မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 30 oktober 2009

ဘူးသီးတောင်ရှိ NGO ရုံးကို ဒေသခံများက တိုက်ခိုက်

           

လွန်ခဲ့သည့် ၅ လခန့်က တွေ့ရသည့် ရခိုင်ပြည်နယ်ရှိ ငှက်ဖျားရောဂါ အထူးကု ဆေးခန်းတခု (ဓာတ်ပုံ - Getty Images)




Friday, 30 October 2009 18:45 ရန်ပိုင်
.ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အဓိကရုဏ်း တခုဖြစ်ပွားခဲ့ရာ လူမှုရေးနှင့် ကျန်းမာရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အန်ဂျီအို အဖွဲ့တဖွဲ့ တိုက်ခိုက် ခံခဲ့ရ ကြောင်းသိရသည်။

ယင်းNGO အဖွဲ့မှာ ရန်ကုန် အခြေစိုက် (Aide Medical International – AMI) အဖွဲ့ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်းတွင် ငှက်ဖျား တိုက်ဖျက်ရေးနှင့် တခြားသော ဆေးဝါးများ ဖြန့်ဖြူးပေးသော အဖွဲ့ဖြစ်သည်ဟု ဆိုသည်။
တိုက်ခိုက် ခံရမှုကြောင့် အဆောက် အဦးမှာ အနည်းငယ် ပျက်စီး သွားသော်လည်း ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း၊ တိုက်ခိုက်သည့် လူစုလူဝေးမှာ တဖြည်းဖြည်း များပြားလာသည့် အတွက် ထိုဒေသ အခြေစိုက် အမှတ် (၁၅ ) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်မှ စစ်တပ် ရောက်ရှိလာပြီး ထိန်းသိမ်း လိုက်နိုင်သောကြောင့် အခြေအနေ အေးဆေး ငြိမ်သက်သွားပြီဟု အဆိုပါ AMI ရုံးမှ တာဝန်ခံ တဦးက ပြောသည်။
ထိုသို့ ဖြစ်ပွားရခြင်းမှာ AMI အဖွဲ့တွင် အလုပ်လုပ် နေသည့် ရိုဟင်ဂျာ အမျိုးသားတဦးနှင့် ရခိုင် အမျိုးသမီးတဦး ရည်ငံနေ သောကြောင့် ဟူ၍၎င်း၊ ထိုရိုဟင်ဂျာ အမျိုးသားမှ နေပြီး ကိုယ်ထိ လက်ရောက် စော်ကား သောကြောင့်၎င်း စတင် ဖြစ်ပွားခြင်း ဖြစ်သည်ဟု သတင်း အမျိုးမျိုး ထွက်ပေါ် နေသော်လည်း အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
ဒေသခံတဦးက“ရခိုင်လူငယ်တွေ အများကြီး ရောက်လာပြီး အန်ဂျီအို အဖွဲ့အဆောက် အဦးကို ခဲနဲ့ပေါက်တယ်၊ ကားမှန် တွေကို ရိုက်ခွဲတယ်”ဟုဆိုသည်။
အဆိုပါ အဓိကရုဏ်းတွင် လူ ၃၀၀ ခန့် ပါဝင်သည်ဟုလည်း ၎င်းဒေသခံကပြောသည်။
ယနေ့ နေ့လယ်ပိုင်းက ယင်းအဓိကရုဏ်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တွင် NGO အဖွဲ့များနှင့် ကုလသမဂ္ဂ အေဂျင်စီအဖွဲ့များတွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ရိုဟင်ဂျာဒုက္ခသည်များအားကူညီရန်နှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် NGO အဖွဲ့အစည်းအများအပြားရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားလျက်ရှိသည်။
ထိုအဖွဲ့များတွင် ဒေသခံ ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများဝင်ရောက်၍ အလုပ်လုပ်ကိုင်နေကြကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် အဆိုပါလူမှုရေးကိစ္စများမှစတင်ပြီး လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ မကြာခဏဖြစ်ပွားခဲ့ဖူးသည်။
ဘူးသီးတောင်ဒေသတွင် ဒေသခံရခိုင်လူမျိုးများသည် ရိုဟင်ဂျာများကို မူလကတည်းကရှိခဲ့သည့် လူမျိုးဟုမသတ်မှတ်ဘဲ တဘက်နိုင်ငံမှ ၀င်ရောက်လာသည့် လူမျိုးများဟု ယူဆထားကြသည်။ ရခိုင်လူမျိုးအများစုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး ရိုဟင်ဂျာများမှာ အစ္စလမ်ဘာသာကို ကိုးကွယ်သူများဖြစ်ကြောင်း သိရသည်။
မကြသေးမီကလည်း ယင်းနယ်စပ်တလျောက် မြန်မာနိုင်ငံဘက်မှ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှု၊ တိုင်းရင်းသား လက်နက် ကိုင်များ ၀င်ရောက်မှုကို ကာကွယ်ရန်ဟု အကြောင်းပြချက်ဖြင့် ခြံစည်းရိုးကာရံခဲ့သည့် အတွက်ကြောင့် နှစ်နိုင်ငံကြား စစ်ရေး တင်းမာမှုများရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်ပြဿနာ ပြေလည်မည်ဟု တရုတ်မျှော်လင့်

Friday, 30 October 2009 17:37 ကိုထွေး
.တရုတ်နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် Zhang Xianyi က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ ပြဿနာကို စေ့စပ်ညှိနှိုင်း၍ ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ယမန်နေ့က ဆိုသည်။

ဘင်္ဂလားဒေ့ရှ် Dhaka Reporters Unit (DRU) တွင် သတင်းထောက်များကို ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း Daily Star သတင်းစာတွင် ရေးသားထားသည်။
“အိမ်နီးချင်းနိုင်ငံတွေကြားထဲမှာ အငြင်းပွားစရာ သဘောမတူစရာတွေတော့ ရှိကြပါတယ်၊ ဒါပေမယ့် စေ့စပ် ဆွေးနွေးပြီးတော့ ပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်၊ စစ်ပွဲက ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်”ဟု Zhang Xianyi၏ ပြောဆိုချက်ကို ကိုးကားထားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး Dipu Moni၏ ပြောဆိုချက်ကို ကိုးကား၍ ၂ နိုင်ငံ နယ်စပ်တွင် တင်းမာမှု တစုံတရာ မရှိကြောင်း၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံကြားတွင် ဖြစ်ပွားနေသော ပြဿနာကို တရုတ်နိုင်ငံက စေ့စပ် ညှိနှိုင်းရေး အတွက် ၂ နိုင်ငံလုံးက ချဉ်းကပ်လာခြင်းမရှိ သေးကြောင်းလည်း ၎င်းကဆိုသည်။
တရုတ်အစိုးရသည် ဂွမ်ဒေါင် ပြည်နယ်မှ မြန်မာနိုင်ငံကို ဖြတ်၍ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းနှင့် အဝေးပြေး လမ်းမ ဖောက်လုပ်ရန် ကြိုးပမ်းလျက် ရှိရာ ဘင်္ဂလားဒေ့ရှ်မြန်မာ ဆက်ဆံရေးသည် အဆိုပါ စီမံကိန်းကို ထိခိုက်ဖွယ် ရှိကြောင်းလည်း သုံးသပ်သူများက ယူဆနေကြသည်။
“တရုတ်- မြန်မာ- ဘင်္ဂလားဒေ့ရှ် အဝေးပြေးလမ်းဖောက်လုပ်တာက အခုချိန်ထိ ဆွေးနွေးနေဆဲပါ၊ အဲဒီ စီမံကိန်းအတွက် အစိုးရတိုင်းက အကောင်းမြင်ပါတယ်” ဟုZhang Xianyi ၏ ပြောဆိုချက်ကိုလည်း ယင်းသတင်းတွင် ဖော်ပြထားသည်။
နယ်စပ် အခြေအနေနှင့် ပတ်သက်၍ ဒေသခံ ထွန်းထွန်းက“ လက်ရှိ နယ်စပ်မှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပါ၊ စစ်တပ်ကလည်း ဆုတ်သင့် သလောက်ဆုတ်သွားပြီလေ၊ မနေ့က နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက)က ဗိုလ်မှူးကြီးနဲ့ စစ်တကောင်းနယ်ခြားစောင့်က တပ်ရင်းမှူး ဦးဆောင်ပြီးတော့ မောင်းတောမှာ ဆွေးနွေးတယ်” ဟုပြောသည်။
ဘင်္ဂလားဒေ့ရှ် မြန်မာ ရေပိုင်နက် အငြင်းပွားမှု ပြဿနာကို ၂၀၀၈ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများအဆင့် တွေ့ဆုံကြပြီး ဆွေးနွေးခဲ့သော်လည်း နှစ်ချီ၍ အငြင်းပွားနေသည့် ယင်းပြဿနာသည် ပြေလည်မှု မရရှိခဲ့ပေ။
၂၀၀၈ ခု နိုဝင်ဘာလတွင် ရေပိုင်နက် အငြင်းပွားရာ နေရာသို့ မြန်မာဘက်က ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ရာမှ စတင်၍ ပိုမို တင်းမာလာခဲ့သည်။ ထိုစစ်သင်္ဘောများမှာ သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် လုံခြုံရေးယူရန် ဖြစ်သည်ဟု မြန်မာဘက်က ပြောဆိုခဲ့သည်။

ရတနာပုံ FC ထိုင်းကို ထပ်မံရှုံး ပြန်

Friday, 30 October 2009 17:13 ဘစောတင်
.ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့ တွင် ကျင်းပသော ဖူးကက်ကာတာ ဂရုဖ် ဖလား ဘောလုံးပြိုင်ပွဲတွင် ယမန်နေ့ က မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ရတနာပုံ FC အသင်းနှင့် ထိုင်း ပရီးမီးယားလိဂ် ချန်ပီယံ မြောင်ထောင် ယူနိုက်တက် အသင်းတို့ တတိယ နေရာလုပွဲ ယှဉ်ပြိုင်ကစားကြရာ မြောင်ထောင် အသင်းက ရတနာပုံအသင်း ကို(၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ယင်း တတိယ လုပွဲတွင် မြောင်ထောင်ယူနိုက်တက်က ပထမပိုင်း(၁၆)မိနစ်၌ အဖွင့်ဂိုး သွင်းယူခဲ့ပြီး (၁၇) မိ နစ်တွင် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။ ပြန်အလှန် တိုက်စစ်ဆင်ဖွင့်ကစားခဲ့ကြသောကြောင့် အကြိတ် အနယ်ရှိခဲ့ပြီး ပွဲချိန်၂၁မိနစ်တွင် ရတနာပုံက ချေပဂိုး တဂိုး သွင်းယူခဲ့သည်။ ပွဲချိန်(၃၃)မိနစ်နှင့် (၃၄) မိနစ် တွင် မြောင်ထောင်အသင်းက တတိယနှင့် စတုတ္ထဂိုး သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်းတွင်ပင် မြောင်ထောင်က ၄ ဂိုး တဂိုးဖြင့် အနိုင်ရနေသည်။
ဂိုးပြတ်ရှုံးနေသော်လည်း ရတနာပုံအသင်းမှာ ကစားအားကျမသွားဘဲ ဒုတိယပိုင်းတွင် တိုက်စစ်ဆင်ကစားခဲ့ ရာ ပွဲချိန်(၇၄)မိနစ်တွင် ရတနာပုံအသင်းက ပယ်နယ်တီကန်ခွင့်ရ၍ ချေပဂိုးတဂိုး ထပ်မံရရှိခဲ့သည်။
ထို့နောက် ရတနာပုံအသင်း ချေပဂိုးများ ထပ်မံရရှိရန် ကြိုးစားခဲ့သော်လည်း ဂိုးမသွင်း နိုင်သည့်အတွက် ၄ ဂိုး ၂ဂိုးဖြင့် မြောင်ထောင်ယူနိုက်တက် က အနိုင်ရရှိသွားခြင်းဖြစ်သည်။
အဆိုပါ တတိယလုပွဲ၌ ရတနာပုံ FC အသင်းသည် အဓိက ကစားသမားများကို အသုံးမပြုဘဲ အရန် ကစား သမားများကိုသာ အသုံးပြုခဲ့သည်ဟု ရတနာပုံ အသင်း ကျောနံပါတ်(၁၇) ကိုထက်နိုင်ဝင်းက ပြောသည်။
“ကျနော်တို့ ထိုင်း All Star နဲ့ ကစားတုန်းက အဓိက ကစားသမားတွေကို အသုံးပြုခဲ့ပေမယ့် ဒီနေ့တော့ အရန် ကစားသမားတွေကိုပဲ သုံးခဲ့တယ်၊ ရန်ကုန်မှာ အရေးကြီးတဲ့ပွဲ ကစားစရာရှိသေးလို့ အရန်တွေကိုပဲ သုံးခဲ့တာပါ”ဟု ၎င်းက ဆိုသည်။
ရတနာပုံအသင်းသည် ဂိုးသမား ဖြိုးကိုကိုလှိုင် အပါအ၀င် အရန်ကစားသမားများကိုသာ ပွဲထုတ်ခဲ့သော် လည်း မြောင်ထောင်ယူနိုက်တက်ကို အပြန်အလှန်ယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး အဆုံးသတ်မသေချာခြင်းကြောင့် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်ဟု ရတနာပုံ FC ၀က်ဘ်ဆိုဒ် တွင် ရေးသားထားသည်။
ဖူးကက်မြို့ မှ ဘောလုံးဝါသနာအိုးဖြစ်သူ ကိုခိုင်ကမူ“ကျနော်တို့ မြန်မာအသင်းရှုံးတာကတော့ ခြေရည်မမီလို့ ရှုံးတာပါ၊ ကျနော်တို့ ကတော့ ကိုယ့်နိုင်ငံကအသင်းကို နိုင်စေချင်တာပဲလေ၊ ဒါပေမယ့် လေးသင်း ပြိုင်တဲ့ ပွဲမှာ စတုတ္ထရတာကိုတော့ ဘာများတတ်နိုင်မှာလဲ၊ ဘာပဲဖြစ်ဖြစ် အားပေးရမယ့်တာဝန်က ကျနော်တို့  တာဝန်၊ ကြိုးစားရမှာကတော့ ကစားသမားတွေ အသင်းပိုင်ရှင်တွေရဲ့ တာဝန်ပေါ့၊ ပထမနေ့က ဖူးကက်က မြန်မာတွေ သောင်းနဲ့ချီပြီး မိုးထဲရေထဲမှာ လာအားပေးကြတယ်၊ ဒီနေ့တော့ တရာနှစ်ရာလောက်ပဲ လာကြ တယ်”ဟု ဆိုသည်။
ရတနာပုံ FC အသင်းသည် အောက်တိုဘာ ၂၇ ရက်နေ့က ထိုင်း All Star အသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် လည်း ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
ယမန်နေ့က ဖူးကက်ကာတာ ဂရုဖ် ဖလား ဗိုလ်လုပွဲတွင် ထိုင်း All Star အသင်းနှင့် ဗီယက်နမ်မှ V league ချန်ပီယံ Hoang Anh Gia Lai အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ All Star အသင်းက (၇)ဂိုး (၆) ဂိုးဖြင့် ဖလားကို သိမ်းပိုက်သွားခဲ့သည်။
ပွဲချိန်အတွင်း တဘက်၂ဂိုးစီဖြင့် သရေကျနေသောကြောင့် ပယ်နယ်တီ ၅လုံးစီကန်သွင်းရာ ထိုင်းအသင်းမှ ဂိုးအားလုံးဝင်ပြီး ဗီယက်နမ် ချန်ပီယံအသင်းက ၇ဂိုး မြောက်ဂိုးကို လွဲချော်ခဲ့သည်။
ပွဲအပြီးတွင် All Star အသင်းမှ နည်းပြဖြစ်သူ Bryan Robson က“ကျနော်တို့ ပွဲအစမှာ အထနှေးခဲ့တာ ကြောင့် စိတ်ပျက်ခဲ့ရပါတယ်၊ ဒါပေမယ့် ဒုတိယ ပိုင်းမှာတော့ ပွဲကို ကောင်းကောင်းထိန်းချုပ်ကစားနိုင်ခဲ့တယ် လို့ ထင်ပါတယ်”ဟု ဖူးကက် ဂေဇက် သတင်း ၀က်ဘ်ဆိုက်တွင် ပြောဆိုထားသည်။
Bryan Robson မှာ အင်္ဂလန် မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကစားသမားဟောင်းဖြစ်သည်။ ၄င်း သည် ထိုင်း အသင်းကို စတင်ကိုင်တွယ်ပြီးနောက် ပထဆုံးပြိုင်ပွဲတွင် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မှတပါး အခြားမရှိပြီ

  

မောင်သြ




၃၀ အောက်တိုဘာ ၂၀၀၉


ယနေ့အချိန်ဟာ မြန်မာနိုင်ငံအတွက် အနာဂတ်ပြုပြင်ပြောင်းလဲတိုးတက်မှုမှာ နအဖစစ်အာဏာရှင်အစိုးရကော အန်အယ်လ်ဒီပါ တချက်အမှားမခံရအောင် အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပြီလို့ ဆိုချင်ပါတယ်။
ဘာကြောင့်လဲဆိုရင် နအဖကလည်း သူ့ Road Map လမ်းပြမြေပုံအရ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်းကြီးကို ဆုပ်ကိုင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပသွားဖို့အတွက် ၂၀၀၉ ခုနှစ် မတ်လ (၂၇) ရက် တော်လှန်ရေးနေ့မှာကော၊ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းညီလာခံမှာပါ စစ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခိုင်အမာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုကြည့်ရင် နအဖအစိုးရက သူ့လမ်းကြောင်းကို သူ ဖြောင့်ဖြောင့်တန်းတန်း ခေါင်းမာမာနဲ့ သွားမယ်ဆိုတာ ထင်ရှားနေပါတယ်။
နောက်တဘက်က အန်အယ်လ်ဒီကတော့ ဘယ်လိုရှိပါသလဲ။ ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့က ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားမှာလား၊ ဟုတ်ကဲ့ … မိမိကိုယ်တိုင် လက်နဲ့ရေးထားတဲ့ စာတမ်းကို ခြေနဲ့ဖျက်မှာမဟုတ်ဘူးဆိုတာ အားလုံးက ယုံကြည်ပြီးသားပါ။
ရွှေဂုံတိုင်ကြေညာစာတမ်းဟာ အန်အယ်လ်ဒီရဲ့ ဂုဏ်သိက္ခာဖြစ်သလို အသက်သွေးကြောလည်း ဖြစ်တယ်ဆိုတာ ယုံမှားသံသယရှိစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီကြေညာစာတမ်းကို နိုင်ငံအ၀ှမ်းမှာရှိတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း အလေးအနက် ထောက်ခံထားကြလို့ပါပဲ။
ဒါ့အပြင် အနောက်နိုင်ငံ၊ အီးယူ၊ အာဆီယံနဲ့ ကုလသမဂ္ဂက ခေါင်းဆောင်တွေကလည်း အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို အလေးထားရှုမြင်သုံးသပ်နေကြောင်း ကြားသိရလို့ပါပဲ။
နအဖကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ ကျားဖမ်းမယ်၊ ဆင်ဖမ်းမယ် တကြိမ်းကြိမ်းနဲ့ ဟန်ရေးပြနေသော်လည်းပဲ ယခုထက်ထိ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ၊ ပါတီဖွဲ့စည်းရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်တွေ ဖွဲ့စည်းဖို့ ဘာကြေညာချက်မှ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ရဲဘော် ဖိုးသံချောင်းရဲ့ စကားနဲ့ဆိုရင်တော့ “သူတို့ (နအဖ) အတွင်းမှာလည်း ပြဿနာရှိတယ်၊ သူတို့မပြတ်လို့ သူတို့အပြင်ကို မထုတ်နိုင်တာပါ။ အာဏာရထားတဲ့သူ၊ သေနတ်ကိုင်ထားတဲ့သူဆိုတာ အဓိကကတော့ သူတို့ထဲမှာ အာဏာနဲ့ ပတ်သက်တဲ့ ပြဿနာတော့ရှိမှာပါ” ဆိုတာလို စဉ်းစားစရာတွေ ရှိနိုင်တာပေါ့ဗျာ။
အဲသလိုပဲ အန်အယ်လ်ဒီကလည်း ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးထက် မိမိတို့ကိုယ်တိုင် ရေးဆွဲထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို သစ္စာရှိရှိ၊ သံမဏိစိတ်ဓာတ်နဲ့ ဆုပ်ကိုင်ထားဖို့၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ စည်းလုံးညီညွတ်မှုအား မွေးနေရပါမယ်။ အဲဒီလိုမှ မထိန်းသိမ်းနိုင်ရင် အန်အယ်လ်ဒီကို ၀ိုင်းရံထောက်ခံနေတဲ့ ပြည်သူတွေကတော့ သစ္စာဖောက်တွေလို့ နာမည်ပေးကင်ပွန်းတပ်မှာ သေချာပါတယ်။
နအဖ (န၀တ) စစ်အစိုးရကို ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက သူတို့ပေးထားတဲ့ ကတိစကားတွေနဲ့ ချမှတ်ထားတဲ့ ၁/၉၀ တွေကို မလိုက်နာရကောင်းလားလို့ အန်အယ်လ်ဒီက ပြစ်တင်ဝေဖန် တောင်းဆိုတာရှိခဲ့သလို အန်အယ်လ်ဒီအနေနဲ့လည်း မိမိတို့ထုတ်ပြန်ထားတဲ့ ၂၂.၉.၀၈ နေ့ထုတ် အထူးကြေညာချက်အမှတ် ၁၈/၀၉/၀၈ နဲ့ ၂၉.၄.၀၉ နေ့မှာ ထုတ်ပြန်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းတွေကို တသေဝေမတိမ်း ထိန်းသိမ်းလိုက်နာဖို့ တာဝန်ရှိပါတယ်။
နအဖအနေနဲ့ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို မသိကျိုးကျွံပစ်ပယ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို တဖက်သတ်လုပ်ဆောင်သွားမယ်ဆိုရင် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက်တွေ၊ အီးယူဥရောပသမဂ္ဂ နိုင်ငံအဖွဲ့အစည်းကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်သွေဖည်ရာရောက်တဲ့အတွက် မွေးဖွားပေါ်ထွက်လာမယ့် ရွေးကောက်ပွဲရလဒ်သားကောင်ဟာလည်း အပြစ်အနာအဆာတွေနဲ့ ဆွံ့အကျိုးကန်း မသန်မစွမ်းကလေးဖြစ်လာမှာ သေချာပါတယ်။
ရွေးကောက်ပွဲဝင်ကြတဲ့ ပါတီအဖွဲ့အစည်းတွေကလည်း နအဖက အမဲသားတုံးပြတာနဲ့ ပြေးဟပ်ချင်ကြတာကိုး။ အမဲသားတုံးမှာ အဆိပ်ပါလား၊ မပါလား မစဉ်းစားကြတော့ဘူး။ လွှတ်တော်ထဲရောက်ရင် ပြောခွင့်ဆိုခွင့်ရမယ်လို့ အခွင့်အရေးမျှော်ကိုးတဲ့သူတွေကိုတော့ လွှတ်တော်ထဲရောက်ဖို့ နေနေသာသာ လွှတ်တော်လှေကားထစ်ရောက်ရင်တောင် ကံကောင်းတယ်မှတ်ပါ။ လှေကားထစ်မှာတင် အမဲသားတုံးကျွေးပြီး ပါးစပ်ပိတ်ခံနေရမှာ မြင်ယောင်နေပါသေးတယ်လို့ ပြောလိုက်ချင်ပါတယ်။
နအဖနဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ်တို့ဟာ ယနေ့ နိုင်ငံရေးမျက်နှာစာ စစ်ပွဲမှာ နအဖက အာဏာနဲ့ လက်နက်ကို ကိုင်ဆောင်ထားတယ်။ အန်အယ်လ်ဒီကတော့ ပြည်သူလူထုရဲ့ မန်းဒိတ်၊ တရားဥပဒေနဲ့ မေတ္တာလက်နက်ကို ကိုင်ဆောင်ထားတယ်။ ရှေ့မတိုးသာ နောက်မဆုတ်သာနဲ့ အရေးပါတဲ့ လမ်းဆုံလမ်းခွ ရောက်နေကြပြီ။
ဒီအချိန်မှာ အမေရိကန်အစိုးရက နအဖစစ်အာဏာရှင်အစိုးရအပေါ် sanction ကို တဘက်က ပိတ်ဆို့မြဲပိတ်ထားပြီး တဘက်က တိုက်ရိုက်ထိတွေ့ဆက်ဆံတာမျိုး ဆောင်ရွက်ဖို့ စီစဉ်နေပြီ။ အဲ … နအဖဘက်က ထင်သာမြင်သာရှိတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်ပြောင်းလဲလာမှုတွေ ရှိခဲ့ရင်တော့ ပိတ်ဆို့တားဆီးမှုတွေဟာ ရုပ်သိမ်းသွားနိုင်စရာ ရှိလာပါလိမ့်မယ်။
ဒါကလည်း အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နိုင်ခြင်းအပေါ်မှာ အခြေခံတာဖြစ်ရပါမယ်။
တပြိုင်နက်တည်းမှာပဲ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ အောက်တိုဘာလဆန်းပိုင်းမှာ (၂) ကြိမ် တွေ့ဆုံတဲ့ အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ သံအရာရှိ (၃) ဦး တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေ၊ ၉.၁၀.၀၉ နေ့မှာ ၎င်းသံအရာရှိ (၃) ဦးနဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေ အန်အယ်လ်ဒီရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေ (ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ စီအီးစီ ဦးဝင်းတင်တို့မပါ) … စသည့်အခြေအနေတွေဟာ နအဖအစိုးရက ပကတိရိုးသားဖြူစင် မွန်မြတ်တဲ့ စိတ်ရင်း၊ စေတနာရင်းတို့နဲ့ တွေ့ဆုံခွင့်လိုက်လျောခြင်း၊ တိုင်းပြည်နဲ့ လူမျိုးအကျိုး တိုးတက်ဖွံ့ဖြိုးဖို့အတွက် ရည်ရွယ်ခြင်းအပေါ် အဓိကထားတယ်ဆိုရင် အကောင်းမြင်သဘောနဲ့ ကြိုဆိုပါတယ်။ သာဓု … သာဓု (၂) ကြိမ်လောက်တော့ ကြိုခေါ်ထားပါမယ် (နအဖရဲ့ စိတ်ရင်းအမှန်ကို စိတ်မချ မယုံကြည်ရသေးလို့ပါ)။
တကယ်လို့ နအဖက ၎င်းတို့အပေါ် ပိတ်ဆို့ထားတဲ့ Sanction လျော့ကျရေးအတွက်သာ ဟန်ပြအယောင်အဆောင်သဘော အနေအထားဖြစ်နေရင်တော့ နအဖနဲ့ တိုင်းပြည်ရဲ့ကံကြမ္မာဟာ မတွေးဝံ့စရာ အနာဂတ်ဆိုးတွေနဲ့ သံသရာလည်နေဦးမှာပဲဆိုတာ ပြောချင်ပါတယ်။
မည်သို့ဆိုစေကာမူ အန်အယ်လ်ဒီကတော့ ရွေးကောက်ပွဲဝင်ခြင်း၊ မ၀င်ခြင်းအပေါ် ဘာလုပ်မယ်ဆိုတာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားရပါတော့မယ်။ ကြိုတင်ပြင်ဆင်မှုဟာ အကောင်းဆုံးလက်နက်ပဲဆိုတာ လက်ခံရပါမယ်။ ဒီအတွက် အဖွဲ့ချုပ်ရုံးခွဲတွေရှိတဲ့ မြို့နယ်တွေက ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဗဟိုအလုပ်အမှုဆောင်တွေ ပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာ အမျိုးသားညီလာခံတရပ် အမြန်ဆုံးခေါ်ယူဖို့ လိုအပ်နေပါပြီ။ ဒီအချိန်ဟာ အန်အယ်လ်ဒီအတွက် အရေးကြီးတဲ့ End Point ရောက်နေပါပြီလို့ ပြောချင်ပါတယ်။
အဲဒါကြောင့် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီမပါဘဲ (All inclusive မဖြစ်ဘဲ) အတင်းတဖက်သတ် ဆောင်ရွက်မယ်ဆိုရင် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို စိမ်ခေါ်တိုက်ပွဲဝင်ဖို့အတွက် အကောင်းဆုံးလက်နက်ကို ရှာရပါမယ်။ အဲဒီလက်နက်ကတော့ နိုင်ငံလုံးဆိုင်ရာညီလာခံမှ တညီတညွတ်တည်း တသံတည်းထွက်ပေါ်လာမယ့် ဆုံးဖြတ်ချက်တွေကို ပြည်သူလူထုထံ ပြတ်ပြတ်သားသား ထုတ်ပြန်ကြေညာရန်မှတပါး အခြားမရှိပါကြောင်း တင်ပြလိုက်ပါတယ်။

ဖုန်ကြားရှင် ဝပြည်တွင် ခိုလှုံနေကြောင်း ဟောင်ကောင်ပညာရှင်တဦး ပြောဆို

  

နန္ဒီ / ၃၀ အောက်တိုဘာ ၂၀၀၉

ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက် ညနေ၌ ဟောင်ကောင်တက္ကသိုလ် (City University of Hong Kong) တွင် ကိုးကန့်နှင့် တရုတ်-မြန်မာ ဆက်ဆံရေးဆိုသည့် ဆွေးနွေးဟောပြောပွဲတခု ကျင်းပခဲ့ရာ ကိုးကန့်ဒေသကို သွားရောက်လေ့လာ သုတေသန ပြုခဲ့ဖူးသည့် ဒေါက်တာ ဂျိမ်းစ်ချင်း (Dr James K Chin ) က ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်သည် တရုတ်ပြည်ထဲ၌ မဟုတ်ဘဲ ဝပြည်တွင် သွားရောက်ခိုလှုံနေကြောင်း ပြောကြားသည်။
အရှေ့တောင်အာရှ သုတေသနလေ့လာရေး စင်တာတွင် ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် ဒေါက်တာချင်းက ကိုးကန့် သမိုင်းကြောင်းနှင့်တကွ ကိုးကန့်နှင့် မြန်မာနိုင်ငံအပေါ်ထားသည့် တရုတ်ပြည်၏ သဘောထားကို ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာချင်းက “တရုတ်ကာကွယ်ရေးဝန်ကြီး ပြောတာက တရုတ်ပြည်ဟာ အိန္ဒိယ၊ မြန်မာနဲ့ ဗီယက်နမ်တို့ပါဝင်တဲ့ အနောက်တောင်ဒေသကို အလွန်အရေးထားတယ်။ နောက်ပြီး မြန်မာပြည်ကို မြောက်ကိုရီးယားလို နိုင်ငံ ဖြစ်လာမှာ အလွန်စိုးရိမ်တယ်။ နောက်ဆုံး အခြေအနေအရ ဂက်စ်ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း သွယ်တန်းရေးကိစ္စတွေ ရှိနေတော့ ကိုးကန့်ဒေသထက် လက်ရှိ မြန်မာအစိုးရကို ပိုပြီး အလေးထားတယ်။ ဒါကြောင့် သူ့ပြည်တွင်းမီဒီယာတွေမှာ ကိုးကန့်အကြောင်းတွေကို သိပ်ရေးသားဖော်ပြခွင့် မပေးတာ သတိထားမိတယ်” ဟု ပြောသည်။
ဒေါက်တာချင်းသည် တရုတ်နယ်စပ် ကိုးကန့်ဒေသကို တရားဝင်ခွင့်တောင်းပြီး သွားရောက်လေ့လာခဲ့သည့် ပညာရှင်တယောက်ဖြစ်ပြီး ၎င်း၏ ရှင်းလင်းပွဲတွင် သူကိုယ်တိုင် ရိုက်ကူးထားသည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်၏ (၇၆) နှစ်မြောက်မွေးနေ့ပွဲ ဗီဒီယိုမှတ်တမ်းကိုလည်း ပြသခဲ့သည်။
ကိုးကန့်ဒေသကို တရားဝင် ထူထောင်ခဲ့သူမှာ ယန်ရှင်းဆိုင် ဆိုသူ ဖြစ်သည်။ ၁၉၆ဝ ခုမှ ၁၉၈၉ ခုအထိ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒေသတခုအနေဖြင့် ရပ်တည်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဗကပ လက်အောက်မှ ခွဲထွက်ကာ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေး ရယူခဲ့သည်။
ထို့နောက်ပိုင်း မြန်မာစစ်အစိုးရက ပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသကဲ့သို့ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကိုလည်း လက်မခံခဲ့ကြောင်း၊ ယင်းသို့ လက်မခံခဲ့ခြင်းသည် ကိုးကန့်တွင် တိုက်ပွဲများဖြစ်ပြီး ဖုန်ကြားရှင် ဖယ်ရှားခံလိုက်ရသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း ဒေါက်တာချင်းက ပြောသည်။
ကိုးကန့်အထက်အရာရှိများကို အင်တာဗျူးလုပ်ခဲ့သည့် ဒေါက်တာချင်း၏ ပြောဆိုချက်အရ ကိုးကန့်လူငယ်များက သူ့ကို “ကျနော်တို့ တရုတ်ဖြစ်ချင်ပါတယ်။ ဒါပေမယ့် တရုတ်က ကျနော်တို့ကို မလိုချင်ကြဘူး” ဟု ပြောကြောင်း သိရသည်။
“ဖုန်ကြားရှင်၏ မွေးနေ့ပွဲမှာ စစ်ရေးပြတယ်။ ကိုးကန့်စစ်သားတွေ ကြွေးကြော်တာကတော့ ‘ဗမာပြည် ဝင်ရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်မည်’ (မန်ဒရင်းလို ပြောတယ်)” ဟု ဒေါက်တာချင်းက သူ့ဗီဒီယိုကို ပြရင်း ဘာသာပြန်ပြသည်။ စစ်သားများ၏ လက်တွင် သေနတ်နှင့်အတူ အနီရောင်အထုတ်လေးများ ကိုင်ထားကြကာ ခေါင်းဆောင် ဖုန်ကြားရှင်၏ အံပေါင်းလက်ဆောင်များ ဖြစ်ကြောင်း သိရသည်။
လတ်တလော တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံနှင့် နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံသည့်အပြင် နယ်စပ်က မူးယစ်ဆေးဝါးနှင့် လောင်းကစားပြဿနာ၊ ဖုန်ကြားရှင်မိသားစု၏ ဒေသတွင်း စီးပွားရေး လက်ဝါးကြီးအုပ်ထားသည့် ပြဿနာ စသည်တို့လည်း ပါဝင်ကြောင်း ဒေါက်တာချင်းက ရှင်းပြသည်။
ဒေါက်တာချင်းက တရုတ်ပြည်သည် ၎င်း၏ ဂက်စ်ပိုက်လိုင်း သွယ်တန်းရေးအပါအဝင် မြန်မာပြည်နှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများကို ပိုပြီးအလေးထားကြောင်း၊ ထို့ကြောင့် ကိုးကန့်ဒေသ အပါအဝင် တရုတ်ပြည် နယ်စပ်အရေးအခင်းများကို ဆက်ပြီး စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါပွဲကို ကိုယ်တိုင်သွားတက်ခဲ့သူ ကျောင်းသူတဦးက ပညာရှင်များထဲတွင် တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ကိုးကန့်အကြောင်း စိတ်ဝင်စားသည့် ပညာရှင်ဖြစ်၍ ရှားရှားပါးပါး ဆွေးနွေးဟောပြောပွဲတခုဖြစ်ကြောင်း မှတ်ချက်ပြုသည်။

နယ်ခြားစောင့်တပ်ကို မိမိတပ်ဖွဲ့များဖြင့်သာ ဖွဲ့စည်းလိုဟု မိုင်းလားတပ်ဖွဲ့ပြော

  

ခိုင်လင်း / ၃၀ အောက်တိုဘာ ၂၀၀၉

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့် (၁ဝ) ဦး ကျော်ပါအဖွဲ့သည် ဌာနချုပ်ရှိရာ မိုင်းလားမြို့မှ ကျိုင်းတုံမြို့သို့ အောက်တိုဘာ (၂၈) ရက်က သွားရောက်ကာ စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စအား ဆွေးနွေးခဲ့ကြသည်။
နယ်ခြားစောင့်တပ်ဖွဲ့ကို မိမိတပ်ဖွဲ့ဝင်များနှင့်သာ ဖွဲ့စည်းသွားလိုပြီး စစ်သင်တန်းကိုလည်း မိုင်းလားမြို့တွင်သာ ပြုလုပ်ရန်အတွက် ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့က တင်ပြခဲ့ပြီး ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ကမူ ပြန်လည်ဆွေးနွေးကြရန်သာ ပြောခဲ့သည်ဟု အမည်မဖော်လိုသည့် မိုင်းလားတပ်ဖွဲ့အရာရှိတဦးက ပြောသည်။
၎င်းက “ဥက္ကဋ္ဌ ကိုယ်တိုင်ပါသွားတယ်၊ အားလုံး (၁ဝ) ယောက်ကျော်ရှိမယ်။ ဗိုလ်ချုပ်ရဲမြင့်နဲ့ ကျိုင်းတုံမှာ သွားဆွေးနွေးတာ။ မသွားခင် (၃) ရက်လောက်က ဒီမှာ အဖွဲ့ကခေါင်းဆောင်တွေ အရင် ဆွေးနွေးသေးတယ်။ ပြီးမှ သွားတာ။ အရင်မူအတိုင်းပဲ နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုတည်း ရှိရမှာကို လက်ခံတယ်။ နယ်ခြားစောင့်တပ်ကို ကိုယ့်အဖွဲ့တွေချည်းပဲ ဖွဲ့မယ်၊ သူတို့တပ်တွေ ပါစရာမလိုသေးဘူး။ သင်တန်းကို ဒီမှာပဲလုပ်မယ်။ အဲဒါ သွားတင်ပြတာ” ဟု ပြောသည်။
အင်အား (၁,၀၀၀) ကျော်ဝန်းကျင်ရှိ မိုင်းလားတပ်ဖွဲ့ဝင်များအား နယ်ခြားစောင့်တပ်ရင်း (၂) ရင်းအထိ ဖွဲ့ပေးမည်ဖြစ်ပြီး ကျန်သည့်တပ်ဖွဲ့ဝင်များအား ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းရန် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ပြောဆိုထားပြီး နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိသည်ဟု အဆိုပါ မိုင်းလားတပ်ဖွဲ့အရာရှိက ပြောသည်။
ယခုလ (၂၅) ရက်နှင့် (၂၆) ရက်နေ့တို့ကလည်း လားရှိုးမြို့တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးခဲ့ကြပြီး ဝနယ်မြေအနီးရှိနေသည့် နအဖတပ်များ အရင်ရုပ်သိမ်းပေးမှသာ ဆက်ပြီးဆွေးနွေးသွားရန် ဝတပ်ဖွဲ့က ပြောဆိုထားသည်ဟု ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းမှု ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ လက်မခံ

ရဲရင့် / ၃၀ အောက်တိုဘာ ၂၀၀၉

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို လက်မခံနိုင်သဖြင့် မိမိကို ပစ်သတ်လိုက ပစ်သတ်နိုင်သည်ဟု ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်တဦးက နအဖဗိုလ်ချုပ်ကြီးများကို ပြောကြားခဲ့သည်။
နအဖ၏ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော် ဦးဆောင်သည့်အဖွဲ့နှင့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့တို့ ယခုလ (၁) ရက်၊ ဘားအံမြို့၌ ပြုလုပ်သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် အဖွဲ့၏ဥက္ကဋ္ဌ စောဌေးမောင်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
စောဌေးမောင်က “ကျနော်တို့အဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမှာကို လက်မခံနိုင်ဘူး။ ဗိုလ်ချုပ်တို့အနေနဲ့ ကျနော့်ကို ပစ်သတ်ချင် ပစ်သတ်နိုင်ပါတယ်” ဟု ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
နအဖ၏အစီအမံဖြင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို ၎င်းတို့ရည်ရွယ်ချက်နှင့် သွေဖည်သည်ဟုဆိုကာ လက်မခံနိုင်ကြောင်း ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ကြေညာချက်တစောင်ကို ယခုလ (၂၀) ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကရင်တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်၏ သြဇာခံအဖြစ်မထားလိုခြင်းမှာ ယင်းအစီအစဉ်ကို လက်ခံလိုက်ပါက ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားချင်း သတ်ဖြတ်မှုများနှင့် အခြားအကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍မရဘဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် အဖြေရှာသင့်ကြောင်း ပါရှိပြီး ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ကရင့်အာဇာနည် စောဘဦးကြီး မူ (၄) ချက်ကို စွဲကိုင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စောဘဦးကြီး၏မူ (၄) ချက်မှာ လက်နက်ချစကားအလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲတွင်ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်၊ ကရင်ပြည်ကိုအသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် စသည်တို့ဖြစ်သည်။
တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကေအန်ယူ/ကေအန်အယ်လ်အေငြိမ်းချမ်းရေး ကောင်စီအပါအ၀င် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ပြီး နအဖနှင့် ငြိမ်းချမ်းရေးပြုလုပ်ထားသည့် ကရင်အဖွဲ့ (၇) ဖွဲ့ရှိသည်။
အဆိုပါအဖွဲ့များတွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့် ကိစ္စကို ဒီကေဘီအေအဖွဲ့က ပထမဆုံးလက်ခံခဲ့ပြီး ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ပထမဆုံးငြင်းဆိုခဲ့သည်။
ငြိမ်းချမ်းရေးကောင်စီနှင့်နီးစပ်သည့် ကော့ကရိတ်မြို့ခံတဦးက “အခြေအနေတွေကတော့ ရှုပ်ထွေးလာနိုင်တယ်။ အခုတောင် ဗိုလ်ဌေးမောင်တို့အဖွဲ့ကို နည်းမျိုးစုံနဲ့ ဖိအားပေးလာတာတွေ ရှိနေပြီ” ဟု ပြောသည်။
စောဌေးမောင် ဦးဆောင်သည့်အဖွဲ့သည် ၂၀၀၇ ခု ဖေဖော်ဝါရီလ၌ ကေအန်ယူမှခွဲထွက်ပြီး နအဖနှင့် ငြိမ်းချမ်းရေး ပြုလုပ်ခဲ့သည်။

မွန်ခွဲထွက်အဖွဲ့တို့ တပ်အသွင်ပြောင်းရန် ရတခ တိုင်းမှူးနှင့် တွေ့ဆုံနေ

ဝီရ / ၃၀ အောက်တိုဘာ ၂၀၀၉

မွန်ပြည်သစ်ပါတီမှ ခွဲထွက်/နုတ်ထွက်ပြီး တပ်ဖွဲ့အသစ်အဖြစ် လှုပ်ရှားနေသည့် အင်အားငယ် မွန်ငြိမ်းချမ်းရေးအဖွဲ့တို့က ပြည်သူ့စစ် (သို့မဟုတ်) နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) သို့ ရောက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။
ရတခတိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း၏ အမိန့်ဖြင့် ရတခ တည်ရှိရာ မော်လမြိုင်မြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းအဖွဲ့တို့အား သီးခြားစီတွေ့ဆုံမှု ပြုလုပ်နေကြောင်း အဆိုပါအဖွဲ့တို့နှင့် နီးစပ်သူတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “နိုင်ရှောင်အဖွဲ့ကို လွန်ခဲ့တဲ့ (၃) ရက်နေ့က တွေ့ဖို့ တိုင်းမှူးက ခေါ်ခိုင်းလိုက်တယ်။ အခု မော်လမြိုင်မှာပဲ ရှိနေတယ်။ အခြားအဖွဲ့တွေနဲ့တော့ တိုင်းမှူးက သီးခြားစီ အရင်တွေ့နေတယ်။ အခု တွေ့တဲ့အထဲမှာ မွန်ပြည်သစ်က စစ်ဦးစီးချုပ်ဟောင်း နိုင်အောင်နိုင်တို့အဖွဲ့လည်း ပါတယ်လို့ သိရတယ်” ဟု ပြောသည်။
ရာမည တပ်ဖွဲ့ကို ဦးဆောင်သူ နိုင်ရှောင်သည် တပ်မှူးဘ၀ဖြင့် မွန်ပြည်သစ်ပါတီမှ အနားယူပြီးနောက် ရာမညတပ်ဖွဲ့ကို ဖွဲ့စည်းပြီး ရက် (၄၀) အကြာတွင် မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့သူဖြစ်သည်။
တပ်အင်အား မည်မျှရှိလျှင် ပြည်သူ့စစ် (သို့မဟုတ်) နယ်ခြားစောင့်တပ် ဖွဲ့စည်းပေးမည်ဟု အဆိုပါမွန်အဖွဲ့အစည်းငယ်တို့အား အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အသိပေးပြောကြားထားပြီးဖြစ်၍ ယခု နအဖ တိုင်းမှူးနှင့်တွေ့ဆုံမှုသည် ပြည်သူ့စစ် အသွင်ပြောင်းရေး လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်းရန်ဖြစ်ကြောင်း မွန်ငြိမ်းချမ်းရေးပါတီ၏ ခေါင်းဆောင် နိုင်အောင်နိုင်နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “အခု အခက်အခဲက ဒီအဖွဲ့တွေမှာ တပ်အင်အား (၁၀၀) တောင် မဖြည့်ဆည်းနိုင်သေးတာကို သုံးသပ်ဖို့နဲ့ ပြည်သူ့စစ် အသွင်ပြောင်းရေး လုပ်ငန်းကော်မတီတရပ်ဖွဲ့ဖို့ တွေ့တာဖြစ်တယ်။ အခု လောလောဆယ် သီးခြားစီ တွေ့နေပေမယ့်လည်း နောက်ဆုံးကျရင် ဒီကော်မတီဖွဲ့ဖို့ သဘောတူတဲ့အဖွဲ့တွေကို စုပြီး ပြန်တွေ့ဆုံခိုင်းမှာပါ” ဟု ပြောသည်။
ရတခ တိုင်းမှူးနှင့် ယခုအကြိမ် တွေ့ဆုံမှုတွင် ရာမညတပ်မှ နိုင်ရှောင်နှင့် မွန်ငြိမ်းချမ်းရေးပါတီမှ နိုင်အောင်နိုင်အပြင် မွန်ပြည်သစ်မှ အနားယူသွားသည့် အရာရှိဟောင်းတချို့လည်း ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မွန်ပြည်သစ်ပါတီ၏ တပ်မှူးဟောင်း နိုင်ရှောင် မြန်မာစစ်အစိုးရထံ လက်နက်ချလိုက်ခြင်းသည် မွန်အမျိုးသားတို့၏ စည်းလုံးညီညွတ်မှု ပြိုကွဲရာရောက်သဖြင့် ပါတီသို့လာရောက်ပူးပေါင်းရန် မွန်ပြည်သစ်ပါတီက ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်ထားသည်။
မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “ကျနော်တို့ပါတီက တပ်အသွင်ပြောင်းတာကို လက်မခံတော့ ဒီ မွန်ခွဲထွက်အဖွဲ့တွေကို စုပြီး ပြည်သူ့စစ်အသွင်ပြောင်းပေးပြီး အချင်းချင်း ရန်တိုက်ပေးမယ့်သဘောတော့ ရှိတယ်။ ဒါပေမယ့် ဒီအဖွဲ့ငယ်တွေကိုလည်း သီးခြားစီ တနေရာစီမှာပဲ နေရာပေးဖို့များတယ်။ အချင်းချင်း မပေါင်းမိအောင် ခွဲပြီး မတူညီတဲ့ အခွင့်အရေးတွေ ပေးမှာပဲ။ ဒါက နအဖ အမြဲကျင့်သုံးနေကျပဲလေ။ ဒါကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် နိုင်ရှောင်လို ခေါင်းဆောင်တယောက်ကို ကျနော်တို့နဲ့လာပေါင်းဖို့ ဖိတ်ခေါ်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအားလုံးနှင့်တွေ့ခွင့်ပေးရန် တောင်းဆို

  

NEJ / ၃၀ အောက်တိုဘာ ၂၀၀၉

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ဗဟိုတရားရုံးချုပ်တွင် အယူခံတင်ရန် လျှောက်လွဲချက်မူကြမ်းကို တိုင်ပင်ဆွေးနွေးရန် ၎င်း၏ ရှေ့နေအားလုံးနှင့် တွေ့ဆုံခွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအာဏာပိုင်များထံ တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ၎င်း၏အကျိုးဆောင် ရှေ့နေ (၄) ဦးအနက် ကျန်ရှိသည့် ရှေ့နေ (၂) ဦးဖြစ်သည့် ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့နှင့် တွေ့ခွင့်မရသည့်အတွက် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့နေ (၂) ဦးဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းတို့နှင့် ယမန်နေ့က တက္ကသိုလ်ရိပ်သာလမ်းရှိ ၎င်း၏နေအိမ်တွင် တွေ့ဆုံခွင့်ရရှိခဲ့သည်။
ဦးဉာဏ်ဝင်းက “ကျနော်တို့ ရှေ့နေ (၄) ယောက် တွေ့ခွင့်တောင်းထားတာ (၂) ယောက်ပဲ ကန့်သတ်ခွင့်ပြုတာ (၂) ခါရှိသွားပြီ။ ဟိုရှေ့ပိုင်းတုန်းကတော့ (၄) ယောက်စလုံး တွေ့ခွင့်ပေးတယ်။ ဒီဟာလည်း ဘာကြောင့်ပြောင်းသလဲ မသိဘူး။ ဒါကိုလည်း ကျနော်တို့ သီးခြားအာဏာပိုင်အဖွဲ့အစည်းတွေကို တင်ဖို့ရှိပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အယူခံအတွက် ဗဟိုတရားရုံးချုပ်သို့တင်မည့် ပြင်ဆင်မှုများကို ဆွေးနွေးကြပြီး တင်မည့်လျှောက်လွဲချက်မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သဘောတူပါက တင်ရန်ရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
ယင်းသို့ တိုင်ပင်ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏တရားရေးရပိုင်ခွင့်အပေါ် ကန့်သတ်မှုကို ပြောကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက “ဒေါ်စုပြောတာက ရှေ့နေ (၁) ယောက်နဲ့ လုံလောက်တယ်၊ (၂) ယောက်နဲ့ လုံလောက်တယ်ဆိုတာ ပြောခွင့်မရှိဘူးတဲ့။ ရှေ့နေ (၄) ယောက်ဆိုရင် (၄) ယောက်ရဲ့ opinion ကို တောင်းလို့ရတယ်တဲ့။ (၂) ယောက်ဆိုတော့ (၂) ယောက်ရဲ့ opinion ကိုပဲ နားထောင်ရတယ်တဲ့” ဟု ပြန်လည်ပြောဆိုသည်။
ထို့အပြင် အခြားပြောဆိုခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍လည်း ဦးဉာဏ်ဝင်းက “မစ္စတာကတ်ဒ်ကင်ဘဲလ် ရောက်မယ်လို့ သူသတင်းကြားတယ်။ တိုက်ရိုက်တွေ့ဆုံမှုတွေနဲ့ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်နေတယ် ဆိုတာတော့ ပြောပါတယ်။ အကြောင်းအရာအနေနဲ့တော့ ဘာမှ ဒေါ်စုက မပြောဘူး” ဟု ဆိုသည်။
ယခုလောလောဆယ် ဖြစ်ပေါ်နေသည့် အန်အယ်လ်ဒီ ညီလာခံခေါ်ယူရေးကိစ္စနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
၎င်းက “အန်အယ်လ်ဒီက ညီလာခံခေါ်ယူဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော့်ကိုမေးတယ်။ ဘာဖြစ်လို့ ဒီလို ဆောင်ရွက်ချင် တယ်လို့ သိရလဲတဲ့။ ကျနော်က ကျနော်တို့ ကြေညာချက်မှာပါတာ ပြောပြတယ်။ သူက ညီလာခံဟာ ဒီစာထဲမှာပါတဲ့အတိုင်းပဲ လုပ်ဖို့ အရင်ကတည်းက ခွင့်မသာတာကို ပြောတယ်။ အခု သူတို့ရဲ့ဆောင်ရွက်ချင်တဲ့ဆန္ဒ ဘာဖြစ်လို့ ဒီလို အခုမှဖြစ်သလဲဆိုတာ သူပြောတယ်။ ဒါပဲ။ ဒီအပေါ်မှာ ဘာမှ ထွေထွေထူးထူးမပြောဘူး။ ကျနော်ပြောနေတဲ့ ကြားနေတဲ့ဟာကို ကျနော်ပြောပြတယ်။ ဒီကိစ္စ ဒေါ်စုသဘောတူလားလို့ တယောက်က ကျနော့်ကိုမေးတယ်။ မေးတော့ ကျနော်က သူ့ကိုပြောတယ်။ ဒေါ်စုက စီအီးစီရဲ့ လုပ်ငန်းတွေကို လုပ်သာလုပ်ပါ။ အဲဒီလုပ်တဲ့လုပ်ငန်း ရှေ့ရောက်နေရင်ကာပေးမယ်။ နောက်ရောက်နေရင် တွန်းပေးမယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ အဲတော့ ဒီစကားအရ ဒီဟာကို ဒေါ်စုသဘောတူသလားဆိုတာ ပြဿနာမပေါ်ဘူးလို့ ကျနော်ဒီလိုဖြေတယ်လို့ ပြောတယ်။ ဒီလိုဖြေတာကို ဒေါ်စုသဘောတူတယ်” ဟု ပြောသည်။
နေအိမ်ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်က architect နှင့် တွေ့ဆုံနိုင်ရန် ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းပြောချင်လုပ်ချင်သည့် အိမ်မွမ်းမံပြင်လိုသည်များနှင့် architect ဆွဲထားသည့်ပုံစံများ အကုန်မတူသည့်အတွက် architect ကို တွေ့ဆုံမေးမြန်းရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။



ပြီးခဲ့သည့် လပိုင်းများအတွင်း မြို့နယ်အဖွဲ့ခွဲများက ပါတီညီလာခံခေါ်ယူရေးနှင့် ပါတီဗဟို ဦးစီးကော်မတီ ပြန်လည်ဖွဲ့စည်းရေး တောင်းဆိုထားမှုအပေါ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လတ်တလောအားဖြင့် ညီလာခံခေါ်ယူရေး မဖြစ်နိုင်သေးကြောင်း အောက်တိုဘာ (၂၂) ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။

maandag 26 oktober 2009

အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် ဒေါ်စုပါဝင်နိုင်ဟု ဗိုလ်ချုပ်ကြီးသိန်းစိန် ပြောကြား

  

NEJ / ၂၆ အောက်တိုဘာ ၂၀၀၉

နေအိမ်အကျယ်ချုပ်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုသားပြန်လည်ရင်ကြားစေ့ရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ကြောင်း မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အာဆီယံခေါင်းဆောင်များကို ပြောဆိုခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က သတင်းထောက်များကို ပြောကြားလိုက်သည်။
ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိုင်းနိုင်ငံ ဟွာဟင် အပန်းဖြေကမ်းခြေမြို့၌ ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် ယင်းပြောဆိုချက်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်ပြုမည့်သဘော ဟုတ်မဟုတ်ဆိုသည်ကိုမူ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းမရှိဟု ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ယမန်နေ့၌ ပြောကြားသည်။
ကမ္ဘာ့နိုင်ငံများက မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လိုသည့် လက္ခဏာများ ပြသခဲ့သည့်အတွက် သူ့အနေဖြင့် ကြိုဆိုကြောင်းလည်း ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောဆိုခဲ့ကြောင်း မစ္စတာအဖိဆစ်က ပြောသည်။
မြန်မာနိုင်ငံတွင် ရှေ့နှစ်ထဲ ပြုလုပ်မည့် ရွေးကောက်ပွဲကို အတတ်နိုင်ဆုံးအားလုံးပါဝင်သည့် ရွေးကောက်ပွဲအဖြစ် ကမ္ဘာ့နိုင်ငံအများက မြင်တွေ့လိုကြောင်း မျှော်လင့်ချက်ထားနေမှုကိုလည်း မြန်မာဝန်ကြီးအနေဖြင့် နားလည်အသိအမှတ် ပြုကြောင်း မစ္စတာအဖိဆစ်က ပြောကြားသည်။
ယင်းသို့ မြန်မာဝန်ကြီးချုပ်၏ ပြောကြားချက်နှင့် ပတ်သတ်၍ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်သူ ခွန်မြင့်ထွန်းက “ဗိုလ်ချုပ်ကြီးသိန်းစိန်ပြောတာက အမျိုးသားပြန်လည်သင့်မြတ်ရေးအစီအစဉ်မှာ ဒေါ်စုပါနိုင် တယ်လို့ပြောတာ။ အဓိပ္ပာယ်က ဒေါ်စုပါဝင်နိုင်အောင်လို့ နအဖကနေ စီစဉ်ဆောင်ရွက်ပေးနေပါပြီလို့ ပြောတာမဟုတ်ဘူး။ ဒီနှစ်ခုကွာခြားတယ်။ ကျနော်တို့လိုချင်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးအစီအစဉ်အတွက် ဒေါ်စုပါဝင်ဆောင်ရွက်နိုင်အောင် နအဖက စီစဉ်ဆောင်ရွက်နေပါပြီလို့ ပြောရမှာဖြစ်တယ်” ဟု ဆိုသည်။
ယခုကဲ့သို့ မြန်မာဝန်ကြီးချုပ် ပြောဆိုမှုစကား၏ နောက်ဆက်တွဲအနေဖြင့် ကြိုတင်ကတိက၀တ် စည်းမျဉ်းများ လာလိမ့်မည်ဟု ထင်မြင်ကြောင်း ခွန်မြင့်ထွန်းက ဆက်လက်ပြောသည်။
၎င်းက “ဒီအစီအစဉ်မှာ ဒေါ်စုပါနိုင်တယ်ဆိုရင် ပါနိုင်ဖို့အတွက် အခင်းအကျင်းတွေကို နအဖက စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ ဒီအစီအစဉ်မှာ ပါနိုင်ပါတယ်၊ ပါဝင်နိုင်ဖို့အတွက် ဘယ်လိုအချက်တွေကို လိုက်လျှောပါဆိုတာ မျိုးနဲ့တော့ ကျနော်တို့တိုင်းပြည်အတွက် တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖြစ်ပေါ်လာမှာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။
မြန်မာစစ်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်လုပ်မည်ဆိုပါ နိုင်ငံရေးလမ်းပြမြေပုံ (ရုဒ်မက်) အတိုင်း သွားလို့မရဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲဆောင်ရွက်ရန် အစီအစဉ်များ လုပ်ဆောင်ရန်လိုအပ်ကြောင်း ခွန်မြင့်ထွန်းက ပြောကြားသည်။
အာဆီယံအစည်းဝေးတက်ရောက်သည့် နိုင်ငံခေါင်းဆောင်များကမူ မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတ၊ လွတ်လပ်၊ ပွင့်လင်းပြီး အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲအဖြစ် မျှော်လင့်ကြောင်း အစည်းဝေး နောက်ဆုံးနေ့တွင် မှတ်တမ်းတင် ပြောဆိုခဲ့ကြသည်။
သို့သော် လွန်ခဲ့သည့်နှစ် (၂၀) အတွင်း နေအိမ်အကျယ်ချုပ်အဖြစ် (၁၄) နှစ်ထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းနှင့် ပတ်သက်၍မူ ယခုနှစ်အာဆီယံအစည်းအဝေးတွင် တင်ပြပြောဆိုမှုမရှိခဲ့ကြောင်း သိရသည်။

သူတို့အမှန်တရားကို ရင်မဆိုင်ရဲလို့ဘဲ

  

NEJ / ၂၆ အောက်တိုဘာ၂၀၀၉
အောက်တိုဘာ (၂၃) ရက်တွင် ထိုင်းနိုင်ငံ ဟွာဟင် အပန်းဖြေကမ်းခြေမြို့၌ ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကြီးတွင် မြန်မာနိုင်ငံအပါအ၀င် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၅) နိုင်ငံမှ ခေါင်းဆောင်များက Civil Society ခေါ် လူထုအခြေပြု လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တို့ကို တွေ့ဆုံရန် ငြင်းပယ်ခဲ့ပါသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကိုယ်စားပြု လူထုအခြေပြုလူ့အဖွဲ့အစည်း ကိုယ်စားလှယ် မခင်ဥမ္မာနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။
မေး။ ။ မြန်မာနိုင်ငံအပါအ၀င် အာဆီယံ (၅) နိုင်ငံက ခေါင်းဆောင်တွေက လူထုအခြေပြု ကိုယ်စားလှယ်တွေကို တွေ့ဖို့ ပယ်ချခံရတယ်လို့ သိရပါတယ်။ ဘာကြောင့် အခုလို ပယ်ချခံရတာပါလဲ။
ဖြေ။ ။ ဖိလစ်ပိုင်၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မရှိတာကို ဘာကြောင့်ဆိုတာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မပြောပါဘူး။ (၅) ယောက်ကို လက်မခံဘူးပေါ့။ စကားပြောခွင့် မပေးဘူးပေါ့။ သူတို့လူတွေနဲ့လည်း အစားထိုးတယ်၊ စကားလည်း ပြောခွင့်မပေးဘူးဆိုတော့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားက လူထုအခြေပြု ကိုယ်စားလှယ်တွေကလည်း ဆက်မတက်ဘဲ ထွက်လိုက်တယ်။
မေး။ ။ အခုလို လူထုအခြေပြု လူ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ အာဆီယံက နိုင်ငံ့ခေါင်းဆောင်တွေ တွေ့ဆုံဖို့ ရည်ရွယ်ချက်က ဘာပါလဲ။ တွေ့ဆုံကြတဲ့အခါ ဘာတွေ တင်ပြဖို့ရှိပါသလဲ။
ဖြေ။ ။ အာဆီယံခေါင်းဆောင်တွေနဲ့ လူထုကိုယ်စားပြုကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြတာပဲ။ အာဆီယံက အခုလို အစည်းအဝေးတွေလုပ်တိုင်း အစိုးရအရာရှိတွေပဲ တွေ့ကြတာကိုး။ အခုဟာက လူထုပါဝင်မှုကို မြှင့်တင်ဖို့ လုပ်ငန်းစဉ်တခုပဲ ဖြစ်တယ်။ civil society ရဲ့ အခန်းဂဏ္ဍက ဒေသတွင်းမှာ ကြုံနေတဲ့ပြဿနာတွေကို သူတို့နဲ့မျက်နှာချင်းဆိုင် ပြောတယ်ဆိုတဲ့ လုပ်ငန်းစဉ်တခုကို လူထုရဲ့အသံ၊ လူထုရဲ့ပါဝင်မှုနဲ့ ပိုပြီးမြှင့်တင်ဖို့လုပ်တာဖြစ်ပါတယ်။
မေး။ ။ ဘာအကြောင်းအရာတွေ တင်ပြဆွေးနွေးဖို့ သဘောတူဆုံးဖြတ်ထားကြသလဲ။
ဖြေ။ ။ ပြောမယ့်အကြောင်းအရာတွေက နိုင်ငံရေးနဲ့ လုံခြုံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လူ့အခွင့်အရေး၊ စီးပွားရေး စတာတွေ ပါဝင်တယ်။ စီးပွားရေးမှာလည်း လွတ်လပ်တဲ့ ကုန်သွယ်မှုလုပ်ရာမှာ လူထုတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို တင်ပြဖို့နဲ့ ဘာလုပ်သင့်တယ်ဆိုတာတွေကိုလည်း ဆွေးနွေးဖို့ဖြစ်ပါတယ်။
မေး။ ။ မခင်ဥမ္မာက မြန်မာနိုင်ငံရဲ့ လူထုအခြေပြု ကိုယ်စားလှယ်တဦးအနေနဲ့ ဘာတွေတင်ပြပြောဆိုဖို့ စီစဉ်ထားပါသလဲ။
ဖြေ။ ။ ကျမပြောဖို့ လုပ်ထားတာက အာဆီယံ ပဋိညာဉ်စာတမ်းမှာပါတဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကိစ္စပါ။ ဒေသတခုလုံးအတွက် အရေးကြီးတယ်၊ အဓိကကျပါတယ်။ အဲဒါကို သူတို့အားလုံးလည်း စာတမ်းမှာ လက်မှတ်ထိုးပြီး လက်ခံလိုက်တယ်။ အခု တကယ်လက်တွေ့မှာတော့ ဒေသတွင်းမှာ ဒီမိုကရေစီ အရမ်းအားနည်းနေသေးတဲ့အတွက် ဒီမိုကရေစီအားကောင်းဖို့ စမယ်ဆိုရင် မြန်မာနိုင်ငံကနေ စတာအကောင်းဆုံးပဲ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွန်းဖို့ လုပ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့၊ တွေ့ဆုံဆွေးနွေးပြီးတော့ လုပ်ဆောင်သွားဖို့ အရေးကြီးတယ်။ ဒီမိုကရေစီအရဆိုရင် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိရမှာမို့ မြန်မာနိုင်ငံမှာ နောက်နှစ်ကို ပြင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲက ဒီအချက်တွေ အရင်ဖြစ်မှရမယ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပါအ၀င် ဒီအချက်တွေကို အာဆီယံက ဘာလုပ်ပေးမလဲလို့ အာဆီယံခေါင်းဆောင်တွေကို ပြောလည်းပြော၊ မေးလည်းမေးဖို့ ဖြစ်ပါတယ်။
မေး။ ။ အခုလို ပယ်ချခံရတဲ့ လူထုအခြေပြုကိုယ်စားလှယ်တွေနဲ့ အာဆီယံမှာပါတဲ့ သက်ဆိုင်ရာနိုင်ငံ့ခေါင်းဆောင်တွေ မတွေ့ရတဲ့အတွက် အာဆီယံဟာ လူထုအခြေပြု အဖွဲ့အစည်းဖြစ်ရမယ်ဆိုတဲ့ အာဆီယံပဋိညာဉ်စာတမ်းပါမူဟာ အောင်မြင်မှု ရှိမရှိ ဆိုတာကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အဲဒါကတော့ အဖြေက ရှင်းရှင်းကြီးထွက်သွားတယ်။ လုံးဝကိုမရှိဘူး။ လူထုပါဝင်မှုဆိုတာကို သူတို့က ထုတ်ပြန်ထားပြီးသားပဲ။ အခုက သူတို့လူ သူတို့ထည့်ပြီးတော့မှ လုပ်တာကတော့ သူတို့မှာ တာဝန်ယူမှု မရှိဘူးဆိုတာ လုံးဝထင်ရှားတယ်။ အာဆီယံမူနဲ့ အခုလုပ်နေတာတွေဟာ လုံးဝဆန့်ကျင်ဘက်ကြီးပဲ။ စိတ်ပျက်စရာ အရမ်းကောင်းတယ်။ ဒါပေမယ့် တချိန်တည်းမှာ အံ့သြသလားလို့မေးရင် မအံ့သြဘူး။ ရှင်းရှင်းပြောရရင် အာဆီယံပဋိညာဉ်စာတမ်းဟာ regional constitution ပဲလေ။ ဒေသကြီးတခုလုံးရဲ့ ဖွဲ့စည်းပုံကို သူ့နိုင်ငံတနိုင်ငံတည်း အလျောက်တောင် ဒီမိုကရေစီ ဖွဲ့စည်းပုံမရှိသေးတဲ့ နိုင်ငံတွေက ဒီအာဏာရှင်တွေ ပါဝင်နေရင် ဘယ်လိုသွားလိုက်နိုင်မလဲ။ (၁၀) နိုင်ငံပါဝင်တဲ့ ဒေသတွင်း အဖွဲ့အစည်းကြီးအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှတ်တမ်းက အင်မတန်နိမ့်ကျပါသေးတယ်။ အဖွဲ့ဝင်ဖြစ်ရင် စည်းကမ်းတော့ လိုက်နာရမယ်ဆိုတာကတော့ ရှိသင့်တဲ့ လိုက်နာသင့်တဲ့ ကျင့်ဝတ် ၀တ္တရားဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံ ပဋိညာဉ်နဲ့အညီ လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အပြင် အာဆီယံအဖွဲ့တွင်းက ဒီမိုကရေစီအစိုးရတွေ ကိုယ်တိုင်က လူထုအခြေပြု လူ့အဖွဲ့အစည်းတွေရဲ့အား၊ ပြည်သူ့အားကို သူတို့မှန်မှန်ကန်ကန် အသုံးမချတတ်ဘူးလို့ မြင်ပါတယ်။
မေး။ ။ ဒီလို အခြေအနေတွေအောက်မှာ အာဆီယံလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခဲ့တယ်ဆိုတော့ ထိရောက်မှုရှိနိုင်ပါ့မလား။ ဒေသတွင်းညီညွတ်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာပါ့မလား။
ဖြေ။ ။ ထိရောက်မှုရှိဖို့က လုံးဝမလွယ်ဘူး။ ထိုင်းနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံကသာ လွတ်လွတ်လပ်လပ်နဲ့ သိသာမြင်သာတဲ့ နည်းလမ်းတွေနဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ ပါဝင်ပြီးတော့ လွတ်လပ်တဲ့ ကော်မရှင်နာကို ရွေးတာ။ ကျန်တဲ့လူတွေက သူတို့စိတ်ကြိုက်ရွေးတာပဲ။ အာဆီယံလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်မှာလည်း မလွတ်လပ်ပါဘူး။ လွတ်လပ်မှုရှိရမှာ ဖြစ်ပါတယ်။ အာဆီယံပဋိညာဉ်နဲ့အညီ ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခွင့်အရေးအကျိုးစီးပွားတွေကို ကာကွယ်မြှင့်တင်ပေးတာ ဖြစ်ရပါမယ်။
မေး။ ။ မခင်ဥမ္မာအနေနဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲမှာ အခုလို လူထုအခြေပြု လူ့အဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် ငြင်းပယ်ခံရတာ အခုအကြိမ်ဟာ ဒုတိယအကြိမ် ဖြစ်တယ်လို့သိရပါတယ်။ ဒီလို ငြင်းပယ်ခံရတဲ့အပေါ် ဘယ်လို ရှုမြင်ခံစားရပါသလဲ။
ဖြေ။ ။ ကျမအတွက်ကတော့ အာဏာရှင်ဟာ ဒီလိုပဲလုပ်မယ်ဆိုတာ ပထမတခေါက်ကလည်း ကြုံထားပြီးပြီလေ။ ပထမ တခေါက်ကလည်း သူတို့လက်ခံမှာ မဟုတ်ဘူးဆိုတာ မှန်းပြီးသား။ မှန်းတဲ့အတိုင်းဖြစ်တယ်။ အခု နောက်တခေါက်လည်း အဲလိုပဲ သူတို့ပယ်အုံးမယ်ဆိုတာ မှန်းလို့ရတယ်။ အဲဒီအတွက်တော့ ဘာမှမဖြစ်ဘူး။ အဓိက ကိုယ်ပေးချင်တဲ့ အကြောင်းအရာတွေကို သူတို့က မျက်နှာချင်းဆိုင် နားမထောင်လို့ရှိရင် မီဒီယာကနေ တဆင့်ပေးတာပေါ့။ အခုဆို နိုင်ငံတကာမီဒီယာတွေရော၊ မြန်မာမီဒီယာတွေရော မေးကြတယ်။ ကျမတို့ ပြောဖို့ရှိတာကို ပြောတယ်။ သေချာတာက သူတို့ဆီရောက်မှာပဲ။ ဒီပြဿနာတွေက သူတို့လွှဲရှောင်လို့ရတဲ့ကိစ္စတွေမှ မဟုတ်ဘဲ။ ဒီပြဿနာတွေကို သူတို့ မျက်နှာချင်းဆိုင် နားမထောင်ဘူးဆိုရင် သူတို့အမှန်တရားကို ရင်မဆိုင်ရဲလို့ပဲ။ တခြားနိုင်ငံတွေလည်း အခုလိုပဲ။ အာဆီယံရဲ့ အစိုးရတွေက ကိုယ့်ပြည်သူတွေကို အတူတူလက်တွဲပြီး လုပ်ဖော်ကိုင်ဖက်အဖြစ်မမြင်ဘဲ သူတို့အာဏာကို ထိပါးတဲ့ရန်သူလို မြင်တာကိုး။
အခု ကျမကို လက်မခံတာ ပုဂ္ဂိုလ်ရေးအရရော၊ လှုပ်ရှားမှုအရရော ဘာမှမဖြစ်ပါဘူး။ အာဏာရှင်ရဲ့တုံ့ပြန်မှုက ဒါဖြစ်တယ်ဆိုတာ လူတိုင်းက မှန်းဆလို့ရတယ်။
မေး။ ။ လူထုအခြေပြုကိုယ်စားလှယ်တွေအားလုံး ဟွာဟင်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ကြတယ်လို့ သိရပါတယ်။ ဘယ်နိုင်ငံက လူထုအခြေပြု လူ့အဖွဲ့အစည်းကိုယ်စားလှယ်တွေ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုကြပါသလဲ။
ဖြေ။ ။ ပယ်ချခံခဲ့ရတဲ့ အာဆီယံ (၅) နိုင်ငံက ကိုယ်စားလှယ် (၅) ဦးနဲ့ စည်းဝေးမတက်ဘဲ ထွက်လာတဲ့ အာဆီယံ (၃) နိုင်ငံက ကိုယ်စားလှယ် (၃) ဦးအပါအ၀င် စုစုပေါင်း ကိုယ်စားလှယ် (၈) ဦးတို့ ရှင်းလင်းပြောဆိုကြပါတယ်။ အခုလို ဘာကြောင့် ပယ်ချခံရသလဲဆိုရင်တော့ ကျမတို့အားလုံးမြင်တာက သူတို့က အမှန်တရားကို ရင်မဆိုင်ရဲလို့ဘဲ။ အာဆီယံအနေနဲ့ ကတိပေးပြောဆိုထားတဲ့အတိုင်း တာဝန်ခံလုပ်ဆောင်ကြဖို့၊ အဲလိုမလုပ်ဆောင်ရင်တော့ ကျမတို့ ဒီကိုယ်စားလှယ်တွေ အားလုံးဟာ စုစုစည်းစည်းနဲ့ဆက်လက်ပြီး အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးပြုလုပ်ရာနေရာတွေမှာ သူတို့နားထောင်လာတဲ့အထိ ဆက်လက်ပြောဆို လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ အရှက်ရစရာဖြစ်ပါလိမ့်မယ်။
မေး။ ။ မခင်ဥမ္မာအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြု Civil Society ခေါ် လူထုအခြေပြု လူ့အဖွဲ့အစည်း ကိုယ်စားလှယ် အရွေးခံရတာ ဘယ်အဖွဲ့ကို ကိုယ်စားပြုတာပါလဲ။
ဖြေ။ ။ နယ်စပ်အခြေစိုက်ကြတဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမြှင့်တင်ရေးလုပ်နေတဲ့ နယ်စပ်အခြေစိုက် ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တိုင်းရင်းသားအခွင့်အရေး လုပ်ဆောင်နေကြတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေက ရွေးတာပါ။ task force on ASEAN and Burma အဖွဲ့က ရွေးတာပါ။

မလေးရှား ဒုက္ခသည်စခန်းများတွင်လည်း ပွဲစားရှိ

မင်းနိုင်သူ / ၂၆ အောက်တိုဘာ ၂၀၀၉

တတိယနိုင်ငံသို့ ထွက်ခွာခွင့်ရရန် လွယ်ကူနေသည့် မလေးရှားဒုက္ခသည်စခန်းများတွင်လည်း ပွဲစားများရှိနေကြောင်း အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ (မလေးရှား) မှ ကိုကျော်ကျော်က ပြောသည်။
“ဟိုတပတ်က ကျနော် လင်းခေးဆိုတဲ့ စခန်းတခုကို ရောက်သွားတယ်။ အဲဒီမှာ ယူအန်နဲ့တွေ့တဲ့အခါ အဆင်ပြေအောင်
မေးနိုင်မယ့် မေးခွန်းတွေကို ပွဲစားက ကြိုပေးထားတယ်။ အဲဒီအတွက် မလေးရှားရင်းဂစ် (၁,၅၀၀) ပေးရမယ်။ အဲလိုမျိုးလေးတွေကအစပေါ့လေ။ အဓိကက ယူအန်မှာ စကားပြန်လုပ်နေတဲ့သူနဲ့ စခန်းထဲကို အ၀င်အထွက်ရှိနေတဲ့ မလေးရှားလူမျိုးတွေ ပေါင်းပြီး လုပ်နေကြတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။
ယခုနှစ်အတွင်း မလေးရှားဒုက္ခသည်စခန်းများမှတဆင့် တတိယနိုင်ငံထွက်ခွာရမှု ပိုမိုလွယ်ကူနေသဖြင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည်များပင် မလေးရှားစခန်းများသို့ ပြောင်းရွှေ့မှုများ ရှိနေသည်ဟု သိရသည်။
မလေးရှားနိုင်ငံရှိ ဒုက္ခသည်စခန်း (၂၀) ခန့်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်း (၆,၀၀၀) ခန့်ရှိနေပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တိုင်းရင်းသားများကို ဒုက္ခသည်အဖြစ် လက်ခံပေးနေသည်။
“အများဆုံးက ချင်း၊ မွန်၊ ကရင်၊ လူမျိုးတွေကိုပဲ ဒုက္ခသည်အဖြစ် လက်ခံပေးထားတယ်။ မြန်မာက တော်တော့်ကို နည်းပါတယ်။ တိုင်းရင်းသားတွေဟာ မြန်မာလူမျိုးကြီးရဲ့ အဖိအနှိပ်ကို ခံရတယ်ဆိုတဲ့သဘောကြောင့် ယူအန်က တိုင်းရင်းသားတွေကိုပဲ အဓိကထားလက်ခံတယ်” ဟု ကိုကျော်ကျော်က ပြောသည်။
ယခုနှစ် မေလမှစတင်ကာ တိုင်းရင်းသားအဖွဲ့အစည်းများမှတဆင့် ဒုက္ခသည်အသိအမှတ်ပြုလက်မှတ်များကို တလအတွင်း ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ဒုက္ခသည် (၂,၀၀၀) ကျော် တတိယနိုင်ငံသို့ ထွက်ခွာခဲ့ပြီးဖြစ်သည်။
မလေးရှားဒုက္ခသည်စခန်းရှိ ဒုက္ခသည်များ အများဆုံးသွားရသည့်နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ကြောင်း သိရသည်။

အဲပုဂံလေယာဉ် စက်ချို့ယွင်း၍ နောက်ကြောင်းပြန်လှည့်ရ

အောင်ကျော်မိုး / ၂၆ အောက်တိုဘာ ၂၀၀၉

မြစ်ကြီးနားမှ ရန်ကုန်သို့ ထွက်ခွာလာသည့် ထူးကုမ္ပဏီပိုင် အဲပုဂံလေယာဉ်တစီးသည် ကောင်းကင်ပေါ်တွင် စက်ချို့ယွင်းမှု ဖြစ်ပွားပြီး မြစ်ကြီးနားလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။
အောက်တိုဘာ (၂၅) ရက်၊ မြစ်ကြီးနားမှ ရန်ကုန်သွားမည့် အဲပုဂံခရီးစဉ်အမှတ် W9-296 လေယာဉ်သည် နေ့လယ် (၂) နာရီ (၁၅) မိနစ်ခန့်တွင် မြစ်ကြီးနားလေဆိပ်မှ ထွက်ခွာပြီး ကောင်းကင်တွင် နာရီဝက်နီးပါးခန့်ပျံသန်းပြီးမှ ညာဘက်ပန်ကာတလုံး ရပ်သွားသည့်အတွက် နောက်ကြောင်းပြန်လှည့်ကာ မြစ်ကြီးနားလေဆိပ်သို့ ပြန်လာခဲ့ရကြောင်း အဆိုပါလေယာဉ်တွင် လိုက်ပါခဲ့သူ ခရီးသည်တဦးက ပြောသည်။
၎င်းက “ကောင်းကင်မှာ နာရီဝက်နီးပါးလောက် ပျံပြီးမှ ညာဘက်ပန်ကာတလုံးက လုံးဝမလည်တော့ဘူး။ အဲဒါနဲ့ လေယာဉ်လည်း ခါနေတယ်။ ခရီးသည်တွေအားလုံးကတော့ သွားပါပြီဆိုပြီး ဘုရားတကြတယ်။ ဘုရားစာတွေ ရွတ်ကြတယ်။ နောက် လေယာဉ်က မြစ်ကြီးနားဘက်ပြန်လှည့်ပြီး မြစ်ကြီးနားလေဆိပ်ကိုပဲ ပြန်ဆင်းတယ်။ အဲဒီမှာရောက်တော့ (၃) နာရီထိုးကာနီးနေပြီ။ သူတို့က အဲဒီလေယာဉ်ကို ပြင်ဆင်မယ်တဲ့။ နောက်နေ့ အောက်တိုဘာ (၂၆) တနင်္လာနေ့ ကွင်းချိန်း ပြန်ပေးတယ်” ဟု ပြောပြသည်။
“နိုင်ငံတကာမှာလို သူတို့ရဲ့ ချို့ယွင်းမှုအတွက် မြစ်ကြီးနားမှာ တည်းခိုစရိတ်တို့၊ စားသောက်ရေးတို့ ဘာမှပြင်ဆင်မပေးဘူး။ အဲဒါနဲ့ ဒီနေ့ တနင်္လာ မနက် (၅) နာရီခွဲ ကွင်းချိန်းသွားရတယ်။ လေယာဉ်က ကွင်းကနေ (၇) နာရီ ထွက်တယ်။ ခု ရန်ကုန်လေဆိပ်ကို မနက် (၁ဝ) နာရီ (၁၅) မိနစ်လောက် ရောက်တယ်။ မနေ့က လေယာဉ်ပေါ်မှာ ကျွေးပြီးသားဆိုပြီး ဒီနေ့ လေယာဉ်ပေါ်မှာ ဘာမှမကျွေးဘူး။ ယူတာက လူတယောက် လေယာဉ်ခ ကျပ် (၁) သိန်း (၂) သောင်း ပေးရတယ်” ဟု အဆိုပါ ခရီးသည်က ပြောသည်။
မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများအနက် ဦးတေဇပိုင် အဲပုဂံလေယာဉ်များသည် မကြာခဏ မတော်တဆဖြစ်ခြင်း၊ စက်ချို့ယွင်းခြင်းများ ဖြစ်ပေါ်ခဲ့ဖူးပြီး ယမန်နှစ်ကလည်း ပူတာအိုလေဆိပ်တွင် လေဆိပ်ပြေးလမ်းချော်ပြီး လေယာဉ်တောင်ပံကျိုးသည့် အဖြစ်အပျက်မျိုး ရှိခဲ့သည်။
အဲပုဂံလေကြောင်းလိုင်းသည် နာမည်ကြီးစီးပွားရေးသမား ဦးတေဇပိုင်ဆိုင်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် စစ်ခေါင်းဆောင်အချို့၏ အစုရှယ်ယာများလည်း ပါဝင်သည်ဟု ပြည်တွင်းပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြစ်ပေါ်ခဲ့သည်။
အဲပုဂံလေကြောင်းလိုင်းသည် ရန်ကုန်မှ ကိုရီးယားနိုင်ငံ ဆိုးလ်၊ ရန်ကုန်မှ ထိုင်းနိုင်ငံ ဘန်ကောက်၊ ရန်ကုန်- စင်ကာပူ၊ ရန်ကုန်- မလေးရှားနိုင်ငံ ကွာလာလမ်ပူ စသည့်လိုင်းတို့တွင် ပြေးဆွဲပြီး နိုင်ငံတကာလေကြောင်းလိုင်း ဖြစ်လာရန် ကြိုးစားခဲ့သော်လည်း အမေရိကန်နှင့် ဥရောပသမဂ္ဂဝင်နိုင်ငံများ၏ စီးပွားရေးအရ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် ခရီးစဉ်အားလုံး ရပ်ဆိုင်းသွားခဲ့ပြီး နောက်ပိုင်း ပြည်တွင်း ခရီးစဉ်များကိုသာ ပြေးဆွဲလျက်ရှိသည်။
ယခုနောက်ပိုင်း အဲပုဂံလေကြောင်းလိုင်းသည် ရန်ကုန်- ကွာလာလမ်ပူ ပြေးဆွဲနေသည့် မလေးရှားနိုင်ငံ ဆမ်ဘူမိ လေကြောင်းလိုင်းအတွက် လေယာဉ်ငှားစားသည့်အပြင် မြန်မာ့နိုင်ငံတကာလေကြောင်း (MAI) မှ ပိုင်ဆိုင်သည့် အစုရှယ်ယာအများစုကို ဝယ်ယူလိုက်ပြီး ၎င်းပိုင်လေယာဉ်များ ထည့်သွင်းပြေးဆွဲခြင်းကို ယခုလ (၂၆) ရက်မှ စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားသို့ လေယာဉ်နောက်ကြောင်းပြန်လှည့်ခဲ့ရသည့် အဲပုဂံခရီးစဉ်အမှတ် W9-296 တွင် လေယာဉ်ခ ဈေးနှုန်းကြီးမြင့်စွာယူပြီး ဝန်ဆောင်မှုမကောင်းသည့်အပေါ် အဲပုဂံလေကြောင်းလိုင်းကို မကျေမနပ် ဖြစ်နေကြသော်လည်း အခြားရွေးချယ်စရာ မရှိသဖြင့် အဆိုပါလေယာဉ်ကိုသာ စီးကြရကြောင်း ခရီးသည်များက ပြောကြသည်။

လောက်ကိုင်မြို့တွင် (၁၀) လုံးထက်မနည်း ဗုံးများ ဆက်တိုက်ပေါက်ကွဲ

ခိုင်လင်း / ၂၆ အောက်တိုဘာ ၂၀၀၉

ယခုလ (၂၄) ရက်နေ့ ညပိုင်းက ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ဗုံး (၁၀) လုံးထက်မနည်း ဆက်တိုက်ပေါက်ကွဲခဲ့သည်။
ဗုံးပေါက်ကွဲမှုသည် လောက်ကိုင်မြို့ပေါ်အပါအဝင် နေရာအနှံ့တွင် ဖြစ်ပွားခဲ့ပြီး ကိုးကန့်ရုပ်မြင်သံကြားထုတ်လွှင့်နေသည့် အဆောက်အဦနှင့် လက်ကျန် ကိုးကန့်တပ်ဖွဲ့၏ ဥက္ကဋ္ဌတာဝန်ယူထားသူ ပိုင်စုံချိန်၏ လောင်းကစားရုံတို့တွင် ဆိုးဆိုးဝါးဝါး ပေါက်ကွဲခဲ့ပြီး လူအသေအပျောက်များ ရှိခဲ့သည်ဟု လက်ရှိ ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူ တရုတ်နယ်စပ်ဒေသခံတဦးက ပြောသည်။
၎င်းက “တီဗွီလွှင့်တဲ့ဌာန အဆောက်အဦကြီးကတော့ ပြိုကျသွားတယ်။ အခု ကိုကန့်အဖွဲ့ဥက္ကဋ္ဌ ပိုင်စုံချိန်ရဲ့ လောင်းကစားရုံလည်း အတော်လေးပျက်သွားတယ်။ အထိအခိုက်တွေတော့ရှိတယ်။ ဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ကိုးကန့်အရေးအခင်းကတည်းကစ၍ ကိုးကန့်ဒေသတခုလုံးတွင် လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံတပ်များ၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်အချို့၊ တပ်မ (၃၃) လက်အောက်ခံတပ်အချို့၊ သိန်းနီအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံတပ်များ ဝင်ရောက်နေပြီး လက်နက်ပုန်းများ မြေလှန်ဖော်ထုတ်နေချိန်တွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားမှုသည် ကိုးကန့်ဒေသ တည်ငြိမ်မှုမရှိသေးကြောင်း ပြသနေခြင်းပင်ဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
၎င်းက “ပိုင်စုံချိန်က ဖုန်လောက် သြဇာမရှိဘူး။ အခု ဖွဲ့လိုက်တဲ့ ကိုးကန့်ရုပ်သေးအဖွဲ့ထဲမှာတောင် ကွဲနေတာ။ ပိုင်စုံချိန်က တဖွဲ့၊ မင့်ရွှေချန်းက တဖွဲ့၊ ဝေစန်းက တဖွဲ့၊ တပ်သားတွေလည်း အပြိုင်အဆိုင်စုနေတာ။ ပိုင်စံချိန်ရဲ့ လောင်းကစားဝိုင်းကိုလည်း ချတယ်ဆိုတာ နည်းနည်းတော့ စဉ်းစားစရာ ရှိတယ်။ ခန့်မှန်းရတော့ ခက်တယ်။ ဖုန်အဖွဲ့တို့ထက် သူတို့ထဲက လူတွေ အချင်းချင်းလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ ကိုးကန့်ဒေသအတွင်း ဒေသမတည်မငြိမ် ဖြစ်ပ်ါလာခြင်းသည် နိုင်ငံရေးအရ မကောင်းသော်လည်း ဒေသတခုလုံးကို နအဖ ဆက်လက်ထိန်းထားနိုင်ပြီး သူ့အတွက် အကျိုးအမြတ်သာဖြစ်စေသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကိုးကန့်တပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန် ဦးဆောင်သည့်အဖွဲ့က ကိုးကန့်တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကြားရှင်ထံမှ အာဏာသိမ်းရန် ကြိုးစားခဲ့ပြီး လောက်ကိုင်ဒေသအတွင်း နအဖတပ်များ ဝင်ရောက်ရာမှ အစပြု၍ ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ကိုးကန့်အရေးအခင်းတွင် ဖုန်ကြားရှင် ဦးဆောင်သည့်အဖွဲ့ ကိုးကန့်ဒေသမှ ဆုတ်ခွာခဲ့ရပြီးနောက်ပိုင်းတွင် ပိုင်စုံချိန် ဦးစီးပြီး ကိုးကန့်တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

စာရေးဆရာ နီကိုရဲ ကွယ်လွန်

  

မျိုးချစ်သူ/ ၂၆ အောက်တိုဘာ ၂၀၀၉
ယခုလ (၂၄) ရက်နေ့ နံနက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် လုမ္ဗနီအထူးကု ဆေးရုံတွင် နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သည့် နိုင်ငံကျော်စာရေးဆရာ နီကိုရဲ၏ဈာပနကို အောက်တိုဘာ (၂၈) ရက် နေ့လယ် (၂) နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဇနီးဖြစ်သူ မနိုင်နိုင်ဝင်းက ပြောသည်။
နီကိုရဲသည် ၁၉၉၇ ခုနှစ် ၀န်းကျင်က ၎င်း၏ပထမဦးဆုံး လုံးချင်းဝတ္ထုဖြစ်သော မကြည်ပြာဝတ္ထုကို စတင်ရေးသားခဲ့ပြီး ကလောင်တမျိုးတည်းဖြင့် ၀တ္ထု၊ ကဗျာ၊ ဇာတ်ညွှန်းတို့ကို သေဆုံးသည်ထိ ရေးသားခဲ့သူတဦးဖြစ်သည်။
၎င်း၏နောက်ဆုံးလက်ရာဖြစ်သော ( ဘ…နာ ) လုံးချင်းဝတ္ထုကို ကြောင်နှစ်ကောင်စာပေမှ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဝေခဲ့သည်။
“ဒီလိုလူကတော့ ရှာမှရှားဗျ။ ဒီဘက်ခေတ်မှာ အောင်မြင်တဲ့စာရေးဆရာတွေ နည်းလာတယ်၊ လူငယ်စာရေးဆရာလို့ပြောရမယ့် တာရာမင်းဝေတို့၊ နီကိုရဲတို့၊ မင်းခိုက်စိုးစန်တို့ဟာ လူကြီးလူငယ်တွေအားလုံး ကြိုက်တဲ့စာရေးဆရာတွေပေါ့။ ပြောရရင် တာရာမင်းဝေနဲ့ နီကိုရဲကတော့ သေတာကလည်း ငယ်ရွယ်စဉ်မှာဆိုတော့ ကျနော်တို့အနေနဲ့ နှမြောတာတော့အမှန်ပဲဗျ” ဟု ၀ါရင့်သတင်းစာဆရာတဦးက ပြောသည်။
နီကိုရဲ ရေးသားထုတ်ဝေခဲ့သော လုံးချင်းဝတ္ထုအုပ်ရေ (၃၀) ကျော်ခန့်ရှိပြီး ဇာတ်ညွှန်းရေးသားမှုများနှင့်ဆိုလျှင် စုစုပေါင်း (၁၀၀) ၀န်းကျင်ခန့်ရှိမည်ဖြစ်ကြောင်း ဒီဇိုင်းဆရာ မျိုးဆွေသန်းက ပြောသည်။
“ကျနော်က တာရာမင်းဝေနဲ့ နီကိုရဲကို ရင်းနှီးကျွမ်းဝင်သလို သူတို့ကိုလည်း လေးစားတယ်။ သူတို့ ဆုံးသွားပြီဆိုပြန်တော့ စိတ်မကောင်းစရာပေါ့ဗျာ” ၎င်းက ပြောသည်။
နီကိုရဲ၏ အအောင်မြင်ဆုံးစာအုပ်များမှာ မကြည်ပြာ အပါအ၀င် သကြားနဲ့အသူရာ၊ နှလုံးသားထဲကြွက်ဝင်နေသည်၊ စိတ်အိုင်ပက်သူ တို့ဖြစ်ကြောင်း ကြောင်နှစ်ကောင်စာပေက ပြောကြားသည်။
၎င်း၏ဇာတ်ညွှန်းများအား ရုပ်ရှင်အဖြစ်ဖန်တီးရာတွင် ကြည်ပြာရောင်နဂ္ဂတစ်များ ရုပ်ရှင်ဇာတ်ကားမှာ မြန်မာတနိုင်ငံလုံး အောင်မြင်ခဲ့သော ဇာတ်ကားဖြစ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်းက ပြောသည်။
စာရေးဆရာမတဦးကလည်း “သူက ပျော်ပျော်ပါးပါးနေတတ်တယ်၊ စိတ်ကောင်းရှိတယ်၊ သူတပါးကို အကူအညီပေးတတ်တယ်၊ ပြီးတော့ အတွေးအခေါ်ကောင်းတယ်၊ သူကွယ်လွန်တာဟာ ကျမတို့ စာပေလောကအတွက်တော့ ဆုံးရှုံးမှုတခုပဲ”ဟု ပြောသည်။
နီကိုရဲ၏အမည်ရင်းမှာ ကိုရဲဝင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် (၄၃) နှစ်ရှိပြီဖြစ်ပြီး ဇနီး မနိုင်နိုင်ဝင်းနှင့် အသက် (၇) နှစ် အရွယ် သား မောင်လင်းမြတ်တို့ ကျန်ရစ်ခဲ့သည်။

dinsdag 20 oktober 2009

ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တရုတ် ဒုဝန်ကြီးချုပ်နှင့်တွေ့

  

ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် တရုတ် ဒုဝန်ကြီးချုပ် Li Keqiang (ဓာတ်ပုံ - ဆင်ဟွာ)
Tuesday, 20 October 2009 18:40 ရန်ပိုင်
.တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် ကျင်းပမည့် တရုတ်- အာဆီယံ စီးပွားရေး ရင်းနှီးမြုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ သွားရောက်သည့် စစ်အစိုးရ ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် ယနေ့တွင် တရုတ်နိုင်ငံ၏ ဒု ၀န်ကြီးချုပ် Li Keqiang နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် တရုတ် ဒု ၀န်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသများ လုံခြုံမှုနှင့် တည်ငြိမ်မှုရှိ စေရန်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်မည်ဟု သဘောတူညီကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
“တရုတ်နဲ့ မြန်မာနှစ်နိုင်ငံစလုံး နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သင့်တယ်၊ ဒါဟာနှစ်နိုင်ငံလူထုအတွက် အခြေခံအကျဆုံးဖြစ်တယ်”ဟု တရုတ်နိုင်ငံ၏ ဒုတိယ ၀န်ကြီးချုပ်ကပြောကြား ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးတည်ဆောက်မှု နှင့် ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဆက်လက် အကူ အညီပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသွားသည်ဟု ဆင်ဟွာက ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တခြားသော အစိုးရအဖွဲ့ဝင် ၀န်ကြီးများပါ လိုက်ပါသွားခဲ့သော ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၏ ယမန်နေ့က စတင်သည့် ခရီးစဉ်သည် သြဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲများပြီးဆုံးပြီး နောက် အဆင့်မြင့်စစ်အစိုးရ အဖွဲ့ဝင် တဦး တရုတ်နိုင်ငံသို့ စတင်သွားရောက်ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း စွမ်းအင်လိုအပ်ချက် ပမာဏကြီးမားသောကြောင့် မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များအား နယ်စပ်ဒေသများကို ဖြတ်၍တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သယ်ယူ မည်ဖြစ်သည့်အတွက် နယ်စပ်ဒေသတည်ငြိမ်ရေးကို အထူးလိုလားနေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ဗမာပြည်ကွန်မြူနစ်ပါတီမှ ဒေါက်တာလှကျော်ဇော က ပြောသည်။
“တရုတ်က သူ့နယ်စပ်မှာ နောက်ထပ်လက်နက်ကိုင်တိုက်ပွဲတွေ ထပ်ပြီး မပေါ်စေချင်ဘူး၊ စစ်အစိုးရကလည်း တရုတ် အစိုးရ နဲ့ ဆက်ဆံရေးက အရေးကြီးတယ်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက တရုတ်နယ်စပ်ရှိ ကိုးကန့်ဒေသတွင် စစ်အစိုးရနှင့် ဦးဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်အပစ်ရပ်အဖွဲ့(MNDAA)တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် စစ်အစိုးရ၏ လက်နက်ကြီးကျည်များ တရုတ် နိုင်ငံ အတွင်းသို့ ကျရောက်ခဲ့သောကြောင့် တဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး တချို့သော တရုတ်လူမျိုး များလည်း ရိုက်နှက်ခံရမှု ရှိခဲ့သည်။
ထို့အပြင် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးခဲ့ရသည့်အတွက် လင်ချန်ဒေသ အာဏာပိုင်များက လျော်ကြေးအဖြစ် တရုတ်ယွမ်ငွေ သန်း ၂၈၀ တောင်းခံခဲ့သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် တရုတ်မြန်မာအရေးအခင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ခေတ္တ ပျက်ပြားခဲ့သည်။ ၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံသည် စစ်အစိုးရနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာကာ စီးပွားရေးနှင့် လက်နက် အဓိက ထောက်ပံ့သော နိုင်ငံ ဖြစ်လာသည်။

ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့် ကျန်းမာရေးမကောင်းသဖြင့် တာဝန်မှ အနားပေးထား

ခိုင်လင်း / ၂၀ အောက်တိုဘာ ၂၀၀၉

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး တဦးဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်သည် ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်းမှစ၍ စိတ်ဖောက်ပြန်ကာ မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသနေရပြီး ယခင်လ တိုင်းမှူးများအစည်းဝေးတွင် ကစထမှူးတာဝန်မှ အနားပေးလိုက်ကြောင်း သိရသည်။
စစ်တက္ကသိုလ် အပတ်စဉ် (၁၇) ဆင်း ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်သည် ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းအုပ် တာဝန်ဖြင့် ၂ဝဝ၂ ခု၊ ဇူလိုင်မှ ၂ဝဝ၃ ခု၊ သြဂုတ်အထိ ဆောင်ရွက်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ပြောင်းရွှေ့တာဝန်ယူခဲ့သည်။
မပခတိုင်းမှူးဘဝနှင့်ရှိနေစဉ်အတွင်း သူ့မိန်းမ၏ဆွေမျိုးများက စီးပွားရေးအခွင့်အလမ်းများရယူကာ ကြီးပွားချမ်းသာလာခဲ့ပြီး ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့် ကချင်ပြည်နယ်မှ ပြောင်းရွှေ့ခံရပြီးနောက်ပိုင်း သူ့ဆွေမျိုးများ၏ လုပ်ငန်းများကို စစ်ဆေးခံရမှုများ ရှိလာပြီး အရက်အလွန်အကျွံသောက်ရာမှ စိတ်ဖောက်ပြန်သွားခြင်းဖြစ်သည်ဟု သူ့ဆွေမျိုးများနှင့်နီးစပ်သူ မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။
၎င်းက “သူ့မိန်းမက မြစ်ကြီးနား၊ ခတ်ချိုကျေးရွာသူ။ သူက မပခတိုင်းမှူးဘဝနဲ့ (၅) နှစ်လောက် နေသွားရတယ်။ နဂိုကတည်းက အရက်ကို သောက်နေတဲ့သူ။ အဲဒီမှာ မြစ်ကြီးနားလေယာဉ်ကွင်း ပြုပြင်မွမ်းမံဖို့ ချပေးထားတဲ့ ကန်ထရိုက်ကို သူ့သားက ရထားတာ။ ဗိုလ်ချုပ်သာအေးက ကစထမှူးတာဝန်နဲ့ ဒီဘက်လည်းရောက်လာရော စစ်ဆေးတာတွေ ရှိလာတော့ ပြဿနာတွေ ပေါ်ကုန်တာ။ အဲဒီမှာ ရူးချင်ဟန်ဆောင်သွားတာလား၊ တကယ်ပဲ ရူးသွားသလားတော့ မပြောတတ်ဘူး။ စိတ်ဖောက် သွားတယ်ဆိုပြီး သူ့အမျိုးတွေဆီက ပြန်ကြားရတာ” ဟု ပြောသည်။
မပခတိုင်းမှူး တာဝန်ယူနေစဉ်ကာလအတွင်း ဆွေမျိုးများက သစ်လုပ်ငန်းများကို အောင်မိုင်ကုမ္ပဏီခံ၍ လုပ်ကိုင်ခဲ့ကြပြီး အလွန်ချမ်းသာကြွယ်ဝနေကြသည်ဟု အဆိုပါမြို့ခံက ပြောသည်။
၎င်းက “သူ့ယောက်ဖတွေပေါ့။ ဘိုဘိုတို့၊ ဂူဂူးတို့၊ သူ့မိန်းမ မောင်တွေက သံမလန်းသစ်တွေ၊ ကျွန်းတွေကို ပါမစ်ရသွားတာ။ အောင်မိုင်ကုမ္ပဏီဆိုတာက တရုတ်သူဌေးက ပိုင်တာ။ သူတို့က နာမည်ခံပေးတာ။ ဟို သူဌေးက ဘာမှစားလိုက်ရတာ မဟုတ်ဘူး။ အဲဒီ ဂူဂူး၊ ဘိုဘို ညီအစ်ကိုတွေရဲ့ မိန်းမဘက်က အမျိုးတွေကော သူဌေးဖြစ်သွားတာ” ဟု ပြောသည်။
၂ဝဝ၃ ခုမှ ၂ဝဝ၈ ခု ဇွန်လအထိ မပခတိုင်းမှူး တာဝန်ယူခဲ့ရာတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့အား တာဝန်ယူကွပ်ကဲရသည့် ကစထမှူးဖြစ်လာခဲ့ပြီး ယခုနှစ် မေလတွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့အား ကွပ်ကဲရသည့် ကစမှူးအဖြစ် ပြောင်းရွှေ့ခံခဲ့ရသည်။
ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်အား ပြီးခဲ့သည့်လ (၂၂) ရက်မှ (၂၅) ရက်အထိ နေပြည်တော်တွင် ပြုလုပ်သည့် တိုင်းမှူးများ၊ တပ်မမှူးများ အစည်းဝေးအတွင်း တာဝန်မှ အနားပေးထားခဲ့သည်ဟု စစ်ဘက်နှင့်နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

နိုင်ငံ့ကိုယ်စားပြု လူထုကိုယ်စားလှယ်အတွက် ပြည်တွင်းပြည်ပအဖွဲ့များ အမည်တင်သွင်း

ဝီရ / ၂၀ အောက်တိုဘာ ၂၀၀၉

လာမည့် (၁၅) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံလူထု ကိုယ်စားပြုတက်ရောက်မည့် တဦးတည်းသောကိုယ်စားလှယ် ရွေးချယ်ရန်အတွက် ပြည်တွင်းပြည်ပမှ လူထုအခြေပြု မြန်မာအဖွဲ့အစည်းတို့က အာဆီယံ ဦးဆောင်ကော်မတီသို့ အမည်စာရင်း အသီးသီး တင်သွင်းထားကြသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ချအန်းမြို့တွင် ယနေ့ပြီးဆုံးသွားသည့် အာဆီယံ လူထုအခြေပြု ညီလာခံ၌ မြန်မာနိုင်ငံ လူထုကိုယ်စားလှယ်အတွက် (၃) ရက်ကြာ အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုအပြီး ထိုင်းအခြေစိုက် မြန်မာကိုယ်စားလှယ်တို့က ဒေါ်ခင်ဥမ္မာအား တင်သွင်းထားပြီး ပြည်တွင်း မြန်မာကိုယ်စားလှယ်တို့က Capacity Building လူမှုရေးရာလုပ်ငန်းဆောင်ရွက်သူ ဒေါ်ဆွေဆွေအား အမည်သွင်းထားသည်။
“ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ဒီနေ့ ညနေ (၆) နာရီကျရင် အာဆီယံ ဦးဆောင်ကော်မတီက ဆုံးဖြတ်ပေးမှာ ဖြစ်တယ်” ဟု ညီလာခံသို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့ကိုယ်စားပြု တက်ရောက်ခဲ့သူ ဦးထူးချစ်က ပြောသည်။
အောက်တိုဘာ (၁၉) ရက် ယမန်နေ့က အာဆီယံနိုင်ငံများအလိုက် လူထုအခြေပြု ကိုယ်စားလှယ် ရွေးချယ်ရာတွင် မြန်မာနိုင်ငံ ကိုယ်စားလှယ်အတွက် ပြည်တွင်းပြည်ပ မြန်မာအဖွဲ့အစည်းတို့အကြား သဘောတူညီမှု မရရှိခဲ့သည့်အတွက် ယနေ့တွင် အာဆီယံ ဦးဆောင်ကော်မတီက ရွေးချယ်နိုင်ရန် ယင်းကဲ့သို့ အမည်စာရင်းတင်သွင်းခဲ့ကြခြင်းဖြစ်သည်။
ရွေးချယ်ခံရသူသည် လာမည့် (၂၃-၂၅) ရက်နေ့တွင် ထိုင်းနိုင်ငံ တောင်ပိုင်း ဟိုဟင်မြို့၌ ကျင်းပမည့် (၁၅) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရမည်ဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် တရားမျှတမှုအပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖက်သတ် ရေးဆွဲထားမှုတို့အား လာမည့်ထိပ်သီးအစည်းအဝေးပွဲတွင် ထောက်ပြလာမည်ကို စစ်အစိုးရက စိုးရိမ်မှုရှိနေကြောင်း သိရသည်။
ဦးထူးချစ်က “လက်ရှိအခြေအနေအရ ဗမာပြည်က လာတဲ့အဖွဲ့တွေက လွတ်လွတ်လပ်လပ် ပြောဆိုလုပ်ကိုင်နိုင်တဲ့ အန်ဂျီအိုတွေ မရှိဘူးဆိုတာ ကျနော်တို့တင်ပြခဲ့တယ်။ အစိုးရနဲ့ ပတ်သက်ဆက်နွှယ်နေတာကို ထောက်ပြတယ်။ အထဲကအဖွဲ့တွေက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလို့ ပြောလို့မရဘူး။ အကောင်အထည်ဖော်တဲ့အပိုင်းမှာလည်း အခက်အခဲတွေ ဖြစ်လာနိုင်တာကြောင့် အထဲကလူကို ရွေးတာ ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်တို့ဘက်ကို သူတို့စိုးရိမ်တာက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို အမှန်အတိုင်း တင်ပြမှာ ကြောက်နေကြတယ်။ ပြီးတော့ အသုံးအနှုန်းအပိုင်းကစ သူတို့က မကြိုက်ဘူး။ ဥပမာ မြန်မာကို ဗားမားလို့ ခေါ်တာကအစပေါ့” ဟု ပြောကြားသည်။
အဆိုပါ လူထုအခြေပြုညီလာခံသို့ မြန်မာပြည်တွင်းမှ မြန်မာစစ်အစိုးရနှင့် ဆက်နွှယ်နေသည့် မြန်မာအမျိုးသမီးရေးရာအဖွဲ့၊ ကုန်သည်ကြီးများအသင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် အခြားလူထုအခြေပြုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ပထမဆုံးအနေဖြင့် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
အာဆီယံ ပဋိညာဉ်အရ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံကိုယ်စားပြု အစိုးရမဟုတ်သည့်အဖွဲ့အစည်းတို့ တွေ့ဆုံဆွေးနွေးမှုကို ယမန်နှစ်က စတင်ခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာလူထု ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ ဒေါ်ခင်ဥမ္မာကို မြန်မာစစ်အစိုးရက ကန့်ကွက်ခဲ့ဖူးသည်။
ယနေ့ ပြီးဆုံးသွားသည့် လူထုအခြေပြုညီလာခံသို့ ထိုင်းအခြေစိုက် ဒီမိုကရေစီအင်အားစုများမှ လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)၊ မြန်မာအမျိုးသမီးများအဖွဲ့ချုပ်၊ မြန်မာရဟန်းတော်များအဖွဲ့ချုပ်၊ မြန်မာအမျိုးသမီးသမဂ္ဂ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာအဖွဲ့၊ ကရင်လူ့အခွင့်အရေးအဖွဲ့နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ထိုကဲ့သို့ ထိုင်းအခြေစိုက် မြန်မာအင်အားစုတို့က ဒေသတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာရပ်များနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အာဆီယံ ပဋိညာဉ်နှင့် ဆန့်ကျင်နေကြောင်း စသည့်တင်ပြချက်များကို ပြည်တွင်း အဖွဲ့အစည်းမှ ကိုယ်စားလှယ်အများစုက လက်မခံ ပယ်ချခဲ့ကြောင်း သိရသည်။
ညီလာခံ တက်ရောက်ခဲ့သူ ဦးအောင်မျိုးမင်းက “ထိပ်သီးအစည်းအဝေးကျရင် ဒီလူထုအခြေပြုတဲ့ Civil Society အတွက် ကျနော်တို့က ဘယ်လိုဖြစ်ချင်သလဲ။ ဒီအာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ ထိခိုက်မှုတွေနဲ့ အခက်အခဲတွေကို ဘယ်လိုအကျိုးပြုရေး လုပ်ငန်းတွေနဲ့ ဆောင်ရွက်သင့်သလဲဆိုတာ တင်ပြဖို့ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ သို့ မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင် ၀င်ရောက်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့ ပါဝင်သည်။

နယ်စပ်ဒေသ တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူ

 

ပေါက်ပေါက် / ၂၀ အောက်တိုဘာ ၂၀၀၉

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်တလျှောက် တည်ငြိမ်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားရန် တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်မြို့တွင် ရောက်ရှိနေသည့် နအဖအတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် တရုတ်ဒု-ဝန်ကြီးချုပ် မစ္စတာ လီခဲချင်တို့အကြား ယမန်နေ့က သဘောတူညီချက်ရရှိခဲ့သည်ဟု တရုတ်အစိုးရက သတင်းထုတ်ပြန်သည်။
တရုတ်အစိုးရအနေဖြင့် တရုတ်-မြန်မာဆက်ဆံရေးကို အလေးထားပြီး မြန်မာ့စီးပွားရေးဆိုင်ရာ တည်ဆောက်မှုများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ထောက်ခံကူညီသွားမည်ဟု တရုတ် ဒု-ဝန်ကြီးချုပ် မစ္စတာ လီခဲချင်က ပြောခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန တွင် ဖော်ပြထားသည်။
တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောကမူ တရုတ်-မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းရေး အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရချင်း လုပ်ဆောင်သွား၍မရဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သည့် သုံးဖက်ပူးပေါင်းဆောင်ရွက်သွားမှသာ အောင်မြင်မည်ဟု ပြောသည်။
၎င်းက “တရုတ်ပြည်ကတော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားလို့ ပြောနေတာ။ ဒါပေမယ့် နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မပါဘဲနဲ့တော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုးကန့်အရေးခင်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့တာပဲ။ တကယ် သေနတ်သံထွက်တော့ ဘာမှမတတ်နိုင်ဘူး။ အခုလည်း နအဖဘက်က အတင်းအကျပ် နယ်ခြားစောင့်တပ် လုပ်ခိုင်းမယ်ဆိုရင်တော့ သေနတ်သံ ထွက်လာဦးမှာပဲ” ဟု ပြောသည်။
ကိုးကန့်အရေးအခင်းနှင့်ပတ်သက်၍ တရုတ်ဘက်က သတင်းပေးမှုအရ ဖုန်ကြားရှင်တို့အား မူးယစ်ဆေးဝါးကိစ္စဖြင့် အရေးယူရန် ဆောင်ရွက်ခဲ့ရကြောင်း နအဖက တိုက်ပွဲပြီးနောက်ပိုင်း သတင်းထုတ်ပြန်ခဲ့မှုအပေါ် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး မစ္စစ် ကျန်းယုက စက်တင်ဘာ (၁ဝ) ရက်တွင် ငြင်းဆိုထားပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ့ပြည်တွင်းရေးကို မည်သည့်အခါကမျှ ဝင်ရောက်မစွက်ဖက်ကြောင်းနှင့် မြန်မာအစိုးရကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းသည်ကို တွေ့မြင်လိုပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ရှမ်းပြည်နယ်၊ အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်များအကြား ဖြစ်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများ အပါအဝင် စစ်ပြေးဒုက္ခသည် (၃၇,ဝဝဝ) ကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေးခဲ့ရသည်။
စစ်ပွဲများကြောင့် ကိုးကန့်ဒေသတွင် တရုတ်နိုင်ငံသား (၁) ဦး သေဆုံး၍ (၁၃) ဦး ဒဏ်ရာရရှိခဲ့ပြီး တရုတ်ပြည်အတွင်း အမြောက်ကျည် (၃) လုံး ကျရောက်ပေါက်ကွဲ၍ တရုတ်နိုင်ငံသား (၁) ဦး သေဆုံးကာ (၂) ဦး ဒဏ်ရာရရှိခဲ့သည်။
ကိုးကန့်အရေးအခင်းကာလအတွင်း တရုတ်နိုင်ငံသားများ ထိခိုက်သေကျေမှု အပါအဝင် ပစ္စည်းများဆုံးရှုံးမှုအတွက် ကိုးကန့်ဒေသတဖက်ကမ်း လင်ချန်းခရိုင်အစိုးရက နစ်နာကြေး တရုတ်ငွေ သန်း (၂၈ဝ)၊ အမေရိကန်ဒေါ်လာအားဖြင့် သန်း (၄ဝ) ကျော် လျော်ကြေးပေးရန် တောင်းဆိုထားသကဲ့သို့ တရုတ်နိုင်ငံခြားရေးဌာနကလည်း တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူပေးရန်နှင့် အရေးယူမှုအခြေအနေအား တရုတ်အစိုးရထံ ပြန်လည်တင်ပြရန် တောင်းဆိုခဲ့သည်။

ဗန်းမော်တင်အောင် (သို့မဟုတ်) ကောင်းကင်ထက်က လင်းယုန်ငှက်

  

ဇင်လင်း

၁၉ အောက်တိုဘာ ၂၀၀၉
“လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ။”
ကျနော်တို့ နောက်မျိုးဆက်တွေ မမေ့နိုင်တဲ့ လူထုစာရေးဆရာ ဗန်းမော်တင်အောင်ရဲ့ အမှာစကားဖြစ်ပါတယ်။
ဆရာမကြီး လူထုဒေါ်အမာက “ကိုတင်အောင်က လူတော်၊ တခေတ်တယောက် ထွန်းတောက်တဲ့ ပုဂ္ဂိုလ်ပါ၊ တိုးတက်ခေတ်မီတဲ့ အယူအဆရှိတဲ့ သူ့စာတွေကို လူကြိုက်များတာမို့ လူထုစာရေးဆရာလို့ ပြောနိုင်ပါတယ်” လို့ မှတ်ချက်ပြုဖူးပါတယ်။
သေသောသူ ကြာရင်မေ့လို့ ဆိုကြပေမယ့် ကနေ့ နှစ်ပေါင်း (၃၀) ကျော်လာတဲ့အထိ မမေ့နိုင်သူတွေထဲမှာ ဆရာဗန်းမော်တင်အောင် လည်း တယောက်အပါအ၀င်ပါပဲ။ ကိုယ်ကျင့်သီလ တည်ကြည်မှုအရပဲ ကြည့်ကြည့်၊ ကိုယ်ကျိုးမရှာ အနစ်နာခံနိုင်မှုအရပဲ ကြည့်ကြည့်၊ သမိုင်းရေးတာဝန် ကျေပွန်မှုအရပဲကြည့်ကြည့်၊ ဗန်းမော်တင်အောင်ဟာ စံပြုလောက်တဲ့ တိုင်းပြုပြည်ပြု စာရေးဆရာတယောက် ဖြစ်တယ်လို့ သူနဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေက ပြောကြပါတယ်။
ဆရာဟာ အသက် (၁၈) နှစ်အရွယ်ကတည်းက မြန်မာ့အလင်းသတင်းစာမှာ အလုပ်သင်သတင်းထောက် လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ ၁၉၄၁-၄၂ ဒုတိယကမ္ဘာစစ်ကာလမှာ ဗြိတိသျှအထက်ဗမာပြည်တပ်ရင်းမှာ တပ်စုမှူးအဖြစ် စစ်မှုထမ်းဖူးပါတယ်။ အဲဒီ စစ်တပ်အတွေ့အကြုံတွေကို “လွမ်းရစ်တော့ သက်လှယ်ရယ်” ၀တ္ထုမှာ ထင်ဟပ်ရေးဖွဲ့ခဲ့တာ တွေ့နိုင်ပါတယ်။ ဆရာဟာ စတီဘရားသား သစ်ကုမ္ပဏီမှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ ၁၉၄၉ ခုနှစ် စာပေနယ်ထဲ ခြေစုံပစ်ဝင်ချိန်မှာ တာရာမဂ္ဂဇင်း လက်ထောက်အယ်ဒီတာ ဖြစ်လာပါတယ်။ ဂျပန်တော်လှန်ရေးပြီးချိန် ၁၉၄၅ ကုန်ခါနီးမှာ ဗန်းမော်တင်အောင် ကလောင်အမည်နဲ့ “နော်မူဂေး” ကို စရေးခဲ့ပြီး ၁၉၄၆ မှာ “ဘုန်းမောင်တယောက်ထဲရယ်” လုံးချင်းဝတ္ထုကို ထုတ်ဝေခဲ့ပါတယ်။ “ဘုန်းမောင်တယောက်ထဲရယ်” ဟာ လူငယ်တွေအပေါ် အတော်သြဇာသက်ရောက်တဲ့ ၀တ္ထုလို့ ဆိုပါတယ်။ တက္ကသိုလ်ဘုန်းနိုင်က အဲဒီဝတ္ထုထဲက ဇာတ်လိုက်နာမည်ကို သူ့ကလောင်နာမည်အဖြစ် ယူခဲ့တာလို့ ပြောဖူးပါတယ်။
“ဘုန်းမောင်တယောက်ထဲရယ်” လုံးချင်းဝတ္ထု ထွက်လာတော့ တာရာမဂ္ဂဇင်းမှာ ဆရာဒဂုန်တာရာရဲ့ ဝေဖန်ချက် ပါလာပါတယ်။
“ဤ၀တ္ထုသည် ဗန်းမော်တင်အောင်၏ ပထမဆုံး ၀တ္ထုရှည်ကြီးဖြစ်ပေသည်။ အခန်းခွဲပုံ၊ ဇာတ်လမ်းအချိတ်အဆက်တို့မှာ ခေတ်ဆန်သည်။ ၀တ္ထုတွင် အယူအဆ အထူးသဖြင့် နိုင်ငံရေးအယူအဆများ ထည့်သွင်းရေးသားပုံမှာ ထူးခြားပေသည်။ ဗန်းမော်တင်အောင်သည် မကြာမီ ဆန်းလာတော့မည့် စာပေသစ်ကောင်းကင်ဝယ် ကြယ်တပွင့်အဖြစ် ထွန်းတောက်၍ နေပေလိမ့်မည်ဟု မျှော်လင့်မိပေသည်” လို့ ဆရာဒဂုန်တာရာက ဝေဖန်ပါတယ်။
၁၉၅၀ မှာ “လွမ်းရစ်တော့ သက်လှယ်ရယ်”၊ “ဒေါက်တာရေချမ်း” နဲ့ “မုန်တိုင်းထဲကလူ” ၀တ္ထုရှည်ကြီး (၃) ပုဒ် ထွက်လာပါတယ်။ အဲဒီအချိန်မှာ ဗန်းမော်တင်အောင်ဆိုတဲ့ ကလောင်အမည်ဟာ လူငယ်တွေ ပါးစပ်ဖျားမှာ ထင်ရှားနေပါပြီ။ ဒီတုန်းက ဆရာ့အသက်ဟာ (၃၀) ပဲ ရှိပါသေးတယ်။ ဒီအရွယ်လောက်နဲ့ ဆရာဟာ ဘယ်လိုကြောင့် အောင်မြင်တဲ့ စာရေးဆရာတယောက်ဖြစ်လာရတာလဲ။ ဆရာဒဂုန်တာရာရဲ့ “မုန်တိုင်းထဲကလူ” ၀တ္ထုဝေဖန်ချက်မှာ တွေ့နိုင်ပါတယ်။
“ယခုခေတ်တွင် ဗန်းမော်တင်အောင်သည် ထင်ရှားကျော်စောသော ၀တ္ထုရေးဆရာတဦး ဖြစ်ပေသည်။ အထူးသဖြင့် ပညာတတ်လူငယ်ပိုင်းက သူ့ကို အသည်းစွဲကြိုက်ကြသည်။ ဗန်းမော်တင်အောင်ကို ဘာကြောင့် စွဲကြသလဲ။ သူ့၌ စွဲလမ်းအောင် ရေးတတ်သော ဟန် ရှိသည်။ … သူ၏ စာဟန်မှာ ချစ်စရာကောင်းသည်။ … ဖက်ဆစ်တော်လှန်ရေးအပြီး တက်ကြွလှုပ်ရှားလာသော အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကို ခြယ်ရေးပြသည်။ အောင်ဆန်း-အက်တလီစာချုပ်ခေတ်ရှိ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုကို ဖော်ပြသည်။
ဗန်းမော်တင်အောင်သည် ယခုဝတ္ထုအရေးအသားတွင် များစွာပင် တည်ငြိမ်လေးနက်လာသည်။ တက်ကြွအောင် လှုံ့ဆော်ရေးသားနိုင်စွမ်းရှိလာသည်။ ယခင်က သူသည် အနွဲ့အနှောင်း အပျော့အပျောင်းကိုသာ ရေးသားခဲ့သည်။ ယခုကား စာရေးဆရာ၏ လူမှုဆက်ဆံရေးတာဝန်ကို သိမြင်လာလေပြီ။ သိမြင်သည့်အလျောက် ဖော်ပြနိုင်စွမ်းရှိလာပေပြီ။ အတွေးသစ် အရေးသစ်တို့ဖြင့် သူရင့်သန်လေပြီ။ နောင်အခါ ဗန်းမော်တင်အောင်သည် စာပေသစ်၏ အင်အားစုဝယ် ကြီးမားလေးနက်သောအခန်းက ပါဝင်ပါစေသတည်း။”
ဒီဝေဖန်ချက်ကို ကြည့်ရင် ဆရာဗန်းမော်တင်အောင်ဟာ ဘာကြောင့် သူ့ခေတ်လူငယ်တွေရဲ့ စွဲလမ်းနှစ်သက်မှုကို ခံယူရရှိခဲ့တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဆရာဟာ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်အဆက်ဆက် လူထုဘက်က အမြဲရပ်ခဲ့တဲ့ စာရေးဆရာဖြစ်ပါတယ်။ တိုင်းပြည်လွတ်လပ်ရေးရချိန်ကစပြီး ထောင်ထဲကို ၀င်လိုက် ထွက်လိုက် နေခဲ့ရတာဟာ လူထုဘက်က အမြဲရပ်ခဲ့လို့ပါပဲ။ ၁၉၅၀ နဲ့ ၆၀ ကြားမှာ ဆရာဗန်းမော်တင်အောင်ဟာ လင်းယုန်ဂျာနယ်၊ လင်းယုန်သတင်းစာ၊ ဗမာစာပေ မဂ္ဂဇင်းစတာတွေ ထုတ်ဝေခဲ့ပြီး၊ တဘက်မှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ အမြဲတက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်မှာ ၁၉၅၁ ကနေ ၁၉၆၃ အထိ အလုပ်အမှုဆောင်တာဝန် ထမ်းခဲ့ပါသေးတယ်။ ၁၉၅၇ ကနေ ၁၉၆၃ အထိ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ရဲ့ အတွင်းရေးမှူးတာဝန်ယူခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသေးတယ်။ ၁၉၆၃ မှာ ဆရာဟာ ပြည်ထောင်စုမြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
၁၉၅၂ ကနေ ၁၉၆၄ ကြားကာလမှာ မြန်မာ့နိုင်ငံရေးနယ်မှာ မုန်တိုင်းထန်ချိန်ဖြစ်ပါတယ်။ ဒီတုန်းက ဆရာဟာ လူထုအကျိုးပြု နိုင်ငံရေးအယူအဆ တနည်းအားဖြင့် သူ့ယုံကြည်ချက်ကို စာပေဖြင့် ဖွင့်ဟရေးသားခဲ့မှုကြောင့် ဖဆပလအစိုးရရဲ့ ဖမ်းဆီးထောင်ချတာ ခံခဲ့ရပါတယ်။ ၁၉၅၂- ၅၇ အတွင်း (၅) နှစ် တကြိမ်၊ ၁၉၅၉-၆၁ အတွင်း (၂) နှစ် တကြိမ်၊ (ဖဆပလအစိုးရ ၁၀ နှစ်သက်တမ်းကာလ) ထောင်ထဲမှာ (၇) နှစ် နေခဲ့ရပါတယ်။ စစ်အာဏာရှင် ဗိုလ်နေ၀င်းခေတ် ၁၉၆၄-၇၁ အတွင်း ကိုကိုးကျွန်းမှာ (၅) နှစ်အပါအ၀င် ထောင်ထဲမှာ (၇) နှစ်ကြာ နေခဲ့ရတယ်။ ဒါပေမယ့် ဖဆပလအစိုးရရဲ့ အကျဉ်းထောင်ထဲမှာတုန်းကတော့ စာရေးခွင့် စာဖတ်ခွင့် ကောင်းကောင်းရခဲ့ပါတယ်။ အဲဒီအကြောင်း ဆရာ့ရဲ့ ဆိုရှယ်လစ်ဋီကာကျမ်း အမှာစာမှာ အခုလို ရေးထားတာတွေ့ရပါတယ်။
“အကျဉ်းထောင်တွင်း နေထိုင်ရစဉ်က ဆိုရှယ်လစ်ဝါဒနှင့် သက်ဆိုင်ရာ စာအုပ်စာတမ်း စံတော်ဝင် ကျမ်းအစောင်စောင်တို့ကို အပြင်အပမှ ၀ိုင်းဝန်းကူညီရှာဖွေပေးခဲ့ကြကုန်သော၊ ဦးဘ၀င်းနှင့် ဦးမောင်မောင်၊ စာရေးဆရာ မောင်နေ၀င်း၊ ဒဂုန်တာရာနှင့် မြသန်းတင့်၊ ဂျာမနီပြန် ဦးတင်(ဗလစ)၊ ၀တ်လုံတော်ရများဖြစ်ကြသော ဦးထွန်းတင်၊ ဦးလှတင်နှင့် ဦးဘကျော်၊ ဦးအုန်းမြင့်(ကျော်လင်း)နှင့် ဦးကောင်း(ဒဂုန်) တို့အားလည်းကောင်း အတွင်းမှဖြစ်ကြသော သခင်အုန်းမောင်၊ သခင်ဖေဌေး၊ သခင်ဘလှိုင်၊ ဗိုလ်မှူးချစ်ကောင်း၊ သခင်ကျော်စိန်(ပြည်သူ့စာပေ)နှင့် လူထုဦးလှတို့အားလည်းကောင်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်လိမ့်မည် ထင်ပေသည်။”
ဆရာဟာ ၀တ္ထုတို၊ ၀တ္ထုရှည် အမြောက်အမြားအပြင် လူငယ်မျိုးဆက်သစ်များအတွက် ရည်စူးပြီး ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်းနဲ့ မြန်မာနိုင်ငံတော်သမိုင်းတို့ကို ရေးသားခဲ့ပါတယ်။ ခေတ်သစ်သိပ္ပံနဲ့ မိတ်ဆက်ပေးတဲ့ ‘ရုပ်ကမ္ဘာ’၊ ‘သဘာဝတ္ထ’၊ ‘အိုင်းစတိုင်းရဲ့ နှိုင်းရဓမ္မ’ စတဲ့ စာအုပ်မျိုးတွေလည်း ရေးခဲ့တာတွေ့ရပါတယ်။ ၁၉၆၀ ခုနှစ်မှာ ဆရာ့ရဲ့ ‘မမကြီး’ ၀တ္ထုကို အောင်လင်းရဲ့ ‘အရိုင်းစံပယ်’ ၀တ္ထုနဲ့ ပူးတွဲပြီး စာပေဗိမာန်ဝတ္ထုရှည်ဆု ပေးပါတယ်။ ဆရာက လက်မခံခဲ့ပါ။ ဆုမယူခြင်းဖြင့် ဗိုလ်နေ၀င်း စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်ကြောင်း ပြသခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဆရာနဲ့ တွေ့ဖူးတိုင်း မမေ့နိုင်တဲ့ အချက်ကတော့ လူတဘက်သားအပေါ် အလွန်ယဉ်ကျေးပျူငှာ တလေးတစား ဆက်ဆံတတ်တဲ့ အမူအရာပါပဲ။ မိမိကိုယ်ကိုယ် နှိမ့်ချပြီး တဘက်လူကို တန်ဖိုးထား ဆက်ဆံတတ်တဲ့နေရာမှာ ဆရာ့လောက် ယဉ်ကျေးသိမ်မွေ့သူမျိုး မတွေ့ဖူးသလောက်ပါပဲ။ ဆရာ့ရဲ့လူသားဆန်လှတဲ့ ယဉ်ကျေးသိမ်မွေ့မှုအစုစုကို ဆရာ့ဝတ္ထုထဲက ဇာတ်ကောင်တွေမှာ အတိုင်းသား ထင်ဟပ်နေတာ တွေ့နိုင်ပါတယ်။ ဒီနေရာမှာ ဆရာဒဂုန်တာရာရဲ့ “ရုပ်ပုံလွှာ” စာအုပ်ထဲက “ဗန်းမော်တင်အောင် (သို့မဟုတ်) နရသိန်ထောင်မှ အကျဉ်းသား” မှာ ရေးဖွဲ့ထားတဲ့ စာပိုဒ်တချို့ကို ကိုးကားချင်ပါတယ်။ ဗန်းမော်တင်အောင်ရဲ့ သဏ္ဌာန်ကို ဆရာဒဂုန်တာရာက အခုလို သရုပ်ဖော်ထားပါတယ်။
“ကျနော်သည် ‘မတ်လတော်လှန်ရေး’ ကဗျာကို စပ်ရင်း လိုချင်သော ကာရန်အတွဲ မရသဖြင့် စာရေးစားပွဲမှ ခေတ္တထကာ စန္ဒရားခုံသို့ သွားထိုင်ပြီး (စာရေးစဉ် စိတ်ကူးမရလျှင် ဤသို့ ကြားဖြတ်လုပ်တတ်သည်) မယ်မယ်ရရ သီချင်းမဟုတ်ဘဲ တေးသံဆန်းကလေးများကို တို့ကာ ပင့်ကာ စမ်းနေစဉ် ဧည့်သည်တယောက် ဝင်လာသည်။
အရပ်မြင့်မြင့်၊ အသားညိုညို၊ ကိုယ်လုံးကိုယ်ထည်မှာ မဝသော်လည်း ခပ်သွယ်သွယ်ဟုလည်း မခေါ်နိုင်။ သို့သော် တောင့်တင်းတည့်မတ်သည်။ ဆံပင်ကို သပ်ရပ်စွာ ဖီးသင်ထားခြင်းရှိလျက်၊ သက္ကလပ် အပေါ်ဖုံး၊ ခပ်မှိုင်းမှိုင်း ပိုးလုံချည်နှင့် ဆေးတံကို ကိုင်ထားသည်။ ကောလိပ်ကျောင်းသား အသိထဲကလား၊ ဘယ်ကလဲဟု စိတ်က မဝေခွဲနိုင်သဖြင့် ထိုယောက်ျားပျိုအား နေရာထိုင်ခင်းပေးရသည်။
ထိုသူသည် ခပ်ရို့ရို့ ခပ်ကိုင်းကိုင်း အမူအရာဖြင့် ပြုံးကာ ကျနော့်အား ကြည့်နေသည်။ ကျနော့်အား သိကျွမ်းသည့် ဟန်ပန်ပေါ်နေ၍ မေ့တတ်သည့် မိမိစိတ်ကို အပြစ်တင်စောနေမိသည်။ ထိုယောက်ျားပျိုသည် မဂ္ဂဇင်း ဘယ်တော့ထွက်မည်လဲ စသည်ဖြင့် စကားစကာ တာရာမဂ္ဂဇင်းအား ထင်မြင်ချက်ပေးနေသည်။ ကျနော်မှာ စကားသာ လိုက်ပြောနေရသော်လည်း မည်သူမည်ဝါမှန်း မသိ၍ ခပ်ကြောင်ကြောင်ပင် ဖြစ်နေသည်။
ကျနော့်အမူအရာကို သိ၍လား မသိ၊ ထိုယောက်ျားပျိုက “ကျနော် တင်အောင်ပါ" ဟု ပြောသည်။ မရိပ်မိသေး။ နောက်ဆက်လက်၍ ‘တရံရောခါ’ ကို ဘယ်ပုံရေးဖြစ်သည့်အကြောင်း ရောက်လာတော့မှ ဗန်းမော်တင်အောင်မှန်း သိတော့သည်။
သူ၏ ရင်းနှီးသော သဘောကို နားလည်လာသည်။ သူနှင့် စကားပြောရသည်မှာ ဝတ္ထုထဲကနှင့် တူနေသည်။ စကားလုံးကို ရွေးချယ်၍သုံးသည်ဟု ထင်မှတ်ရသည်။ ယဉ်ယဉ်ကျေးကျေး၊ ခမ်းခမ်းနားနား စကားလုံးကို သီကုံး၍ ပြောသည်။ မေးမြန်းသည့်အခါ၊ နားထောင်သည့်အခါ အမူအရာမှာ ရို့လွန်းကိုင်းလွန်း၍ တဘက်သား အနေရပင်ကျပ်သည်။”
ဆရာဗန်းမော်တင်အောင်ဟာ သတင်းစာဆရာဘ၀ကို မြတ်နိုးတန်ဖိုးထားသူ ဖြစ်ပါတယ်။ ‘မြိုင်’ ၀တ္ထုရှည်ကြီးဟာ ဆရာ့ဘ၀အမှန်နဲ့ ဆရာ့စိတ်ကူးထည်တွေ ပေါင်းစပ်ထားတဲ့ အကောင်းဆုံးလက်ရာဖြစ်တယ်လို့ ခေတ်ပြိုင်စာပေသုတေသီများ၊ စာရေးဆရာများက သုံးသပ်ကြပါတယ်။ ဆရာနဲ့ ရင်နှီးသူတိုင်းက ဆရာ့ရဲ့ ဖြူစင်ဖြောင့်မတ်မှု၊ ယဉ်ကျေးပျူငှာမှု၊ စာနာထောက်ထားတတ်မှု၊ ယုံကြည်ချက်ခိုင်မာမှု၊ အနစ်နာခံနိုင်မှု၊ ကိုယ်ကျိုးမရှာတတ်မှု အစရှိတဲ့ ဂုဏ်ပုဒ်တွေကို တညီတညွတ်တည်း အသိအမှတ်ပြုကြပါတယ်။
ဒီနေရာမှာ ဆရာဗန်းမော်တင်အောင်ရဲ့ သမီးကြီး ဒေါ်တင်သန်းယု ရေးဖွဲ့ပြတဲ့ သူ့ဖခင့်အကြောင်းကို ဖော်ပြချင်ပါတယ်။ စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၀၉ ဇွန်လမှာ ထုတ်ဝေခဲ့တဲ့ “ကျမတို့အဖေ ကျမတို့အမေ” စာအုပ်မှာ ဒေါ်တင်သန်းယုက သူ့အဖေအကြောင်း အခုလို ပြန်ပြောပြပါတယ်။
“ကျမတို့မိသားစုမှာ အမြဲဆင်းရဲကျပ်တည်းခဲ့သည်။ သို့သော် ဖေဖေထောင်က ထွက်လျှင်သော်လည်းကောင်း၊ အပြင်တွင် ရှိစဉ်လည်းကောင်း၊ ဖေဖေ့ထံတွင် ငွေကြေးလာတောင်းခံသူ၊ ဖေဖေ့မိတ်ဆွေ ဒုက္ခရောက်နေသူများ တွေ့ဖူးသည်။ ဖေဖေ့စာအုပ်များ၊ ၀တ္ထုများ မထွက်ခင် ဖေဖေက မေမေ့ကို စာအုပ်ထွက်ပါက အိမ်သုံးစရိတ်ပေးမည်ဟု ပြောသော်လည်း မေမေ့ကို ကတိပေးထားသော ဂဏန်းအရေအတွက် တ၀က်မျှပင် မေမေ မရခဲ့ရှာ။ တခါတရံ လုံးဝပင် မရလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် မေမေ့ကို ပေးမည့် အိမ်စရိတ်များကို ဖေဖေ့မိတ်ဆွေများက လာရောက် တောင်းယူသွားသောကြောင့်ဖြစ်သည်။
တခါက ကျွန်မ မှတ်မိသည်မှာ ထောင်က ထွက်လာသော လူတယောက် သူ့ရပ်ရွာသို့ပြန်ရန် ဖေဖေ့ထံတွင် ငွေကြေးအကူအညီ လာတောင်းသည်။ ဖေဖေသည် သူ့ထံတွင် ငွေမရှိသောကြောင့် မီးဖိုထဲတွင် ထမင်းချက်နေသော မေမေ့ကို ချော့ကာ မေမေ့ထံမှ ပိုက်ဆံကို ယူပေးလိုက်သည်။ ထောင်က ထွက်လာသည့် လူ၏ပုဆိုးမှာ အောက်နားကွဲနေ၍ ထုံးချည်ထားရာ ဖေဖေက သူဝတ်ထားသော ပုဆိုးနှင့် လဲလှယ်ပေးလိုက်သည်။ ဖေဖေ့ကြောင့် ကျမတို့ ဗယာကြော်သုတ်ဖြင့် စားခဲ့ရပေါင်းများကြောင်း လည်း မှတ်မိနေပေသည်။ ဖေဖေ့ကို အခွင့်အရေးယူ၍ ငွေကြေး ချေးငှားသွားသူများသည် ဖေဖေ့ကို မည်သည့်အခါမှ ငွေကြေးပြန်ဆပ်လေ့မရှိ။ သို့သော် ဖေဖေက ဘာမှမပြောပါ။
ကျမကို ငယ်စဉ်က လမ်း (၄၀) လင်းယုန်သတင်းစာတိုက်သို့ ကျောင်းပိတ်ရက် စနေနေ့တွင် ခေါ်သွားလေ့ရှိသည်။ သားအဖ နှစ်ယောက် ဘတ်စ်ကားစီး၍ နံနက်တွင် သွားကြပြီး နေထိုင်ရာအိမ် မြေနီကုန်းသို့ ဘတ်စ်ကားဖြင့် ပြန်လေ့ရှိသည်။ တညနေ အိမ်အပြန်လမ်းတွင် ဖေဖေသည် ကျမကို သိမ်ကြီးဈေးနှင့် ဆေးရုံကြီး ရေခဲတိုက်ထောင့် (ယခု ခုံးကျော်တံတားဆောက်ထား သည့်နေရာ) လမ်းဘေးပလက်ဖောင်းပေါ်တွင် မိသားစုလိုက် ကောက်ရိုးများပေါ်တွင် အိပ်ဖို့ရာပြင်ဆင်နေကြသော တောင်းစားသူ လူအုပ်ကြီးထံသို့ ခေါ်သွားပြီး လက်ညှိုထိုးပြကာ “ဒီလူတွေ ပညာသင်ကြားခွင့်ရပြီး ဖေဖေတို့လို လုပ်ကိုင်စားပြီး ဖေဖေတို့နဲ့ လူတန်းစားတညီတည်းဖြစ်အောင် သူတို့ဘ၀ကို ဆောင်ကြဉ်းပေးရမယ် သမီး” ဟု ပြောခဲ့သည်ကို ယခုတိုင် ကျမ နားနှင့် မျက်စိထဲက မထွက်ပါ။ ထိုနေ့က ဖေဖေသည် မိမိဝတ်နေကျ ဘလေဇာကုတ်အင်္ကျီအိတ်အတွင်းမှ ပိုက်ဆံ၊ စက္ကူနှင့် အကြွေများ အားလုံးတို့ကို ထိုမိသားစုများအား သွားရောက်ဝေငှပေးသောကြောင့် ဖေဖေနှင့် ကျမမှာ သိမ်ကြီးဈေးမှ မြေနီကုန်းကားဂိတ်အထိ ပြည်လမ်းကြောအတိုင်း လမ်းလျှောက်ပြန်ခဲ့ကြရသည်။ ကားခပေးစရာ ပိုက်ဆံမရှိတော့သောကြောင့် ဖြစ်ပါသည်။
မိသားစုထက် မိမိယုံကြည်ချက်ကိုသာ သေသည့်တိုင်အောင် ဇွဲမလျှော့ဘဲ လျှောက်လှမ်းခဲ့သည့် ဖေဖေ့ကို လေးစားကြည်ညိုလျက် ဤခံစားချက်ကို ဖော်ပြအပ်ပါသည်။”
ဆရာဗန်းမော်တင်အောင်ဟာ ၁၉၇၈ ခုနှစ် အောက်တိုဘာလ (၂၃) ရက် တနင်္လာနေ့ ညနေ (၇) နာရီသာသာမှာ ရန်ကုန် ဆေးရုံကြီးမှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ပါတယ်။ ၁၉၂၀ ခုနှစ် ဇွန်လ (၉) ရက်နေ့ဟာ ဆရာ့မွေးနေ့ဖြစ်တာကြောင့် အသက် (၅၈) နှစ်နဲ့ (၄) လကျော် အရွယ်ကောင်းမှာ ဆရာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့ အကျဉ်းထောင်ထဲက ရလာတဲ့ ကျန်းမာရေးချို့တဲ့မှုဒဏ်တွေကြောင့် လူထုစာရေးဆရာ ဗန်းမော်တင်အောင် ကျဆုံးခဲ့ရတာဖြစ်ပါတယ်။
၁၉၇၈ အောက်တိုဘာ (၂၇) ရက် ဈာပနနေ့မှာ ကြံတောသုသာန်တခွင် ဆရာ့ကို ချစ်ခင်လေးစားကြတဲ့ လူထုပရိသတ်ကြီးနဲ့ ပြည့်လျှံနေပါတယ်။ နေ၀င်ပြီး အမှောင်ထုကြီးစိုးနေချိန်အထိ လူထုပရိသတ်အများအပြား ကြံတောသုသာန်ထဲမှာ ကျန်ရှိနေဆဲတွေ့ရပါတယ်။ ဆရာ့အုတ်ဂူဘေးမှာ လူငယ်တွေ တသုတ်ပြီးတသုတ် ဂါရ၀ပြုနေကြဆဲ၊ သန္နိဋ္ဌာန်ပြုနေကြဆဲ ပုံရိပ်ဟာ မမေ့နိုင်စရာပါပဲ။ ဗန်းမော်တင်အောင်ဟာ မျိုးဆက်သစ်လူငယ်တို့ရဲ့ လမ်းပြလင်းယုန်ကြီးပါပဲ။
အာဏာရှင်တွေ တယောက်ပြီးတယောက် မလှမပ ဇာတ်သိမ်းခဲ့ကြပေမယ့် လူထုစာရေးဆရာ ဗန်းမော်တင်အောင်ရဲ့ နာမည်ဂုဏ်သတင်းကတော့ ယခုတိုင် တောက်ပြောင်ထွန်းလင်းဆဲ။ ကောင်းကင်ထိပ်ဖျားမှာ လင်းယုန်ငှက်က ၀ဲပျံနေဆဲ။
(၂၃၊ ၁၀၊ ၁၉၇၈ နေ့က ကွယ်လွန်ခဲ့သော ဆရာဗန်းမော်တင်အောင်သို့ အမှတ်တရ …)

donderdag 15 oktober 2009

NLD ၏ နိုင်ငံရေးအမြင် EU ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမေးမြန်း

 

အောက်တိုဘာ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသော အနောက်တိုင်း သံတမန်များ (ဓာတ်ပုံ - ရိုက်တာ)
Thursday, 15 October 2009 17:45 အေးလဲ့
.ဥရောပ သမဂ္ဂ (EU) နှင့် အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ အပါအဝင် ကိုယ်စားလှယ်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို ယမန်နေ့က တွေ့ဆုံပြီး၂၀၁၀ ရွေးကောက်ပွဲ၊ စီးပွားရေး ပိတ် ဆို့မှုရုပ်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့် စသည့်အချက် ၃ ချက်နှင့် ပတ်သက်၍ သဘော ထားအမြင်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

ယမန်နေ့က NLD ဗဟို အလုပ်အမှုဆောင်(CEC)မှ ဦးဝင်းတင် အပါအဝင် အဖွဲ့ဝင် ၆ ဦးနှင့် လက်ရှိ EU ဥက္ကဌ တာဝန်ယူထားသော ဆွီဒင် သံအမတ် ဦးဆောင်မှုဖြင့် ရန်ကုန်အခြေစိုက် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ သံတမန်များအပါအဝင် ကိုယ်စားလှယ် ၂၀ တို့သည် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ မွန်လွဲပိုင်း ၂ နာရီ ခွဲ မှ စတင်၍ အချိန် ၁ နာရီ ကျော်ကြာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ၆ ဦး မှာ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေ နှင့် ဦးဝင်းတင်တို့ ဖြစ်ကြောင်း သိရသည်။
ယင်းသို့တွေ့ဆုံရာတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ NLD ၏ သဘောထား၊ ဒေါ်အောင်ဆန်း စုကြည်က စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် သည့်အပေါ် NLD ၏ သဘောထားနှင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးကို NLD က တောင်းဆိုခြင်းသည် အာဏာခွဲဝေရေး ရည်ရွယ်ချက်(သို့မဟုတ်) မည်သည့် ရည်ရွယ်ဖြစ်ကြောင်း အချက် ၃ ချက်ကို မေးမြန်းခဲ့သည်ဟု ထိုဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ NLD ဗဟို အလုပ်အမှုဆောင်(CEC)အဖွဲ့ဝင် ဦးခင်မောင်ဆွေ ကပြောပြသည်။
ဦးခင်မောင်ဆွေ က“နံပါတ် (၁) မေးခွန်းကိုတော့ တရားဝင်ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်အတိုင်း အခုအချိန်အထိ ရပ်တည်ထားပါတယ်၊ တကယ်လို့ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီ ဥပဒေ ထွက်လာလို့ စဉ်းစားကြရမယ်ဆိုရင် အဆင့်ဆင့်သော ခေါင်းဆောင်တွေနဲ့ ညီလာခံခေါ်ယူပြီးတော့ ဆုံး ဖြတ်မယ်ဆိုတာကို ရှင်းပြတယ်၊ ဒါကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ တွေ့ခွင့်ရှိမှ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်”ဟု ပြန်လည်ဖြေဆိုခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်သော NLD ရွှေဂုံတိုင်ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သုံးသပ်ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး အလွှာ အသီးသီး ပါဝင်နိုင်ရေးနှင့် နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရ က လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း သဘောထား ဖော်ပြခဲ့သည်။
စီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ကိစ္စအပေါ် NLD ခေါင်းဆောင်များအားလုံးက သဘောတူညီကြောင်း ဖြေဆိုခဲ့သည်ဟု သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခွင့်တောင်းဆိုခြင်းမှာ နိုင်ငံရေးအာဏာရယူရန် မဟုတ်ကြောင်းနှင့် ပြည်သူများကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရန် ဦးဆောင်ပေးရေးအတွက် ဖြစ်သည်ဟု ပြောကြားခဲ့ ကြောင်းလည်း ဦးမောင်ဆွေက ဆိုသည်။
စစ်အစိုးရက ၎င်းတို့ စိတ်ကြိုက် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ၂၀၀၈ ခုနှစ် မေလတွင် လူထုဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုချက်အရ ထောက်ခံမဲ ၉၀ ရာနှုန်းကျော်ရရှိကြောင်း ကြေညာခဲ့သည်။
ယမန်နေ့က လာရောက်တွေ့ဆုံသော သတမန်များတွင် ရန်ကုန်အခြေစိုက် သံတမန်များအပြင် စပိန်၊ နယ်သာလန်၊ ပိုလန်၊ ဖင်လန် သံတမန်များ ပါဝင်ကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို ကူညီနိုင်ရန် သဘောထားဖြင့် လာရောက်ခြင်းဖြစ်သည့်အတွက် အကျိုး တစုံတရာ ရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။
“အခုလို နိုင်ငံတကာကို ကျနော်တို့ ပါတီရဲ့ ရပ်တည်ချက်တွေကို ပြောခွင့်ရတဲ့အတွက် ကြိုဆိုရမှာဖြစ် ပါ တယ်၊ နိုင်ငံရေးပြဿနာတွေကော အခြေခံဥပဒေဆိုင်ရာ ပြဿနာတွေအားလုံးကို ရွှေဂုံတိုင်စာတမ်းပါ အတိုင်းပဲ တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ အားလုံးက အဖြေတွေ့နိုင်မယ်၊ အဲဒီအတွက် တွေ့ဆုံဆွေးနွေး ရေးကို အရောက်သွားဖို့လိုပါတယ်၊ ပြီးမှသာ ရွေးကောက်ပွဲဆိုတာ စဉ်းစားရမယ့်အနေအထားဖြစ်တယ်”ဟု ၎င်း က ဆိုသည်။
အလားတူ ပြီးခဲ့သည့်အပတ် သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၾသစေတ်းလ်၊ အမရိကန်နှင့် ဗြိတိန် သံအမတ် သုံးဦးတို့ သည်လည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့နောက် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့ကြသည်။

မြန်မာ အလုပ်သမားများထံမှ ထိုင်းရဲက ငွေညှစ်

Thursday, 15 October 2009 19:03 ဘစောတင်
.ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့ အကန်ခ မြို့နယ်တွင် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား ၁၄ ဦးထံမှ ဒေသခံရဲများက အလုပ်နေရာ ပြောင်းလုပ်သည်ဟု အကြောင်းပြကာ ဘတ်ငွေ ၃၁၀၀၀ (ကျပ် ၁၀ သိန်းခန့်) ကို တောင်းယူ သွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းအလုပ်သမား လက်မှတ်ကိုင်ဆောင်ထားသူ မုံရွာမြို့သား ကိုမောင်ဇော် အပါအဝင် မြန်မာအလုပ်သမား ၁၄ ဦးသည် မူရင်းအလုပ်ရှင်ထံတွင် အလုပ်ပါးနေသောကြောင့် တခြားသော လုပ်ငန်းခွင်တွင် ၎င်းတို့ သူဌေး ၏ ခွင့်ပြုချက်ဖြင့် သွားရောက်အလုပ်လုပ်စဉ် ယမန်နေ့ နေ့လယ်က ငွေတောင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့တွေက ကိုယ့်သူဌေးဆီမှာ အလုပ်မရှိလို့ သူဌေးရဲ့ ခွင့်ပြုချက်နဲ့ သွားလုပ်တာကို ရဲက နေရာ ပြောင်းလုပ်တယ် ဆိုပြီး လာဖမ်းတာပါ” ဟု ကိုမောင်ဇော်က ပြောသည်။
ကိုမောင်ဇော်၊ ဦးမြင့်သိန်း၊ ကိုနိုင်၊ ကိုအောင်ဝင်း၊ မချို နှင့် ကိုဇေယျာတို့မှာ ထိုင်းသူဌေး ဖိစုံမတ်၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်ခဲ့ကြပြီး ၎င်းတို့၏ လက်မှတ်များကိုလည်း ထိုသူဌေးထံတွင် အပ်နှံထားသည်ဟု ဆိုသည်။ ၎င်းတို့သူဌေး အလုပ်မကောင်းသောကြောင့် အလုပ်ခွင် ပြောင်းလုပ်စဉ် ထိုင်းရဲက ငွေတောင်းသဖြင့် သူဌေးထံမှ ဘတ် ၁၅၀၀၀ ကို ချေးထားရကြောင်း ကိုမောင်ဇော်က ရှင်းပြသည်။
ကိုမောင်ဇော်တို့နှင့်အတူ လာအလုပ်လုပ်ကြသော တခြားသူဌေးထံမှ မြန်မာအလုပ်သမား ၇ ဦးတို့မှာလည်း ဖူးကက်ရဲကို ဘတ် ၁၆၀၀၀ ပေးခဲ့ရကြောင်း သိရသည်။
ရဲများက ၎င်းတို့ ၁၄ ဦးကိုဖမ်းသွားပြီး ရဲစခန်းရှိ ရုံးအတွင်းသို့ ခေါ်မသွားဘဲ ရုံးနောက်ဘက်မှ အဆောက်အဦ တခုတွင် ထားကာ အလုပ်ရှင်ထံသို့ ငွေပေးရန်ညှိနှိုင်းခဲ့သည်။ အလုပ်ရှင် သူဌေး၏ စာရေးမက ငွေလာပေး သောအခါမှ သူတို့ကို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါ အလုပ်သမားများ အလုပ်လုပ်ကိုင်ရာ အကန်ခမြို့နယ်နှင့် အနီးဆုံးဖြစ်သော ၀ါချလောင် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ စခန်းမှူးက “ကျနော်တို့ စခန်းမှာ မြန်မာ ၁၄ ဦးကို ဖမ်းပြီး ငွေဒဏ်ရိုက်တဲ့ အမှု မရှိပါဘူး၊ ဒီလိုပဲ ရဲတွေအနေနဲ့လည်း အလုပ်သမားတွေဆီက ငွေညှစ်တာမျိုး လုပ်ခွင့် မရှိပါဘူး၊ မကျေနပ်ရင် လာတိုင်လို့ ရပါတယ်” ဟု ပြောဆိုခဲ့သည်။
“အလုပ်သမားတွေ ခရိုင်တခုတည်းမှာ အလုပ်ရှင်သဌေးနဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းတွေကို နေရာပြောင်းလဲ လုပ်နိုင်တယ်၊ တကယ်လို့ ရဲက ဥပဒေအရ ၀င်ဖမ်းရင်လည်း တရားရုံးမှာ ဒဏ်ငွေရိုက်ရမှာက အလုပ်ရှင် ကိုပဲ၊ အလုပ်သမားတွေဆီက အခုလို ရဲက ယူတယ်ဆိုရင်တော့ ဥပဒေရဲ့ပြင်ပကိုရောက်သွားပြီ” ဟု ဖူးကက်ခရိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှ ဥပဒေအရာရှိ အမျိုးသမီးတဦးက ပြောသည်။
ယခုတလော ဖူးကက်မြို့နှင့် အနီးတဝိုက်ရှိ ဆောက်လုပ်ရေးဆိုဒ်များကို ရဲများက ၀င်ရောက်ကာ ငွေ တောင်းခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် အလုပ်မဆင်းရဲဘဲ ရှောင်ပုန်းနေရကြောင်း မြန်မာ ဆောက်လုပ်ရေးလုပ်သား ကိုဇော်မိုးက ပြောသည်။
“အလုပ်သမား လက်မှတ်ရှိရဲ့သားနဲ့ အခုလို အဖမ်းခံရ၊ ဒဏ်ရိုက်ခံရတယ်ဆိုတော့ ဒီလက်မှတ်က ကျနော်တို့ကို ဘယ်လိုများ အကာအကွယ်ပေးသလဲဆိုတာကို နားမလည်တော့ဘူး” ဟု ကိုမောင်ဇော်က ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ၂ သန်းမှ ၄ သန်းအထိ ရှိကြောင်း အလုပ်သမားရေးရာ ဆောင်ရွက်သူများ ထံမှ သိရသည်။

စစ်အစိုးရအား ပိုမိုဖိအားပေးရန် ဂျပန်အစိုးရသစ်ကို တောင်းဆို

Thursday, 15 October 2009 18:34 ရန်ပိုင်
 .မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနမှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Tesuro Fukuyama တို့ ယမန်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့သည် ဟုသိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ ( NCUB ) မှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုတွင် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍကို ယခုထက် ပိုမို တိုး မြှင့် ရန်အတွက် တိုက်တွန်းပြောကြားခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဧရာဝတီသို့ပြောသည်။
“ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားသည့် နိုင်ငံခြားရေးပေါ်လစီကတော့ ဒီမိုကရေစီကို အားပေးတဲ့ မူပေါ် မှာပဲ ရပ်တည်နေပါတယ်၊ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ အမြင်ကိုလည်း ဂရုတစိုက် လေ့လာနေပါ တယ်”ဟု အဆိုပါဌာနမှ ပြောသည်။
ထိုသို့တွေ့ဆုံမှုတွင် မြန်မာစစ်အစိုးရအပေါ်ဂျပန်နိုင်ငံအနေဖြင့်ယခုထက်ပိုပြီး ဖိအားပေးရန်၊ အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေးကို ဆွေးနွေးရန် ဦးမောင်မောင်က အကြံပေးကြောင်း အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ဂျပန်အလုပ်သမား သမဂ္ဂများ အဖွဲ့ ချုပ်၏ နိုင်ငံတကာရေးရာဋ္ဌာန ညွန်ကြားရေးမှုးချုပ် Chihiro Ikusawaက ဆိုသည်။
လာမည့် ၂၀၁၀ရွေးကောက်ပွဲကိုလည်း သန့်ရှင်းပြီး မျှတသည့် ရွေးကောက်ပွဲဖြစ်ရန်အတွက် ဂျပန်နိုင်ငံမှ အမြဲ တမ်းကိုယ်စားလှယ်ထားရှိရန်လည်း တင်ပြသွားကြောင်းသိရသည်။
ယင်းသို့ မြန်မာ့အတိုက်အခံများ နှင့် ဂျပန်နိုင်ငံခြားရေးဋ္ဌာနတို့တွေ့ဆုံမှုသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိ သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ရက်နေ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ် သော ဦးဝင်းတင်အား မြန်မာနိုင်ငံရှိ ဂျပန်သံရုံး ကောင်စစ်ဝန်က ခေါ်ယူတွေ့ဆုံခဲ့သေးသည်။
လက်ရှိ ဂျပန်အစိုးရသစ်က ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍကို လက်ရှိအနေအထားထက် ပိုမိုမြှင့်တင်သွားမည်ဟုကြွေးကြော်ခဲ့ပြီး ယခင်အစိုးရ၏ မြန်မာစစ်အစိုးရအပေါ်ထားရှိသည့် မူဝါဒကိုလည်း ဝေဖန်ပြောကြားခဲ့သည်။
မကြာသေးခင်ကလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်စုရာ အိုကာဒါ က မြန်မာအစိုးရ အနေနှင့် ၎င်းတို့ ဖော်ဆောင်နေသည့် ဒီမိုကရေစီလုပ်ငန်းစဉ်အရ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး ကြီးမား သော အခွင့်အရေးတရပ်ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြသရန်နှင့် ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် ကမ္ဘောဒီးယား နိုင်ငံ စီယံ ရိ(ပ်) တွင် ကျင်းပသော မဲခေါင်-ဂျပန် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းအားပြောဆိုခဲ့သည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား အဓိကအကူအညီပေးနေသော နိုင်ငံတခုဖြစ်ပြီး ၁၉၉၉ခုနှစ်မှ ၂၀၀၆ခုနှစ် အတွင်း ဖွံဖြိုးတိုးတက်ရေးအကူအညီ (ODA ) အမေရိကန်ဒေါ်လာ ဘီလျံ ၂.၉၆သန်း ထောက်ပံ့ခဲ့သည်ဟု သိရ သည်။
သို့သော် ၂၀၀၇ခုနှစ် ရွှေဝါရောင်သံဃာလှုပ်ရှားမှုအတွင်း ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ အသတ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ထိုအကူအညီကို ခေတ္တ ရပ်ဆိုင်းခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နေအိမ်အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ချခဲ့ သည့်အပေါ်တွင် ဂျပန်အစိုးရက စိတ်ပျက်မိကြောင်း ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုက စစ်အစိုးရအပေါ်တွင်ထားရှိသည့် စီးပွားရေးပိတ်ဆိုမှု ကိုမရုပ်သိမ်းဘဲတွေ့ဆုံ ဆွေး နွေးသည့် မူဝါဒကို ဂျပန်အစိုးရ အနေဖြင့် ထောက်ခံကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောသည်။

ဖွတ်မရ ဓားမပါ ဆုံးကြရမည့် မြန်မာအလုပ်သမားများဘဝ

ရဲရင့် (သတင်းဆောင်းပါး)





၁၄ အောက်တိုဘာ ၂၀၀၉
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်နေသည့် အစီအမံသစ်များကြောင့် ထိုင်းနိုင်ငံအတွင်း သန်းချီရောက်ရှိနေသည့် မြန်မာအလုပ်သမားများ ရင်ဆိုင်နေရသည့် ခါးသီးမှုများမှာ တနေ့ထက်တနေ့ အခြေအနေများ ပို၍သာဆိုးရွားလာသည်ဟု အလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့များက သုံးသပ်ပြောဆိုကြသည်။
ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရတို့ပူးပေါင်းပြီး ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် နိုင်ငံသားစိစစ်ရေးပြုလုပ်မှု နားလည်ခြင်း စာချွန်လွှာကို ၂၀၀၃ ခုနှစ် ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါသဘောတူညီမှုအရ ထိုင်းနိုင်ငံရောက် တရားမ၀င် မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိရေး၊ လူကုန်ကူးမှုမခံရရေးနှင့် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရရေးတို့အတွက် ၂၀၀၈ ခုနှစ်တွင် လုပ်ငန်းစတင် အကောင်အထည် ဖော်ခဲ့ပြီး မြန်မာနိုင်ငံသားများသားအတွက် နိုင်ငံသားစိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို ၂၀၀၉ ခုနှစ် ဇူလိုင်လ (၁၅) ရက်တွင် စတင်ပြုလုပ်ခဲ့သည်။
ထိုင်းတွင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာ (၁၀) သိန်းခန့်ရှိပြီး ရှေ့နှစ် ဖေဖော်ဝါရီလ (၂၈) ရက်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ နောက်ထပ်သက်တမ်း တိုးမပေးတော့ဘဲ ဆက်လက် အလုပ်လုပ်လိုသူများသည် မြန်မာနိုင်ငံမှထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် ပါရှိရမည်ဖြစ်ပြီး မရှိသူများကို ဖမ်းဆီးအရေးယူမည်ဟု ထိုင်းဘက်က ကြေညာထားသည်။
ဘန်ကောက်၊ မဟာချိုင်ဒေသ ငါးသေတ္တာအလုပ်ရုံမှ မြန်မာအလုပ်သမားတဦးက “ဒီနှစ်ကုန်ရင် မြန်မာတွေ အားလုံးပြန်ရမယ်။ တရားဝင်အလုပ်သမားဖြစ်အောင် နိုင်ငံသား စိစစ်မှုပြန်လုပ်ပြီးမှ ထိုင်းကို ပြန်ဝင်ခွင့်ရမယ်။ ဒါပေမယ့် ယာယီနိုင်ငံကူးလက်မှတ် ကိစ္စကို အလုပ်သမားတွေ စိတ်ဝင်စားမှုနည်းတယ်။ သွားမှာလာမှာနဲ့ ကုန်ကျမှာနဲ့ဆိုရင် အများစု မလုပ်ချင်ကြဘူး။ ဒီကြားထဲ လက်မှတ်လုပ်တဲ့သူတွေရဲ့ မိဘဆွေမျိုးတွေ ဖမ်းဆီးခံရတာ၊ ငွေညှစ်ခံရတာတွေရှိတော့ အများစုက ပြန်မလုပ်ချင်ကြဘူး။ ဒီကိစ္စထိုင်းနဲ့ မြန်မာအစိုးရပဲ အခွန်အကောက်တွေ ရရှိမှာဖြစ်ပြီး အလုပ်သမားတွေကတော့ ဆင်းရဲမွဲတေမှုနွံထဲကနေ ရုန်းထွက်လို့မရတဲ့အပြင် အကြွေးသံသရာမှာပဲ လည်နေကြရမှာဖြစ်တယ်” ဟု ပြောသည်။
(၂) နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် အမှန်တကယ်ကုန်ကျငွေမှာ မြန်မာဘက်တွင် ကျပ် (၃,၀၀၀) နှင့် ထိုင်းဘက်တွင် ဘတ် (၂,၀၀၀) သာ ကုန်ကျသော်လည်း အလုပ်ရှင်နှင့် ပွဲစားများပေါင်းကာ တဦးလျှင် ဘတ် (၈) ထောင်မှ (၁) သောင်းအထိယူပြီး ပြုလုပ်ပေးနေသဖြင့် အလုပ်သမားများ ကြွေးနွံနစ်ရမှုများ ပို၍တိုးပွားလာခဲ့သည်။
ထိုင်းရှိ မြန်မာအလုပ်သမားအများစုမှာ အမှန်တကယ်ကုန်ကျမည့် ငွေနှင့် သတင်းအချက်အလက်များကို တိကျမှန်ကန်စွာ မသိကြသောကြောင့် အလုပ်ရှင်နှင့် ပွဲစားများ၏ခေါင်းပုံဖြတ်ခြင်း ခံနေကြရသည်။
သတင်းအချက်အလက် အမှန်အကန် သိရှိနိုင်ရန်အတွက် မြဝတီရှိ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးမှ ထုတ်ဝေဖြန့်ချိသည့် လက်ကမ်းစာစောင်တွင် မြန်မာအလုပ်သမားများ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ်များ ဖော်ပြထားသော်လည်း ရေရာသည့်ဖြေဆိုမှုမျိုးမရှိဟု ဆက်သွယ်မေးမြန်းသူများက ပြောကြသည်။


  လက်မှတ်လျှောက်ထားသူများ၏ မိဘဆွေမျိုးသားချင်းများကို သက်ဆိုင်ရာ အာဏာပိုင်များက မတရားခြိမ်းခြောက်ပြီး ငွေတောင်းခံမှုများ ဖြစ်ပေါ်နေသည့် ကိစ္စများနှင့် ပတ်သက်၍ မြဝတီမြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်းနင်းရေး အထူးအဖွဲ့ရုံး ဖုန်း ဝ၈၇-၅၂၅၉၇၈၃ သို့ ဘန်ကောက်မြို့၊ ဘန်နားရှိ ရေခဲစက်ရုံအလုပ်သမားတဦးက ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျအရာရှိတဦးက “မြန်မာပြည်က အကျယ်ကြီးပဲ၊ ကျနော်တို့ အားလုံးဘယ်သိနိုင်မှာလဲ။ တနေ့တနေ့ ဖြေရတဲ့ဖုန်းတွေက အများကြီးပဲ။ ဒါတွေက ပေါက်ကရတွေပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါအလုပ်သမားက ၎င်းသည် ယာယီနိုင်ငံကူးလက်မှတ်လျှောက်ရန် ကိုယ်ရေးအချက်အလက်များ ပေးပြီးသည့်နောက်ပိုင်း ကရင်ပြည်နယ်လှိုင်းဘွဲ့ရှိ ၎င်း၏မိဘများနေအိမ်သို့ ရဲနှင့်စစ်တပ်မှ လာရောက်ခြိမ်းခြောက်ပြီး ငွေကျပ် (၁) သိန်း တောင်းခဲ့သည့်အတွက် လက်မှတ်မလုပ်ရန် မိဘများက အကြောင်းကြားခဲ့ကြောင်း ပြောကြားခဲ့သည်။ အလားတူဖြစ်ရပ်မျိုး ကရင်ပြည်နယ်အတွင်းရှိ နေရပ်ဒေသအချို့၌လည်း ဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ရှိ မြန်မာအလုပ်သမားအချို့က ပြောသည်။
၂ဝဝ၉ ခုနှစ် ဇူလိုင်လမှသြဂုတ်လအထိ ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများကို ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရာတွင် မြန်မာအလုပ်သမား (၁ဝ) သိန်းနီးပါးခန့် မှတ်ပုံတင်ခဲ့ကြသော်လည်း လွန်ခဲ့သည့် ဇူလိုင်လ (၁၅) ရက်နေ့မှစတင်၍ မြန်မာနယ်စပ်မြို့များဖြစ်သည့် ကော့သောင်း၊ မြဝတီနှင့် တာချီလိတ်မြို့တို့တွင် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာ (၂၁) ရက်နေ့အထိ သွားရောက်လျှောက်ထားသူ (၁,၄၅၅) ဦးသာ ရှိသည့်အတွက် ပမာဏအားဖြင့် အလွန်နည်းပါးသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောဆိုသည်။
မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများ၏အရေး ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းလူ့အခွင့်အရေးအဖွဲ့တခု၏ရုံးမှ ထိုင်းရှေ့နေတဦးက “လက်ရှိ မြန်မာဘက်က နိုင်ငံသားစိစစ်မှုနှုန်းအရဆိုရင် ဘယ်လိုမှအလုပ်မဖြစ်နိုင်ဘူး။ ဒီကိစ္စအတွက် ထိုင်းအစိုးရဘက်က အချိန်ထပ်တိုးပေးရမယ့် အနေအထားရှိတယ်။ အဲလို တခုခုစီစဉ်ဆောင်ရွက်ပေးတာ မရှိရင်တော့ ထိုင်းအစိုးရနေနဲ့ တရားမဝင်အလုပ်သမား ပြဿနာနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲကိစ္စတွေကို ရင်ဆိုင်ရမှာဖြစ်တယ်။ အခုအခြေအနေကို ကြည့်ရတာ မြန်မာအလုပ်သမားတွေက သူတို့အစိုးရကို အယုံအကြည်မရှိတဲ့ သဘောဖြစ်နေတယ်” ဟု ပြောသည်။
“လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုရင် သူ့နိုင်ငံသားတွေကို နိုင်ငံသားစိစစ်မှုအတွက် ထိုင်းကနေ ကိုယ့်နိုင်ငံကို ပြန်ဖို့မလိုဘူး။ လာအိုအစိုးရက ထိုင်းနိုင်ငံထဲကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး နိုင်ငံသားစိစစ်မှုပြုလုပ်ပေးတဲ့အတွက် အလုပ်သမားတွေရဲ့ ပူးပေါင်းပါဝင်မှုကို ရရှိခဲ့တယ်။ မြန်မာအစိုးရအနေနဲ့ အဲဒီနိုင်ငံတွေလိုလုပ်မှပဲ အဆင်ပြေနိုင်မယ်” ဟုလည်း ၎င်းက ပြောသည်။
နိုင်ငံသားစိစစ်မှု သဘောတူညီမှု စာချွန်လွှာကို ၂ဝဝ၂ ခုနှစ်တွင် ထိုင်းနှင့်လာအို၊ ၂ဝဝ၃ ခုနှစ်တွင် ထိုင်းနှင့် ကမ္ဘောဒီးယား၊ ထိုင်းနှင့်မြန်မာတို့ အသီးသီးလက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိအချိန်ထိ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်များက ဘန်ကောက်တွင် ရုံးများဖွင့်ထားပြီး ၎င်းတို့နိုင်ငံသားများအတွက် ဝန်ဆောင်မှုများပေးလျက်ရှိသည်။ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် အလုပ်သမားများအနေဖြင့် ခရီးဝေးသွားစရာမလိုဘဲ ငွေကုန်ကြေးကျနည်းကာ ဘန်ကောက်မြို့တွင် နေ့ချင်းပြီးပြုလုပ်နိုင်သည်။


  လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကဲ့သို့ မြန်မာဘက်မှ ဘန်ကောက်တွင် ရုံးဖွင့်၍ဝန်ဆောင်မှုပေးမည်ဆိုလျှင် မြန်မာအလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုကို ရရှိမည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “လာအိုနဲ့ ကမ္ဘောဒီးယားလို စနစ်မျိုးလုပ်သင့်တယ်။ နောက်ပြီးတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ လျှော့ပေါ့ပေးရမယ်။ အလုပ်သမားတွေရဲ့ ယုံကြည်စိတ်ချမှုကိုလည်း ပြန်လည်တည်ဆောက်ရမယ်။ အဲလိုမှ မလုပ်ရင်တော့ ဘယ်သူမှ အယုံအကြည်ရှိမှာမဟုတ်ဘူး” ဟု ပြောသည်။
ထိုင်းအလုပ်သမားမှတ်ပုံတင်ရှိသူများသာ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ရှိပြီး ထိုင်းအလုပ်ရှင်နှင့်အတူ မြ၀တီ၊ ကော့သောင်း၊ တာချီလိတ် နယ်စပ်မြို့တို့တွင် မြန်မာမှတ်ပုံတင်မူရင်းနှင့် သွားရောက်ရမည်ဖြစ်သည်။ ထိုင်းအလုပ်သမား လက်မှတ်မရှိသူများ လျှောက်ထားခွင့်မရှိဟုလည်း ထိုင်းနှင့်မြန်မာဘက်က ကြေညာထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက ပြီးခဲ့သည့် ဇူလိုင်မှသြဂုတ်လ (၂၈) ရက်အထိ အလုပ်သမားမှတ်ပုံတင်ရန် အချိန်ကန့်သတ်ပေးခဲ့ပြီး ယင်းကာလအတွင်း မှတ်ပုံတင်မပြုလုပ်သူများသည် တရားမ၀င် အလုပ်သမားများအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
ထိုင်းအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏တာဝန်ခံ ဦးမိုးဆွေက “မြန်မာအလုပ်သမားတွေ လက်မှတ်လုပ်တာ နည်းပါးရတာက လက်မှတ်လျှောက်တဲ့ လူတွေရဲ့ ဆွေမျိုးသားချင်းတွေ ငွေညှစ်ခံရတဲ့ပြဿနာတွေကြောင့်ပါ။ လက်မှတ်လျှောက်တဲ့ မဟာချိုင်က အလုပ်သမတဦး ပုံစံဖြည့်ပြီး မကြာဘူး၊ သူ့အိမ်က ဖုန်းဆက်လာတယ်၊ အိမ်ကို လာခြိမ်းခြောက်ပြီး တလ ကျပ် (၃) သောင်း တောင်းတယ်၊ မလုပ်နဲ့တော့လို့ပြောတယ်။ ဒီလိုမျိုး အာဏာပိုင်တွေရဲ့ မရိုးသားမှုတွေကြောင့် ဖြစ်ရတာ” ဟု ပြောသည်။
ထိုင်းအလုပ်ရှင်နှင့်အတူ သက်ဆိုင်ရာဒေသ အလုပ်သမားရုံးတွင် တင်သွင်းရသည့် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ၏ လျှောက်လွှာကို ထိုင်းအလုပ်သမားရုံးမှတဆင့် ဘန်ကောက်ရှိ မြန်မာသံရုံးသို့ ပေးပို့ကာ မြန်မာနိုင်ငံသို့ နိုင်ငံသားစိစစ်ရန် ထပ်မံပို့ဆောင်ပေးခြင်းဖြစ်သည်။
မြန်မာဘက်မှအာဏာပိုင်များက လျှောက်ထားသူ၏ နေရပ်ဒေသသို့ သွားရောက်၍ နိုင်ငံသားစိစစ်စစ်ဆေးရာတွင် မတရားအကျပ်ကိုင် ခြိမ်းခြောက်ငွေညှစ်မှုများ ရှိနေသည်မှာ မှန်ကန်ကြောင်း ဘားအံမြို့နယ် သံလွင်မြစ်ကမ်းနံဘေးရှိ ကျေးရွာတရွာမှ ကိုယ်တွေ့ကြုံခဲ့ရသူတဦးကလည်း ပြောဆိုသည်။
ဘန်ကောက် ပထုံဌာနီ ပလတ်စတစ်စက်ရုံမှ အလုပ်သမားတဦးကမူ အလုပ်ရှင်များက ယာယီနိုင်ငံကူးလက်မှတ်အတွက် လက်မှတ်လုပ်လိုသူတဦးလျှင် ဘတ်ငွေ (၁) သောင်းခန့် အဆမတန် တောင်းသည့်အတွက်ကြောင့် အလုပ်သမားအများစုက စိတ်ဝင်စားမှုနည်းကြကြောင်း ထောက်ပြပြောဆိုသည်။
အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များကလည်း ထိုင်းအလုပ်ရှင်အများစုသည် မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူး လက်မှတ်လျှောက်ထားမှုကို မလိုလားကြကြောင်း၊ ယခင်ကဲ့သို့ အလုပ်သမားများအပေါ် သက်သာသည့် လုပ်အားခဖြင့် ခေါင်းပုံဖြတ်နိုင်ရန် အခွင့်အလမ်းများ နည်းပါးလာခြင်းကြောင့်ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။
မဲဆောက်မြို့ရှိ အိုမီဂါ အထည်ချုပ်စက်ရုံမှ မြန်မာမန်နေဂျာတဦးက “အလုပ်ရှင်အများစုကတော့ ယာယီနိုင်ငံကူး လက်မှတ်ကိုင်မှာကို မပြောနဲ့ ထိုင်းအလုပ်သမား မှတ်ပုံတင်လုပ်တာတောင် မကြိုက်ကြဘူး။ ကျနော်တို့ စက်ရုံမှာဆိုရင် အလုပ်သမားပေါင်း (၁,၀၀၀) နီးပါးရှိတယ်။ သူတို့ အများဆုံး တနေ့ ဘတ် (၈ဝ) ပဲရတယ်။ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်းမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံး တနေ့လုပ်အားခက (၁၅၁) ဘတ် ဖြစ်တယ်ဆိုတော့ အလုပ်ရှင်က အလုပ်သမားတယောက်အပေါ်မှာ တနေ့ဘတ် (၇ဝ) အမြတ်ရတယ်။ လူ (၁,၀၀၀) ဆိုတော့ တလကို (၂၁) သိန်း အနည်းဆုံးရတယ်။ တရားမဝင်အလုပ်သမား အသုံးပြုတဲ့အတွက် ဆိုင်ရာကို ပေးကမ်းရတာ အလွန်ဆုံးတလ (၁) သိန်းပဲ။ ဒါကြောင့် အလုပ်ရှင်တွေက တရားမဝင် အလုပ်သမားတွေကို ပိုကြိုက်ကြတာဖြစ်တယ်”ဟု ရှင်းပြသည်။
ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မြင့်က လွန်ခဲ့သည့် ဇူလိုင်လ (၁၁) ရက်နေ့က ထိုင်းနိုင်ငံတွင် ထိုင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံအပြီးတွင် “ကျနော်တို့ အခုလုပ်တဲ့ လုပ်ငန်းစဉ်ဟာ မြန်မာအလုပ်သမားတွေကို အကာအကွယ်ပေးဖို့အတွက် ဖြစ်တယ်။ အလုပ်သမားတွေကို အခွန်ကောက်တာ၊ မိသားစုတွေအပေါ် တစုံတရာ ငွေကြေးကောက်ခံတာတွေ ပြုလုပ်မယ်ဆိုတာတွေဟာ ကောလာဟလများသာဖြစ်တယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
သို့သော် ယာယီနိုင်ငံကူးလက်မှတ်ရရှိသူအချို့ ဘန်ကောက်အပါအဝင် သက်ဆိုင်ရာဒေသအလုပ်ခွင်များသို့ ပြန်ရောက် ရှိချိန်တွင် ၎င်းတို့ ယာယီနိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က သိမ်းထားလိုက်ပြီး လုပ်အားခမှာလည်း ထိုင်းနိုင်ငံတွင် ဒေသအလိုက် သတ်မှတ်ထားသည့် နှုန်းထားများမရရှိကြသည့်အပြင် လက်မှတ်သွားလုပ်စဉ် ကုန်ကျငွေ ဘတ် (၁) သောင်းခန့် ကိုလည်း အရစ်ကျပေးသွင်းနေရသည်ဟု လက်မှတ်သိမ်းဆည်းခံရသူတဦးက ပြောသည်။
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက နာယက၊ သံမှူးကြီးက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ဖွဲ့စည်းမည်ဟု အစိုးရမီဒီယာများတွင် လွန်ခဲ့သည့်ဇူလိုင်လလယ်က ကြေညာခဲ့သော်လည်း အလုပ်သမားများအတွက် ယနေ့အထိ တစုံတရာအကူအညီပေးမှု မရှိသေးဟု လေ့လာသူများက ပြောသည်။
မဲဆောက် ဘန့်စောင်ခွဲအထည်ချုပ်စက်ရုံမှ အလုပ်ကြပ်တဦးက “ကျနော်တို့ မဲဆောက်ဒေသတွင်း စက်ရုံတွေမှာ တရားဝင်တာရော၊ မဝင်တာရော အလုပ်သမား (၁) သိန်းခွဲရှိတယ်။ မြဝတီဘက် ပြန်လုပ်ရမယ့် လက်မှတ်ကို ဘယ်သူမှ ပြန်မလုပ်ကြဘူး။ ကျနော်ရဲ့ (၁၅) နှစ်ကျော် အတွေ့အကြုံအရ အရင်ကလည်း မြန်မာတွေကို အတင်းအကျပ် ပြန်ပို့တာတွေရှိတယ်။ နောက်တော့ ပြန်လက်ခံကြတာပဲ။ မြန်မာတွေ မရှိတာနဲ့ ဒေသတွင်း စက်ရုံ (၂၀၀) လောက်ဟာ အလုပ်လုပ်မယ့်လူ မရှိလို့ ပိတ်ရတာတွေဖြစ်လာတယ်။ အရင်ကလည်း ထိုင်းဘက်က အလုပ်သမားလက်မှတ် သက်တမ်း မတိုးပေးတာတွေ ရှိတယ်။ သန်းနဲ့ချီတဲ့ မြန်မာတွေက လက်မှတ်ရှိရှိ မရှိရှိ နေကြတာဆိုတော့ အလကားဖြစ်မယ့်အတူတူ ထိုင်းဘက်က မှတ်ပုံတင်ခွင့် ပြန်ပြုလိုက်တော့ အစိုးရအတွက် ဝင်ငွေ ဘတ်ဘီလီယံနဲ့ချီပြီးရတဲ့ အနေအထားမျိုးရှိခဲ့တော့ အခုကိစ္စကိုလည်း အလုပ်ရှင်အလုပ်သမားတွေက သိပ်အလေးမထားကြတာ” ဟု ပြောသည်။
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအာဏာပိုင်များက ယခုလုပ်ငန်းစဉ်သည် မြန်မာအလုပ်သမားများ တရားဝင်မှတ်ပုံတင်ပြီး အလုပ်အလုပ်ခွင့် ဗီစာရရှိထားသဖြင့် ထိုင်းအလုပ်သမားများနည်းတူ အကျိုးခံစားခွင့်နှင့် အကာအကွယ်များ ရရှိမည်ဖြစ်သည်ဟု ဆိုသော်လည်း လက်ရှိမြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပြဿနာများသည် လျှော့ပါးလာခြင်းမရှိဘဲ ပို၍ဆိုးရွားလာသည့် အနေအထားများသာ များပြားလာသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့များနှင့် လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။
မြန်မာအလုပ်သမားများအရေးနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူဖြစ်သည့် မြန်မာစစ်အစိုးရအနေဖြင့် မှန်ကန်သည့် သဘောထားနှင့် စေတနာမပါဘဲ ဟန်ပြသက်သက်သာ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမားများ အရေးကိစ္စသည် ပို၍တိုးပွားလာမည်သာ ဖြစ်သည်ဟုလည်း ပြောကြသည်။
ထိုင်းနှင့်မြန်မာဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်မှုနှင့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးမှု လုပ်ငန်းစဉ်သည် ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရများအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမည့် အစီအမံများသာဖြစ်ပြီး ထိုင်းတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် တစုံတရာ အကျိုးဖြစ်ထွန်းမှုများ အရိပ်အယောင်မတွေ့ရသေးဘဲ နှစ်ထပ်ကွမ်းဒုက္ခသည် ဘဝအဖြစ်သို့သာ ရောက်ရှိလာကြရသည်ဟု မြန်မာအလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်နေသူများက သုံးသပ်ပြောဆိုနေကြသည်။