မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 21 februari 2011

လယ်မြေ ထပ်အသိမ်းခံရမည်ကို ဒေသခံများ စိုးရိမ်

ခင်ဦးသာ MONDAY, 21 FEBRUARY 2011 19:10
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်း၌ ဆောက်လုပ်မည့် ဇေကမ္ဘာ ကုမ္ပဏီ၏ ဘိလပ်မြေစက်ရုံ အတွက် လယ်မြေ ဧက ၂၀၀ ၀န်းကျင်အား ထပ်မံသိမ်းယူမည်ဟု သတင်းများ ထွက်ပေါ်နေ၍ စိုးရိမ်ပူပန်မှု ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
ပထမ သိမ်းခဲ့သည့် လယ်မြေဧက ၆၀၀ သည် ထုံးကျောက်တောင် တခုဖြစ်သောပျားတောင်အနီးတ၀ိုက်မှ လယ်မြေများဖြစ်ပြီး ၎င်းတောင်၏ တဘက်ကမ်း၊ ကွမ်နိုင်ကျေးရွာ အနီးမှ လယ်မြေဧက ၂၀၀ ကို ထပ်မံသိမ်းမည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များ ထံမှ သတင်းများ ထွက်ပေါ်နေသည်ဟု ဒေသခံတဦး က ဆိုသည်။
“ပထမ သိမ်းထားတဲ့ လယ်တွေရဲ့လျော်ကြေးတောင် နည်းတော့ တချို့ကလက်မခံသေးဘူး၊ အဲဒီအမှု ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုင်ထားတာ ဘာမှ မထူးသေးဘူး၊ ဒါကြောင့် ဥပဒေ ကြောင်းအရ ဆက်လက် ဆောင်ရွက်သွား ဖို့ပြင်ဆင်နေပါတယ်”ဟု ကျိုက်မရော ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
အသိမ်းခံရသည့် လယ်သမားများသည် ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုင်ကြား ခဲ့ခြင်းဖြစ်ပြီး တုံ့ပြန်မှု တစုံတရာ မရှိဟုလည်း ဆိုသည်။
ပထမ အကြိမ်သိမ်းယူထားသည့် လယ်မြေများအတွက် တဧကလျှင် ကျပ် ၃ သိန်းခွဲသာ ပေးကြောင်း၊ ထို့ကြောင့် လယ်သိမ်း ခံရသူလယ်သမား ၃၀ ၀န်းကျင် အနက် တဧက၊ ၂ ဧက အသိမ်းခံရသူ လယ်သမား ၁၀ ဦးခန့်ကသာ လျော်ကြေးကို လက်ခံပြီး ကျန်သူများက တရားဥပဒေအရ ဖြေရှင်းရန် ဆက်လက် လုပ်ဆောင်နေကြသည်ဟု သိရသည်။
လယ်မြေများ သိမ်းယူခဲ့သူ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက မူနောက်ထပ် လယ်မြေများ သိမ်းယူမည် ဆိုသည်မှာ မဟုတ် မှန်ဟု ဧရာဝတီကို ပြောသည်။
“လယ်ဧက ၂၀၀ သိမ်းမယ်ဆိုတာ မဟုတ်ပါဘူး၊ ဒါပေမယ့် လမ်းတွေ ဖောက်ရင်တော့ လမ်းတလျှောက်က မြေတွေတော့ ပါသွားမှာပေါ့၊ လမ်းတွေတော့ ဖောက်လုပ်နေပါပြီ”ဟု ဦးခင်ရွှေ က ဆိုသည်။
ယခင်သိမ်းယူခဲ့သည့် လယ်ဧကများအတွက်လည်း ထိုက်တန်သော လျော်ကြေးကို ပေးခဲ့ကြောင်း၊ သို့သော် လယ်ပိုင်ရှင်တချို့သည် လျော်ကြေးကို လက်မခံကြကြောင်း၊ ထိုသို့ လက်မခံသေးသော်လည်း အချိန်တန်က အဆင်ပြေသွားမည် ဖြစ်ကြောင်း ဦးခင်ရွှေက ဆက်ပြောသည်။
