စာဆီ မှောင်ခိုရောင်းချခဲ့သည်ဟုTheWeek သတင်းတွင် ပါရှိသည်။
မြန်မာစစ်ခေါင်းဆောင်များနှင့်အဆက်အသွယ်ရှိသည်ဆိုသည့်မော်လဒိုက်သမ္မတဟောင်းဂေရွန်(photo::http://www.topnews.in)
၂ဝဝ၈ ခုနှစ် ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများတွင် မိုဟာမက်နရှစ်ရှ်က အနိုင်ရသွားပြီး၊ ဂေရွန် ပြုတ်ကျသွားခဲ့သည်။
သမ္မတဟောင်း ဂေရွန်၏ ညီအကိုတော်သူ တဦးဖြစ်သော ခရီးသွားလုပ်ငန်းနှင့် လေကြောင်းဆိုင်ရာ ဝန်ကြီးဟောင်း အဗ္ဗဒူလာ ရာမင်း အဗ္ဗဒူဂေရွန်က ငွေကြေးခဝါချမှု လုပ်ရာတွင် အခရာကျသူ ဖြစ်သည်။
ဂေရွန်တို့က စစ်အစိုးရ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ် လွန်းသီတို့နှင့် အဆက်အသွယ်ရှိသည်။နှစ်ဖက်ဆက်ဆံရေးကြားပွဲစားမှာ ဒုဗိုလ်ချုပ်မှူးကြီး၏ လက်ရင်းလူယုံတဦးဖြစ်သော ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇ ဘောလုံးကလပ်ပိုင်ရှင် ဦးအောင်ကိုဝင်းခေါ်ဆရာကျောင်းဟုTheWeekက ရေးသည်။
ထို့အပြင် စစ်အစိုးရအဖွဲ့အတွင်း သြဇာညောင်းပြီး ယခု မန္တလေးတိုင်း တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းထံမှလည်း အကူအညီ ရပြန်သည်ဟု ဆိုသည်။ ဘိန်းဘုရင် လောစစ်ဟန်၏ သား၊ အေးရှားဝေါ ကုမဏီပိုင်ရှင် စတီဗင်လော၊ ဇနီး စီဆီလီယာအန်းနှင့်လည်း ဂေရွန်တို့ ဆက်စပ်နေပြန်သည်ဟု မဂ္ဂဇင်းက ဆိုထားပြန်သည်။
“မြန်မာစစ်အုပ်စု၏ငွေမည်းများကိုစင်္ကာပူကုမ္ပဏီများမှတဆင့် လျှော်ဖွပ်ပေးနေသည်ဆိုသော သံသယဖြင့်” စီဆီလီယာမှာ အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာနမှ စောင့်ကြည့်ခံနေရသူဟုလည်း ပါရှိသည်။
ဆွန်နီမူဆလင်များသာ နေထိုင်သော မော်လဒိုက်နိုင်ငံမှ မြန်မာနိုင်ငံကို လောင်စာဆီ လျှို့ဝှက်ရောင်းချခဲ့သည်။
ရေနံရောင်းနိုင်ငံများအဖွဲ့(အိုပက်)က မော်လဒိုက်သို့ လောင်စာဆီကို ဈေးသက်သာစွာဖြင့် ထောက်ပံ့ ရောင်းချသည်ကို သမ္မတဟောင်း ဂေရွန်က အလွဲသုံးစားလုပ်ကာ မော်လဒိုက်အတွက်ဆိုကာ မြန်မာ အပါအဝင် နိုင်ငံအချို့သို့ မှောင်ခို ပြန်ရောင်းခဲ့သည်။
စစ်အစိုးရသို့ ရေနံရောင်းချသော MocomTradingPte.Ltdကို အဓိက အစုရှယ်ယာရှင် ၄ ဦးနှင့် ဒါရိုက်တာများမှာ မြန်မာပြည်သား ကမာဘင်ရာရှစ်၊ မလေးနိုင်ငံသား ရာဂျာ အဗ်ဒူလ် ရာရှစ် ဘင်ရာဂျာ ဘာဒီယိုဇာမန်း၊ မော်လဒိုက် နိုင်ငံသား ဖထိမာ အရှန်နှင့် ဆာနာမန်ဆိုဝါတို့ ဖြစ်ကြသည်။ ကျန်ဒါရိုက်တာ တဦးကမူ စင်္ကာပူ STO မှ မူနက်ဇ် ဖြစ်သည်။
Mocom မှ စစ်အစိုးရသို့ ရောင်းချသည့် ဈေးနူန်းထက် စင်္ကာပူ STO ငွေစာရင်းတွင် ရေနံတစည်လျှင် ၅ ဒေါ်လာ ပိုမိုပြထားခဲ့သည်ဟုTheWeekက ဖော်ပြထားသည်။ အမှန်တကယ် ရောင်းချရငွေနှင့် စာရင်းပြ ကွာဟငွေမှာ ဒေါ်လာ ၅,၆၇၂,၁ဝဝ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟုလည်း ပါရှိသည်။

မြို့အာဏာပိုင် ဖုန်းဈေး ကျပ် ၅ သိန်း တင်ရောင်းဟု ဒေသခံများပြော

ကျော်ခ သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၅ မိနစ်
ချင်းမိုင်(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စ်ီက မြန်မာ့ဆက်သွယ်ရေး ချပေးသည့် အော်တိုကြိုးဖုန်းများအား တလုံးလျှင် ကျပ် ၅ သိန်း ဈေးတင်ကာ အလွဲသုံးစားလုပ်ကြောင်း တိုင်တန်းခဲ့သူ ဒေသခံတဦးက ပြောသည်။
တယ်လီဖုန်းရှားပါးသောမြို့နယ်တခုဖြစ်သောနမ့်စန်အတွက်မြန်မာ့ဆက်သွယ်ရေးက အထိုင်ချဖုန်းလိုင်းတခုအတွက်ကျပ်၇သိန်းသာသတ်မှတ်ထားပေးသော်လည်း မြို့နယ်အာဏာပိုင်များက တလုံးလျှင်၁၂သိန်းဖြင့်ပြန်လည်ကောက်ခံသဖြင့်ဖုန်းလိုင်းသွယ်တန်းခဲ့သူ ဒေသခံများက တဆင့်မြင့်သော ခရိုင်ကောင်စီ ခယက သို့ တိုင်တန်းသည်။

                နမ့်စန်မြို့တွင်အော်တိုကြိုးဖုန်းများအားတလုံးလျှင်ကျပ်၅သိန်းဈေးတင်ကာအလွဲသုံးစားလုပ်
မဇ္ဈိမကခရိုင်ကောင်စီသို့ဆက်သွယ်မေးမြန်းရာစုံစမ်းစစ်ဆေးမှုများပြုလုပ်သွားပြီးဖြစ်၍ စစ်ဆေးတွေ့ရှိမှုကို ပြည်နယ်ကောင်စီသို့ တင်ပြသွားမှာ ဖြစ်သည်ဟု ဆိုသည်။
“ဖုန်းဝယ်တဲ့လူတွေတိုင်တဲ့ဟာကိုကျနော်တို့ကိုယ်တိုင်သွားစစ်ဆေးပြီးပါပြီ။ကျနော်တို့အနေနဲ့ကတော့ ပယကကိုထပ်တိုင်မှာပါ”ဟုလွိုင်လင်ခယကအထွေထွေအတွင်းရေးမှူး ဦးကျော်သန်းက မဇ္ဈိမကို ပြောသည်။
မြန်မာ့ဆက်သွယ်ရေးဌာနက ဒီဇင်ဘာလ ၂ဝ၁ဝ ခုနှစ်ထဲတွင် နမ့်စန်အတွက် အော်တိုကြိုးဖုန်း အလုံး ၂၀၀ တပ်ဆင်ခွင့်ပြုခဲ့သည်။ အပိုဆောင်းတောင်းခံငွေ ကျပ် ၅ သိန်းအနက် ရန်ပုံငွေ ၂ သိန်းဟု မယက က ဆက်သွယ်ရေးသို့ တင်ပြသော စာတွင် ဖော်ပြထားသည်ဟု ဌာနတွင်း သတင်းရပ်ကွက်တခုက ပြောသည်။
နမ့်စန်မြို့နယ် မယက ဥက္ကဌ ဦးတင်မြင့်ကတော့ အလွဲသုံးစားလုပ်ခြင်း မဟုတ်ကြောင်း ငြင်းဆန်လိုက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုရန် ကော်မတီဝင်အားလုံးနှင့် တိုင်ပင်၍ အပိုငွေကောက်ခံခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမသို့ ပြောသည်။
“အဲဒီကိစ္စကိုဒီလထဲမှာလည်းခရိုင်ကဆင်းစစ်သွားသေးတယ်။ကျနော်တို့ကဒီငွေတွေကို ပိုကောက်တယ်ဆိုတာ လာဘ်ယူတာလည်း မဟုတ်ဘူး၊ မတရား ကောက်ခံတာလည်း မဟုတ်ဘူး။ မြို့ဖွံ့ဖြိုးရေးအတွက်၊ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ဖို့ ကောက်ခံခြင်းသာ ဖြစ်တယ်”ဟု သူက ပြောသည်။ ပြီးခဲ့သည့်ဒီဇင်ဘာ၈ရက်နေ့တွင်နမ့်စန်မြို့နယ်အထူးစုံစမ်းစစ်ဆေးရေး(စစစ)အဖွဲ့ကပါ လာစစ်ခဲ့သေးသည်ဟု ဆိုသည်။
ဖုန်းဝယ်ယူသူ ၁၅ ဦးနှင့် မယက ရုံးဝန်ထမ်းများပါ စစ်ဆေးခံရပြီး အားလုံးက ဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့သော်လည်း အရေးယူမှု မရှိသေးသည့်အပေါ် ဒေသခံများက မေးခွန်းထုတ်နေကြသည်။
“ ခုချိန်ထိ အရေးမယူသေးဘဲ ဘော်လီဘော ပုတ်နေကြတယ်” ဟု တယ်လီဖုန်းလိုင်းသွယ်ထားသူ တဦးက ပြောသည်။



donderdag 24 februari 2011

အာဏာရှင်ဖြုတ်ချရေး လူထုလှုပ်ရှားမှုစရန် လှုံ့ဆော်စာဖြန့်

ဇာနည်မာန် Thursday, 24 February 2011 14:26
.အီဂျစ်နှင့် အာရပ်နိုင်ငံများကဲ့သို့ လူထုလှုပ်ရှားမှု စတင်ရန် လှုံ့ဆော်သည့် စာများကို ယမန်နေ့ညက ရန်ကုန် တာမွေ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စသည့်မြို့နယ်များရှိ လူစည်ကားရာ အရပ်များတွင် လူငယ်များက ဖြန့်ကြဲသွားကြောင်း သတင်းရရှိသည်။
အီဂျစ်နှင့် တူနီးရှားနိုင်ငံများ၌ အာဏာရှင်ဖြုတ်ချရေးတွင် လူထုအုံကြွမှုဖြင့် အောင်ပွဲများရခဲ့ပြီး အာရပ်နိုင်ငံများတွင်လည်း အာဏာရှင် တော်လှန်ရေးအတွက် လူထုအုံကြွမှုများ စတင်နေပြီဖြစ်ရာ မြန်မာစစ်အစိုးရ ပြုတ်ကျရေးအတွက်လည်း မြန်မာပြည်သူတို့က လူထုအုံကြွမှုဖြင့် စတင်ကြရန် နှိုးဆော်ကြောင်း အဆိုပါ ဖြန့်ဝေစာတွင် ရေးသားထားသည်။
စာလက်ခံ ရရှိသူများက စာပါအကြောင်းအရာ များကို စိတ်ဝင်တစား ရှိကြသော်လည်း လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာရန်မှာမူ အချိန်ကာလတခု ကြာမြင့်ဦးမည်ဟု စာများဖြန့်ဝေခဲ့သည့် တက်ကြွလှုပ်ရှားသူ ကိုဖိုးတေက ဆိုသည်။
“ချက်ခြင်းကြီးတော့ မျှော်လင့်လို့ မရသေးဘူး။ အခု လွှတ်တော်ကလည်း လုပ်နေတော့ အားလုံးရဲ့အာရုံက အဲဒီဘက်ကိုရောက်နေတယ်။တနေ့ကျရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထိပါးလာလိမ့်မယ်။ အဲဒီ အချိန်မျိုး ရောက်လာရင် နိုင်ငံရေး ဒီဂရီ ချက်ခြင်းမြင့်လာလိမ့်မယ်။ အဲ့ဒီအတွက် ကြိမ်မီးအုံး ဖြစ်နေတဲ့ လူထုကို ကြိုတင် ပြင်ဆင်ထားဖို့ လှုံ့ဆော်တာပါ” ဟု သူက ဧရာဝတီသို့ပြောသည်။
အာဏာရှင် သမ္မတ မူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သည့် အီဂျစ်လူထုအုံကြွမှုနှင့် အာရပ်နိုင်ငံများမှ လူထု လှုပ်ရှားမှုများအကြောင်း ပြည်တွင်း သတင်းဂျာနယ်များတွင် အသေးစိတ် ဖတ်ရှုခွင့် မရသော်လည်း မြန်မာလူငယ်ထု အနေဖြင့် စိတ်ဝင်တစား ရှိကြကြောင်း ရန်ကုန်မြို့နေ လူငယ်တဦးကဆိုသည်။
“ကျနော့် သူငယ်ချင်းတွေဆို အီဂျစ်က အကြောင်း စိတ်ဝင်စားကြတယ်။ အင်တာနက်ကနေ ရှာဖတ်ကြ၊ မေးကြတယ်။ အဲဒီလို လူထု လှုပ်ရှားမှုတွေ ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့က ၀င်ပါပြီး စစ်အစိုးရ ပြုတ်ကျအောင် လုပ်မှာပဲ။ ကျနော်တို့ကို ဦးဆောင်မယ့်သူ ကောင်းကောင်းတော့ လိုတာပေါ့”ဟု သူက ပြောသည်။

မြ၀တီ မြို့နယ်ခွဲ အသစ် DKBA တိုက်မည်ဟု သတိပေး

ဧရာဝတီ Thursday, 24 February 2011 11:05
.ကရင်ပြည်နယ်မြ၀တီခရိုင်အတွင်း မကြာမီ ဖွင့်လှစ်မည့် ချူးကလိ မြို့နယ်ခွဲကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)က တိုက်ခိုက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင် ရှောင်တိမ်းနိုင်ရန် သတိပေးထားသည်။
                       တိုက်ပွဲဝင်DKBAနှင့်KNUပူးပေါင်းအဖွဲ့၏လက်ဖြောင့်တပ်သားများ(ဓာတ်ပုံ-ဧရာဝတီ)
DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က “မကြာခင် နအဖ က မြ၀တီမြို့နယ်ခွဲ ဆိုပြီး ချူးကလိမှာ ဖွင့်ပွဲလုပ်ဖို့ရှိတယ်၊ အဲဒီမြို့သစ် ဖွင့်ဖို့အတွက် အင်္ဂါနေ့က မြ၀တီမြို့ထဲ စစ်ကားကြီးအစီး ၄၀ ကျော်ဝင်လာ တယ်၊ မြို့သစ်မှာ တာဝန်ကျတဲ့ ဆေးရုံ ၀န်ထမ်းတွေ၊ ပညာရေးဌာနက လူတွေ၊ အခြားဌာနက လူတွေကို ကျနော်တို့ ကြိုပြီး သတိပေးတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြ၀တီမြို့နယ်ခွဲ ချူးကလိမြို့သစ်သည် မြ၀တီတောင်ဘက် မိုင် ၃၀ ကျော်အကွာ မြ၀တီနှင့် ကြာအင်းဆိပ်ကြီး မြို့နယ် အစပ်တွင် တည်ရှိပြီး လက်ရှိလုံခြုံရေး တာဝန်ကို ရဲ ၀န်ထမ်း ၁၀၀ ကျော်က တာဝန်ယူထားသည်ဟု သိရသည်။
“ကျနော်တို့ရဲ့ အဓိက ပစ်မှတ်က နအဖပဲ ဖြစ်တယ်၊ ဒါပေမယ့် စစ်ဆင်ရေး လုပ်တဲ့အချိန်မှာ အရပ်သား တချို့ကို ထိခိုက် ခဲ့တာတွေရှိတဲ့ အတွက် ကြိုတင်အသိပေးရတာ ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။
DKBA၏အဆိုအရ၎င်းမြို့သစ်တွင်ထိုင်းနိုင်ငံဘက်၌ရောက်ရှိနေသည့်မြန်မာဒုက္ခသည်များအား မြန်မာဘက်ကပြန်လည်လက်ခံမည့်အစီအစဉ်ကိုနှစ်ဘက်အာဏာပိုင်များသဘောတူညီမှု ရရှိထားသည်ဟုလည်း သိရသည်။
မြန်မာအစိုးရအားဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့အစည်းများကိုထိုင်းနိုင်ငံက အားပေးမည်မဟုတ်ကြောင်းနှင့် ထိုင်း နယ်မြေကိုလည်း ခြေကုတ်ယူခွင့်မပြုဟု ထိုင်းအာဏာပိုင်များက မကြာသေးမီက ထုတ်ဖော်ပြောဆိုမှုများနှင့် ပတ်သက်၍လည်းDKBAကလက်မခံနိုင်ကြောင်း ပြောဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍DKBA၏ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က“ကျနော်တို့တော်လှန်ရေး လုပ်တာက ကိုယ့်အားကိုယ်ကိုးပဲ၊ ထိုင်းကိုမှီခိုပြီး လုပ်နေတာမဟုတ်ဘူး၊ ထိုင်းဆီကလည်း ဘာမှအလကားမရဘူး၊ နအဖ ကို တော်လှန်နေတဲ့အဖွဲ့တွေကို တင်းကျပ်မှုတွေလုပ်နေတာက သူ့အကျိုးစီးပွားနဲ့ မြ၀တီတံတားပြန်ဖွင့်ဖို့ အတွက် နအဖ ကို မျက်နှာလုပ်တာဖြစ်တယ်”ဟု ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပိတ်သည့်ပြဿနာသည် နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ် အတွင်း ထိုင်းဘက်မှ ကမ်းထိန်းနံရံတည်ဆောက်ရာ မြန်မာဘက်ကမကျေနပ်၍ ချစ်ကြည်ရေးတံတားကိုပိတ်လိုက်ခြင်း ဖြစ်ပြီးDKBAအပါအ၀င် မည်သည့်တော်လှန်ရေး အဖွဲ့အစည်းများနှင့် တစုံတရာပတ်သက်မှုမရှိကြောင်းလည်း ဗိုလ်မှူးဆန်းအောင် က ပြောဆိုသည်။
ဖေဖော်ဝါရီ လလယ်ပိုင်းကလည်း ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ကားလမ်းကို ဖြတ်တောက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် ယနေ့မှစ၍ အရပ်သားများ ခရီးသွားလာခြင်းမပြုလုပ်ရန်DKBAက သတိပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်တလုံးစခန်းကို တိုက်ခိုက်မှုကြောင့် မြ၀တီ မှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့်မှာ မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။
ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)ဦးဆောင်သည့် အဆိုပါ DKBAတပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ် အတွင်းရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။

စကားကျွံ၍ မြို့တော်ဝန် အခက်တွေ့

ဧရာဝတီ Thursday, 24 February 2011 14:14
.တောင်ဥက္ကလာက ဗလီကြီး ကို ရွေးကောက်ပွဲအပြီး ၂ ပတ်အတွင်း ပြန်လည် ဆောက်လုပ်ခွင့် ပေးမည်ဟု ဦးအောင်သိန်းလင်း ကတိစကား လွန်ခဲ့သောကြောင့် အစ္စလမ် ဘာသာဝင်များနှင့် အာဏာပိုင်များ အကြား တိုင်ကြားမှုနှင့် အငြင်းပွားမှုများ ဖြစ်နေရာ နေပြည်တော်တွင် လွှတ်တော်တက်ရောက်နေ ရသော ဦးအောင်သိန်းလင်း အခက်တွေ့နေကြောင်း သိရှိရသည်။
ကန့်ကွက်မှုကြောင့်ဆောက်လုပ်မှုရပ်ဆိုင်းထားရသည့်တောင်ဥက္ကလာပ၇ရပ်ကွက်သီရိဇေယျာလမ်းရှိ ဗလီဝတ်ပြုကျောင်း(ဓာတ်ပုံ-ဧရာဝတီ)
“လွှတ်တော်တက်နေတဲ့ဦးအောင်သိန်းလင်းရဲ့မျက်နှာသိပ်မကောင်းဘူး။ လူကြီးပိုင်းက သူလုပ်ခဲ့တာတွေကို အမြင်မကြည်ဘူး ဆိုတာတော့ တခြား ကြံ့ခိုင်ရေး လွှတ်တော်အမတ်တွေဆီကသိရတယ်”ဟု တိုင်းရင်းသား နိုင်ငံရေးပါတီတခုမှ ပြည်သူ့ လွှတ်တော် အမတ်တဦးကပြောသည်။
တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက် သီရိဇေယျာလမ်းတွင် ဗုဒ္ဓဘာသာဝင် အများစု၏ ကန့်ကွက်မှုကြောင့် ဆောက်လုပ်ခွင့် ပိတ်ပင်ခံထားရသော တောင်ဥက္ကလာပ ဗလီကြီးကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြန်လည် ဆောက်လုပ်ခွင့် ပေးခဲ့သည်။
ထိုသို့ ဆောက်လုပ်ခွင့်ပေးသည့်အတွက်အစ္စလာမ်ဘာသာဝင်များက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)ကို ကြိုတင်ထောက်ခံဆန္ဒမဲများပေးရန်နှင့် ရွေးကောက်ပွဲ နေ့တွင်လည်း ခြင်္သေ့တံဆိပ်ကိုသာ မဲပေးကြရန် မြို့တော်ဝန်နှင့် အစ္စလမ် ဘာသာဝင်တို့ လျှို့ဝှက် ညှိနှိုင်း သဘောတူညီ ခဲ့ကြသည်ဟု တောင်ဥက္ကလာ အစ္စလမ် ဘာသာဝင်များက ပြောသည်။
သို့ရာတွင် တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာ ရပ်ကွက်ဆွမ်းလောင်းအသင်းများက ဗလီဆောက်လုပ်ခွင့် ပြန်ပေးမှုကို ၀ိုင်းဝန်းကန့်ကွက် ကြသည့်အပြင် အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်လာနိုင်သည်အထိ အခြေအနေ တင်းမာလာသည့် အတွက် ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ညွှန်ကြားချက်အရ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၆ ရက် နေ့က ဗလီဆောက်လုပ်ခွင့် ရပ်ဆိုင်းရန် အမိန့် ထုတ်ပြန် ခဲ့ရသည်။
ဗလီဆောက်လုပ်ရေး ရပ်ဆိုင်းရန် ထုတ်ပြန်ခဲ့သော်လည်း ဦးအောင်သိန်းလင်းက ရွေးကောက်ပွဲ အပြီး ၂ ပတ်အတွင်း ဆောက်လုပ်ခွင့် ပြန်ချပေးမည်ဟု အာမခံ ပြောဆိုကာ တောင်ဥက္ကလာ ဒေသခံ အစ္စလမ် ဘာသာဝင် မိသားစုများ၏ ဆန္ဒမဲ ထောင်ပေါင်းများစွာကို ရယူခဲ့ကြောင်း သိရသည်။
“ဦးအောင်သိန်းလင်းက ရွေးကောက်ပွဲပြီးလည်း သူက မြို့တော်ဝန်အဖြစ် ဆက်တာဝန်ယူမှာ၊ ဒါကြောင့် သူ့ကိုပဲ မဲထည့် ဖြစ်အောင် ထည့်ကြပါဆိုလို့ ဒေသခံ အစ္စလမ် ဘာသာဝင် တော်တော်များက သူ့ကို ကြိုတင် ထောက်ခံမဲပေးကြတယ်။ မဲရုံ သွားပြီးတော့လည်း သူ့ကိုပဲ ထောက်ခံမဲ ထည့်ကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီး ၂ ပတ်အတွင်း ဗလီဆောက်ခွင့်ပေး
မယ်ဆိုတာတော့ အခုထိ ဘာမှဖြစ်မလာဘူး” ဟု တောင်ဥက္ကလာ ဗလီ ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူ တဦးက ပြောသည်။
ဦးအောင်သိန်းလင်းပေးခဲ့သည့်ကတိအတိုင်းဗလီဆောက်လုပ်ခွင့် ပေးရန် သက်ဆိုင်ရာ ဗလီဖြစ်မြောက်ရေး ကော်မတီက တောင်းဆိုသော်လည်း ဆောက်လုပ်ခွင့်မရဘဲ အငြင်းပွားမှုများနှင့် တိုင်ကြားမှုများ ဖြစ်ပေါ်လျက်ရှိသည်။
“အစိုးရ အပြောင်းအလဲက နောက်လဆိုရင် ဖြစ်ပြီ။ မြို့တော်ဝန် ဦးအောင်သိန်းလင်း နေရာကို တခြားလူ တယောက် လာမယ်လို့ သိထားတယ်။ ကျနော်တို့က သူ့ ကတိအတိုင်း လုပ်ပေးဖို့ ပြောတယ်။ စည်ပင်နဲ့ ညှိနှိုင်းတယ်။
တချို့အစ္စလမ် လူကြီးတွေကလည်း နီးစပ်ရာ အာဏာပိုင် အကြီးအကဲတွေဆီ အကြောင်းကြားတာ၊ တိုင်တာတွေ လုပ်ထားတယ်” ဟု တောင်ဥက္ကလာ ၇ ရပ်ကွက်နေ အစ္စလမ် ဘာသာဝင်တဦးက ဆိုသည်။
တောင်ဥက္ကလာမြို့နယ် ၇ ရပ်ကွက်နေ ဗုဒ္ဓဘာသာဝင်များကမူ သက်ဆိုင်ရာ အာဏာပိုင်များက ဗလီဆောက်လုပ်ခွင့် ပြန်လည် ချပေးလျှင် ဘာသာရေး အဓိကရုဏ်း ပေါ်ပေါက်လာလိမ့်မည်ဟု ဆိုကြသည်။
“အာဏာပိုင် တွေကလည်း ဗလီဆောက်လုပ်ခွင့် ပေးမယ့်ပုံမရှိဘူး။ တကယ်လို့သာ ချပေးခဲ့ရင်တော့ ပြဿနာက တက်နိုင်တယ်။ ဒီကိစ္စက ဘာသာရေးဆိုတော့ အမှားအမှန် ခွဲခြားဖို့ အင်မတန်ခက်တဲ့ကိစ္စပဲ။ အားလုံး ညှိနှိုင်းမှု မရှိဘဲ လုပ်ရင်တော့ ပြဿနာက တက်ကို တက်မှာ” ဟု ၇ ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃၊ ပုဒ်မ၅၈(ဂ)တွင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကို ဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲ ပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော် လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက် ထုတ်ပြန်ခြင်း (သို့မဟုတ်)ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း ပြုလုပ်လျှင် မည်သူမဆိုထိုသူအားတနှစ်ထက်မပိုသော ထောင်ဒဏ် ကိုဖြစ်စေ၊ ကျပ် ၁ သိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသော်လည်း ဦးအောင်သိန်းလင်းကို တစုံတရာ အရေးယူခဲ့ခြင်းမရှိပေ။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၂၊ ပုဒ်မ၆(င)တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားခြင်း မပြုရန် တားမြစ်ထားပြီး ပြုလုပ်လျှင် အဆိုပါဥပဒေ၏ အခန်း ၃၊ ပုဒ်မ ၁၂ (က၊ ၄)အရ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်း ခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ဦးတေဇ ရန်ကုန်ပြန်ရောက်

ဖနိဒါ ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၇ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။ကချင်ပြည်နယ်မြောက်ဖျားရှိဖုန်ကန်ရာဇီရေခဲတောင်ပေါ်ရဟပ်ယာဉ်ကျွံကျသဖြင့် နှစ်ရက်ကြာသောင်တင်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇသည် ရန်ကုန်နေအိမ်သို့ ကြာသပတေးနေ့တွင် ပြန်ရောက်ပြီဟု မိသားစုနှင့် ရင်းနှီးသူတဦးက ပြောသည်။
ကချင်ပြည်နယ် ပူတာအိုမြို့မှ စစ်ဘက်လေယာဉ်ဖြင့် ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန် ပြန်ရောက်ကာ၊ ပန်းလှိုင်ဆေးရုံ၌ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ပြီးနောက်အင်လျားလမ်းရှိနေအိမ်သို့ ပြန်ရောက်လာသည်ဟု ဆိုသည်။
စစ်အစိုးရလက်ရင်းလူယုံထူးကုမ္ပဏီနှင့်အဲပုဂံလေကြောင်းပိုင်ဦးတေဇနှင့်အတူလိုက်ပါသွားသူ လေယာဉ်မယ်တဦးမှာခြေထောက်တွင် ဒဏ်ရာရခဲ့သည်ဟု သူက ပြောသည်။ ဦးတေဇမှာလည်း ဒူးတွင် ဒဏ်ရာရခဲ့သည်။
မတ်လတွင် ရေခဲတောင်တက်မည့် ခရီးအတွက် လမ်းကြောင်းရှာရန် ကြိုတင်လေ့လာရေးအဖြစ် သွားခဲ့ရာ အင်္ဂါနေ့တွင် ရေခဲပြင်ပေါ် ရဟတ်ယာဉ် ကျွံဝင်ခဲ့ရာမှ သောင်တင်ခဲ့ကာ ၃ ရက်မြောက်နေ့တွင် ကယ်တင်နိုင်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံချင်းမိုင်အခြေစိုက်ကုမ္ဗဏီတခုမှ ငှားရမ်းခဲ့သော ရဟတ်ယာဉ်က ကြိုးချပေး၍ ဆွဲတင်ပေးခဲ့သည်။







ရွေးကောက်ပွဲကော်မရှင် ၆ ဦး အမည်စာရင်း ဦးသိန်းစိန်တင်သွင်း

ကိုဝိုင်း ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၆ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။နေပြည်တော်တွင်ပြုလုပ်နေသော ပြည်ထောင်စုလွှတ်တော် ၁၂ ရက်နေ့မြောက်ဖြစ်သော ကြာသပတေးနေ့ အစည်းအဝေးတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၆ ဦး၏ အမည်များကို သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဦးသိန်းစိန်က တင်သွင်းခဲ့သည်။
၂ဝ၁ဝရွေးကောက်ပွဲအတွက်ဖွဲ့စည်းခဲ့သောပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးသာဦး၊ ဦးဝင်းကြည်၊ ဦးညွန့်တင် တို့ကိုပြန် လည်ရွေးချယ်ရန် ဦးသိန်းစိန်က အဆိုပြုခြင်း ဖြစ်သည်။
၁၂ရက်နေ့မြောက်အစည်းအဝေးတွင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၆ဦး၏အမည်များကိုသမ္မတတင်သွင်း (photo::MRTV)
၁၅ မိနစ်ကြာပြုလုပ်သော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေးတွင် အင်္ဂါနေ့က အမည်စာရင်းတင်သွင်းခဲ့သော ဦးသာဌေး၊ ဦးစိုးညွှန့်၊ ဦးမြသိန်း၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြင့်ဟန်တို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်အဖွဲ့ဝင်များအဖြစ် တက်ရောက်သူအမတ် ၆၅၄ ဦးက ကန့်ကွက်သူမရှိဖြင့် အတည်ပြုပေးခဲ့သည်။
“ဒီအတိုင်းဆို မနက်ဖြန်လည်း ကန့်ကွက်သူ ရှိမှာမဟုတ်ပါဘူး” ဟု အစည်းအဝေးတက်ရောက်နေသော အမတ်တဦးက ပြောသည်။
ယနေ့အစည်းအဝေးသို့ အမတ် ၄ ဦး အစည်းအဝေး မတက်နိုင်ကြောင်း ခွင့်တိုင်ကြားခဲ့သည်။
ဒုတိယရှေ့နေချုပ်(ငြိမ်း)ဦးမြင့်နိုင်နှင့်ဦးဝင်းကြည်တို့သည် မန္တလေးတိုင်း တောင်သာဇာတိများ ဖြစ်ကြသည်။
စစ်အစိုးရအဖွဲ့အတွင်း သြဇာကြီးပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ရင်းနှီးသူ ဦးအောင်သောင်း၏ ထောက်ခံချက်ဖြင့် ပါဝင်လာခဲ့ခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောသည်။
အသစ်ပေါ်ထွက်လာမည့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ရွေးချယ်ပြီး ဖြစ်သည်။
၂ဝ၁ဝ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဝင်းကိုနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစောဘလှိုင်၊ ဒေါက်တာဘမောင်၊ ဒေါက်တာစိုင်းခမ်းလှိုင်၊ ဒေါက်တာတင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဒေါက်တာမောင်ထူး၊ ဦးသာဌေးတို့ ပြန်မပါကြတော့ပေ။
ဦးသာဌေးမှာတရားလွှတ်တော်ချုပ်တရားသူကြီးဖြစ်သွားပြီးဒေါက်တာစိုင်းခမ်းလှိုင်သည် ရှမ်းပြည်နယ်တောင်ပိုင်းကွန်ဟိန်းမဲဆန္ဒနယ်(၁)၌ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှဝင်ပြိုင်သော်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ စိုင်းမွန်း ခေါ် စိုင်းကျော်ထွန်းကို ရှုံးနိမ့်ခဲ့သည်။
အစိုးရသစ်ဖွဲ့ရန် ပြည်ထောင်စု ဝန်ကြီး ၃ဝ ဦး၊ ဝန်ကြီးဌာန ၃၄ ခု၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အရေအတွက်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးနှင့် အဖွဲ့ဝင်များ ကြေညာပြီးဖြစ်သည်။
တိုင်း/ ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦး၊ တိုင်း/ ပြည်နယ် ဝန်ကြီး ၁၅၄ ဦး၊ တိုင်း/ ပြည်နယ် ဥပဒေချုပ် ၁၄ ဦး၊ တိုင်း/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၁၄ ဦး၊ တိုင်း/ ပြည်နယ် တရား လွှတ်တော် တရားသူကြီး ၃၈ ဦး၊ တိုင်း/ပြည်နယ်စာရင်းစစ်ချုပ် ၁၄ ဦးလည်း ရွေးချယ်ပြီးလည်း ဖြစ်သည်။
သို့သော် လက်ကိုင်ဝန်ကြီးဌာနများ တွဲ၍မကြေညာနိုင်သေးသည့်ပြင် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေ ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သမ္မတ အကြံပေးအဖွဲ့၊ သမ္မတပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့ကို ရွေးချယ်ရန် သို့မဟုတ် ထုတ်ပြန်ကြေညာရန် ကျန်ရှိနေသေးသည်။
ကော်မရှင်အဖွဲ့ဝင်များ ကိုယ်ရေးအကျဉ်း
ဦးမြင့်နိုင် (၆၃ နှစ်)
လူမျိုး = ဗမာ၊ ဗုဒ္ဓဘာသာ။
ပညာ = BA Law, LLB.
လက်ရှိအလုပ်ကိုင်ဌာန = ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်။ ဒုတိယ ရှေ့နေချုပ် (ငြိမ်း)
လက်ရှိလိပ်စာ = အမှတ် ၃၆၊ သစ္စာရွှေပြည်လမ်း၊ ဒုဝန်ကြီးအိမ်ယာ၊ နေပြည်တော်။
အမြဲတန်းလိပ်စာ = အမှတ် ၂၁ဝ၇၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
ဇာတိ = ကျောက္ကာတောင်ရွာ၊ တောင်သာမြို့၊ မန္တလေးတိုင်း။
မိဖဇာတိ = ကျောက္ကာတောင်ရွာ၊ တောင်သာမြို့၊ မန္တလေးတိုင်း။
ဇနီး = ဒေါ်တင်ဌေးလှိုင် (တဲရာကျေးရွာ၊ တောင်သာမြို့နယ်)
ဇနီး၏ ဖခင်ဇာတိ = အုတ်ဖိုကျေးရွာ၊ တောင်သာမြို့နယ်။
ဇနီး၏ မိခင်ဇာတိ = တဲရာကျေးရွာ၊ တောင်သာမြို့နယ်
-----------------------
ဦးအောင်မြင့် (၇၂ နှစ်)
လူမျိုး = ဗမာ၊ ဗုဒ္ဓဘာသာ။
ပညာ = BSC, HGP (အထက်တန်းရှေ့နေ), RL, Advocate, Computer Programming
ဇာတိ = ကွမ်းခြံကုန်း၊ ရန်ကုန်တိုင်း။
လက်ရှိအလုပ်ကိုင်ဌာန = ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်။
လက်ရှိနှင့် အမြဲတန်း လိပ်စာ = တိုက် ၂၆၊ ဇေယျာသီရိမြို့နယ်၊ ဒုဝန်ကြီးအိမ်ယာ၊ နေပြည်တော်။
---------------------
ဒေါက်တာဒေါ်မြင့်ကြည် (၆၆ နှစ်)
(အိမ်ထောင်မရှိ)
လူမျိုး = ဗမာ၊ ဗုဒ္ဓဘာသာ။
ပညာ = MA History, Phd (IR),
လက်ရှိအလုပ်ကိုင်ဌာန = ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်။
ဇာတိ = ရန်ကုန်
လက်ရှိလိပ်စာ = အခန်း ၁၁၊ တိုက် ၄၊ စံပယ်အိမ်ယာ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
အမြဲတန်းလိပ်စာ = အမှတ် ၅၈၊ ရတနာလမ်းသွယ်၊ သီရိရတနာအိမ်ယာ၊ သင်္ဃန်းကျွန်း၊ ရန်ကုန်။
--------------------------
ဦးသာဦး (၆၃ နှစ်)
(အိမ်ထောင်မရှိ)
လူမျိုး = ဗမာ၊ ဗုဒ္ဓဘာသာ။
ပညာ = A.G.T.I (EC), B.E (EC),
ဇာတိ = ဝင်းပကျေးရွာ၊ သိမ်ဆိပ်တိုက်နယ်၊ သထုံမြို့နယ်။ မွန်ပြည်နယ်။
လက်ရှိအလုပ်ကိုင်ဌာန = ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်။
လက်ရှိလိပ်စာ = တိုက် ၃၊ အခန်း ၂၂၊ စံပယ်အိမ်ယာ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
အမြဲတန်းလိပ်စာ = ဆက်သွယ်ရေးသင်တန်းကျောင်းဝင်း၊ အောက်ပုဇွန်တောင်၊ ရန်ကုန်။
-------------------------------
ဦးဝင်းကြည် (၆၆ နှစ်)
ပညာ = BSC Honest, D.S, MSC (USA)
လူမျိုး = ဗမာ၊ ဗုဒ္ဓဘာသာ။
ဇာတိ = တောင်သာ။
မိဘဇာတိ = တောင်သာ။
ဇနီး = ဒေါ်ဝေဝေဖြူ (ပုသိမ်)
ဇနီး မိဖဇာတိ = ပုသိမ်။
လက်ရှိအလုပ်ကိုင်ဌာန = ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်။
လက်ရှိလိပ်စာ = အခန်း ၂၊ တိုက် ၁ဝ၊ စံပယ်အိမ်ယာ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
အမြဲတန်းလိပ်စာ = အမှတ် ၁၅၆/၂ (၁၄/၃)၊ မြင်သာရပ်ကွက်၊ ယုဇနမာလမ်း၊ တောင်ဥက္ကလာပ၊ ရန်ကုန်။
--------------------------
ဦးညွန့်တင် (၇ဝ နှစ်)
လူမျိုး = မွန်ဗမာ၊ ဗုဒ္ဓဘာသာ။
ပညာ = B.A, HGP (အထက်တန်းရှေ့နေ),
ဇာတိ = ဝင်းရော်ဆိပ်ကြီးကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်ပြည်နယ်။
ဖခင်ဇာတိ = ပဲခူးတိုင်း၊ ပေါင်းတည်။
မိခင်ဇာတိ = ဝင်းရော်ဆိပ်ကြီးကျေးရွာ၊
ဇနီး = ဒေါ်မြင့်မြင့်စိန် (ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်)
ဇနီး၏ ဖခင် = (ဦးအေး) ပဲခူးတိုင်း၊ ပေါင်းတည်
ဇနီး၏ မိခင် ဇာတိ = မွန်ပြည်နယ် သထုံမြို့၊
လက်ရှိအလုပ်ကိုင်ဌာန = ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်။
လက်ရှိလိပ်စာ = အမှတ် ၂၊ တိုက် ၉၊ စံပယ်အိမ်ယာ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
အမြဲတန်းလိပ်စာ = အမှတ် ၁ဝ၂၊ ရာဇာဓိရာဇ်လမ်း၊ မြိုင်သာယာရပ်၊ မော်လမြိုင်။