“လယ်သမား၂၀လောက်ကလက်မခံဘူးဖြစ်နေတယ်၊အဓိကတော့ရွာလူကြီးအသစ်နဲ့အဟောင်း တွေကြားဖြစ်နေတဲ့ ပြဿနာတွေ ကြောင့် ကြန့်ကြာနေရတာပါ၊ မကြာခင်တော့ အဆင်ပြေသွားမှာပါ”ဟု ၎င်း က ဆိုသည်။
ကျိုက်မရောမြို့နယ်အတွင်း၌ဘိလပ်မြေစက်ရုံတည်ဆောက်ရေးစီမံကိန်းအတွက် လယ်မြေဧက ၆၀၀ ကိုပြီးခဲ့သည်၂၀၁၀နှောင်းပိုင်းကဇေကမ္ဘာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေကဒေသဆိုင်ရာ အာဏာပိုင်များနှင့်ပူးပေါင်းကာ သိမ်းယူခဲ့ခြင်း ဖြစ်သည်။
လယ်သမားများက ထိုလယ်မြေများ၏ ကာလပေါက်ဈေးသည် တဧကလျှင် အနည်းဆုံး ကျပ် ၁၅ သိန်းနှင့်အထက်ရှိပြီး ဘိုးဘေး အစဉ်အဆက်လုပ်ကိုင် လာခဲ့သည့် လယ်မြေများဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့်မည်သည့် လျော်ကြေးငွေကိုမှ မလိုလားကြောင်း၊ လယ်ပိုင်ရှင် ဘ၀မှ လယ်ယာမဲ့၊ အငှား ဘ၀ကို မလိုလားကြကြောင်း ဆိုသည်။
မြန်မာနိုင်ငံတ၀န်း၌ လယ်မြေသိမ်းခံရမှုများ ပိုမိုဖြစ်ပွားနေကြောင်း၊ လယ်သမား အများစုသည် အာဏာပိုင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ ခြိမ်းခြောက်မှုများကြောင့် မိမိတို့၏ ရပိုင်ခွင့်များကို အပြည့်အ၀ မရကြကြောင်း လယ်သမားများအရေး ဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူ ကလည်း ပြောသည်။
“လယ်သမားတွေကို အကြောက်တရားက ကင်းဝေးစေဖို့ အတွက် ရှေ့နေ ၇ ဦးနဲ့ ရန်ကုန်တိုင်းက လယ်သမားတွေစုဖွဲ့ပြီး ပညာပေးတာတွေ လုပ်နေပါတယ်”ဟု ၎င်း က ဆိုသည်။
လယ်ယာမြေ အသိမ်းခံနေကြရသော လယ်သမားများအား မိမိတို့ရပိုင်ခွင့်များ တောင်းဆိုရဲလာစေရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူလယ်သမား သမဂ္ဂ တခု ပေါ်ပေါက်ရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ကိုဖိုးဖြူက ဆက်ပြောသည်။
ဦးခင်ရွှေ ဆောက်လုပ်မည့် ဘိလပ်မြေ စက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း၊ ဗီယက်နမ် နိုင်ငံက ပါဝင်ရန် အဆိုပြုထား၍ ၎င်းတို့ ပါဝင်လျင် ဒေါ်လာ သန်း၂၀၀ အထိ ကုန်ကျရန် ခန့်မှန်းထားပြီး မြန်မာတနိုင်ငံလုံး၌ အကြီးဆုံး ဘိလပ်မြေစက်ရုံ တရုံ ဖြစ်လာမည်ဟု ဦးခင်ရွှေက ဆိုသည်။
ဘိလပ်မြေ စက်ရုံတွင် ၀န်ထမ်း၂၀၀၀ ကျော်အထိ ခန့်ထားနိုင်မည်ဖြစ်ပြီး တရက်လျှင် ဘိလပ်မြေ တန်ချိန် ၆၆၀၀ ခန့် ထုတ် လုပ်သွားမည်ဟုလည်း ဦးခင်ရွှေက ပြောသည်။
စက်ရုံတည်ဆောက်မည့် နေရာသည် အချက်အချာကျသည့် နေရာဖြစ်ပြီး အာဆီယံ ဒေသတွင်း ဖောက်လုပ်နေသည့် လမ်း ၏ တစိတ်တပိုင်းနှင့်လည်း ဆက်စပ်နေသည့်အပြင် ဗီယက်နမ်နိုင်ငံနှင့် မြန်မာ ဆက်သွယ်မည့် လမ်းကြောင်းတွင် ပါဝင်နေကြောင်း သိရသည်။


 

Geen opmerkingen: